Adolescent Health (ဆယ်ကျော်သက်ကျန်းမာရေး)

Adolescent Health (ဆယ်ကျော်သက်ကျန်းမာရေး)

ဆယ်ကျော်သက်အရွယ်သည် ကလေးဘဝမှ လူကြီးဘဝသို့ ကူးပြောင်းချိန်ကာလဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ သတ်မှတ်ချက်အရ ဤကာလသည် သက်တမ်းအားဖြင့် (၁၀)နှစ် မှ (၁၉)နှစ် အထိဖြစ်ပြီး ဤအရွယ်တွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာပြောင်းလဲမှုများ မြန်ဆန်စွာ ဖြစ်ပေါ်လာသည်။

ဆယ်ကျော်သက်အရွယ်သည် ကျန်းမာသောအလေ့အထများ တည်ဆောက်ရန်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တည်ဆောက်ရန်နှင့် လူကြီးဘဝအတွက် ပြင်ဆင်ရန် အရေးကြီးသော အချိန်ကာလဖြစ်သည်။ ဤကာလတွင် လမ်းညွှန်မှု၊ ထောက်ပံ့မှုနှင့် ပညာပေးမှုများပေးခြင်းဖြင့် လူကြီးဘဝသို့ ချောမောစွာ ကူးပြောင်းနိုင်ရန် ကူညီပေးနိုင်သည်။

ဆယ်ကျော်သက်ကျန်းမာရေး၏ အဓိကလက္ခဏာများ
  1. ခန္ဓာကိုယ်ကြီးထွားမှုနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး
    • သွေးသားပြောင်းလဲခြင်း
      ဆယ်ကျော်သက်ဘဝတွင် ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို နားလည်ရန် အရေးကြီးသည်။ ဤအရွယ်တွင် လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ စတင်ဖြစ်ပေါ်လာပြီး ဟော်မုန်းများပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်ပုံသဏ္ဌာန် ပြောင်းလဲလာသည်။
    • ကြီးထွားမှုနှင့် အာဟာရ
      ဆယ်ကျော်သက်များသည် လျင်မြန်စွာ ကြီးထွားနေသော အရွယ်ဖြစ်သည့်အတွက် အာဟာရပြည့်ဝသော အစားအစာများစားသုံးရန် အရေးကြီးသည်။ ဗီတာမင်နှင့် သတ္တုဓာတ်များ လုံလောက်စွာရရှိရန် လိုအပ်သည်။
    • အိပ်စက်ခြင်းနှင့်ကျန်းမာရေး
      ဆယ်ကျော်သက်များသည် အိပ်ရေးပျက်ခြင်းကြောင့် စိတ်ဖိစီးမှု၊ စာသင်ခန်းအတွင်း အာရုံစူးစိုက်မှု လျော့နည်းခြင်းနှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်သည်။ ကောင်းမွန်သော အိပ်စက်မှုပုံစံများ ထူထောင်ရန် လိုအပ်သည်။
    • နာတာရှည်ရောဂါများ
      ပန်းနာရင်ကျပ်၊ ဆီးချိုနှင့် အဝလွန်ခြင်းကဲ့သို့သော နာတာရှည်ရောဂါများကို စောစီးစွာသတိပြုကာ ကုသမှုခံယူရန် အရေးကြီးသည်။
  2. စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး
    • ဆင်ခြင်တုံတရား၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် စိတ်ကူးယဉ် အတွေးအခေါ်များ တိုးတက်လာသည်
    • ဆယ်ကျော်သက်များတွင် စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုနှင့် စိတ်အတက်အကျများ ဖြစ်ပေါ်နိုင်သည်၊ ဤပြဿနာများကို စောစီးစွာ သတိပြုမိရန် လိုအပ်သည်
    • စိတ်ဖိစီးမှု – ပညာရေးနှင့် လူမှုရေးဖိအားများကြောင့် ဆယ်ကျော်သက်များတွင် စိတ်ဖိစီးမှုများ ဖြစ်ပေါ်နိုင်သည်၊ စိတ်ဖိစီးမှုကို ကျန်းမာရေးနှင့်ညီညွတ်သော နည်းလမ်းများဖြင့် ပြန်လည်ကုစားရန် လိုအပ်သည်
    • စိတ်ဓာတ်ကြံ့ခိုင်မှု တည်ဆောက်ခြင်း – ဆယ်ကျော်သက်များတွင် ကိုယ့်ကိုယ်ကို ယုံကြည်မှုနှင့် စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြှင့်တင်ရန် အရေးကြီးသည်
  3. လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး
    • သွေးသားပြောင်းလဲခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု – ဆယ်ကျော်သက်များတွင် လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ စတင်ဖြစ်ပေါ်လာသည်၊ ဤပြောင်းလဲမှုများကို နားလည်ရန် အရေးကြီးသည်
    • လိင်ဆက်ဆံခြင်း ဘေးကင်းရေး – လိင်ဆက်ဆံခြင်းနှင့် ပတ်သက်သော အန္တရာယ်များကို သိရှိရန် လိုအပ်သည်၊ ပဋိသန္ဓေတားခြင်းနှင့် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ကာကွယ်ရန် အရေးကြီးသည်
    • ဓမ္မတာလာခြင်း – မိန်းကလေးများတွင် ဓမ္မတာလာခြင်းနှင့် ပတ်သက်သော ပြဿနာများ ဖြစ်ပေါ်နိုင်သည်၊ ပုံမှန်မဟုတ်သော လက္ခဏာများကို သတိပြုရန် လိုအပ်သည်
  4. လူမှုရေးဆိုင်ရာ ပြောင်းလဲဖွံ့ဖြိုးမှုများ
    • မိတ်ဆွေအပေါင်းအသင်းများကို ပိုမိုအာရုံစိုက်လာခြင်း
    • ဆန့်ကျင်ဖက်လိင်ကို ပိုမိုစိတ်ဝင်စားလာခြင်း၊ ပေါင်းသင်းဆက်ဆံတတ်လာခြင်းတို့ဖြစ်သည်
  5. ကျန်းမာရေးအန္တရာယ်ရှိသော အပြုအမူ၊ အခြေအနေများ
    • ဆယ်ကျော်သက်များတွင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကဲ့သို့သော အန္တရာယ်ရှိသည့် အပြုအမူများ ဖြစ်ပေါ်နိုင်သည်၊ ဤအပြုအမူများကို ပညာပေးကာကွယ်ရန် အရေးကြီးသည်
    • ဆယ်ကျော်သက်များတွင် မတော်တဆထိခိုက်ဒဏ်ရာရခြင်း၊ အားကစားလှုပ်ရှားမှုများတွင် ထိခိုက်ဒဏ်ရာရခြင်းနှင့် အခြားအကြမ်းဖက်မှုများ ဖြစ်ပေါ်နိုင်သည်၊ ဤအန္တရာယ်များကို ကာကွယ်ရန် အရေးကြီးသည်
ဆယ်ကျော်သက်များအတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများသည် ဆယ်ကျော်သက်ကျန်းမာရေးစောင့်ရှောက်မှုတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဖြစ်နိုင်ခြေရှိသော ပြဿနာများကို စောစီးစွာ သိရှိနိုင်စေရန် ကူညီပေးသည်။

ပုံမှန်ကျန်းမာသော ဆယ်ကျော်သက်များသည် နှစ်စဉ် အောက်ပါအထွေထွေကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ကြီးထွားမှု၊ ဖွံ့ဖြိုးမှုနှင့် အထွေထွေကျန်းမာရေးကို အကဲဖြတ်အကြံပေးနိုင်သည်။

  1. ခန္ဓာကိုယ်ကြီးထွားမှုနှင့် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများ
    • အရပ်အမြင့်၊ ကိုယ်အလေးချိန်နှင့် BMI
    • သွေးပေါင်ချိန်
    • မျက်စိနှင့် နားစစ်ဆေးမှုများ
    • အထွေထွေ နှလုံး၊ အဆုတ်၊ ဝမ်းဗိုက်တို့ စမ်းသပ်စစ်ဆေးခြင်း
    • သွားနှင့် ခံတွင်းကျန်းမာရေး
    • ကိုယ်ဟန်အနေအထားနှင့် ကျောရိုး
  2. နာတာရှည်ရောဂါများ
    • အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန်ဆိုင်ရာ ပြဿနာများ
    • ပန်းနာရင်ကျပ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး
    • ဆီးချို၊ သွေးတိုးနှင့် အခြားမကူးစက်နိုင်သောရောဂါများ (Non-Communicable Diseases)
  3. စိတ်ကျန်းမာရေးနှင့် ကျန်းမာရေးအန္တရာယ်ရှိသော အပြုအမူ အခြေအနေများစစ်ဆေးမှု
    • စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုကဲ့သို့သော စိတ်ကျန်းမာရေးပြဿနာများ
    • အရက်၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများစစ်ဆေးအကြံပေးခြင်း
  4. လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုများ
    • လိင်ကျန်းမာရေး၊ လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ကာကွယ်ခြင်းနှင့် ကိုယ်ဝန်တားခြင်းဆိုင်ရာ စစ်ဆေးဆွေးနွေးမှုများ
    • ဓမ္မတာလာခြင်းနှင့် ပတ်သက်သော ပုံမှန်မဟုတ်သော လက္ခဏာများကို စစ်ဆေးဆွေးနွေးခြင်း
  5. ကာကွယ်ဆေးများ
    • HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးနှင့် အခြားကာကွယ်ဆေးများ ပုံမှန်ထိုးနှံထားခြင်း ရှိမရှိ စစ်ဆေးခြင်း
  6. သွေးစစ်ဆေးမှုများ
    • ကိုလက်စထရောနှင့် သွေးတွင်းအဆီများ – နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်များကို စောစီးစွာ သိရှိခြင်း
    • ဆီးချိုသွေးချိုစစ်ဆေးခြင်း
    • သံဓာတ်ချို့တဲ့မှုနှင့် သွေးအားနည်းရောဂါ – အထူးသဖြင့် အမျိုးသမီးများနှင့် အစားအသောက်ဆိုင်ရာ ပြဿနာရှိသူများတွင် စစ်ဆေးခြင်း
ဆယ်ကျော်သက်ကျန်းမာရေးအတွက် တာဝန်ရှိသော ကျန်းမာရေးပညာရှင်များ၏ အခန်းကဏ္ဍ

ဆယ်ကျော်သက်များအတွက် ပြည့်စုံသောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်နိုင်သော ကျန်းမာရေးပညာရှင်များ လိုအပ်သည်။
အဓိကကျန်းမာရေး စောင့်ရှောက်မှုပေးသူများမှာ_

  1. မိသားစုဆေးပညာဆရာဝန်များ (Family Physicians)
  2. ကလေးအထူးကုဆရာဝန်များ (Paediatricians)
  3. ဆယ်ကျော်သက်ကျန်းမာရေး အထူးကုဆရာဝန်များ (Adolescent Medicine Specialists) တို့ဖြစ်သည်။

အထက်ပါကျန်းမာရေးပညာရှင်များသည် အောက်ပါအထူးကုဆရာဝန်များ၊ ပညာရှင်များနှင့် လိုအပ်သလို ဆက်သွယ်ပူးပေါင်းကုသရန် လိုအပ်နိုင်သည်။

  • သားဖွားမီးယပ်အထူးကုဆရာဝန်များ _ ဓမ္မတာလာခြင်းဆိုင်ရာ ပြဿနာများ၊ ပဋိသန္ဓေတားခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်
  • ဟော်မုန်းအထူးကုဆရာဝန်များ _ ဟော်မုန်းဆိုင်ရာ ပြဿနာများအတွက် (ဥပမာ – သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု [PCOS] နှင့် ဆီးချိုရောဂါ)
  • စိတ်ရောဂါအထူးကုဆရာဝန်များနှင့် စိတ်ပညာရှင်များ _ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှု၊ အစားအသောက်ပြဿနာများကဲ့သို့သော စိတ်ကျန်းမာရေးပြဿနာများအတွက်
  • အရေပြားအထူးကုဆရာဝန်များ _ ဝက်ခြံ၊ နှင်းခူနှင့် အရေပြားဆိုင်ရာ ပြဿနာများအတွက်
  • အာဟာရပညာရှင်များ _ အာဟာရ၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းနှင့် အစားအသောက်ပြဿနာများအတွက် အပြင်
  • ကျောင်းကျန်းမာရေးဆရာဝန်နှင့် သူနာပြုများ စသည်တို့လည်း ပါဝင်သည်။

မြန်မာနိုင်ငံတွင် ဆယ်ကျော်သက်ကျန်းမာရေးအတွက် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းစွာမဖွံ့ဖြိုးသေးပါ။ ဆယ်ကျော်သက်များ၏ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းရန် လိုအပ်သော ကျန်းမာရေးပညာရှင်များနှင့် ဝန်ဆောင်မှုများမှာ လုံလောက်စွာ မရှိသေးပါ။ ထို့အပြင် ဆယ်ကျော်သက်များ၏ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ကျန်းမာရေးပြဿနာများကို ဖြေရှင်းရန် စနစ်တကျ လုပ်ဆောင်နိုင်သော မူဝါဒများနှင့် စီမံခန့်ခွဲမှုစနစ်များ အားနည်းနေသေးသည်။

ဆယ်ကျော်သက်ကျန်းမာရေးတွင် မိဘများနှင့် အုပ်ထိန်းသူများ၏ အခန်းကဏ္ဍ

မိဘများနှင့် အုပ်ထိန်းသူများသည် ဆယ်ကျော်သက်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးကို ထောက်ပံ့ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ အောက်ပါအချက်များကို အထူးဂရုပြုလိုက်နာသင့်သည်။

  1. ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး
    • ကျန်းမာသောနေထိုင်မှုအလေ့အထများ ထူထောင်ပေးပါ
    • ကျန်းမာရေးစစ်ဆေးမှုများ၊ ကာကွယ်ဆေးထိုးခြင်းများကို ပုံမှန်ပြုလုပ်ပါ
    • ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေရန် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားသုံးခြင်းကို အားပေးပါ
    • ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ရန် အားပေးပါ
    • တစ်ကိုယ်‌ရေသန့်ရှင်းမှု အရေးပါပုံနှင့် ရောဂါပိုးများကာကွယ်ရေးကို ပညာပေးပါ
    • ရောဂါလက္ခဏာများကို စောစီးစွာ သတိပြုရန်နှင့် ပေါ်ပေါက်လာပါက ချက်ချင်းကုသမှုခံယူပါ
    • ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ပွင့်လင်းစွာ ဆွေးနွေးရန် အားပေးပါ
  2. စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ
    • ခံစားချက်များနှင့် စိုးရိမ်ပူပန်မှုများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ရန် လမ်းဖွင့်ပေးပါ
    • စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါလက္ခဏာများကို သတိပြုမိပြီး လိုအပ်ပါက သက်ဆိုင်ရာပညာရှင်များထံ အကူအညီတောင်းပါ
    • ကိုယ့်ကိုယ်ကိုယုံကြည်မှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကို မြှင့်တင်ရန် အားပေးမှုများနှင့် အပြုသဘောဆောင်သော ပြောဆိုမှုများ ပြုလုပ်ပေးပါ
  3. ပညာပေးဆွေးနွေးမှုများ
    • ခန္ဓာကိုယ်နှင့် သွေးသားပြောင်းလဲခြင်း၊ ရာသီလာခြင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးပညာပေးပါ
    • လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွါးကျန်းမာရေးကို အသက်အရွယ်နှင့် လျော်ညီစွာ ဆွေးနွေးပြီး ဘေးကင်းသော အပြုအမူများရှိစေရန် ပညာပေးပါ
    • မိတ်ဆွေများ၊ လူမှုမီဒီယာနှင့် မိတ်ဆွေဖိအားများနှင့် ပတ်သက်၍ တာဝန်ယူမှုရှိသော ဆုံးဖြတ်ချက်များ ချမှတ်ရန် ပညာပေးပါ
    • အင်တာနက်နှင့် ဆိုရှယ်မီဒီယာကို ဘေးကင်းစွာ အသုံးပြုရန် လမ်းညွှန်ပညာပေးဆွေးနွေးပါ
    • ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ အန္တရာယ်များအကြောင်း ပညာပေးပါ
    • မတော်တဆထိခိုက်မှုအန္တရာယ် ကာကွယ်ခြင်းများအကြောင်း ပညာပေးပါ
  4. ပညာရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု
    • ပညာရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ ရည်မှန်းချက်များကို ထောက်ပံ့ပေးပြီး ပညာရေးနှင့် ကျောင်းပြင်ပ လှုပ်ရှားမှုများကို ဟန်ချက်ညီစေရန် ကူညီပါ
    • ကျောင်းနှင့် လူမှုအသိုင်းအဝိုင်း လှုပ်ရှားမှုများတွင် ပါဝင်စေခြင်းဖြင့်ပတ်ဝန်းကျင်နှင့် ဆက်ဆံရေးကို မြှင့်တင်ပေးပါ
  5. မိဘကိုယ်တိုင် စံပြဖြစ်ပါစေ
    • မိဘကိုယ်တိုင် ကျန်းမာသောနေထိုင်မှု အလေ့အထများကို စံပြလုပ်ဆောင်ပြပါ
ဆယ်ကျော်သက်များနှင့် ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်ရန် မိဘများအတွက် အကြံပြုချက်များ
  1. ပွင့်လင်းသော ဆက်ဆံရေးတည်ဆောက်ပါ။
    • ဆယ်ကျော်သက်များနှင့် စကားပြောရာတွင် ပွင့်လင်းသောဆက်ဆံရေးပတ်ဝန်းကျင်ဖန်တီးပေးပါ
    • သူတို့၏ ခံစားချက်များနှင့် အတွေးအမြင်များကို ဝေဖန်ခြင်း၊ အပြစ်ရှာခြင်းမပြုဘဲ လေးလေးစားစား ဂရုတစိုက်နားထောင်ပေးပါ
    • သူတို့၏ စိုးရိမ်ပူပန်မှုများကို နားလည်ပေးပြီး ပံ့ပိုးမှုပေးပါ
  2. အချိန်ပေးပါ။
    • ဆယ်ကျော်သက်များနှင့် အချိန်ပေးပြီး စကားပြောပါ၊ မိသားစုအတူတူ အချိန်ဖြုန်းခြင်းသည် ဆက်ဆံရေးကို ပိုမိုခိုင်မာစေသည်
    • ထမင်းဝိုင်းတွင် အတူစားခြင်း၊ မိသားစုအပန်းဖြေခရီးများထွက်ခြင်းစသည်တို့ဖြင့် မိသားစုဆက်ဆံရေး၏ အရေးပါမှုကို ပြသပါ
  3. အသက်အရွယ်နှင့် လျော်ညီသော ဆွေးနွေးမှုများပြုလုပ်ပါ။
    • သွေးသားပြောင်းလဲခြင်း၊ လိင်ပိုင်းဆိုင်ရာကျန်းမာရေး စသောအကြောင်းအရာများကို အသက်အရွယ်နှင့် လျော်ညီစွာ ဆွေးနွေးပါ
  4. ယုံကြည်မှုတည်ဆောက်ပါ။
    • ဆယ်ကျော်သက်များကို ယုံကြည်မှုပေးပြီး သူတို့၏ ဆုံးဖြတ်ချက်များကို လေးစားပေးပါ
    • သူတို့၏ လျှို့ဝှက်ချက်များကို လေးစားပြီး ယုံကြည်မှုကို မထိခိုက်စေပါနှင့်
  5. အပြုသဘောဆောင်သော အားပေးမှုများ ပြုလုပ်ပါ။
    • ဆယ်ကျော်သက်များ၏ အောင်မြင်မှုများကို အသိအမှတ်ပြုပြီး ချီးကျူးပေးပါ
    • စိတ်ဖိစီးမှုများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အားပေးမှုများပေးပါ
  6. အကူအညီတောင်းရန် အားပေးပါ။
    • ဆယ်ကျော်သက်များအား လိုအပ်ပါက တတ်သိနားလည်သူပညာရှင်များထံ အကူအညီတောင်းရန် အားပေးပါ

ဤအချက်များကို လိုက်နာခြင်းဖြင့် မိဘများသည် ဆယ်ကျော်သက်များနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နိုင်ပြီး သူတို့၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုကို ပိုမိုထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

References:

  1. Home page – Adolescent Medicine. (n.d.). Retrieved March 22, 2025, from https://www.nationwidechildrens.org/conditions/health-library/home-page-adolescent-medicine
  2. World Health Organization: WHO. (2019). Adolescent health. Retrieved March 22, 2025, from https://www.who.int/health-topics/adolescent-health#tab=tab_1
  3. Health care providers: adolescent medicine specialists (for parents). (n.d.). Retrieved March 22, 2025, from https://kidshealth.org/en/parents/hcp-adolescent-medicine.html
  4. Writer, K. J.-. (2023). What’s the difference between pediatrics and adolescent medicine? Inside Children’s Blog. Retrieved March 22, 2025, from https://www.akronchildrens.org/inside/2023/10/04/whats-the-difference-between-pediatrics-and-adolescent-medicine/
  5. UC Davis Health. (2024). What is adolescent medicine and how can it benefit young adults? UC Davis Health. Retrieved March 22, 2025, from https://health.ucdavis.edu/blog/cultivating-health/what-is-adolescent-medicine-and-how-can-it-benefit-young-adults/2024/09

Published: 26 March 2025

Share

26 March 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.