Adolescent and Social Media (ဆယ်ကျော်သက်နှင့်ဆိုရှယ်မီဒီယာ)

Adolescent and Social Media (ဆယ်ကျော်သက်နှင့်ဆိုရှယ်မီဒီယာ)

ဆိုရှယ်မီဒီယာ (Social Media) ဆိုသည်မှာ မိမိသိရှိဖန်တီးထားသော အကြောင်းအရာ၊ စိတ်ကူးစိတ်သန်းနှင့် အကြံဉာဏ်များကို အခြားသုံးစွဲသူများနှင့် မျှဝေခြင်း၊ ဖလှယ်ခြင်း၊ ထင်မြင်ချက်ပေးခြင်းများ ပြုလုပ်နိုင်သော အင်တာနက်စာမျက်နှာများ (Internet website) နှင့် အက်ပ်ပလီကေးရှင်း (Application) များဖြစ်သည်။ ဥပမာအနေဖြင့် မြန်မာနိုင်ငံတွင် လူသုံးများသော အက်ပ်ပလီကေးရှင်း (Application) များဖြစ်သည့် Facebook, Instagram, TikTok , YouTube, X (formerly Twitter), Snapchat, Telegram, LinkedIn, Viber, WhatsApp စသည်တို့ပါဝင်သည်။

ရုပ်ပုံများနှင့် ဗွီဒီယိုများ တင်ခြင်း၊ စာဖြင့်ရေးသားခြင်း၊ အခြားသူများ မျှဝေခံစားထားသော အကြောင်းအရာများကို ကြည့်ရှုတုံ့ပြန်ရေးသားခြင်း၊ ပြန်လည်မျှဝေခြင်းစသည်တို့ ပြုလုပ်နိုင်သည်။ ဆိုရှယ်မီဒီယာ (Social Media) အသုံးပြုခြင်းသည် ကောင်းကျိုးအနေဖြင့် သုံးစွဲသူအချင်းချင်း ပိုမိုရင်းနှီးစေသည့်အပြင် မိတ်ဆွေအပေါင်းအသင်းများလည်း ရရှိစေပြီး ဗဟုသုတ တိုးပွါးစေသည်။ သို့သော် စည်းကမ်းစနစ်တကျ မသုံးစွဲပါက မလိုလားအပ်သော ဆိုးကျိုးများလည်း ရရှိနိုင်သည်။

အထက်ဖော်ပြပါ Facebook, Instagram, TikTok ကဲ့သို့ ဆိုရှယ်မီဒီယာများသည် ဆယ်ကျော်သက်များ၏ နေ့စဉ်ဘဝတွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းများ ဖြစ်လာသည်။ ဆယ်ကျော်သက်များသည် လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်တွင် ဟော်မုန်းအပြောင်းအလဲကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများသာမက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများလည်း ရှိလာသည်။ အသက်အရွယ်အလိုက် ရှိသင့်သော ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းများရှိလာကြသည်။ တစ်ချိန်တည်းတွင် မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ စိတ်အားထက်သန်မှုကို ထိန်းချုပ်နိုင်ခြင်းစသော စွမ်းရည်များမှာ ဖွံ့ဖြိုးဆဲဖြစ်၍ စွန့်စားရသည့်အပြုအမူများကို ပိုမိုလုပ်ဆောင်နိုင်ခြေများသည်။ ထို့အပြင် စိတ်အတက်အကျများခြင်း၊ သက်တူရွယ်တူများ၏ ဩဇာလွှမ်းမိုးမှုအပေါ် လွယ်ကူစွာလက်ခံခြင်း၊ အားကျခြင်းစသည်တို့ ဖြစ်ပေါ်သည့်ကာလဖြစ်သည်။ အဆိုပါ ဆယ်ကျော်သက်သဘာဝများကြောင့် ဆိုရှယ်မီဒီယာသည် အသုံးပြုသူ ဆယ်ကျော်သက်များအပေါ် ကောင်းကျိုးများရှိနိုင်သကဲ့သို့ ဆိုးကျိုးများကိုလည်း ဖန်တီးဖြစ်ပွါးစေနိုင်သည်။

ဆိုရှယ်မီဒီယာများမှ ခံစားလေ့လာဖန်တီးနိုင်သည့် အကြောင်းအရာများ
  1. လူမှုကွန်ယက်
    ဆိုရှယ်မီဒီယာသုံးစွဲသူ သက်တူရွယ်တူလူငယ်များကြား ဆက်သွယ်ခြင်း၊ ကွန်ယက်ချိတ်ဆက်ခြင်း၊ အွန်လိုင်းလူမှုအသိုင်းအဝန်းများ ဖန်တီးခြင်း၊ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ မျှဝေခြင်းဖြင့် သုံးစွဲသူအချင်းချင်း ခင်မင်ရင်းနှီးမှုဖြစ်စေသည်။
  2. ဖျော်ဖြေရေး
    ဗီဒီယိုများ ကြည့်ရှုခြင်း၊ သီချင်းများ နားထောင်ခြင်း၊ စာအုပ် ဂျာနယ် မဂ္ဂဇင်းစသည်တို့ ဖတ်ရှုနိုင်ခြင်းတို့ဖြင့် အွန်လိုင်းရေစီးကြောင်း၏ ဖျော်ဖြေမှုမျိုးစုံကို ခံစားနိုင်သည်။
  3. ပညာရေး
    ကျွမ်းကျင်မှုဆိုင်ရာ ပညာအသစ်များ သင်ယူခြင်း၊ အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုများကို ရှာဖွေခြင်း၊ YouTube နှင့် LinkedIn ကဲ့သို့သော ပလက်ဖောင်းများမှ တန်ဖိုးမဖြတ်နိုင်သော၊ အမျိုးမျိုးသော သတင်းအချက်အလက်များ ရရှိနိုင်ခြင်းတို့ဖြစ်သည်။
  4. သတင်းနှင့်အသိအမြင်
    ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသော အဖြစ်အပျက်များ၊ ကိစ္စများကို အချိန်နှင့်တစ်ပြေးညီ သိရှိရ၍ ကမ္ဘာလုံးဆိုင်ရာ လူမှုရေးနှင့် နိုင်ငံရေးအတွေးအခေါ်နှင့် အသိအမြင်များ ရရှိနိုင်သည်။
  5. ဂိမ်းကစားခြင်း
    ဂိမ်းများကစားခြင်း၊ စိတ်ကူးယဉ်ကမ္ဘာ (Virtual community) တွင် ပါဝင်ခြင်းတို့ဖြင့် စဉ်းစားဉာဏ်နှင့် ဖြတ်ထိုးဉာဏ်ကို တိုးတက်စေခြင်း၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ရရှိစေခြင်း စသည့်ကောင်းကျိုးများ ရရှိနိုင်သည့်အပြင် တစ်ဖက်မှလည်း အမြဲတစေ အွန်လိုင်းဂိမ်းများကို စွဲလမ်းစေသော ဆိုးကျိုးရရှိနိုင်သည်၊၊

ဆယ်ကျော်သက်များ ဆိုရှယ်မီဒီယာ အသုံးပြုမှု ကျယ်ပြန့်လာသည်နှင့်အတူ ကောင်းကျိုးအပြင် ဆိုးကျိုးများလည်း တွဲလျက်ပါလာသည်ကို သတိပြုသင့်သည်။ အသုံးပြုပုံပေါ် မူတည်၍ရလာသော အကျိုးဆက်များသည် တစ်ယောက်နှင့်တစ်ယောက် ကွဲပြားနိုင်သည်။ ကောင်းကျိုး၊ ဆိုးကျိုးများသည် အောက်ပါအခြေအနေများပေါ် မူတည်သည်။

  • ကြည့်ရှုမျှဝေသော လူမှုကွန်ယက်အမျိုးအစား
  • ကြည့်ရှုချိန်
  • တစ်ဦးချင်းစီ၏ အသိဉာဏ်နှင့်ရင့်ကျက်မှု
  • နဂိုရှိရင်းစွဲ စိတ်ပိုင်းဆိုင်ရာ အခြေအနေ
  • မိဘ၏ သွန်သင်ညွှန်ကြားကြီးကြပ်နိုင်မှု
  • လူမှုဘဝနှင့် စီးပွားရေးအခြေအနေ စသည်တို့ဖြစ်သည်။
ဆယ်ကျော်သက်များ ဆိုရှယ်မီဒီယာသုံးခြင်း၏ ကောင်းကျိုးများ
  1. လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်ခြင်း
    မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များနှင့် အချင်းချင်း ဆက်သွယ်မှု၊ ဆက်ဆံရေး လွယ်ကူချောမွေ့စေပြီး အထူးသဖြင့် လူမှုဆက်ဆံရေး အခွင့်အလမ်း နည်းပါးသူများအတွက် အထီးကျန်ခံစားချက်များကို လျှော့ချပေးသည်။
  2. သတင်းအချက်အလက် ဗဟုသုတများ ရယူနိုင်ခြင်း
    ပညာရေးဆိုင်ရာ အရင်းအမြစ်များနှင့် အချက်အလက်များ ရရှိစေသည်။ ကွဲပြားသောရှုထောင့်၊ အတွေးအမြင်များဖြင့် စာသင်ခန်းပြင်ပ သင်ယူမှုကို မြှင့်တင်ပေးသည်။ မတူညီသော ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများကို ပိုမိုလေ့လာနိုင်ပြီး စာနာမှု၊ နားလည်မှုများ ပို၍ပေးလာနိုင်သည်။
  3. တီထွင်ဖန်တီးနိုင်မှု
    အမျိုးမျိုးသော မီဒီယာပလက်ဖောင်းများမှတစ်ဆင့် အနုပညာနှင့် အခြားသော တီထွင်ဖန်တီးမှုများကို လုပ်ဆောင်နိုင်ရန် အားပေးနိုင်သည်။ အထပ်ထပ်လေ့ကျင့်နိုင်သည်။ ဆယ်ကျော်သက်များ၏ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ပြီး သူတို့၏ လုပ်ကိုင်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းကို ထုတ်ဖော်ပြသနိုင်သည်။
  4. ကွန်ယက်များမှ အထောက်အကူရခြင်း
    အတွေ့အကြုံတူ၊ ဝါသနာတူ၊ စိတ်ဝင်စားမှုတူသည့် ဆိုရှယ်မီဒီယာသုံးစွဲသူ အချင်းချင်း အပြန်အလှန် ပံ့ပိုးကူညီမှုများပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ အထောက်အကူများ ပိုမိုရရှိပြီး အခက်အခဲများ ပိုမိုကျော်လွှားနိုင်သည်။
  5. အချက်အလက်နည်းပညာ (Information technology) စွမ်းရည် ပိုမိုတိုးတက်လာခြင်း
    အင်တာနက်စာမျက်နှာနှင့် နည်းပညာအချက်အလက်များကို အမြဲတစေ သုံးစွဲနေရသောကြောင့် နည်းပညာကျွမ်းကျင်မှုများ ပိုမိုတိုးတက်လာပြီး အနာဂတ်ပညာရေးနှင့် အလုပ်အကိုင်ရှာဖွေရေးများကို အထောက်အကူပြုသည်။
ဆယ်ကျော်သက်များ ဆိုရှယ်မီဒီယာသုံးခြင်း၏ ဆိုးကျိုးများ
  1. အွန်လိုင်းပေါ်မှတစ်ဆင့် ခြိမ်းခြောက်အနိုင်ကျင့်ခြင်း (Cyberbullying)
    ဆိုရှယ်မီဒီယာ စာမျက်နှာများမှတစ်ဆင့် မသမာသူများမှ တစ်စုံတစ်ယောက်၏ မှားယွင်းသော အချက်အလက်များ၊ လျှို့ဝှက်သင့်သော ကိုယ်ရေးကိုယ်တာကိစ္စများကို သတင်းအချက်အလက်များဖြင့် လည်းကောင်း၊ ဓာတ်ပုံဗီဒီယိုများဖြင့်လည်းကောင်း ဖြန့်ဖြူးလိုက်နိုင်သည်။ ထိုသတင်းအချက်အလက်များသည် အချိန်တိုအတွင်း ဆိုရှယ်မီဒီယာတစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားနိုင်ပြီး ၎င်း၏နောက်ဆက်တွဲအနေဖြင့် သက်ဆိုင်သူနှင့် မိဘဆွေမျိုးများ၏ ပုံရိပ်ကို ထိခိုက်ခြင်း၊ စိုးရိမ်ထိတ်လန့်စိတ်များ ခံစားရခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုပါ ကျဆင်းလာခြင်း၊ စိတ်ဓာတ်ကျခြင်းအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အထွေထွေကျန်းမာရေးကို ထိခိုက်လာနိုင်သည်။
  2. မိမိလုံခြုံရေးအန္တရာယ်ရှိလာခြင်း
    ဆိုရှယ်မီဒီယာပေါ်တွင် ကိုယ်ရေးကိုယ်တာအချက်အလက် (Personal Information) များကို မျှဝေခြင်းကြောင့် မိမိ၏ကိုယ်ရေးအချက်အလက်များ (ဥပမာ_မွေးသက္ကရာဇ်၊ လိပ်စာ၊ မိသားစုဝင်များစသည်)၊ အီးမေးနှင့် ဘဏ်အကောင့်များ၏ လျှို့ဝှက်နံပါတ်များ (Email Password, Mobile Banking Password) အပါအဝင် အခြားအချက်အလက်များကို ချိုးဖောက်ဝင်ရောက်ခံရပြီး မိမိ၏လုံခြုံရေးနှင့် ပိုင်ဆိုင်မှုများ အန္တရာယ်ရှိလာနိုင်သည်။
  3. ပညာသင်ကြားရေးနှင့် လုပ်ငန်းခွင်ကို ထိခိုက်လာခြင်း
    ဆိုရှယ်မီဒီယာကို လိုသည်ထက်ပို၍ နေ့ရောညပါ သုံးလာခြင်း၊ အိပ်ရေးပျက်ခြင်းများကြောင့် စာသင်ကြားမှုအပိုင်းတွင် အာရုံစူးစိုက်မှု သိသိသာသာ လျော့နည်းလာနိုင်သည်။ နေ့စဉ်လုပ်ဆောင်ရသည့် လုပ်ငန်းတာဝန်များတွင်လည်း နှောင့်နှေးခြင်း၊ ပျက်ကွက်ခြင်းများ ဖြစ်လာနိုင်သည်။
  4. ဆိုရှယ်မီဒီယာစွဲလမ်းခြင်း
    ဆိုရှယ်မီဒီယာ အလွန်အကျွံ စွဲလမ်းခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာခြင်း၊ အရိုးအကြောများ နာခြင်းနှင့် မျက်စိကျန်းမာရေး ထိခိုက်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာစေပြီး ပြင်ပမှလက်တွေ့ဘဝနှင့် ပိုမိုကင်းကွာလာနိုင်သည်။ ထို့အပြင် ဆိုရှယ်မီဒီယာပေါ်တွင် တွေ့ရသော အောင်မြင်နေသူများ၏ဘဝနှင့် မိမိဘဝကို နှိုင်းယှဉ်၍ သိမ်ငယ်စိတ်များ ဝင်လာနိုင်သည့်အပြင် မိမိကိုယ်ကို ယုံကြည်မှုနှင့် တန်ဖိုးထားမှုများ ကျဆင်းလာနိုင်သည်။
  5. အဆိပ်အတောက်ဖြစ်စေသော အကြောင်းအရာများ လွှမ်းမိုးလာခြင်း
    အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးနှင့် သတင်းအတုအယောင်၊ သတင်းမှားများကဲ့သို့ အန္တရာယ်ရှိသော အကြောင်းအရာများအပြင် လိင်ပိုင်းဆိုင်ရာ အကြောင်းအရာများကို အလွယ်တကူ ရှာဖွေသိရှိ ခံစားနိုင်သောကြောင့် မကောင်းသော အမူအကျင့်များ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ၊ ရာဇဝတ်မှုများ များပြားလာနိုင်သည်။
  6. ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုများ
    ဆယ်ကျော်သက်အရွယ်သည် ဦးနှောက်မှ ဆုလာဘ်ကို တုံ့ပြန်သောအပိုင်း (Reward processing) အလွန်အမင်း တက်ကြွနေချိန်ဖြစ်သောကြောင့် ဆိုရှယ်မီဒီယာပေါ်မှ Like နှင့် Comment များအပေါ် စွဲလမ်းမှုမှာ အရွယ်ရောက်ပြီးသူများထက် ပိုမိုပြင်းထန်နိုင်ကြောင်း တွေ့ရှိရသည်။ ၎င်းသည် ရေရှည်တွင် အာရုံစူးစိုက်မှု အားနည်းခြင်းနှင့် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခြင်းတို့ ဖြစ်စေနိုင်သည်။
  7. ဆိုရှယ်မီဒီယာများ၏ ဆွဲဆောင်ရာသို့ လိုက်ပါခြင်း
    ဆိုရှယ်မီဒီယာများသည် အသုံးပြုသူ စိတ်ဝင်စားသော အကြောင်းအရာများကိုသာ ထပ်ခါတလဲလဲ ပြသလေ့ရှိသဖြင့် ဆယ်ကျော်သက်များအနေဖြင့် မိမိတို့၏ အမြင်နှင့် မတူညီသော ဗဟုသုတများကို လက်ခံနိုင်စွမ်း လျော့နည်းသွားခြင်းနှင့် အစွန်းရောက်သော အယူအဆများအတွင်းသို့ သက်ဆင်းသွားနိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
  8. အမြင်အာရုံနှင့် ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်အပေါ် လွဲမှားသော အမြင်များ (Body Dysmorphia)
    ပြုပြင်ဖန်တီးထားသော ရုပ်ပုံများကို အမြဲတစေ မြင်တွေ့နေရခြင်းကြောင့် ဆယ်ကျော်သက်များတွင် မိမိကိုယ်မိမိ မလှပဟု ထင်မြင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ပိုမိုတိုးပွါးလာသည်။
ဆယ်ကျော်သက်များ၏ ဆိုရှယ်မီဒီယာသုံးစွဲမှုနှင့် ပတ်သက်၍ မိဘများအတွက် အကြံပြုချက်များ
  1. မိမိသားသမီးနှင့် ပွင့်လင်းစွာပြောဆိုဆက်သွယ်ပါ
    • ဆိုရှယ်မီဒီယာအကြောင်း အကောင်းအဆိုး မဆုံးဖြတ်ဘဲ ရိုးသားစွာ အရှိအတိုင်း ပြောဆိုဆွေးနွေးပါ
    • ၎င်းတို့၏ အွန်လိုင်းအတွေ့အကြုံများကို အကောင်း၊ အဆိုးနှစ်မျိုးလုံး မျှဝေရန် အားပေးပါ
    • စိုးရိမ်ပူပန်မှုများ၊ ပြဿနာများကို ကြောက်လန့်ခြင်းမရှိဘဲ ပြောဆိုဆွေးနွေးရန် အားပေးပါ
    • ဆိုရှယ်မီဒီယာသုံးစွဲခြင်းနှင့် ပတ်သက်၍ အချိန်ပေးနားထောင်ပါ၊ မေးမြန်းပါ၊ အပြုသဘော အကြံပေးဆွေးနွေးပါ
    • သားသမီးအား စောင့်ကြည့်ခံနေရသည့် ခံစားမှုမျိုး မဖြစ်စေဘဲ ယုံကြည်ကြောင်း ပြသပါ
  2. ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့် ထူထောင်ပေးပါ
    • Screen time ကို တိတိကျကျ သတ်မှတ်ပါ၊ ဆယ်ကျော်သက်တစ်ဦးအတွက် ပညာသင်ကြားလေ့လာသော Screen time မှလွဲ၍ ဆိုရှယ်မီဒီယာ အသုံးပြုချိန်သည် တစ်ရက်လျှင် နှစ်နာရီထက် မပိုသင့်ပါ
    • အစာစားချိန်၊ အိပ်ရာမဝင်မီအချိန်များတွင် ဆိုရှယ်မီဒီယာများ အသုံးမပြုသင့်ပါ
    • ဆိုရှယ်မီဒီယာအစားထိုးအနေဖြင့် အခြားဝါသနာများ လုပ်ဆောင်ခြင်း၊ အားကစားနှင့် ကိုယ်လက်လှုပ်ရှားမှုများ၊ အသင်းအဖွဲ့များတွင် ပါဝင်ခြင်းကို အားပေးပါ၊ ပြင်ပလောကနှင့် ပိုမိုထိတွေ့ပါစေ
  3. ဝင်ရောက်စွက်ဖက်သည့်သဘော မသက်ရောက်စေဘဲ ဆိုရှယ်မီဒီယာအသုံးပြုမှုကို စောင့်ကြည့်ပါ
    • ဆိုရှယ်မီဒီယာများတွင် မိမိသားသမီးများနှင့် မသင့်တော်သော အကြောင်းအရာ၊ ပုံ၊ ဗွီဒီယို စသည်များကို ကြိုတင်ထိန်းချုပ်ထားပါ
    • အသုံးပြုခဲ့သော အင်တာနက်စာမျက်နှာများ၊ အကြောင်းအရာများကို ရနိုင်သ၍ ပြန်လည်စစ်ဆေးပါ
    • Privacy Settings များကို ပုံမှန်စစ်ဆေးခြင်း – ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးဆိုင်ရာမူဝါဒများသည် အမြဲတမ်း ပြောင်းလဲနေတတ်သဖြင့် မိဘများအနေဖြင့် သားသမီးများ၏ အကောင့်များကို “Public” မဟုတ်ဘဲ “Private” အဖြစ် ထားရှိရန်နှင့် တည်နေရာပြစနစ် (Location tracking) များကို ပိတ်ထားရန် ပုံမှန်စစ်ဆေးပေးရမည်
  4. အွန်လိုင်းဘေးကင်းရေးအကြောင်း ပညာပေးပါ
    • သုံးသင့်သော ဝက်ဆိုဒ်များ၊ အက်ပ်ပလီကေးရှင်းများ (Websites and applications) နှင့် သင့်တော်သော အကြောင်းအရာများကို ရှင်းပြပညာပေးပါ
    • ယုံကြည်ရသော သတင်း၊ မီဒီယာများနှင့် တိုက်ဆိုင်စစ်ဆေးသင့်ကြောင်း ရှင်းပြပါ
    • ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အွန်လိုင်းတွင် မမျှဝေမိစေရန် ပညာပေးပါ
    • Facebook စသည်တို့တွင် မျှဝေရန် သင့်လျော်သည့်အရာ၊ မသင့်လျော်သည့်အရာများကို လမ်းညွှန်ပေးပါ
    • အွန်လိုင်းပေါ်မှတစ်ဆင့် ခြိမ်းခြောက်အနိုင်ကျင့်ခြင်း (Cyberbullying) နှင့် လိမ်လည်လှည့်ဖြားမှုများကို သတိထားမိစေရန် ရှင်းပြပါ
    • ဆိုရှယ်မီဒီယာပေါ်တွင် ပြုလုပ်သမျှလုပ်ဆောင်ချက်များ (ဥပမာ – Facebook , TikTok တွင် ရှာဖွေထားသောအကြောင်းအရာများ၊ ဝင်ကြည့်ထားသော website များ၊ မျှဝေထားသော အကြောင်းအရာများ၊ Online Shop များတွင်ဝယ်ယူထားသော ငွေပေးချေမှုမှတ်တမ်းများစသည်တို့) သည် အွန်လိုင်းတွင် ခြေရာ (Foot Print) ကျန်ခဲ့နိုင်ကြောင်း ရှင်းပြပါ
  5. မိဘကိုယ်တိုင် စံပြဖြစ်ပါစေ
    • မိဘများသည် မိမိကိုယ်တိုင်၏ ဆိုရှယ်မီဒီယာများ အသုံးပြုမှုကိုလည်း ကန့်သတ်ပါ
    • ထမင်းဝိုင်းတွင် အတူစား၍ စကားပြောခြင်း၊ မိသားစုအပန်းဖြေခရီးများ ထွက်ခြင်း စသည်တို့ဖြင့် မိသားစုဆက်ဆံရေး၏ အရေးပါမှုကို ပြသပေးပါ
  6. လိုအပ်ချိန်တွင် အကူအညီတောင်းခံပါ
    • အွန်လိုင်းသုံးစဉ် ဆိုးဝါးသော အတွေ့အကြုံများ၊ ပြဿနာများ (ခြိမ်းခြောက်အနိုင်ကျင့်ခံရခြင်း၊ လိမ်လည်လှည့်ဖြားခံရခြင်း၊ စော်ကားခံရခြင်းများ) ရှိလာလျှင် ကလေးသည် မိမိ၏ မိဘများ၊ ဆရာများနှင့် နှစ်သိမ့်ဆွေးနွေးသူများထံ အသိပေးပြီး အကူအညီတောင်းခံလာစေရန် အားပေးရှင်းပြထားပါ
    • ဆိုရှယ်မီဒီယာကြောင့် မိမိသားသမီး၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်လာသည်ဟုယူဆပါက သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များထံမှ အကူအညီရယူပါ
  7. AI အခြေခံသော ကြီးကြပ်မှုကိရိယာများ (AI-based Parental Controls)
    ယခုအခါတွင် မိဘများအနေဖြင့် သားသမီးများ၏ ဆိုရှယ်မီဒီယာပေါ်မှ အန္တရာယ်ရှိသော စကားပြောဆိုမှုများ သို့မဟုတ် Cyberbullying ခံရနိုင်ခြေများကို AI စနစ်ဖြင့် ကြိုတင်အကြောင်းကြားပေးသော Application များကို အသုံးပြု၍ ပိုမိုထိရောက်စွာ စောင့်ကြည့်နိုင်လာသည်။

References:

  1. American Academy of Child & Adolescent Psychiatry. (n.d.). Social media and teens (Facts for Families No. 100). Retrieved February 12, 2026, from https://www.aacap.org/AACAP/Families_and_Youth/Facts_for_Families/FFF-Guide/Social-Media-and-Teens-100.aspx
  2. American Psychological Association. (2023). Health advisory on social media use in adolescence. https://www.apa.org/topics/social-media-internet/health-advisory-adolescent-social-media-use
  3. American Psychological Association. (2023). Protecting teens on social media. Monitor on Psychology. Retrieved February 12, 2026, from https://www.apa.org/monitor/2023/09/protecting-teens-on-social-media
  4. Crone, E. A., & Konijn, E. A. (2018). Media use and brain development during adolescence. Nature Communications, 9(1), 588. https://doi.org/10.1038/s41467-018-03126-x
  5. Mayo Foundation for Medical Education and Research. (2024). Tweens, teens and social media: Helping your child navigate safely. https://www.mayoclinic.org/healthy-lifestyle/tween-and-teen-health/in-depth/teens-and-social-media-use/art-20474437
  6. Nesi, J. (2020). The impact of social media on youth mental health: Challenges and opportunities. North Carolina Medical Journal, 81(2), 116–121. https://ncmedicaljournal.com/article/55247-the-impact-of-social-media-on-youth-mental-health-challenges-and-opportunities
  7. U.S. Department of Health and Human Services, Office of the Surgeon General. (2023). Social media and youth mental health: The U.S. Surgeon General’s advisory. https://www.hhs.gov/sites/default/files/sg-youth-mental-health-social-media-advisory.pdf

Published: 11 February 2025

Last updated: 11 March 2026

Share

26 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.