ရာသီလာခြင်းဆိုသည်မှာ အမျိုးသမီးငယ်များနှင့် အရွယ်ရောက်ပြီး အမျိုးသမီးများတွင် တစ်လတစ်ကြိမ် ဖြစ်ပေါ်တတ်သော သဘာဝဖြစ်စဉ်တစ်ခုဖြစ်သည်။ ဤဖြစ်စဉ်ကို ဓမ္မတာလာသည်ဟုလည်း ခေါ်ဆိုကြသည်။ ရာသီလာခြင်းသည် မျိုးပွါးမှုဆိုင်ရာ ဟော်မုန်းများ၏ လှုံ့ဆော်မှုကြောင့် သားအိမ်နံရံထူလာပြီးနောက် ထိုနံရံတစ်ရှူးများနှင့် သွေးများ မိန်းမကိုယ်မှတစ်ဆင့် ပြင်ပသို့ စီးကျလာခြင်းဖြစ်သည်။
ရာသီလာခြင်းသည် အမျိုးသမီးငယ်များ အရွယ်ရောက်လာသည့်အခါတွင် ကြုံတွေ့ရသော အပျိုဖော်ဝင်ခြင်း၏ လက္ခဏာတစ်ခုဖြစ်ပြီး မိန်းကလေးတစ်ယောက်အတွက် ပုံမှန်ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။
ဓမ္မတာစတင်ချိန် (Menarche)
မိန်းကလေးများတွင် ရာသီစတင်လာခြင်းကို Menarche ဟုခေါ်သည်။ ပျမ်းမျှအားဖြင့် အသက် (၁၂) နှစ်တွင် ရာသီသွေးစဆင်းလေ့ရှိသော်လည်း အစောဆုံး (၈) နှစ်မှ နောက်အကျဆုံး (၁၆) နှစ်အထိ ကွာခြားနိုင်သည်။ ရာသီစတင်ခြင်းမတိုင်မီ အပျိုဖော်ဝင်ခြင်း၏ အခြားလက္ခဏာများဖြစ်သည့် ရင်သားကြီးထွားလာခြင်း၊ ဆီးခုံမွေးပေါက်ခြင်းတို့ ဖြစ်ပေါ်လာပြီး၊ ထို့နောက် နှစ်အနည်းငယ်ကြာမှ ရာသီသွေးစဆင်းလေ့ရှိသည်။
ရာသီစက်ဝန်း၏ အဓိပ္ပာယ် (Menstruation Cycle)
ရာသီစက်ဝန်းဆိုသည်မှာ အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်မှ သန္ဓေတည်နိုင်ရန် လစဉ်ပြင်ဆင်ပေးသော သဘာဝဖြစ်စဉ်တစ်ခုဖြစ်သည်။ ဤစက်ဝန်းကို ရာသီသွေးစဆင်းသည့် ပထမရက်မှ နောက်တစ်ကြိမ် ရာသီသွေးစဆင်းသည့် ပထမရက်မတိုင်မီအထိ တိုင်းတာသည်။ ပုံမှန်အားဖြင့် ရာသီစက်ဝန်းသည် ပျမ်းမျှ (၂၈) ရက်တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိပြီး အစောဆုံး (၂၁) ရက်မှ နောက်အကျဆုံး (၃၅) ရက်အထိ ကွာခြားနိုင်သည်။
ရာသီစက်ဝန်းကို မှတ်သားခြင်း၏ အရေးပါမှု
မိမိ၏ ရာသီလာသည့်ရက်၊ ရာသီစက်ဝန်းတစ်ခုနှင့်တစ်ခုကြား ရက်များကို သေချာစွာ မှတ်သားထားခြင်းဖြင့် ရာသီစက်ဝန်းမှန်ခြင်း၊ မမှန်ခြင်း၊ ကိုယ်ဝန်ရှိခြင်းတို့ကို သိရှိနိုင်သည်။ ထို့အပြင် ဤအချက်အလက်များသည် အခြားသော ကျန်းမာရေးပြဿနာများ ရှာဖွေရေးနှင့် ကုသရေးတို့တွင်လည်း အထောက်အကူဖြစ်စေသည်။
ဓမ္မတာသွေးဆုံးချိန် (Menopause)
အမျိုးသမီးများတွင် ပျမ်းမျှအသက် (၅၁) နှစ် (၄၅နှစ် မှ ၅၅နှစ်ကြား) တွင် ရာသီသွေးဆင်းခြင်း ရပ်တန့်သွားလေ့ရှိသည်။ ကိုယ်ဝန်ဆောင်ခြင်းကြောင့် မဟုတ်ဘဲ တစ်နှစ်အတွင်း ရာသီသွေးတစ်ကြိမ်မှ မလာတော့ပါက ထိုအခြေအနေကို သွေးဆုံးခြင်း (Menopause) ဟု သတ်မှတ်သည်။ ဤအဆင့်သည် အမျိုးသမီး၏ မျိုးပွါးနိုင်စွမ်း ကုန်ဆုံးသွားသည့်အချိန်ဖြစ်သည်။
ရာသီလာရခြင်း အကြောင်းရင်းများ
အမျိုးသမီး၏ မျိုးပွါးအင်္ဂါစနစ်တွင် လိင်ဆက်ဆံခြင်းနှင့် ကလေးမွေးဖွားခြင်းတို့အတွက် လိုအပ်သော အစိတ်အပိုင်းများ ပါဝင်သည်။ ၎င်းတို့မှာ ယောနိလမ်းကြောင်း၊ သားအိမ်၊ သားဥပြွန် (၂) ခု၊ သားဥအိမ် (၂) ခု တို့ဖြစ်သည်။ သားဥအိမ်အတွင်းရှိ မမျိုးဥထောင်ပေါင်းများစွာထဲမှ တစ်လလျှင် တစ်ကြိမ် မမျိုးဥတစ်လုံး ထုတ်ပေးလေ့ရှိသည်။ ထိုအချိန်တွင် ဦးနှောက်အတွင်းရှိ Pituitary Gland နှင့် သားဥအိမ်တို့မှ ထုတ်လွှတ်သော ဟော်မုန်းများကြောင့် သားအိမ်အတွင်း နံရံထူလာပြီး သန္ဓေတည်နိုင်ရန်အတွက် ပြင်ဆင်ထားပေးသည်။
သားဥအိမ်မှ ထုတ်ပေးလိုက်သော မမျိုးဥသည် သားဥပြွန်တစ်လျှောက်သို့ ဆင်းလာပြီး အမျိုးသား၏သုက်ရည်ထဲမှ သုက်ကောင်နှင့် ပေါင်းစည်းရန် စောင့်ဆိုင်းလေ့ရှိသည်။ သို့သော် မမျိုးဥနှင့် သုက်ကောင်ပေါင်းစပ်ခြင်းမရှိခဲ့လျှင် သန္ဓေမတည်နိုင်တော့ဘဲ မမျိုးဥသည် သားအိမ်ထဲသို့ ကျဆင်းလာပြီးနောက် သားအိမ်နံရံကွာကျပြီး ထွက်လာသောသွေးများနှင့်အတူ ယောနိလမ်းကြောင်းမှ ကျဆင်းလာခြင်းဖြင့် ရာသီလာခြင်း ဖြစ်ပေါ်လာသည်။
ဤဖြစ်စဉ်သည် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်တွင်း သဘာဝကျသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး၊ မျိုးပွါးနိုင်စွမ်းနှင့် သက်ဆိုင်သော အရေးကြီး အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။
ရာသီလာချိန်တွင် ဖြစ်ပေါ်ခံစားရလေ့ရှိသော ရောဂါလက္ခဏာများ
အမျိုးသမီးအများစုတွင် ရာသီသွေးဆင်းခြင်းသည် (၃)ရက် မှ (၇)ရက်အထိ ကြာမြင့်တတ်သည်။ ရာသီလာချိန်တွင် အမျိုးသမီးများ ခံစားရလေ့ရှိသော ရောဂါလက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပြီး၊ ပြင်းထန်မှုအတိုင်းအတာလည်း မတူညီကြပေ။ အချို့အမျိုးသမီးများတွင် သိသာထင်ရှားသော လက္ခဏာများ မရှိသလို၊ အချို့တွင် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်သည်အထိ ပြင်းထန်စွာ ခံစားရတတ်သည်။ အောက်ပါတို့မှာ ရာသီလာချိန်တွင် ခံစားရနိုင်သော လက္ခဏာများဖြစ်သည်။
- ဗိုက်အောင့်ခြင်း (Abdominal Cramp)
ဗိုက်အောင့်ခြင်းသည် ရာသီလာချိန်တွင် အဖြစ်အများဆုံး လက္ခဏာတစ်ခုဖြစ်သည်။ သားအိမ်အတွင်းနံရံအမြှေးပါးခွာချရန် သားအိမ်ညှစ်ကျုံ့ခြင်းကြောင့် ဗိုက်အောင့်ခြင်း ခံစားရတတ်သည်။ ဤနာကျင်မှုသည် ပုံမှန်အားဖြင့် ရာသီစတင်ချိန်တွင် အပြင်းထန်ဆုံးဖြစ်ပြီး၊ ရာသီသွေးဆင်းခြင်း စတင်ပြီး (၂-၃) ရက်အကြာတွင် သက်သာသွားလေ့ရှိသည်။ - စိတ်အပြောင်းအလဲမြန်ခြင်း (Mood Changes)
ရာသီလာချိန်တွင် ခန္ဓာကိုယ်အတွင်း ဟော်မုန်းပမာဏ အတက်အကျများကြောင့် စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ ဖြစ်ပေါ်တတ်သည်။ ထို့ပြင် - အိပ်မပျော်ခြင်း _ ဟော်မုန်းအပြောင်းအလဲများကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်သည်
- ခေါင်းကိုက်ခြင်း _ ရာသီလာချိန်တွင် ခေါင်းကိုက်ခြင်း သို့မဟုတ် ခေါင်းတစ်ခြမ်းကိုက်ခြင်းများ ခံစားရတတ်သည်၊ ဤအခြေအနေကို ရာသီလာချိန် ခေါင်းကိုက်ခြင်း (Menstrual Migraine) ဟုလည်း ခေါ်ဆိုကြသည်
- အစာတစ်မျိုးမျိုးစားချင်စိတ်ပြင်းပြခြင်း (Food Craving)
- လေပွခြင်း (Bloating)
- ရင်သားနာခြင်း _ ရာသီလာချိန်တွင် ရင်သားများ တင်းပြီး နာကျင်တတ်သည်၊ ဤအခြေအနေသည် ဟော်မုန်းအပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်
- ဝက်ခြံထွက်ခြင်း _ ရာသီလာချိန်တွင် ဟော်မုန်းအပြောင်းအလဲများကြောင့် အရေပြားဆိုင်ရာ ပြဿနာများအထူးသဖြင့် ဝက်ခြံထွက်ခြင်းများ ဖြစ်ပေါ်နိုင်သည်
ရာသီလာချိန်တွင် ပြုလုပ်သင့်သောအရာများ
ရာသီလာချိန်တွင် ကျန်းမာရေးနှင့် သန့်ရှင်းရေးကို အထူးဂရုစိုက်သင့်ပြီး၊ နေထိုင်မှုပုံစံကို ညီညွတ်အောင် စီမံသင့်သည်။ အောက်ပါတို့မှာ ရာသီလာချိန်တွင် ပြုလုပ်သင့်သော အရေးကြီးအချက်များဖြစ်သည်။
- အမျိုးသမီးလစဉ်သုံးပစ္စည်းများ စနစ်တကျသုံးစွဲခြင်း
ရာသီလာချိန်တွင် သွေးဆင်းမှုကို စုပ်ယူပေးရန် အမျိုးသမီးလစဉ်သုံးပစ္စည်းများကို စနစ်တကျ ရွေးချယ်အသုံးပြုသင့်သည်။ လစဉ်သုံးပစ္စည်းများတွင် ဂွမ်းထုပ် (Pad)၊ ဂွမ်းခြောက်တောင့် (Tampon) နှင့် ရာသီသွေးခံခွက် (Menstrual Cup) တို့ပါဝင်သည်။- ဂွမ်းထုပ် (Pad)
ဂွမ်းထုပ်ကို အတွင်းခံဘောင်းဘီအတွင်း၌ ကပ်ထား၍ အသုံးပြုနိုင်သည်။ Pad ၏ အရှည်၊ အကျယ်၊ စုပ်ယူနိုင်စွမ်းနှင့် အတောင်ပံပါမပါကို လေ့လာပြီး မိမိနှင့်သင့်တော်သောအရွယ်အစားကို ရွေးချယ်သင့်သည်။ အနံ့အသက်ကင်းစင်ပြီး သန့်ရှင်းမှုရှိစေရန် (၃-၄) နာရီခြား တစ်ကြိမ်လဲပေးသင့်သည်။ လေ့ကျင့်ခန်းလုပ်ချိန် သို့မဟုတ် ရာသီဥတုပူပြင်းချိန်များတွင် ပို၍မကြာခဏ လဲပေးသင့်သည်။ ဂွမ်းထုပ်သည် ကိုယ်ခန္ဓာပြင်ပတွင် အသုံးပြုရသောကြောင့် ပိုးဝင်နိုင်ခြေနည်းပြီး အလွယ်တကူလဲလှယ်နိုင်သည်။ - ဂွမ်းခြောက်တောင့် (Tampon)
Tampon ကို မိန်းမကိုယ်အတွင်းသို့ ထည့်သွင်းအသုံးပြုရသည်။ ရာသီသွေးကို ချက်ချင်းစုပ်ယူနိုင်သဖြင့် ခြောက်သွေ့သန့်ရှင်းစေပြီး ကိုယ်လက်လှုပ်ရှားမှုများစွာပြုလုပ်ရသူများအတွက် အဆင်ပြေသည်။ Tampon အသုံးပြုချိန်တွင် သန့်ရှင်းမှုကို အထူးဂရုစိုက်သင့်သည်။ မသုံးမီနှင့် သုံးပြီးချိန်တွင် လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြောပြီး လက်သည်းညှပ်ထားသင့်သည်။ Tampon ကို (၄-၆) နာရီခြား တစ်ကြိမ်လဲပေးသင့်ပြီး ကြာရှည်ထားပါက သွေးဆိပ်တက်ရောဂါ (Toxic Shock Syndrome) ကဲ့သို့သော ပြဿနာများ ဖြစ်ပေါ်နိုင်သည်။ - ရာသီသွေးခံခွက် (Menstrual Cup)
Menstrual Cup ကို ပျော့ပျောင်းသော ဆီလီကွန် သို့မဟုတ် ရာဘာဖြင့် ပြုလုပ်ထားပြီး မိန်းမကိုယ်အတွင်းသို့ ထည့်သွင်းအသုံးပြုရသည်။ တစ်ခါသုံးပါက (၁၂) နာရီခန့် အထားခံပြီး လျှော်ဖွပ်ကာ ပြန်လည်အသုံးပြုနိုင်သည်။ ယိုစိမ့်မှုမရှိဘဲ သက်သောင့်သက်သာအသုံးပြုနိုင်သည်။
အသုံးပြုပြီးသော လစဉ်သုံးပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်း
အသုံးပြုပြီးသော လစဉ်သုံးပစ္စည်းများကို ပုံမှန်အမှိုက်များနှင့် ရောမစွန့်ပစ်သင့်ဘဲ သေချာစွာထုတ်ပိုးပြီး စနစ်တကျစွန့်ပစ်သင့်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရောဂါပိုးများ ပျံ့နှံ့မှုကို ကာကွယ်နိုင်သည်။
- ဂွမ်းထုပ် (Pad)
- တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ခြင်း
ရာသီလာချိန်တွင် ပုံမှန်ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်းများ ပြုလုပ်သင့်သည်။ မိန်းမကိုယ်တစ်ဝိုက်ကို သန့်ရှင်းအောင် မကြာခဏဆေးကြောသင့်ပြီး၊ အနံ့အသက်ကင်းစင်သော ဆပ်ပြာများကို အသုံးပြုသင့်သည်။ - ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း
ရာသီလာချိန်တွင် မပြင်းထန်သော လေ့ကျင့်ခန်းများ (Light Exercise)၊ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်းများ ပြုလုပ်သင့်သည်။ ဤကဲ့သို့ လှုပ်ရှားမှုများကြောင့် သွေးစီးဆင်းမှုကောင်းမွန်စေပြီး၊ Endorphins ဟော်မုန်းထွက်ရှိစေကာ ဗိုက်အောင့်ခြင်းနှင့် နာကျင်မှုများကို သက်သာစေသည်။ - နာကျင်မှုများသက်သာစေရန် ပြုလုပ်ခြင်း
ဝမ်းဗိုက်အောင့်ခြင်း သို့မဟုတ် နာကျင်မှုများအတွက် အကိုက်အခဲပျောက်ဆေးသောက်သုံးနိုင်သည်။ ထို့အပြင် ကြွက်သားများပြေလျော့စေရန် ရေနွေးအိတ်ကပ်ခြင်း သို့မဟုတ် ရေနွေးဖြင့်ရေချိုးခြင်းများ ပြုလုပ်နိုင်သည်။ - ရေဓာတ်နှင့် အာဟာရဖြည့်တင်းခြင်း
ရာသီလာချိန်တွင် ရေဓာတ်ခန်းခြောက်မှုမဖြစ်စေရန် ရေများများသောက်သင့်သည်။ အစားအစာကို နည်းနည်းနှင့် မကြာခဏစားပေးခြင်းဖြင့် လေပွခြင်းကို သက်သာစေနိုင်သည်။ အမျှင်ဓာတ်များသော အစားအစာများ၊ အာဟာရပြည့်ဝသော အစားအစာများကို စားသုံးခြင်းဖြင့် နာကျင်မှုများကို သက်သာစေပြီး ကျန်းမာရေးကို ထောက်ပံ့ပေးနိုင်သည်။ - စိတ်ဖိစီးမှုလျှော့ချခြင်း
ရာသီလာချိန်တွင် စိတ်ဖိစီးမှုကို လျှော့ချရန် အသက်ရှူလေ့ကျင့်ခန်းများ၊ တရားထိုင်ခြင်း သို့မဟုတ် ရေနွေးဖြင့်ရေချိုးခြင်းများ ပြုလုပ်သင့်သည်။ ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ပါးစေပြီး စိတ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာရှိစေသည်။
ရာသီလာချိန်တွင် ကျန်းမာရေးနှင့် သန့်ရှင်းရေးကို အထူးဂရုစိုက်သင့်ပြီး နာကျင်မှုများကို သက်သာစေရန် လိုအပ်သော နည်းလမ်းများကို လိုက်နာသင့်သည်။ ဤအချက်များကို လိုက်နာခြင်းဖြင့် ရာသီလာချိန်ကို ပိုမိုသက်သောင့်သက်သာဖြင့် ဖြတ်သန်းနိုင်မည်ဖြစ်သည်။
ရာသီလာစဥ် ရှောင်ကြဥ်ရမည့်အချက်များ
ရာသီလာချိန်တွင် ကျန်းမာရေးနှင့် သက်သောင့်သက်သာရှိစေရန် အောက်ပါအချက်များကို ရှောင်ကြဉ်သင့်သည်။
- လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ခြင်း
ရာသီလာစဥ်တွင် လိင်ဆက်ဆံခြင်းကြောင့် သွေးမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများ ဖြစ်နိုင်ခြေပိုများသည်။ ထို့အပြင် နာကျင်မှုကို ပိုမိုဆိုးရွားစေနိုင်သည်။ ထို့ကြောင့် ရာသီလာစဥ် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်သင့်ပြီး အတူနေမည်ဆိုပါက အကာအကွယ်သုံး၍ လိင်ဆက်ဆံသင့်သည်။ - နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းကို လျှော့ချခြင်း
နို့နှင့် နို့ထွက်ပစ္စည်းများတွင် ပါဝင်သော Arachidonic Acid သည် ဗိုက်နာခြင်းကို ပိုမိုဆိုးရွားစေနိုင်သည်။ ထို့ကြောင့် ရာသီလာချိန်တွင် နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းကို လျှော့ချသင့်သည်။ - ကဖိန်းဓာတ်နှင့် အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း
ကဖိန်းဓာတ်ပါသော အစားအစာများ (ဥပမာ_ကော်ဖီ) နှင့် အရက်ယမကာများသည် နာကျင်မှုကို လှုံ့ဆော်ပေးနိုင်သည်။ ထို့ကြောင့် ရာသီလာချိန်တွင် ကော်ဖီနှင့် အရက်သောက်သုံးခြင်းကို လျှော့ချသင့်သည်။ - အချိုနှင့် အငန်များသော အစားအစာများကို ရှောင်ကြဉ်ခြင်း
အချိုနှင့် အငန်များသော အစားအစာများသည် လေပွခြင်း၊ လေးလံထိုင်းမှိုင်းခြင်းနှင့် ခန္ဓာကိုယ်တွင်း ရေဓာတ်စုပုံမှုကို ဖြစ်စေနိုင်သည်။ ရာသီလာစဥ်တွင် အမျိုးသမီးများ၏ ခန္ဓာကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲကြောင့် ရေဓာတ်စုပုံလေ့ရှိသည်။ ထို့ကြောင့် ဆားပမာဏများသော အစားအစာများကို စားသုံးပါက ဝမ်းဗိုက်ဖောခြင်း၊ ဗိုက်ကယ်ခြင်းနှင့် ဗိုက်အောင့်ခြင်းများ ပိုမိုဖြစ်စေနိုင်သည်။ - ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကိုရှောင်ခြင်း
ရာသီလာစဥ်တွင် ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် ရာသီသွေးရပ်တန့်ခြင်းကို ဖြစ်စေနိုင်သည်။ ထိုသို့မကြာခဏဖြစ်ပါက သားဥအိမ်၏ ပုံမှန်လုပ်ဆောင်ချက်များ ပြောင်းလဲလာနိုင်ပြီး မျိုးအောင်နိုင်သော မမျိုးဥကို မထုတ်ပေးနိုင်တော့သည်အထိ ဖြစ်စေနိုင်သည်။ ထို့ကြောင့် ရာသီလာချိန်တွင် ပြင်းထန်သော လေ့ကျင့်ခန်းများကို ရှောင်ကြဉ်သင့်သည်။ - တင်းကြပ်သော အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ခြင်း
ရာသီလာစဥ်တွင် တင်းကြပ်သော အဝတ်အစားများ ဝတ်ဆင်ခြင်းသည် သက်သောင့်သက်သာမရှိစေဘဲ နာကျင်မှုကို ပိုမိုဆိုးရွားစေနိုင်သည်။ ထို့ကြောင့် ပေါ့ပါးလွတ်လပ်သော အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်သင့်သည်။
ရာသီပုံမှန်မလာခြင်း
အောက်ပါအချက်များရှိလျှင် ရာသီပုံမှန်မလာခြင်းဟု သတ်မှတ်သည်။
- ပုံမှန်ရာသီလာနေကျရက်ထက် စောလွန်းခြင်း (၂၁ ရက်မတိုင်မီ သွေးပေါ်ခြင်း) သို့မဟုတ် နောက်ကျလွန်းခြင်း (၃၅ ရက်ကျော်မှ သွေးပေါ်ခြင်း)
- သွေးဆင်းသည့်ရက်သည် ပုံမှန်ထက် ရှည်လျားခြင်း (ဥပမာ – ၇ ရက်ထက် ပိုကြာခြင်း)
- သွေးဆင်းပမာဏများခြင်း သို့မဟုတ် သွေးခဲများဆင်းခြင်း
- ကြားကာလတွင် သွေးဆင်းခြင်း (ရာသီစက်ဝန်းတစ်ကြိမ်နှင့်တစ်ကြိမ်ကြား ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း)
- ရာသီလာချိန် နာကျင်မှုသည် အရင်ကထက် သိသိသာသာ ပိုဆိုးလာခြင်း
- ရာသီသွေးလုံးဝမပေါ်ခြင်း
ရာသီမမှန်ရခြင်း၏ အကြောင်းရင်းများ
- အပျိုဖော်ဝင်စအချိန် – အပျိုဖော်ဝင်စ ပထမ (၁-၂) နှစ်အတွင်း ဟော်မုန်းများ မမှန်သေးသောကြောင့် ရာသီမမှန်ခြင်းဖြစ်တတ်သည်။
- သွေးဆုံးခါနီးအချိန် – အသက် (၄၅-၅၅) နှစ်ဝန်းကျင်တွင် သွေးဆုံးခါနီးချိန်ဖြစ်၍ ရာသီမမှန်ခြင်း ဖြစ်တတ်သည်။
- ကိုယ်ဝန်ရှိခြင်း – ကိုယ်ဝန်ရှိပါက ရာသီထိန်ခြင်းဖြစ်တတ်သည်။
- သားအိမ်နံရံအသားလုံးတည်ခြင်း – သားအိမ်နံရံအသားလုံးကြောင့် ရာသီလာချိန်တွင် သွေးဆင်းများခြင်း၊ ရာသီလာသည့်ရက် ရှည်ကြာခြင်းတို့ ဖြစ်စေနိုင်သည်။
- သန္ဓေတားနည်းလမ်းများ – သန္ဓေတားခြင်းအတွက် အသုံးပြုသော သောက်ဆေး၊ ထိုးဆေး၊ လက်မောင်းအတွင်း ထည့်သော ပစ္စည်း၊ သားအိမ်အတွင်းထည့်သော ပစ္စည်းများကြောင့် ရာသီမမှန် ဖြစ်တတ်သည်။ သန္ဓေတားနည်းများ စတင်သုံးစွဲချိန်၊ ရပ်လိုက်သည့်အချိန်၊ တစ်မျိုးမှ တစ်မျိုးသို့ ပြောင်းလဲသုံးစွဲသည့် အချိန်များတွင် ရာသီမမှန်ခြင်းသည် ယေဘုယျအားဖြင့် စိုးရိမ်စရာမရှိပါ။
- စိတ်ဖိစီးမှုများခြင်း (Stress) – စိတ်ဖိစီးမှုများလျှင် ခန္ဓာကိုယ်အတွင်း Cortisol ဟော်မုန်းထွက်လာပြီး ဦးနှောက်အတွင်းရှိ ရာသီသွေးပေါ်ခြင်းကို ထိန်းချုပ်ပေးသော Hypothalamus အစိတ်အပိုင်း၏ လုပ်ဆောင်ချက်များကို နှောင့်နှေးစေခြင်းကြောင့် ရာသီနောက်ကျခြင်း၊ ရာသီထိန်ခြင်းများ ဖြစ်တတ်သည်။ ထိုစိတ်ဖိစီးမှု အခြေအနေကို ကျော်လွန်ပြီး ပုံမှန်အတိုင်းပြန်ဖြစ်လျှင် ရာသီပြန်မှန်တတ်သည်။
- အဝလွန်ခြင်း (Obesity) နှင့် ကိုယ်အလေးချိန်ကျလွန်းခြင်း – အဝလွန်သောအမျိုးသမီးများတွင် ခန္ဓာကိုယ်တွင်း Oestrogen ဟော်မုန်းနည်းခြင်း၊ များခြင်းတို့ကြောင့် ရာသီမမှန်၊ ရာသီထိန်ခြင်း ဖြစ်တတ်သည်။ အလွန်အမင်း အစားလျှော့ခြင်း၊ ဝိတ်ချခြင်းသည် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်နှင့် လုံလောက်သောစွမ်းအင် မရရှိခြင်းတို့ကြောင့် ခန္ဓာကိုယ်အတွင်း ဟော်မုန်းအထွက်နည်းစေပြီး ရာသီမမှန်ဖြစ်တတ်သည်။
- ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်း – ပြင်းထန်သောလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မလုပ်ငန်းစဥ်များ ပြောင်းလဲသွားပြီး သားဥမကြွေနိုင်တော့ဘဲ ရာသီထိန်သွားတတ်သည်။
- ဟော်မုန်းဆိုင်ရာရောဂါများ – သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၊ များခြင်း (Hypothyroidism, Hyperthyroidism) နှင့် သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (Polycystic Ovary Syndrome) ကဲ့သို့သော ရောဂါများ
- မျိုးပွါးလမ်းကြောင်းပိုးဝင်ခြင်း စသည်တို့ကြောင့် ရာသီမမှန်ခြင်းဖြစ်တတ်သည်။
ဆရာဝန်နှင့် ပြသသင့်သော အခြေအနေများ
- ရာသီသွေးဆင်းများခြင်း၊ သွေးခဲများဆင်းခြင်း
- ရာသီလာချိန် နာကျင်မှုပြင်းထန်ခြင်း
- ရာသီသွေးလုံးဝမပေါ်ခြင်း (ရာသီထိန်ခြင်း)
- ကြားကာလသွေးဆင်းခြင်း _ ရာသီစက်ဝန်းတစ်ကြိမ်နှင့်တစ်ကြိမ်ကြား ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း
- ကိုယ်ဝန်ရှိခြင်း (သို့မဟုတ်) ကိုယ်ဝန်ပျက်ကျခြင်း လက္ခဏာများ
- သွေးအားနည်းခြင်းလက္ခဏာများ (ဥပမာ_မောပန်းလွယ်ခြင်း၊ မူးဝေခြင်း)
- ဟော်မုန်းဆိုင်ရာရောဂါများ လက္ခဏာများ _ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၊ များခြင်း သို့မဟုတ် သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (PCOS) ရောဂါလက္ခဏာများ (ဥပမာ_ဝက်ခြံထွက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း)
- မျိုးပွါးလမ်းကြောင်းပိုးဝင်ခြင်း လက္ခဏာများ_ဆီးကျဉ်ခြင်း၊ ဆီးကိုက်ခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်းစသည့် လက္ခဏာများရှိပါက မိမိ၏မိသားစုဆရာဝန်၊ သားဖွားမီးယပ်အထူးကုဆရာဝန်မျာနှင့် ပြသတိုင်ပင်ရန်လိုသည်။
ရာသီလာခြင်းသည်အရွယ်ရောက်သော အမျိုးသမီးတိုင်းတွေ့ကြုံရမည့် ပုံမှန်ဖြစ်စဥ်တစ်ခုဖြစ်ပြီး တုန်လှုပ်စရာ၊ ရှက်စရာမဟုတ်ကြောင်း မိဘများမှ ကြိုတင်ရှင်းပြထားသင့်သည်။ ကြုံလာသည့် အခက်အခဲများရှိလျှင်လည်း ဖြေရှင်းတတ်အောင် သင်ကြားပေးသင့်သည်။ ရာသီလာချိန်တွင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီး ကိုယ်ရောစိတ်ပါကျန်းမာအောင် နေထိုင်သင့်သည်။ ပုံမှန်မဟုတ်သော လက္ခဏာများခံစားရလျှင် တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးကုသပြီး ဖြစ်လာနိုင်သော အန္တရာယ်ရှိသောဆိုးကျိုးများကို ကာကွယ်နိုင်သည်။
References:
- Professional, C. C. M. (2025). Menstrual cycle. Cleveland Clinic. Retrieved February 26, 2025, from https://my.clevelandclinic.org/health/articles/10132-menstrual-cycle
- Period irregularities to get checked out. (n.d.). Mayo Clinic. Retrieved February 26, 2025, from https://www.mayoclinic.org/healthy-lifestyle/womens-health/in-depth/menstrual-cycle/art-20047186
- Managing premenstrual syndrome (PMS) | RCOG. (n.d.). RCOG. Retrieved February 26, 2025, from https://www.rcog.org.uk/for-the-public/browse-our-patient-information/managing-premenstrual-syndrome-pms/
Published: 29 March 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.