လေထုညစ်ညမ်းမှုဆိုသည်မှာ လူတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်သော ဖုန်မှုန့်၊ အမှုန်အမွှားများ၊ ဓာတ်ငွေ့များ၊ မီးခိုးများ၊ မြူခိုးများနှင့် အနံ့ဆိုးများကဲ့သို့သော အရာဝတ္ထုများ လေထုထဲတွင် ပမာဏမြင့်မားစွာနှင့် အချိန်ကာလတစ်ခုထိ ကြာမြင့်စွာ တည်ရှိနေခြင်းကို ဆိုလိုသည်။ ဤအရာဝတ္ထုများသည် မျက်စိဖြင့် မြင်နိုင်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ ခန္ဓာကိုယ်အတွင်းသို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အများဆုံးဝင်ရောက်ကာ ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသည်။ ထိုမှတစ်ဆင့် အဆုတ်၊ နှလုံး၊ ဦးနှောက်အပါအဝင် အခြားကိုယ်တွင်းအင်္ဂါများကို ဆက်လက်ထိခိုက်စေပြီး ခန္ဓာကိုယ်အတွင်း ရောင်ရမ်းခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ ကင်ဆာဖြစ်ပေါ်နိုင်ခြေ မြင့်မားခြင်းစသည့် နောက်ဆက်တွဲပြဿနာများစွာကို ဖြစ်ပေါ်စေသည်။
ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အပြင် လေထုညစ်ညမ်းမှုသည် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ရာသီဥတုဖောက်ပြန်မှုနှင့် ကမ္ဘာကြီးပူနွေးလာမှုစသည့် ဘေးထွက်ဆိုးကျိုးများကိုပါ ဖြစ်ပေါ်စေနိုင်သည်။
လေထုညစ်ညမ်းမှုဖြစ်ရသော အကြောင်းရင်းများနှင့် ရင်းမြစ်များ
လေထုညစ်ညမ်းမှုကို
- သဘာဝကြောင့်ဖြစ်သော လေထုညစ်ညမ်းမှုနှင့်
- လူတို့ပြုလုပ်ဖန်တီးသော လေထုညစ်ညမ်းမှုဟူ၍ ခွဲခြားနိုင်သည်။
သဘာဝဘေးအန္တရာယ်များဖြစ်သော တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ရေကြီးရေလျှံခြင်း၊ ဟာရီကိန်း လေပြင်းမုန်တိုင်း တိုက်ခြင်း၊ အက်ဆစ်မိုး ရွာသွန်းခြင်းနှင့် ဖန်လုံအိမ် အကျိုးသက်ရောက်မှုကို ဖြစ်စေသော ဓာတ်ငွေ့များကြောင့် လေထုညစ်ညမ်းစေနိုင်သည်။
လူတို့ဖန်တီးသော လေထုညစ်ညမ်းစေသည့် အကြောင်းရင်းများမှာ_
- လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသောယာဥ်များ (ဥပမာ_မော်တော်ကားများ၊ ကုန်တင်ကားများ၊ သင်္ဘောများ၊ လေယာဥ်များမှ ထွက်သော ဓာတ်ငွေ့များ)
- စက်မှုလက်မှုလုပ်ငန်းများ (ဥပမာ_စက်ရုံအလုပ်ရုံများ၊ ဓာတ်အားထုတ်လုပ်သော စက်ရုံများ၊ လောင်စာဆီချက်စက်ရုံများမှ ထွက်သော ဓာတ်ငွေ့များ)
- စိုက်ပျိုးရေးလုပ်ငန်းများ (ဥပမာ_တိရစ္ဆာန်များ မွေးမြူခြင်း၊ မြေသြဇာများ အလွန်အကျွံသုံးစွဲခြင်းများကြောင့် ထွက်သော အညစ်အကြေးများ၊ သီးနှံခင်းများ၊ စပါးခင်းများ မီးရှို့ခြင်းမှထွက်သော မီးခိုးငွေ့များ)
- အိမ်သုံးလျှပ်စစ်ပစ္စည်းများ (အဲကွန်း၊ ရေခဲသေတ္တာစသည်) တို့မှ ထွက်သော ဓာတ်ငွေ့များ
- လျှပ်စစ်မီးမရရှိသောဒေသများတွင် ထင်း၊ မီးသွေးစသည်တို့ကို အသုံးပြု၍ ထမင်း၊ ဟင်း ချက်ပြုတ်ခြင်း၊ ရေနံဆီမီးအိမ်များ အသုံးပြုခြင်းမှထွက်သော မီးခိုးငွေ့များ၊ ဓာတ်ငွေ့များ
- တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ (ဥပမာ_အိမ်သုတ်ဆေးများ၊ ကော်ဇောအခင်းများ၊ ပရိဘောဂများ၊ လေသန့်စင်စက်များ၊ သန့်ရှင်းရေးသုံးပစ္စည်းများ၊ အရောင်တင် polish တိုက်သောပစ္စည်းများ) ထုတ်လုပ်ရာမှ ထွက်သော အော်ဂင်းနစ်ဓာတ်ပေါင်းများ (organic compounds)
- အမှိုက်ကျင်းများ တည်ဆောက်ခြင်း၊ အမှိုက်များကို မီးရှို့ခြင်းမှ ထွက်သော ဖုန်မှုန့်များ၊ မီးခိုးငွေ့များ
- ဆေးလိပ်သောက်ရာမှ ထွက်သော ဆေးလိပ်ငွေ့များ စသည်တို့ကြောင့် လေထုညစ်ညမ်းနိုင်သည်။
လေထုညစ်ညမ်းမှုကြောင့် ပိုမိုထိခိုက်နိုင်ခြေ များသူများ
လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးအပေါ် ထိခိုက်မှုသည် မျိုးဗီဇ၊ အသက်အရွယ်၊ အာဟာရ၊ ရောဂါအခံများနှင့် လူမှုဘဝအဆင့်အတန်း စသည်တို့ပေါ် မူတည်သည်။ အောက်ပါအခြေအနေများတွင် လေထုညစ်ညမ်းခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ ပို၍ခံစားရနိုင်ခြေ မြင့်မားသည်။
- သက်ကြီးရွယ်အိုများ
- ကလေးသူငယ်များ
- ကိုယ်ဝန်ဆောင်မိခင်များ
- နာတာရှည် အဆုတ်ရောဂါနှင့် နှလုံးရောဂါအခံရှိသူများ
- ဆီးချိုရောဂါရှိသူများ
- အာဟာရချို့တဲ့သူများ
- လူဦးရေထူထပ်၍ လေထုညစ်ညမ်းမှု များနိုင်သောဒေသတွင် နေထိုင်သူများ
- လူမှုစီးပွါးအဆင့်အတန်း နိမ့်ကျသူများ စသည်တို့ဖြစ်သည်။
ကျန်းမာရေးအပေါ် သက်ရောက်မှုများ
လေထုညစ်ညမ်းမှုပမာဏ အနည်းအများ မည်မျှမဆို ကျန်းမာရေးကို ထိခိုက်စေသည်။ ထိတွေ့မှုပမာဏနှင့် ကြာချိန်တို့အပေါ် မူတည်၍ ရောဂါလက္ခဏာ ပြင်းထန်မှုများ ကွာခြားနိုင်သည်။
လေထုညစ်ညမ်းမှုနှင့် ကာလတို ထိတွေ့မိလျှင် ဖြစ်ပွါးနိုင်သော ရောဂါလက္ခဏာများမှာ_
- မျက်စိနီခြင်း၊ နာခြင်း
- နှာရည်ယိုခြင်း
- လည်ချောင်းယားခြင်း
- ချောင်းဆိုးခြင်း
- အသက်ရှူကျပ်ခြင်း
- ထိပ်ကပ်နာဖြစ်ခြင်း စသည်တို့ဖြစ်သည်။
လေထုညစ်ညမ်းမှုနှင့် ကာလကြာရှည်စွာ ထိတွေ့မိလျှင်_
- ပန်းနာရင်ကျပ်ရောဂါနှင့် နာတာရှည် လေပြွန်ကျဉ်းအဆုတ်ပွရောဂါ စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
- နှလုံးသွေးကြောကျဥ်းရောဂါ
- လေဖြတ်ရောဂါ
- ကိုယ်ခံအားစနစ်အားနည်းခြင်း
- အဆုတ်ကင်ဆာနှင့် အခြားကင်ဆာရောဂါများပါ ဖြစ်ပွါးနိုင်ခြေရှိပြီး အချိန်မတိုင်မီ သေဆုံးနိုင်ခြေ မြင့်မားသည်။
ကလေးများအပေါ် သက်ရောက်မှု
ကလေးများသည် လူကြီးများထက် ကိုယ်ခံအားနည်းကြသဖြင့် လေထုညစ်ညမ်းမှုနှင့် ထိတွေ့မှုများပါက အဆုတ်အအေးမိရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ပိုမိုပြင်းထန်နိုင်ခြေရှိသည့်အပြင် သင်ယူလေ့လာနိုင်စွမ်း၊ မှတ်ဉာဏ်နှင့် အထွေထွေဖွံ့ဖြိုးမှုများကို ထိခိုက်နိုင်သည်။
ကိုယ်ဝန်ဆောင်မိခင်များအပေါ် သက်ရောက်မှု
လေထုညစ်ညမ်းမှုနှင့် ထိတွေ့မှုများသော ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် သန္ဓေသားကိုလည်း ထိခိုက်နိုင်ခြေရှိပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ အချိန်မတိုင်မီ စောမွေးခြင်း၊ ပေါင်မပြည့် လမစေ့သော ကလေးများ မွေးဖွားခြင်း စသည့်ဆိုးကျိုးများ ခံစားရနိုင်သည်။
ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ သက်ရောက်မှု
အန္တရာယ်ရှိသော အလွန်သေးငယ်သည့် အမှုန်အမွှားတစ်မျိုးဖြစ်သော PM 2.5 သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် သွေးကြောထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီး ဦးနှောက်ဆီသို့ ရောက်ရှိကာ ရောင်ရမ်းမှုများ ဖြစ်စေနိုင်သည်။ ၎င်းသည် ရေရှည်တွင် မှတ်ဉာဏ်ချို့ယွင်းသည့် အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease) နှင့် ပါကင်ဆန်ရောဂါ (Parkinson’s disease) တို့ ဖြစ်ပွါးနိုင်ခြေကို မြင့်တက်စေကြောင်း နောက်ဆုံးပေါ် လေ့လာမှုများအရ တွေ့ရသည်။
မျိုးဗီဇဆိုင်ရာ သက်ရောက်မှု (Epigenetic changes)
လေထုညစ်ညမ်းမှုနှင့် ကြာရှည်စွာ ထိတွေ့ခြင်းသည် ဆဲလ်များအတွင်းရှိ DNA ဖွဲ့စည်းပုံကို ပြောင်းလဲစေကာ ကိုယ်ခံအားစနစ် မူမမှန်ခြင်းနှင့် နာတာရှည်ရောဂါများ ဖြစ်စေနိုင်သည်။
လေထုညစ်ညမ်းမှုကို တိုင်းတာခြင်း
နိုင်ငံတစ်နိုင်ငံ၊ မြို့တစ်မြို့၏ လေထုညစ်ညမ်းမှုကို သိရှိနိုင်ရန် တိုင်းတာသော စံနှုန်းတစ်ခုကို အမေရိကန်နိုင်ငံ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်း (Environmental Protection Agency-EPA) မှ သတ်မှတ်ထုတ်ပြန်ထားသည်။ လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index – AQI) ဟုခေါ်ပြီး အဆင့် (၆) ဆင့်ကို အရောင် (၆) မျိုးဖြင့် ခွဲခြားထားသည်။ AQI အတွက် အဓိကတိုင်းတာသော ဓာတ်ပစ္စည်း (၅) မျိုးရှိသည်။ ၎င်းတို့မှာ_
- ကမ္ဘာမြေပြင်နှင့် အနီးဆုံးရှိ အိုဇုန်းဓာတ်ငွေ့ ပမာဏ (Ground-level ozone or bad ozone)
- ကာဗွန်မိုနောက်ဆိုဒ်
- နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်
- ဆာလဖာဒိုင်အောက်ဆိုဒ်
- အခြားအန္တရာယ်ရှိသော အလွန်သေးငယ်သည့် အမှုန်အမွှားများ (Particulate matter – PM 10, PM 2.5) တို့ဖြစ်သည်။
AQI ကို ကိန်းဂဏန်းများဖြင့် ဖော်ပြသည်။ ညွှန်းကိန်း (၁၀၀) နှင့်အထက်သည် အန္တရာယ်စတင်ရှိသော ပမာဏဖြစ်ပြီး ပမာဏမြင့်လေ၊ အန္တရာယ်များလေဖြစ်သည်။
| AQI ၏ အရောင်သတ်မှတ်ချက် | အန္တရာယ်ရှိနိုင်သော အဆင့် | ညွှန်းကိန်းပမာဏ | လေထုအရည်အသွေးဖော်ပြချက် |
|---|---|---|---|
| အစိမ်းရောင် | အန္တရာယ် အနည်းဆုံး | ၀ – ၅၀ | လေထုအရည်အသွေးကောင်းမွန်၍ လေထုညစ်ညမ်းမှု အလွန်နည်းသည် |
| အဝါရောင် | အန္တရာယ် အတန်အသင့် | ၅၁ – ၁၀၀ | လေထုညစ်ညမ်းမှု အနည်းငယ်ရှိသည် |
| လိမ္မော်ရောင် | အချို့သူများ၏ ကျန်းမာရေးအတွက် မသင့်တော် | ၁၀၁ – ၁၅၀ | လေထုညစ်ညမ်းမှုဒဏ် ခံရနိုင်ခြေများသောအုပ်စု၏ ကျန်းမာရေး စတင်ထိခိုက်နိုင်သည် |
| အနီရောင် | လူတိုင်း၏ ကျန်းမာရေးအတွက် မသင့်တော် | ၁၅၁ – ၂၀၀ | လေထုညစ်ညမ်းမှုဒဏ် ခံရနိုင်ခြေများသောအုပ်စု၏ ကျန်းမာရေးအခြေအနေ ဆိုးဝါးနိုင်သည် ပုံမှန်လူထု၏ကျန်းမာရေး စတင်ထိခိုက်နိုင်သည် |
| ခရမ်းရောင် | လူတိုင်း၏ ကျန်းမာရေးအတွက် အလွန်မသင့်တော် | ၂၀၁ – ၃၀၀ | လူတိုင်း၏ကျန်းမာရေး ထိခိုက်နိုင်ခြေ မြင့်မားသည် |
| နီညိုရောင် | အလွန်ဆိုးဝါး၍ အန္တရာယ်အများဆုံးအဆင့် | ၃၀၁ နှင့်အထက် | ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေအဖြစ် သတိပေးရမည့်အဆင့်ဖြစ်ပြီး လူတိုင်း၏ကျန်းမာရေး ထိခိုက်နိုင်ခြေ အလွန်များသည် |
(၂၀၂၄) ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများအနက် လေထုညစ်ညမ်းမှု အများဆုံးနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်ဖြစ်ပြီး၊ ပါကစ္စတန်နှင့် အိန္ဒိယတို့က ဒုတိယနှင့် တတိယနေရာတွင် ရပ်တည်နေသည်။ အခြားလေထုညစ်ညမ်းမှု များသောနိုင်ငံများတွင် နီပေါ၊ လာအို၊ မွန်ဂိုလီယာ၊ တရုတ်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ ပါဝင်သည်။ နွေရာသီတွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလေ့ရှိသည်။
(၂၀၂၅) ခုနှစ် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ လေထုညစ်ညမ်းမှုညွှန်းကိန်းသည် နီညိုရောင်အဆင့်သို့ မြင့်တက်သွားသဖြင့် ကျောင်းများကို ယာယီပိတ်ခဲ့ရသည်။ မြန်မာနိုင်ငံတွင်လည်း (၂၀၂၅) ခုနှစ်၊ ဖေဖော်ဝါရီလတွင် လေထုညစ်ညမ်းမှုညွှန်းကိန်းသည် ခရမ်းရောင်အဆင့်သို့ မြင့်တက်ခဲ့သည်။
ထိုသို့ လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index – AQI) အပြင် လေထုအတွင်းရှိ အန္တရာယ်ရှိသော အမှုန်အမွှားတစ်မျိုးဖြစ်သည့် PM 2.5 ၏ ပမာဏကိုလည်း သတိပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ လမ်းညွှန်ထားသည်။ WHO သတ်မှတ်ချက်အရ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရသော လေထုအရည်အသွေး ဖြစ်စေရန် PM 2.5 ၏ တစ်နှစ်တာ ပျမ်းမျှပမာဏသည် 5μg/m3 ထက် မကျော်လွန်သင့်ဟု ပြောင်းလဲပြင်ဆင် သတ်မှတ်ထားသည်။
လေထုညစ်ညမ်းမှု တိုင်းတာအချက်ပေးသည့် နည်းပညာ တိုးတက်လာခြင်း
ယခုအခါ လေထုညစ်ညမ်းမှုကို သိရှိရန် အစိုးရအဆင့် တိုင်းတာမှုများအပြင် လူတစ်ဦးချင်းစီအလိုက် ဖုန်းများနှင့် ချိတ်ဆက်တိုင်းတာနိုင်သော တန်ဖိုးနည်း တိုင်းတာခြင်း (Low-cost sensors) များ ပိုမိုတွင်ကျယ်လာသဖြင့် အချိန်နှင့်တစ်ပြေးညီ သတိပြုနိုင်လာသည်။ မိမိပတ်ဝန်းကျင်ရှိ အိမ်၊ ကျောင်း၊ ရုံးခန်းစသည့် နေရာများ (indoor) အပြင် ပတ်ဝန်းကျင် (outdoor) ရှိ လေထုအရည်အသွေးကိုပါ အလွယ်တကူ တိုင်းတာသိရှိနိုင်သောစက်များအပြင် အန္တရာယ်ရှိသော အမှုန်အမွှားတစ်မျိုးဖြစ်သည့် PM 2.5 ကိုပါ သီးသန့်တိုင်းတာနိုင်သော အမျိုးအစားများလည်း ပေါ်ထွက်လျက်ရှိသည်။
လေထုညစ်ညမ်းမှုကို လျှော့ချရန်နှင့် ပြည်သူလူထုကျန်းမာရေးကို ကာကွယ်ရန် လုပ်ဆောင်သင့်သောအချက်များ
လေထုညစ်ညမ်းမှုကို လျှော့ချရန်နှင့် ပြည်သူလူထုကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် လူတိုင်းတွင် တာဝန်ရှိသည်။ လူတစ်ဦးချင်းမှ နိုင်ငံတော်အဆင့်အထိ လုပ်ဆောင်သင့်သော အချက်များမှာ_
- စက်မှုလုပ်ငန်းများ
- စက်ရုံများမှ ထွက်ရှိသော မီးခိုးများကို လျှော့ချရန် သန့်ရှင်းရေးနည်းပညာများ အသုံးပြုခြင်း
- မြို့ပြစီမံကိန်းနှင့် စိုက်ပျိုးရေးဆိုင်ရာ စွန့်ပစ်ပစ္စည်းများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲခြင်း
- စွန့်ပစ်ပစ္စည်းများ စုဆောင်းသည့်နေရာများမှ ထွက်လာသော မီသိန်းဓာတ်ငွေ့များကို ဇီဝဓာတ်ငွေ့အဖြစ် ပြန်လည်အသုံးပြုခြင်း
- စွမ်းအင်သုံးစွဲမှု
- အပူစွမ်းအင်နှင့် အလင်းရောင်ရရှိရေး၊ ချက်ပြုတ်ရာတွင် ဈေးနှုန်းသင့်တင့်ပြီး သန့်ရှင်းသော အိမ်တွင်းစွမ်းအင်ဖြေရှင်းနည်းများ (Clean Household Energy Solutions) အသုံးပြုခြင်း
- မီးသွေးမီးဖို၊ ထင်းမီးဖိုများအစား သန့်ရှင်းပြီး စွမ်းအင်ပြည့်ဝသော ဂတ်စ်မီးဖိုများ အစားထိုးသုံးစွဲခြင်း
- အပူစွမ်းအင်နှင့် အလင်းစွမ်းအင်အတွက် ရေနံဆီမီးအိမ်များအစား လျှပ်စစ်ဓာတ်၊ ဆိုလာ၊ ဇီဝဓာတ်ငွေ့များ အစားထိုးသုံးစွဲခြင်း
- လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး
- မြို့ပြသွားလာရေးအတွက် အများပြည်သူသုံး မော်တော်ယာဉ်များနှင့် ရထားများကို ပိုမိုအသုံးပြုခြင်း
- အများပြည်သူသုံး ယာဉ်လမ်းကြောင်းများ မြန်ဆန်တိကျစွာ လည်ပတ်နိုင်ရန် သက်ဆိုင်ရာမှ တာဝန်ယူဆောင်ရွက်ပေးခြင်း
- လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းကဲ့သို့သော စွမ်းအင်သုံးစွဲမှုလျှော့ချပေးသည့် လမ်းကြောင်းများကို ဦးစားပေးဖော်ဆောင်ခြင်း
- လျှပ်စစ်ကားများ၊ သန့်ရှင်းသော ဒီဇယ်ဆီသုံး ကားများနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းသည့် ယာဉ်များကို ပြောင်းလဲအသုံးပြုခြင်း
- ဆာလဖာပါဝင်မှုနည်းသော လောင်စာဆီများကို ပြောင်းလဲသုံးစွဲခြင်း
- မြို့ပြစီမံကိန်း
- မြို့များကို ပိုမိုကျစ်လစ်သိပ်သည်းစေပြီး စိမ်းလန်းစိုပြည်သော ပတ်ဝန်းကျင်ဖြစ်အောင် ဖော်ဆောင်ခြင်း
- အဆောက်အဦးများ၏ စွမ်းအင်သုံးစွဲမှုကို ထိရောက်စွာ ထိန်းညှိခြင်း
- စွမ်းအင်ထုတ်လုပ်မှု
- ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသည့် လောင်စာဆီများကို အသုံးပြုခြင်း
- နေရောင်ခြည်၊ လေနှင့် ရေအားလျှပ်စစ်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များကို ပိုမိုအသုံးပြုခြင်း
- အပူစွမ်းအင်နှင့် လျှပ်စစ်စွမ်းအင်ကို တစ်ပြိုင်နက် ထုတ်လုပ်ခြင်းနှင့် ဖြန့်ဝေသုံးစွဲခြင်း (ဥပမာ_နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ တပ်ဆင်၍ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ခြင်း)
- မြို့ပြသန့်ရှင်းရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု
- စွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်း၊ အမျိုးအစားခွဲခြားခြင်းနှင့် ပြန်လည်သန့်စင်၍ အသုံးပြုခြင်း (Recycling and Reuse)
- ဇီဝဓာတ်ငွေ့ထုတ်လုပ်ရန် အန္တရာယ်မရှိသော စွန့်ပစ်ပစ္စည်းများကို အောက်ဆီဂျင်မလိုဘဲ ဖျက်ဆီးဖယ်ရှားခြင်း
- စွန့်ပစ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးရန် မလွဲမသွေလိုအပ်ပါက ဓာတ်ငွေ့ထုတ်လွှတ်မှုကို တင်းကျပ်စွာ ထိန်းချုပ်ထားသော နည်းပညာများကို အသုံးပြုခြင်း
- ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
- လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးပညာပေးခြင်း
- ကျန်းမာရေးအန္တရာယ်များကို လျှော့ချပေးခြင်း
- ရောဂါကုသရာတွင် ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေစေပြီး ကုန်ကျစရိတ် သက်သာစေခြင်း
ဤအကြောင်းအရာများကို စနစ်တကျ အကောင်အထည်ဖော်ခြင်းဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်နိုင်မည်ဖြစ်သည်။
လူတစ်ဦးချင်းအနေဖြင့်လည်း လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်မှုကို ကာကွယ်နိုင်ရန် အောက်ပါအချက်များကို လိုက်နာသင့်သည်။
- လေထုညစ်ညမ်းမှုဆိုင်ရာ သတိပေးချက်များကို ဂရုပြုပါ
- လေထုအရည်အသွေးညွှန်းကိန်း (AQI) ကို စစ်ဆေးရန် ယုံကြည်စိတ်ချရသော အက်ပလီကေးရှင်းများ သို့မဟုတ် ဝက်ဘ်ဆိုက်များကို အသုံးပြုပါ
- လေထုညစ်ညမ်းမှု မြင့်မားသည့်အခါ အိမ်တွင်း၌ နေထိုင်ပါ
- သဘာဝဘေးအန္တရာယ်ကဲ့သို့ လေထုညစ်ညမ်းမှု သတိပေးချက်ရှိပါက ပြင်ပမထွက်ဘဲ အိမ်တွင်း၌ နေထိုင်ပါ၊ ပြတင်းပေါက်နှင့် တံခါးများကို ပိတ်ထားပြီး လေသန့်စင်စက်များ (Air Purifiers) အသုံးပြုကာ အိမ်တွင်းလေထုကို သန့်စင်ပါ
- ယခုနောက်ပိုင်းတွင် လေသန့်စင်စက်များ ဝယ်ယူရာ၌ PM 2.5 အမှုန်များကို (၉၉%) ကျော်အထိ ဖယ်ရှားပေးနိုင်သော HEPA (High-Efficiency Particulate Air) filter ပါဝင်မှုကို စစ်ဆေးဝယ်ယူရန် ပိုမိုအလေးထားလာကြသည်
- ထို့အပြင် နေအိမ်အတွင်းနှင့် ပတ်ဝန်းကျင်တွင် လေထုကို သန့်စင်ပေးနိုင်သော အပင်များ (ဥပမာ – Snake plant, Peace lily) စိုက်ပျိုးခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အချို့သော အော်ဂဲနစ်ဓာတ်ငွေ့များကို လျှော့ချပေးနိုင်သည်
- နှာခေါင်းစည်းတပ်ဆင်ပါ
- မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Surgical Facemask) တပ်ဆင်ပါ၊ သို့သော် လေထုညစ်ညမ်းမှု အလွန်မြင့်မားသောဒေသများတွင် သာမန်နှာခေါင်းစည်းများသည် ထိရောက်စွာ ကာကွယ်နိုင်ခြင်းမရှိသောကြောင့် ပါးစပ်နှင့်နှာခေါင်းကို လုံးဝလုံခြုံနေစေရန် အထူးပြုပြင်ထုတ်လုပ်ထားသည့် N95 Mask များကိုသာ တပ်ဆင်အသုံးပြုကြရန် အကြံပြုထားသည်
- ကားအသွားအလာများသော လမ်းများနှင့် မီးပွိုင့်များကို ရှောင်ကြဉ်ပါ
- ကားများမှ ထွက်သော မီးခိုးငွေ့များသည် လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေနိုင်သဖြင့် ထိုနေရာများကို ရှောင်ကြဉ်ပါ
- လေ့ကျင့်ခန်းလုပ်ချိန်တွင် သတိထားပါ
- လေထုညစ်ညမ်းမှု မြင့်မားသည့်အခါ ပြင်ပတွင် လေ့ကျင့်ခန်းမလုပ်ဘဲ အိမ်တွင်း၌သာ လေ့ကျင့်ခန်းလုပ်ပါ သို့မဟုတ် လေကောင်းလေသန့်ရသော ပန်းခြံများတွင် လေ့ကျင့်ခန်းလုပ်ပါ
- အိမ်တွင်း၌ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော ပစ္စည်းများကို အသုံးပြုပါ
- ချက်ပြုတ်သည့်အခါ လေစုပ်စက်များ အသုံးပြုပါ၊ သစ်သား၊ သစ်ရွက်၊ စက္ကူ စသည်တို့ကို မီးရှို့ခြင်းများ လျှော့ချပါ
- ဆေးလိပ်ငွေ့ကင်းစင်သော ပတ်ဝန်းကျင်များတွင် နေထိုင်ပါ
- ဆေးလိပ်ငွေ့သည် လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေနိုင်သဖြင့် ဆေးလိပ်ငွေ့ကင်းစင်သော နေရာများတွင် နေထိုင်ပါ
- လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာများကို သတိထားပါ
- အသက်ရှူကျပ်ခြင်း၊ မျက်စိယားယံခြင်း၊ နှာစေးခြင်းစသည့် လက္ခဏာများ ခံစားရပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသပါ
- သန့်ရှင်းသော လေထုရရှိစေရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပါ
- လေထုညစ်ညမ်းမှုကို လျှော့ချရန် မူဝါဒများနှင့် လှုပ်ရှားမှုများကို ထောက်ခံပါ၊ လေထုသန့်ရှင်းရေးအတွက် ပါဝင်ဆောင်ရွက်ပါ
ဤအချက်များကို လိုက်နာခြင်းဖြင့် လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ကာကွယ်နိုင်မည်ဖြစ်သည်။
References:
- AirNow. (n.d.). AQI basics. Retrieved February 4, 2026, from https://www.airnow.gov/aqi/aqi-basics/
- Atmotube. (n.d.). Low-cost air quality sensors. Retrieved February 4, 2026, from https://atmotube.com/blog/low-cost-air-quality-sensors
- Department of Health and Social Care. (2017). Air pollution: Applying All Our Health. Retrieved February 4, 2026, from https://www.gov.uk/government/publications/air-pollution-applying-all-our-health/air-pollution-applying-all-our-health
- IQAir. (n.d.). How can I choose an effective air pollution mask? Retrieved February 4, 2026, from https://www.iqair.com/newsroom/how-can-i-choose-an-effective-air-pollution-mask
- IQAir. (2024). World air quality report. Retrieved February 4, 2026, from https://www.iqair.com/world-air-quality-report
- Parra, K. L., Alexander, G. E., Raichlen, D. A., Klimentidis, Y. C., & Furlong, M. A. (2022). Exposure to air pollution and risk of incident dementia in the UK Biobank. Environmental Research, 209, 112895. https://doi.org/10.1016/j.envres.2022.112895
- Schraufnagel, D. E., Balmes, J. R., Cowl, C. T., De Matteis, S., Jung, S. H., Mortimer, K., Perez-Padilla, R., Rice, M. B., Riojas-Rodriguez, H., Sood, A., Thurston, G. D., To, T., Vanker, A., & Wuebbles, D. J. (2019). Air pollution and noncommunicable diseases: A review by the Forum of International Respiratory Societies’ Environmental Committee, part 2: Air pollution and organ systems. Chest, 155(2), 417–426. https://doi.org/10.1016/j.chest.2018.10.041
- State of Global Air. (2024). State of global air report 2024 (Archived report). Retrieved February 4, 2026, from https://www.stateofglobalair.org/resources/archived/state-global-air-report-2024
- WebMD. (n.d.). Outdoor air quality and air pollution. Retrieved February 4, 2026, from https://www.webmd.com/lung/outdoor-air-quality-and-air-pollution
- World Health Organization. (n.d.). Ambient (outdoor) air pollution. Retrieved February 4, 2026, from https://www.who.int/news-room/fact-sheets/detail/ambient-%28outdoor%29-air-quality-and-health
- World Health Organization. (n.d.). Health impacts of air pollution. Retrieved February 4, 2026, from https://www.who.int/teams/environment-climate-change-and-health/air-quality-energy-and-health/health-impacts
- World Health Organization. (2021). WHO global air quality guidelines: Particulate matter (PM2.5 and PM10), ozone, nitrogen dioxide, sulfur dioxide and carbon monoxide. https://www.who.int/publications/i/item/9789240034228
- World Health Organization, Regional Office for South-East Asia. (n.d.). Advisory for air pollution [PDF]. Retrieved February 4, 2026, from https://cdn.who.int/media/docs/default-source/searo/india/news-pdf/advisory-for-air-pollution.pdf
- World Population Review. (n.d.). World most polluted countries. Retrieved February 4, 2026, from https://www.aqi.in/in/world-most-polluted-countries
Published: 18 February 2025
Last updated: 11 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.