မကူးစက်နိုင်သော နာတာရှည်ရောဂါများ (Non-communicable diseases – NCD) ဆိုသည်မှာ ရောဂါပိုးများကြောင့် မဟုတ်ဘဲ မျိုးဗီဇ၊ ဇီဝကမ္မဗေဒဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာ၊ အပြုအမူဆိုင်ရာ အချက်များပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်လာပြီး လူတစ်ဦးမှတစ်ဦးသို့ မကူးစက်နိုင်သော နာတာရှည်ရောဂါများကို ဆိုလိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၅) ခုနှစ် အစီရင်ခံစာအရ တစ်ကမ္ဘာလုံးတွင် မကူးစက်နိုင်သော နာတာရှည်ရောဂါများကြောင့် နှစ်စဥ် လူသန်းပေါင်း (၄၃) သန်းခန့် သေဆုံးလျက်ရှိပြီး ဝင်ငွေနည်းသောတိုင်းပြည်များတွင် ပို၍အဖြစ်များသည်။
ရောဂါအမျိုးအစားများ
မကူးစက်နိုင်သော နာတာရှည်ရောဂါ အမျိုးအစားများမှာ_
- နှလုံးသွေးကြောရောဂါများ (ဥပမာ _ နှလုံးသွေးကြောကျဥ်းရောဂါ၊ လေဖြတ်ရောဂါ)
- ကင်ဆာရောဂါများ
- နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
- ဆီးချိုရောဂါ
- နာတာရှည် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများ (ဥပမာ _ အယ်လ်ဇိုင်းမားရောဂါ၊ သတိမေ့ရောဂါ)
- နာတာရှည် အရိုးအကြော၊ အဆစ်နှင့် ကြွက်သားရောင် ရောဂါများ
- စိတ်ပိုင်းဆိုင်ရာရောဂါများ (ဥပမာ _ စိတ်ကျရောဂါ၊ စိတ်ကြွရောဂါ)
- ထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်ကြသည်။
မကူးစက်နိုင်သော နာတာရှည်ရောဂါများ၏ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုများ
- နှလုံးသွေးကြောရောဂါများ
ကမ္ဘာပေါ်တွင် နံပါတ် (၁) သေဆုံးမှု ဖြစ်ပေါ်စေသော အကြောင်းရင်းဖြစ်သည်။ လေ့လာတွေ့ရှိချက်များအရ (၂၀၂၂) ခုနှစ်တွင် လူသန်းပေါင်း (၁၉.၈) သန်းသည် နှလုံးသွေးကြောရောဂါဖြင့် သေဆုံးခဲ့ရပြီး တစ်ကမ္ဘာလုံး သေဆုံးမှုနှုန်း၏ (၃၂) ရာခိုင်နှုန်းရှိသည်။ လာမည့် နှစ် (၂၀၃၀) တွင် (၂၅) သန်းနီးပါး သေဆုံးနိုင်သည်ဟု ခန့်မှန်းတွက်ဆထားကြသည်။ - ဆီးချိုရောဂါ
ဆီးချိုရောဂါခံစားနေရသူ အရေအတွက်သည် (၁၉၉၀) ပြည့်နှစ်တွင် သန်း (၂၀၀) ရှိခဲ့ရာမှ (၂၀၂၂) ခုနှစ်တွင် သန်း (၈၃၀) အထိ မြင့်တက်လာခဲ့သည်။ (၂၀၂၁) ခုနှစ်တွင် ဆီးချိုရောဂါနှင့် ဆီးချိုကြောင့်ဖြစ်သော ကျောက်ကပ်ရောဂါတို့ကြောင့် လူဦးရေ (၂) သန်းကျော် သေဆုံးခဲ့သည်။ ထို့အပြင် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါဖြင့် သေဆုံးမှုများ၏ (၁၁) ရာခိုင်နှုန်းခန့်မှာ သွေးတွင်းသကြားဓာတ်မြင့်မားခြင်းကြောင့် ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံဖြင့် နေထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းနှင့် ဆေးလိပ်မသောက်ခြင်းတို့ဖြင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွါးမှုကို တားဆီးလျော့ကျစေသည်။ - ကင်ဆာရောဂါများ
(၂၀၂၀) ခုနှစ် မှတ်တမ်းအရ လူသန်းပေါင်း (၁၀) သန်းနီးပါးသည် ကင်ဆာရောဂါဖြင့် သေဆုံးခဲ့ကြသည်။ နှစ် (၂၀၃၀) တွင် ကင်ဆာရောဂါကြောင့် သေဆုံးမှုသည် (၁၃.၁) သန်းထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ကင်ဆာရောဂါများ၏ (၃၀) ရာခိုင်နှုန်းသည် ပြုမူနေထိုင်ခြင်းဆိုင်ရာ အချက်များကြောင့် အများဆုံးဖြစ်တတ်သည့်အတွက် ပြုပြင်ပြောင်းလဲ၍ ရနိုင်သည်။ အဖြစ်များသော ကင်ဆာရောဂါများမှာ_ သားအိမ်ခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာတို့ ဖြစ်ကြသည်။ - နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ (Chronic respiratory disease)
အသက်သေစေနိုင်သော အဓိကအကြောင်းရင်းတွင် ပါဝင်ပြီး (၂၀၂၃) ခုနှစ် တွေ့ရှိချက်များအရ နာတာရှည် အဆုတ်ပွပန်းနာရောဂါကြောင့် လူသန်းပေါင်း (၄.၂) သန်း သေဆုံးခဲ့ရသည်။ - စိတ်ပိုင်းဆိုင်ရာရောဂါများ (Mental illness)
(၂၀၂၁) ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားနေရသူ (၁) ဘီလီယံခန့်ရှိပြီး လူ (၇) ယောက်တွင် (၁) ယောက်ခန့် ခံစားနေကြရသည်။ ထို့အပြင် တစ်နှစ်လျှင် လူပေါင်း (၇) သိန်းကျော်သည် မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြင့် သေဆုံးနေကြရသဖြင့် စိတ်ပိုင်းဆိုင်ရာရောဂါများသည်လည်း အရေးကြီးသော မကူးစက်နိုင်သည့် နာတာရှည်ရောဂါထဲတွင် ပါဝင်လာသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မကူးစက်နိုင်သော နာတာရှည်ရောဂါများသည် အသက်အရွယ်မရွေး၊ နေရာဒေသမရွေး၊ အချိန်အခါမရွေး ဖြစ်ပေါ်နိုင်သော ရောဂါများဖြစ်သည်။ ရောဂါဖြစ်နိုင်ခြေ မြင့်တက်စေသော အခြေအနေများကို အောက်ပါအတိုင်း အုပ်စုခွဲနိုင်သည်။
- ပြုပြင်ပြောင်းလဲ၍ရသော လူနေမှုပုံစံ အပြုအမူများ (Modifiable behavioural risk factors)
- ဆေးလိပ်သောက်ခြင်း
- အရက်အလွန်အကျွံသောက်ခြင်း
- ကျန်းမာရေးနှင့် မညီညွတ်သော အစားသောက်များစားခြင်း (အငန်များသော၊ အဆီများသော၊ အချိုများသော အစားအစာများ)
- ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
- ဇီဝကမ္မဗေဒဆိုင်ရာ အချက်များ (Metabolic risk factors)
- သွေးပေါင်ချိန်များခြင်း
- အဝလွန်ခြင်း
- သွေးတွင်းသကြားဓာတ်များခြင်း
- သွေးတွင်းအဆီဓာတ်များခြင်း
- ပတ်ဝန်းကျင်အခြေအနေ (Environmental risk factors)
- လေထုညစ်ညမ်းခြင်း (Air pollution)
- ပြုပြင်ပြောင်းလဲ၍ မရသောအခြေအနေများ (Non-modifiable risk factors)
- အသက်အရွယ်
- လိင်အမျိုးအစား
- မျိုးဗီဇပြောင်းလဲခြင်း
- မိဘမျိုးရိုးတွင် ရောဂါရှိခြင်းး
ထို့ကြောင့် မကူးစက်နိုင်သော နာတာရှည်ရောဂါများ၏ ဖြစ်နိုင်ခြေများကို ရှာဖွေပြီး ပြုပြင်ပြောင်းလဲ၍ ရသော အချက်များကို ပြောင်းလဲခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချရန် (Risk factor surveillance) အလွန်အရေးကြီးသည်။
- ဆေးလိပ်သောက်ခြင်း
ဆေးလိပ်နှင့် ဆေးရွက်ကြီးများကို အသုံးပြုသူများ၏ တစ်ဝက်ကျော်မှာ သေဆုံးနေကြရသည်။ တစ်ကမ္ဘာလုံးတွင် တစ်နှစ်လျှင် လူသန်းပေါင်း (၇) သန်းကျော် ဆေးလိပ်ကြောင့် သေဆုံးကြရသည်။ လေ့လာတွေ့ရှိချက်များအရ နှစ် (၂၀၃၀) တွင် တစ်နှစ်လျှင် သေဆုံးသူဦးရေ (၈) သန်းကျော်အထိ မြင့်တက်လာနိုင်သည်။ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ရောဂါများမှာ_- ကင်ဆာရောဂါ (အထူးသဖြင့် အဆုတ်ကင်ဆာနှင့် အခြားသော ကင်ဆာရောဂါများ)
- နှလုံးသွေးကြောရောဂါ (Coronary heart disease)
- ရုတ်တရက် နှလုံးအမောဖောက်ခြင်း (Heart attack)
- နာတာရှည်လေပြွန်ကျဉ်း အဆုတ်ပွရောဂါ (Chronic obstructive pulmonary disease – COPD)
- ခြေ၊ လက် သွေးကြောပိတ်ရောဂါ (Peripheral vascular disease)
- လေဖြတ်ရောဂါ (Stroke)
- ကိုယ်ဝန်ဆောင်မိခင် ဆေးလိပ်သောက်လျှင် ကလေးအသေမွေးဖွားခြင်း (Stillbirth)
- ဆေးလိပ်သောက်ခြင်းကြောင့် မိမိနှင့်အတူ မိမိပတ်ဝန်းကျင်ရှိ ဆေးလိပ်အငွေ့ ရှူရှိုက်မိသူများကိုပါ ရောဂါရစေခြင်းတို့ ဖြစ်ကြသည်။
- ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော အစားအသောက်များ
ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် ကယ်လိုရီ၊ အဆီနှင့် အချို၊ အငန်များသော အစားအသောက်များကို နေ့စဥ်လိုအပ်သည်ထက် ပို၍စားသောက်ခြင်းကြောင့် အောက်ဖော်ပြပါရောဂါများကို ဖြစ်ပေါ်စေသည်။- နှလုံးသွေးကြောရောဂါ
- လေဖြတ်ရောဂါ
- ကင်ဆာရောဂါ
- အမျိုးအစား (၂) ဆီးချိုရောဂါ
- သွေးတိုးရောဂါ
- အသည်းနှင့် သည်းခြေအိတ်ဆိုင်ရာ ရောဂါများ
- အဝလွန်ခြင်း
- ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
ကမ္ဘာ့လူဦးရေ၏ (၃၁) ရာခိုင်နှုန်းသည် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်လှုပ်ရှားမှုကို လုံလောက်အောင် မပြုလုပ်ကြသည်ကို တွေ့ရှိရသည်။- ထိုသို့ ကိုယ်လက်လှုပ်ရှားမှု နည်းသောကြောင့် ဖြစ်ပေါ်လာနိုင်သော ရောဂါများမှာ_
- အူမကြီးကင်ဆာ (Colon cancer)
- ရင်သားကင်ဆာ (Breast cancer)
- အချိန်မတန်မီ သေဆုံးခြင်း (Premature mortality)
- အမျိုးအစား (၂) ဆီးချိုရောဂါ (Type 2 diabetes)
- နှလုံးသွေးကြောရောဂါ (Coronary heart disease) တို့ဖြစ်ကြသည်။
- ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ_
- သွေးပေါင်ချိန် ထိန်းပေးခြင်း
- အဆီဓာတ် ထိန်းပေးခြင်း
- အဆစ်ရောင်ရမ်း နာကျင်မှုကို သက်သာစေခြင်း
- စိတ်ပိုင်းဆိုင်ရာ ပြဿနာများ လျော့ကျစေခြင်း
- အထက်တွင်ဖော်ပြထားသော ရောဂါများဖြစ်နိုင်ခြေ လျော့ကျခြင်းတို့ ဖြစ်ကြသည်။
- ထိုသို့ ကိုယ်လက်လှုပ်ရှားမှု နည်းသောကြောင့် ဖြစ်ပေါ်လာနိုင်သော ရောဂါများမှာ_
- အရက်အလွန်အကျွံသောက်ခြင်း
အရက်အလွန်အကျွံသောက်ခြင်းကြောင့် တစ်နှစ်လျှင် လူသန်းပေါင်း (၂.၆) သန်းခန့် သေဆုံးကြရသည်။- အရက်အလွန်အကျွံသောက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- ဦးနှောက်လုပ်ငန်းများ ထိခိုက်ခြင်း
- ကိုယ်ခန္ဓာအပူချိန် မထိန်းနိုင်ခြင်း
- ကိုယ်ဝန်ဆောင်မိခင် အရက်သောက်လျှင် ကလေးထိခိုက်ခြင်း
- ထိခိုက်ဒဏ်ရာ ရနိုင်ခြေများခြင်း
- အကြမ်းဖက်မှုများ ဖြစ်ပေါ်ခြင်း
- သေဆုံးခြင်းတို့ဖြစ်သည်။
- အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နာတာရှည်ရောဂါများမှာ_
- အသည်းရောဂါ
- ကင်ဆာရောဂါ
- သွေးတိုးရောဂါ
- အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများ
- ဦးနှောက်အာရုံကြောဆိုင်ရာရောဂါများ
- စိတ်ပိုင်းဆိုင်ရာရောဂါများ ဖြစ်ကြသည်။
- အရက်အလွန်အကျွံသောက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- သွေးပေါင်ချိန် မြင့်တက်ခြင်း (Raised blood pressure)
သွေးပေါင်ချိန် (၁၄၀/၉၀) နှင့်အထက်ရှိလျှင် သွေးတိုးရောဂါဟုသတ်မှတ်ပြီး သွေးတိုးခြင်းသည် လေဖြတ်ခြင်းနှင့် နှလုံးသွေးကြောရောဂါကို အဓိကဖြစ်စေနိုင်သည့်အချက်ဖြစ်သည်။ ပုံမှန်သွေးပေါင်ချိန်ထက် အပေါ်သွေးပေါင်ချိန် 20 mmHg နှင့် အောက်သွေးပေါင်ချိန် 10 mmHg ပိုတက်လျှင် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေမှာ နှစ်ဆ မြင့်တက်နိုင်သည်။- သွေးပေါင်ချိန်မြင့်တက်ခြင်း၏ အခြားနောက်ဆက်တွဲပြဿနာများမှာ_
- နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart failure)
- ခြေ၊ လက် သွေးကြောဆိုင်ရာရောဂါများ (Peripheral vascular disease)
- ကျောက်ကပ်ထိခိုက်ခြင်း (Renal impairment)
- မျက်စိသွေးကြောများ ထိခိုက်ခြင်း (Retinal hemorrhage)
- အမြင်အာရုံချို့တဲ့ခြင်း (Visual impairment) တို့ဖြစ်ကြသည်။
- ဆိုဒီယမ်ဓာတ်သည် နှလုံးသွေးကြောရောဂါ ဖြစ်ပေါ်မှုနှင့် သေဆုံးမှုကို အဓိကဖြစ်ပေါ်စေသော အကြောင်းရင်းဖြစ်သည်
နှလုံးသွေးကြောရောဂါ၏ (၁၀) ရာခိုင်နှုန်းခန့်သည် ဆိုဒီယမ်ဓာတ် (ဆား) အလွန်အမင်းစားသုံးမှုကြောင့် ဖြစ်သည်။ အကယ်၍ ဆိုဒီယမ်စားသုံးမှုကို (၁၅) ရာခိုင်နှုန်း လျှော့ချခဲ့လျှင် နောက် (၁၀) နှစ်အကြာတွင် လူသန်းပေါင်း (၈.၅) သန်း သေဆုံးမှုကို ကာကွယ်နိုင်လိမ့်မည်ဟု တွက်ဆထားသည်။ တစ်ရက်စားသုံးသော အစားအသောက်များတွင် ဆိုဒီယမ်ပါဝင်မှုကို သတိမထားမိဘဲ စားသုံးတတ်ကြသည်။ စားသောက်ဆိုင်များမှ အစားအသောက်များနှင့် အသင့်စားသုံးရန် ထုတ်လုပ်ထားသော အစားအသောက်များတွင် ဆိုဒီယမ်ပါဝင်မှု အလွန်များသည်။ ထို့ကြောင့် နှလုံးသွေးကြောရောဂါကို ကာကွယ်နိုင်ရန် ဆားစားသုံးမှုကို တစ်ရက်လျှင် (၂) ဂရမ်ခန့်သာ စားသုံးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) မှ သတ်မှတ်ထားသည်။
- သွေးပေါင်ချိန်မြင့်တက်ခြင်း၏ အခြားနောက်ဆက်တွဲပြဿနာများမှာ_
- သွေးတွင်းအဆီဓာတ်များခြင်း (Raised Total cholesterol)
(၂၀၀၈) ခုနှစ် လေ့လာတွေ့ရှိချက်များအရ တစ်ကမ္ဘာလုံးတွင် သွေးတွင်းအဆီဓာတ်များသူမှာ (၃၉) ရာခိုင်နှုန်းခန့်ရှိပြီး၊ သွေးတွင်းကိုလက်စထရောများခြင်းကြောင့် တစ်နှစ်လျှင် လူသန်းပေါင်း (၄.၄) သန်း သေဆုံးကြရသည်။ နှလုံးသွေးကြောကျဥ်း ရောဂါရှိသူများ၏ သုံးပုံတစ်ပုံမှာ သွေးတွင်းအဆီဓာတ် များခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အသက် (၄၀) ရှိသော အမျိုးသားများတွင် သွေးတွင်းအဆီဓာတ်ကို (၁၀) ရာခိုင်နှုန်း လျှော့ချခြင်းဖြင့် (၅) နှစ်အတွင်း နှလုံးရောဂါ ဖြစ်နိုင်ခြေကို (၅၀) ရာခိုင်နှုန်း (တစ်ဝက်အထိ) လျှော့ချနိုင်မည်ဖြစ်သည်။ - သွေးတွင်းသကြားဓာတ်များခြင်း (Elevated glucose)
သွေးတွင်းသကြားဓာတ်များခြင်းကြောင့် အမျိုးအစား (၂) ဆီးချိုဖြစ်ပေါ်စေပြီး ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း၏ အဓိကအကြောင်းရင်းလည်းဖြစ်သည်။ အနာကောင်းစွာမကျက်သောကြောင့် ခြေထောက်ဖြတ်တောက်ရခြင်းများသည်လည်း ဆီးချိုရောဂါရှိသူတွင် ရောဂါမရှိသူထက် (၁၀) ဆပို၍ အဖြစ်များသည်ကို တွေ့ရှိရသည်။ ထို့အပြင် သွေးတွင်းသကြားဓာတ်များခြင်းသည် နှလုံးသွေးကြောရောဂါကို ဖြစ်စေနိုင်သော အဓိကအကြောင်းရင်း တစ်ခုလည်းဖြစ်သည်။ - အဝလွန်ခြင်း
တစ်ကမ္ဘာလုံးတွင် (၁၉၈၀) ခုနှစ် နောက်ပိုင်းကတည်းက စတင်၍ အဝလွန်ခြင်းမှာ နှစ်ဆမြင့်တက်လာသည်။ ပတ်ဝန်းကျင်ဆိုင်ရာအချက်များ၊ နေထိုင်စားသောက်မှုပုံစံနှင့် မျိုးဗီဇပြောင်းလဲမှုတို့ကြောင့် အဝလွန်ခြင်း အဓိကဖြစ်ပေါ်လာသည်။ အဝလွန်ခြင်းကြောင့် နှလုံးသွေးကြောရောဂါ၊ အမျိုးအစား (၂) ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ ဖြစ်နိုင်ခြေများမြင့်တက်လာသည်။
ကုသခြင်းနှင့် ကာကွယ်ခြင်း
မကူးစက်နိုင်သော နာတာရှည်ရောဂါများကို လုံးဝပျောက်ကင်းအောင် ကုသ၍မရသော်လည်း ကျန်းမာသော နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်းနှင့် သက်ဆိုင်ရာရောဂါများကို ထိရောက်သော ကုသမှုခံယူခြင်းဖြင့် ရောဂါထိန်းချုပ်နိုင်သည်။ မကူးစက်နိုင်သော နာတာရှည်ရောဂါများကို ကုသရာတွင် ရောဂါကို စောစီးစွာရှာဖွေတွေ့ရှိရန်နှင့် အချိန်မီကုသမှုရရှိရန် လိုအပ်သည်။ ရောဂါကို စောစီးစွာရှာဖွေတွေ့ရှိ၍ အချိန်မီကုသမှု ခံယူခြင်းသည် ကျန်းမာရေးကုန်ကျစရိတ်ကို သက်သာစေနိုင်သည့်အပြင် နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်နိုင်ပြီး ရောဂါကိုလည်းအလွယ်တကူ ထိန်းချုပ်နိုင်သည်။ မကူးစက်နိုင်သော နာတာရှည်ရောဂါများအားလုံးကို ကာကွယ်ရန်မဖြစ်နိုင်သော်လည်း ကျန်းမာသော နေထိုင်စားသောက်မှုပုံစံနှင့် အောက်ဖော်ပြပါအချက်များကို လိုက်နာလုပ်ဆောင်ခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေများကို လျှော့ချပေးနိုင်သည်။
- တစ်ဦးချင်းစီ လိုက်နာသင့်သည့် ကျန်းမာသော နေထိုင်စားသောက်မှုပုံစံဖြင့် ကာကွယ်ခြင်း
- ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းကို ရှောင်ကြဥ်ခြင်း
- ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီး (ကွမ်းယာ၊ ဆေးရွက်ကြီးဝါးခြင်း) တို့ကို ရှောင်ကြဉ်ခြင်း
- ဆေးလိပ်ဖြတ်ရန် အစီအစဉ်များ သို့မဟုတ် နီကိုတင်းအစားထိုးကုထုံးများဖြင့် ဆရာဝန်နှင့် တိုင်ပင်၍ ဆေးလိပ်ဖြတ်နိုင်ရန် ကြိုးစားခြင်း
- ကျန်းမာသော အစားအသောက်များကို ရွေးချယ်စားသောက်ခြင်း
- ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ အစေ့အဆန်များ၊ အသားဓာတ် ရရှိစေနိုင်သော ပဲအမျိုးမျိုးကို ရွေးချယ်၍ ပိုမိုစားသောက်ခြင်း
- ကျန်းမာရေးနှင့် မညီညွတ်သော အငန်ဓာတ်၊ သကြားဓာတ်၊ အသင့်စားသုံးရန် ထုတ်လုပ်ထားသော အစားအသောက်များ၊ အဆီဓာတ်များကို ကန့်သတ်လျှော့ချစားသောက်ခြင်း
- သကြားဓာတ်ပါဝင်မှုများသော အချိုရည်များသောက်ခြင်းကို ရှောင်ကြဥ်ခြင်း
- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်း
- တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀) ခန့် လေ့ကျင့်ခန်းပြုလုပ်ခြင်း (ဥပမာ _ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း)
- အရိုးနှင့်ကြွက်သားများ ကျန်းမာရေးအတွက် တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ကြွက်သားများ သန်မာအောင် လေ့ကျင့်ခြင်း
- နေ့စဥ် တက်ကြွလှုပ်ရှားမှုရှိသော လူနေမှုဘဝကို လေ့ကျင့်ယူခြင်း (ဥပမာ _ ဓာတ်လှေကားကို အသုံးမပြုဘဲ ခြေထောက်ဖြင့် လှေကားတက်ခြင်း)
- အရက်လျှော့သောက်ခြင်း
- အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဥ်ခြင်း (Alcohol and health)
- ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း
- သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတွင်းအဆီဓာတ်များခြင်း၊ ကင်ဆာရောဂါ ကဲ့သို့သော ရောဂါများကို ကြိုတင်ရှာဖွေစစ်ဆေး၍ ကုသမှုခံယူခြင်း
- အဝလွန်ခြင်းကို ကာကွယ်ရန် ကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ်ထုထည်ညွှန်းကိန်းများ ပုံမှန်တိုင်းတာ၍ ကျန်းမာသော ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
- စိတ်ဖိစီးမှုကို ထိန်းချုပ်၍ စိတ်ပိုင်းဆိုင်ရာ ကျန်းမာအောင် နေထိုင်ခြင်း
- စိတ်ငြိမ်းချမ်းမှု ရရှိနိုင်စေရန် စိတ်ဖိစီးမှုများ လျော့နည်းအောင် လေ့ကျင့်နေထိုင်ခြင်း (ဥပမာ _ တရားထိုင်ခြင်း၊ ယောဂ [yoga] လေ့ကျင့်ခန်းများပြုလုပ်ခြင်း)
- ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းကို ရှောင်ကြဥ်ခြင်း
- ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ တိုးမြှင့်လုပ်ဆောင်ခြင်း
- ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ မြှင့်တင်ခြင်း
- နာတာရှည် မကူးစက်နိုင်သော ရောဂါများကို စောစီးစွာ ရှာဖွေခြင်း
- ကျန်းမာရေးဝန်ထမ်းများအား လေ့ကျင့်ပေးခြင်း
- ဆီးချို၊ သွေးတိုးနှင့် အခြားနာတာရှည်ရောဂါများအတွက် အရေးကြီးဆေးဝါးများ လွယ်ကူစွာရရှိနိုင်အောင်စီမံခြင်း
- ကျန်းမာရေး မြှင့်တင်ရေးနှင့် အသိပညာပေးခြင်း
- လူမှုမီဒီယာ၊ ကျောင်းများနှင့် လုပ်ငန်းခွင်များမှတစ်ဆင့် ကျန်းမာရေး အသိပညာများ မြှင့်တင်ခြင်း
- ဆေးလိပ်နှင့် အရက်သောက်သုံးခြင်း၏ အန္တရာယ်များကို အသိပညာပေးအစီအစဉ်များ ပြုလုပ်ခြင်း
- ကျောင်းနှင့် လုပ်ငန်းခွင် ကျန်းမာရေးအစီအစဉ်များ
- ကျောင်းများနှင့် လုပ်ငန်းခွင်များတွင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသုံးရန်နှင့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ရန် အားပေးခြင်း
- ကျောင်းစားသောက်ဆိုင်များတွင် အာဟာရပြည့်ဝသော အစားအသောက်များ ရရှိရန် ဆောင်ရွက်ပြီး ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ ရရှိမှုကို လျှော့ချခြင်း
- မူဝါဒနှင့် စည်းမျဉ်းများ
- ဆေးလိပ်၊ ကွမ်းယာနှင့် အရက်တို့အပေါ် အခွန်နှုန်းများ မြှင့်တင်ခြင်း
- ဆေးလိပ်ကြော်ငြာများကို တားမြစ်ပြီး သတိပေးစာတမ်းများ တိုးမြှင့်ခြင်း
- ပြုပြင်ထားသော အစားအစာများတွင် ပြန်ကြော်ဆီနှင့် ထပ်ပေါင်းသကြားပါဝင်မှုကို လျှော့ချခြင်း
- အစားအသောက်များတွင် အာဟာရပါဝင်မှုကို ဖော်ပြသည့် တံဆိပ်ကပ်ခြင်းကို မဖြစ်မနေ လုပ်ဆောင်စေခြင်း
- ကျန်းမာရေးအတွက် မြို့ပြစီမံကိန်းများ
- ပန်းခြံများ၊ စက်ဘီးစီးလမ်းများနှင့် လမ်းသွားလမ်းလာများအတွက် သက်သောင့်သက်သာရှိသော လမ်းများ တည်ဆောက်ခြင်း
- ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ မြှင့်တင်ခြင်း
References:
- WebMD. (n.d.). What are noncommunicable diseases? Retrieved March 23, 2026, from https://www.webmd.com/a-to-z-guides/what-is-non-communicable-disease
- BYJU’S. (n.d.). Non-communicable diseases. Retrieved March 23, 2026, from https://byjus.com/biology/non-communicable-diseases/
- World Health Organization. (2023). Noncommunicable diseases. Retrieved March 23, 2026, from https://www.who.int/news-room/fact-sheets/detail/noncommunicable-diseases
- World Health Organization. (2023). Cardiovascular diseases (CVDs). Retrieved March 23, 2026, from https://www.who.int/news-room/fact-sheets/detail/cardiovascular-diseases-(cvds)
- World Health Organization. (2023). Diabetes. Retrieved March 23, 2026, from https://www.who.int/news-room/fact-sheets/detail/diabetes
- World Health Organization. (2024). Cancer. Retrieved March 23, 2026, from https://www.who.int/news-room/fact-sheets/detail/cancer
- Institute for Health Metrics and Evaluation. (n.d.). Global, regional, and national burden of chronic respiratory diseases. Retrieved March 23, 2026, from https://www.healthdata.org/research-analysis/library/global-regional-and-national-burden-chronic-respiratory-diseases-and
- World Health Organization. (2023). Mental disorders. Retrieved March 23, 2026, from https://www.who.int/news-room/fact-sheets/detail/mental-disorders
- World Health Organization. (2023). Suicide. Retrieved March 23, 2026, from https://www.who.int/news-room/fact-sheets/detail/suicide
- World Health Organization. (2023). Tobacco. Retrieved March 23, 2026, from https://www.who.int/news-room/fact-sheets/detail/tobacco
Published: 17 March 2025
Last updated: 19 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.