Prevention of Mother to Child HIV Transmission (မိခင်မှကလေး သို့ HIV ပိုးမကူးစက်အောင်ကာကွယ်ခြင်း)

Prevention of Mother to Child HIV Transmission (မိခင်မှကလေး သို့ HIV ပိုးမကူးစက်အောင်ကာကွယ်ခြင်း)

အိတ်ချ်အိုင်ဗွီ (HIV) ဗိုင်းရပ်စ်ပိုးသည် ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးစက်နိုင်သည်။ ထို့ကြောင့် ရောဂါပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်သည် တိကျမှန်ကန်သော စစ်ဆေးမှုများ၊ ကုသမှုများ ပြုလုပ်ရန်အ‌ရေးကြီးပြီး အိတ်ချ်အိုင်ဗွီ (HIV) ဗိုင်းရပ်စ်ပိုးထိန်းဆေး (Antiretroviral Therapy – ART) များ သောက်ရန်လိုသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်သည် ART ဆေးကိုမသောက်ပါက ကလေးထံသို့ အိတ်ချ်အိုင်ဗွီပိုး ကူးစက်မှုနှုန်းသည် (၁၅%) မှ (၄၀%) ထိရှိနိုင်သည်။ သို့သော် မိခင်သည် ART ဆေးကို ပုံမှန် စနစ်တကျသောက်သည့်အပြင် ပိုးကောင်ရေပမာဏကို စက်ဖြင့်တိုင်းတာ၍ မရနိုင်တော့သည့် ပမာဏ (တစ်နည်းဆိုသော် ပိုးကောင်ရေ မရှိသလောက် နည်းပါးသောအဆင့်) (Undetectable Viral load) အထိ လျှော့ချထားနိုင်ပါက မိခင်မှ သန္ဓေသားသို့ အိတ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်မှုကို (၂%) အောက်သို့ ကျဆင်းစေသည်။ ထို့အပြင် ကူးစက်မှု ပိုမိုကျဆင်းနိုင်စေရန် မွေးလာသော ကလေးအား ART ဆေးများကို မွေးကင်းစအထူးကုဆရာဝန်များ၏ လမ်းညွှန်ချက်များအတိုင်း ဆက်လက်တိုက်ပေးရသည်။

ဤသို့ကာကွယ်ခြင်းကို PMTCT (Prevention of Mother to Child HIV Transmission) ဟုခေါ်ပြီး အလွန်အရေးကြီးသော အခြေအနေဖြစ်သည်။ အကြောင်းရင်းမှာ မွေးစမှပင် HIV ပိုး ကူးစက်ခံရသော ကလေးများတွင် သွေးစစ်ဆေးမှုနှင့် ဆေးကုသမှုများ မရရှိပါက ထိုကလေးများ၏ (၅၀%) သည် အသက် (၂) နှစ်မတိုင်မီ အသက်သေဆုံးနိုင်ခြေရှိပြီး၊ (၈၀%) ကျော်သည် အသက် (၅) နှစ်ကျော်သည်အထိ အသက်မရှင်နိုင်သည်ကို တွေ့ရှိရသည်။

မိခင်မှကလေးသို့ ရောဂါကူးစက်ပုံ
  1. ကိုယ်ဝန်ဆောင်စဉ်
    • မိခင်၏အချင်းကိုဖြတ်၍ မိခင်သွေးမှတစ်ဆင့် သန္ဓေသားကို ကူးစက်သည်
  2. မီးဖွားစဉ်
    • ကလေးမီးဖွားစဉ် မိခင်၏ မွေးလမ်းကြောင်းအတွင်းမှ ထွက်သော အရည် သို့မဟုတ် သွေးမှတစ်ဆင့် ကူးစက်သည်
  3. မိခင်နို့တိုက်စဉ်
    • ကလေးသည် မိခင်နို့မှတစ်ဆင့် သို့မဟုတ် မိခင်နို့တိုက်စဉ်အတွင်း နို့သီးခေါင်းကွဲရာမှထွက်သော သွေးမှတစ်ဆင့် ကူးစက်သည်
ကူးစက်မှု များနိုင်သောအခြေအနေများ
  • အိတ်ချ်အိုင်ဗွီ ဗိုင်းရပ်စ် ပိုးကောင်ရေပမာဏ (Viral Load) မြင့်မားနေခြင်းနှင့် သွေးဖြူဥအရေအတွက် (CD4) နည်းပါးခြင်း
  • မီးမဖွားခင် (၄) နာရီနှင့်အထက် စော၍ရေမြွှာပေါက်ခြင်း
  • အိတ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုးကောင်ရေပမာဏ မသိရှိဘဲ ရိုးရိုးမွေးဖွားခြင်း
  • မိခင်တွင် အိတ်ချ်အိုင်ဗီပိုးနှင့်အတူ တီဘီ (TB) ရောဂါရှိနေခြင်း
  • ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် မွေးဖွားချိန်တွင် ကောင်းစွာကုသမထားသည့် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများရှိခြင်း
  • မိခင်သည် မမွေးဖွားမီ စိတ်ကိုစွဲလမ်းစေသော ဆေးများ၊ မူးယစ်ဆေးများ သုံးစွဲထားခြင်း (အထူးသဖြင့် ထိုးဆေးများ သုံးစွဲခြင်း)
  • မိခင်နို့တိုက်ကျွေးခြင်း
မိခင်မှကလေးသို့ ရောဂါပိုးကူးစက်ခြင်း ကာကွယ်ပုံ

မိခင်မှကလေးသို့ ကူးစက်ခြင်းကို အောက်ပါနည်းလမ်းများ (PMTCT) ဖြင့် ထိရောက်စွာ ကာကွယ်နိုင်သည်။

  1. မိခင်မှ ART ဆေးပုံမှန်သောက်၍ ပိုးကောင်ရေ ထိန်းချုပ်ခြင်း
  2. ကလေးမွေးဖွားမှုပုံစံကို ဂရုစိုက်၍ သေချာစွာ ရွေးချယ်ခြင်း (ဥပမာ _ ခွဲစိတ်မွေးဖွားမည် သို့မဟုတ် ရိုးရိုးမွေးဖွားမည်)
  3. မိခင်နို့ တိုက်ကျွေးမကျွေး ဆုံးဖြတ်ခြင်း
  4. မွေးဖွားပြီးပါက ကလေးငယ်ကို အိတ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုးထိန်းဆေး (ART) တိုက်ခြင်း
  1. မိခင်မှ ART ဆေးပုံမှန်သောက်၍ ပိုးကောင်ရေ ထိန်းချုပ်ခြင်း
    • အိတ်ချ်အိုင်ဗွီရောဂါပိုးရှိသူ အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်မည်ဟု ရည်ရွယ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရမည်
    • သောက်လက်စ ART ဆေးကိုလည်း စနစ်တကျ ဆက်လက်သောက်နေရန် လိုအပ်သည်
    • HIV ပိုးရှိကြောင်း မသိရှိဘဲ ကိုယ်ဝန်ဆောင်မိပါက ဓာတ်ခွဲစစ်ဆေးပြီး ပိုးရှိကြောင်း စတင်သိရှိသည်နှင့် သက်ဆိုင်ရာ အထူးကုဆရာဝန်ထံ လွှဲပြောင်းပြီး နှစ်သိမ့်ဆွေးနွေးမှု ခံယူကာ ART ဆေး စတင်သောက်ရန်လိုသည်
    • ART ဆေးကို ပုံမှန်သောက်ခြင်းဖြင့် မိခင်မှကလေးသို့ ရောဂါပိုးကူးစက်မှုကို များစွာလျော့ကျစေသည်
    • အထူးသဖြင့် မိခင်၏ ဗိုင်းရပ်စ်ပိုးကောင်‌ရေသည် စက်ဖြင့်တိုင်းတာ၍ မရနိုင်တော့သည့် ပမာဏအထိ လျှော့ချထားလျှင် ကလေးအားကူးစက်မှုကို ပိုမိုကာကွယ်နိုင်သည်
  2. ကလေးမွေးဖွားမှုပုံစံကို ဂရုစိုက်၍ သေချာစွာရွေးချယ်ခြင်း
    • ကိုယ်ဝန်ဆောင်ကာလတွင် သက်ဆိုင်ရာသားဖွားမီးယပ်အထူးကုဆရာဝန်မှ ကလေးမွေးဖွားမှုပုံစံနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ရှင်းပြသည်
    • အိတ်ချ်အိုင်ဗွီရောဂါပိုးရှိသူ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဆေးရုံတွင် မွေးဖွားရန် လိုအပ်ပြီး၊ ဗိုက်မနာမီ၊ ရေမြွှာမပေါက်မီ ရက်စေ့သည် (Due date) အထိ မစောင့်ဘဲ ရက်သတ်မှတ်၍ ခွဲစိတ်မွေးဖွားခြင်းသည် ကလေးသို့ ရောဂါပိုးကူးစက်မှုကို လျော့နည်းစေသည်
    • ပိုးကောင်ရေ ပမာဏနည်းပါက သဘာဝအတိုင်း ရိုးရိုးမွေးဖွားနိုင်ပြီး၊ ထိုသို့မွေးဖွားရန် ရွေးချယ်ပါက သက်ဆိုင်ရာ သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် တိုင်ပင်ရန်လိုသည်
    • ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံးတွင် ရက်ချိန်းနှင့် စစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ရန်လိုသကဲ့သို့ ART ဆေးကိုလည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း ပုံမှန်ဆက်သောက်ရန်လိုသည်
  3. မိခင်နို့ တိုက်ကျွေးမကျွေး ဆုံးဖြတ်ခြင်း
    • ကလေးမမွေးဖွားမီ ကိုယ်ဝန်ဆောင်ကာလတွင် ကလေးအထူးကုဆရာဝန်နှင့် ကြိုတင်တွေ့ဆုံ၍ ကလေးအတွက် တိုက်ရမည့် ဆေးဝါးများအကြောင်း၊ နို့တိုက်ကျွေးရေး အစီအစဉ်များအကြောင်း တိုင်ပင်ဆွေးနွေးရမည်
    • မိခင်နို့သည် ကလေးများ၏ ကြီးထွားဖွံဖြိုးမှုနှင့် ကိုယ်ခံစွမ်းအားကို မြင့်တက်စေနိုင်သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အိတ်ချ်အိုင်ဗွီရောဂါပိုးရှိသော မိခင်များတွင် မွေးဖွားလာသော ကလေးအား မိခင်နို့တိုက်ကျွေးခြင်းကို အားပေးအကြံပြုထားသည်၊ အထူးသဖြင့် ကလေးအသက် (၆) လထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ပြီး က‌လေးအသက် တစ်နှစ်ထိ တိုက်ကျွေးနိုင်သည်
    • မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရန် ရွေးချယ်သည့် မိခင်သည် အိတ်ချ်အိုင်ဗွီပိုးထိန်းဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း နေ့စဥ်ပုံမှန်သောက်သုံးနေသူဖြစ်ရန် လိုအပ်ပြီး၊ သွေးထဲတွင်လည်း ဗိုင်းရပ်စ်ပိုးရှာမတွေ့နိုင်အောင် နည်းသည့်အခြေအနေရှိသင့်သည်၊ ထိုအခြေအနေမျိုးတွင် မိခင်နို့မှ ကလေးအား ကူးစက်နိုင်ခြေသည် (၁%) အောက်ဖြစ်သည်
    • အကယ်၍ မိခင်နို့ မတိုက်ကျွေးလိုပါက အာဟာရပြည့်ဝစွာ စီမံထုတ်လုပ်ထားသော ဖော်မြူလာနို့ကို အစားထိုးတိုက်ကျွေးသင့်သည်
    • မည်သည့်နို့ကို ရွေးချယ်တိုက်ကျွေးသည်ဖြစ်စေ ကလေးအသက် (၆) လပြည့်လျှင် ပုံမှန်အတိုင်း ဖြည့်စွက်စာကို စတင်ကျွေးနိုင်သည်
  4. မွေးဖွားပြီးပါက ကလေးငယ်ကို ဗိုင်းရပ်စ်ပိုးထိန်းဆေး (ART) တိုက်ခြင်း (ART management to HIV exposed infants)
    • ရောဂါပိုးရှိသောမိခင်မှ မွေးဖွားသည့်ကလေးငယ်ကို မွေးသည့်အချိန်မှစတင်၍ အသက် (၆) ပတ်ထိ ART ဆေး (ဆေးရည်ပုံစံ) ကို တိုက်ရမည်
    • က‌လေးမမွေးဖွားမီ (၄) ပတ်အလိုတွင် မိခင်၌ရှိသော ဗိုင်းရပ်စ်ပိုးကောင်ရေပမာဏ၊ ART ဆေး စတင်သောက်သုံးသည့် ကိုယ်ဝန်ပတ်နှင့် HIV ပိုးရှိကြောင်း မွေးဖွားခါနီးမှ သိရှိ၍ ART ဆေးစတင်သောက်သုံးရန် အလွန်နောက်ကျခြင်း စသည့်အချက်များပေါ် မူတည်၍ မွေးကင်းစကလေးအား ဆေးသုံးမျိုးပေါင်းထားသော ART ဆေးကို (၆) ပတ် တိုက်ကျွေးရမည်ဖြစ်သည်
    • အချို့ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မူ ကိုယ်ဝန်ဆောင်မိခင်သည် ART ဆေးများ စနစ်တကျ သောက်သုံးခြင်းနှင့် HIV ပိုးကောင်ရေပမာဏ ထိန်းချုပ်နိုင်စွမ်း ကောင်းမွန်ပါက ကလေးအား ကူးစက်နိုင်ခြေ နည်းသောကြောင့် ART ဆေးအမျိုးအစား တစ်မျိုးတည်းကို (၂) ပတ်သာ တိုက်ရန်လိုသည့် အခြေအနေများလည်းရှိသည်
    • ART ဆေး တိုက်ကျွေးသည့်အပြင် HIV ပိုးကြောင့် ကိုယ်ခံအားနည်းနေနိုင်သဖြင့် ရောဂါပိုးများဝင်ရောက်မှုမှ ကာကွယ်ရန် အသက် (၆) ပတ်မှစ၍ ပိုးသတ်ဆေး (Cotrimoxazole) ကို စတင်တိုက်ရမည်ဖြစ်သည်
ကလေးငယ်ကို ဆက်လက်စောင့်ကြည့်စစ်ဆေးခြင်း

မိခင်မှကလေးသို့ မကူးစက်ရန် အထက်ပါနည်းလမ်းများ (PMTCT) ဖြင့် ကာကွယ်ပြီးနောက် အောက်ပါအတိုင်း ကလေးငယ်ကို ဆက်လက်စောင့်ကြည့်စစ်ဆေးရသည်။

  1. စောစီးစွာ အိတ်ချ်အိုင်ဗွီပိုးစစ်ဆေးခြင်း (Early infant diagnosis)
    • အထက်ပါနည်းလမ်းများကို အသုံးပြုကာကွယ်သော်လည်း ရောဂါပိုးကူးစက်မှုကို (၁၀၀) ရာခိုင်နှုန်းအပြည့် မကာကွယ်နိုင်သဖြင့် ကလေးတွင် ရောဂါပိုးကူးစက်ခံရမှု ရှိမရှိကို မွေးစမှစ၍ ကလေးအသက်အရွယ်အလိုက် အဆင့်ဆင့် စစ်ဆေးရန်လိုသည်
    • ကလေးအသက်အရွယ်အလိုက်_
      • မွေးကင်းစအချိန် [အသက် (၁၄)ရက် မှ (၂၁)ရက်ကြား] တွင် တစ်ကြိမ်
      • အသက် (၁)လ မှ (၂)လကြားတွင် တစ်ကြိမ်
      • အသက် (၄)လ မှ (၆)လကြားတွင် တစ်ကြိမ် သွေးထဲတွင် HIV ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်း (Nucleic acid tests – HIV NAT test) ကို စစ်ဆေးသင့်သည်။
    • ထို့ပြင် ART ဆေးကို ကလေးအား ရက်ပြည့်အောင် တိုက်ပေးပြီးနောက် (၂)ပတ် မှ (၆)ပတ်အကြာတွင်လည်း တစ်ကြိမ် ထပ်မံစစ်ဆေးသင့်သည်
    • ထိုသို့စစ်ဆေးသည့်အချိန်တွင် HIV ပိုးရှိကြောင်း (HIV NAT test positive) ဖြစ်ပါက သွေးစစ်ဆေးမှုကို နောက်တစ်ကြိမ် ချက်ချင်းစစ်ဆေးသင့်သည့်အပြင် ART ဆေးများကိုလည်း ပြန်လည်တိုက်ပေးရမည်ဖြစ်သည်
    • အကယ်၍ ထိုစစ်‌ဆေးမှုတွင် HIV ပိုးမရှိ (HIV NAT test negative) ဟု အဖြေထွက်ပါက ကလေးအသက် (၉) လနှင့် (၁၈) လတို့၌ HIV ပိုးကြောင့်ထွက်သော ပဋိပစ္စည်း (HIV antibodies) များကို ထပ်မံစစ်ဆေး၍ က‌လေးတွင် HIV ပိုးကူးစက်ခံရခြင်းမရှိဘဲ လုံးဝပိုးကင်းစင်ကြောင်း သက်သေပြနိုင်သည်
    • မိခင်နို့တိုက်နေသော ကလေးဖြစ်ပါက သုံးလလျှင် တစ်ကြိမ် HIV NAT test ကိုစစ်ဆေးသင့်ပြီး၊ မိခင်နို့ဖြတ်ပြီးနောက် (၄ – ၆) ပတ်မြောက်တွင် တစ်ကြိမ်၊ (၄ – ၆) လအကြာတွင် တစ်ကြိမ် စစ်ဆေးသင့်သည်
  2. ကလေးအထူးကုဆရာဝန်မှ ရက်ချိန်းအလိုက် ပုံမှန်ကြည့်ရှုစစ်ဆေးခြင်း
    • သက်ဆိုင်ရာ ကလေးအထူးကုဆရာဝန်မှ ရက်ချိန်း ပုံမှန်ခေါ်ယူ၍ ကလေးငယ်ကို အထွေထွေကြည့်ရှုစစ်ဆေးခြင်း၊ ကလေးဖွံ့ဖြိုးမှု စစ်ဆေးခြင်းများအပြင် အိတ်ချ်အိုင်ဗွီရောဂါလက္ခဏာများ (ဥပမာ_ကိုယ်အလေးချိန် မတက်ခြင်း၊ ဝမ်းလျှောခြင်း၊ အသည်း၊ ဘေလုံးနှင့် အကျိတ်များကြီးခြင်း၊ ပုံမှန်မဟုတ်သော ဘက်တီးရီးယားပိုးများ မကြာခဏဝင်ခြင်းနှင့် ပါးစပ်တွင်း မှက္ခရုပေါက်ခြင်း) စသည့်တို့ကို ကြည့်ရှုစစ်ဆေးမည်ဖြစ်သည်
    • ထို့အပြင် ကလေး၏ သွေးအဖြေပေါ်မူတည်၍ ART ဆေးကို ရပ်ရန် လိုမလို ဆုံးဖြတ်ကုသပေးမည်ဖြစ်သည်၊ သို့ဖြစ်၍ မိခင်ရောကလေးပါ ဆေးရုံ၊ ဆေးခန်း ရက်ချိန်းများကို ပုံမှန်ပြသရန် အရေးကြီးဆုံးဖြစ်သည်

References:

  1. Centers for Disease Control and Prevention. (n.d.). Preventing mother-to-child transmission of HIV (PMTCT): Brief book. Retrieved January 3, 2026, from https://www.cdc.gov/global-hiv-tb/php/our-approach/briefbook-pmtct.html
  2. Centers for Disease Control and Prevention. (n.d.). HIV and breastfeeding (special circumstances for healthcare professionals). Retrieved January 3, 2026, from https://www.cdc.gov/breastfeeding-special-circumstances/hcp/illnesses-conditions/hiv.html
  3. World Health Organization. (n.d.). Guideline: HIV and infant feeding. Retrieved January 3, 2026, from https://www.who.int/tools/elena/interventions/hiv-infant-feeding
  4. World Health Organization. (n.d.). HIV and infant feeding: Guideline document (PDF). Retrieved January 3, 2026, from https://iris.who.int/server/api/core/bitstreams/7c200007-66d9-44f0-959e-aa713c5be8b0/content
  5. HIVinfo (NIH). (n.d.). Preventing perinatal transmission of HIV during pregnancy and childbirth. Retrieved January 3, 2026, from https://hivinfo.nih.gov/understanding-hiv/fact-sheets/preventing-perinatal-transmission-hiv-during-pregnancy-and-childbirth
  6. Clinicalinfo HIV.gov. (n.d.). Management of infants with in utero, intrapartum, or breastfeeding HIV exposure. Retrieved January 3, 2026, from https://clinicalinfo.hiv.gov/en/guidelines/perinatal/management-infants-utero-intrapartum-breastfeeding-hiv-exposure
  7. American College of Obstetricians and Gynecologists. (n.d.). HIV and pregnancy (FAQ). Retrieved January 3, 2026, from https://www.acog.org/womens-health/faqs/hiv-and-pregnancy
  8. Eke, A. C., Lockman, S., & Mofenson, L. M. (2023). Antiretroviral treatment of HIV/AIDS during pregnancy. JAMA, 329(15), 1308–1309. https://doi.org/10.1001/jama.2023.5076

Published: 17 January 2025

Last updated: 10 February 2026

Share

26 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.