Contact lens (မျက်ကပ်မှန်)

Contact lens (မျက်ကပ်မှန်)

မျက်ကပ်မှန် (Contact lens) များသည် သေးငယ်ပါးလျသော မှန်ဘီလူးခုံးများဖြစ်ပြီး အများအားဖြင့် ၎င်းတို့ကို မျက်ကြည်လွှာပေါ်တွင် ကပ်လျက်တင်ကာ တပ်ဆင်အသုံးပြုသည်။ မျက်ကပ်မှန်များကို မျက်မှန်များကဲ့သို့ပင် မျက်လုံးအလင်းယိုင်ခြင်းဆိုင်ရာ ပြဿနာများ (Refractive errors) အတွက် သုံးစွဲနိုင်သည်။ ဥပမာအားဖြင့် အဝေးမှုန်ခြင်း (nearsightedness – myopia)၊ အနီးမှုန်ခြင်း (farsightedness – hyperopia)၊ အသက်ကြီး၍ အနီးမှုန်ခြင်း (presbyopia)နှင့် မျက်စိအလင်းဆုံချက် မညီခြင်း (astigmatism) စသည့် အခြေအနေများတွင် မျက်မှန်အစား မျက်ကပ်မှန်ကို အသုံးပြုတတ်ကြသည်။

သက်ဆိုင်ရာ နောက်ခံမျက်စိအခြေအနေပေါ် မူတည်၍ မျက်ကပ်မှန်နှင့် မျက်မှန်များ တွဲ၍သုံးစွဲရသည်များလည်း ရှိနိုင်သည်။ ထို့အပြင် မျက်လုံးအသွင်သဏ္ဌာန်နှင့် အရောင်အသွေးများ ပြောင်းလဲစေခြင်းဖြင့် အလှအပရေးရာများတွင်လည်း အသုံးပြုကြသည်။

မျက်ကပ်မှန်အမျိုးအစားများ

မျက်ကပ်မှန်အမျိုးအစား အမျိုးမျိုးရှိပြီး မိမိနှင့်အကိုက်ညီဆုံး အမျိုးအစားကို ရွေးချယ်အသုံးပြုရသည်။ အဓိကအားဖြင့် အောက်ပါအချက်များကို အခြေခံ၍ မျက်ကပ်မှန်အမျိုးအစား ခွဲခြားအသုံးပြုနိုင်သည်။

  • ပြုလုပ်ထားသည့် ပစ္စည်းအမျိုးအစား
  • အသုံးပြုမည့် ကာလအပိုင်းအခြား
  • အသစ်လဲလှယ်ရမည့်အချိန်နှင့်
  • အထူးပြုလုပ်ချက်များ စသည်တို့ဖြစ်သည်။
ပြုလုပ်ထားသည့် ပစ္စည်းအမျိုးအစား

ပါဝင်ပစ္စည်းအမျိုးအစားကို မူတည်၍ မျက်ကပ်မှန်အမာစား (Hard lenses)နှင့် မျက်ကပ်မှန်အပျော့စား (Soft lenses) ဟူ၍ ခွဲခြားနိုင်သည်။

  • မျက်ကပ်မှန်အမာစား (Hard lenses)
    • မျက်ကပ်မှန်အမာစားများတွင် အဓိကအသုံးများသောအမျိုးအစားမှာ gas-permeable type မျက်ကပ်မှန်များဖြစ်သည်
    • ဆီလီကွန်ပိုလီမာဖြင့် အများဆုံးပြုလုပ်သည်
    • ကာလရှည်ကြာစွာ အသုံးပြုနိုင်ပြီး မျက်ကြည်လွှာကို အောက်ဆီဂျင်ဝင်ရောက်နိုင်မှု ပိုမိုကောင်းမွန်စေသည်
    • မျက်ကပ်မှန်အပျော့စားများထက် တောင့်တင်းသဖြင့် အသုံးပြုရာတွင် မျက်ကပ်မှန်၏ ပုံသဏ္ဌာန်ကို ပိုထိန်းထားနိုင်သည်
    • ထို့ကြောင့် ပိုမိုပြတ်သားသော အမြင်အာရုံကိုရရှိစေပြီး မျက်ကြည်လွှာ မညီမညာဖြစ်ခြင်းများတွင် ပို၍အသုံးဝင်သည်
    • ဓာတ်မတည့်မှုဖြစ်ပွါးလွယ်သူများနှင့် ပိုမိုသင့်တော်သည်
    • အားနည်းချက်
      • ပိုမိုမာကျောတောင့်တင်းသဖြင့် အသုံးပြုရာတွင် သက်သောင့်သက်သာမရှိခြင်း၊ အလွယ်တကူ အသားမကျနိုင်ခြင်းများ ဖြစ်တတ်သည်
  • မျက်ကပ်မှန်အပျော့စား (Soft lenses)
    • မျက်ကပ်မှန်အပျော့စားများကို ကွေးဆန့်လွယ်သော ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည်
    • အသုံးပြုရာတွင် ပို၍သက်သောင့်သက်သာရှိပြီး မျက်ကပ်မှန်နှင့် အလျင်အမြန် အသားကျနိုင်သည်
    • ထို့ကြောင့် မျက်ကပ်မှန်အပျော့စားများကို အများဆုံးအသုံးပြုကြပြီး ရွေးချယ်ရန် အမျိုးအစားလည်း များစွာရှိသည်
    • အားနည်းချက်
      • ပို၍ပါးလွှာသဖြင့် မျက်ကပ်မှန်အမာစားများထက် စုတ်ပြဲပျက်စီးလွယ်သည်
      • ထိတွေ့ကပ်ငြိသည့်အရာများ (ဥပမာ _ လက်၌တင်ရှိသော အဆီများ၊ ဆပ်ပြာများ) ကို ပိုမိုစုပ်ယူလွယ်သဖြင့် အသုံးပြုသူများတွင် မျက်လုံးယားယံခြင်း ဖြစ်လွယ်သည်
အသုံးပြုမည့်ကာလအပိုင်းအခြား

အသုံးပြုမည့်ပုံစံပေါ် မူတည်၍ နေ့စဥ်သုံးနှင့် ကာလရှည်သုံး မျက်ကပ်မှန် အမျိုးအစားများ ကွဲပြားသည်။

  • နေ့စဥ်သုံးမျက်ကပ်မှန် (Daily wear)
    • ဤအမျိုးအစားများကို နေ့အချိန်၌သာ တပ်ဆင်အသုံးပြုရပြီး ညအချိန်တွင် ချွတ်ထားရန် လိုအပ်သည်၊ ညဘက်တွင် မချွတ်ဘဲ အိပ်စက်မိပါက မျက်လုံးပိုးဝင်ခြင်းဖြစ်နိုင်‌ခြေ ပိုများစေသည်
    • နေ့စဥ်သုံးမျက်ကပ်မှန်အများစုသည် တစ်ခါသုံးအမျိုးအစားများဖြစ်ပြီး ရက်သတ္တပတ်တစ်ပတ် မှ တစ်လမျှအထိ အသုံးပြုနိုင်သော အမျိုးအ‌စားများလည်းရှိသည်
  • ကာလရှည်သုံးမျက်ကပ်မှန် (Extended wear)
    • ဤအမျိုးအစားများကို နေ့ရောညပါ အသုံးပြုနိုင်ပြီး သုံးစွဲသူနှင့် မျက်ကပ်မှန် အမျိုးအစားအပေါ် မူတည်၍ တစ်လခန့်ကြာသည်အထိ သုံးစွဲနိုင်သည်
    • သို့သော် သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်အရ တစ်ပတ်လျှင် တစ်ကြိမ်မျှချွတ်၍ သန့်ရှင်းရေးလုပ်ရန် လိုအပ်နိုင်သည်
    • ထို့အပြင် မျက်ကပ်မှန်အသစ် လဲလှယ်သည့်အကြိမ်တိုင်းတွင် မျက်လုံးကိုအနားပေးရန် အနည်းဆုံးတစ်ညမျှ မျက်ကပ်မှန်မတပ်ဘဲ အိပ်စက်ရန် လိုအပ်သည်
    • ကာလရှည်သုံးမျက်ကပ်မှန်များသည် မျက်လုံးပိုးဝင်နိုင်ခြေ ပို၍များသည်
အသစ်လဲလှယ်ရမည့်အချိန်

မျက်ကပ်မှန်အပျော့စားများတွင် သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း အသစ်လဲလှယ်သုံးစွဲရမည်။

  • တစ်ခါသုံး မျက်ကပ်မှန်အပျော့စား (Daily disposable)
    • နေ့စဥ် မျက်ကပ်မှန်အသစ်တစ်စုံကို မနက်မှစ၍ တစ်နေ့လုံးသုံးစွဲပြီး အိပ်ရာမဝင်မီချွတ်ကာ စွန့်ပစ်ရသည့် အမျိုးအစားဖြစ်သည်
    • ဤတစ်ခါသုံးမျက်ကပ်မှန်များကို ပြန်လည်အသုံးပြုပါက မျက်လုံးယားယံခြင်း၊ ပိုးဝင်ခြင်းများ ဖြစ်စေနိုင်သည်
    • နေ့စဥ် အသစ်တစ်စုံ လဲလှယ်အသုံးပြုခြင်းသည် ဓာတ်မတည့်ခြင်း ဖြစ်ပွါးလွယ်သူများနှင့် အထူးသင့်တော်သည်
  • ပြန်လည်အသုံးပြုနိုင်သည့် အမျိုးအစား
    • ဤအမျိုးအစား မျက်ကပ်မှန်များကို တစ်နေ့တာလုံးသုံးစွဲပြီးနောက် အိပ်ရာမဝင်မီချွတ်ကာ သန့်ရှင်း‌ရေးလုပ်၍ တစ်ညလုံး စနစ်တကျသိမ်းဆည်းရသည်
    • နောက်တစ်ရက်တွင် ပြန်လည်အသုံးပြုနိုင်သည်၊ ဤနည်းဖြင့် တစ်လကြာမျှ သုံးစွဲနိုင်သည်
    • ပြန်လည်အသုံးပြုနိုင်သည့် မျက်ကပ်မှန်များသည် ကာလရှည်သုံး မျက်ကပ်မှန်အမျိုးအစား မဟုတ်လျှင် ညအိပ်စက်ချိန်၌ အသုံးမပြုသင့်ပါ
အထူးပြုလုပ်ချက်များ

မျက်ကပ်မှန်များကို သက်ဆိုင်ရာ မျက်စိအခြေအနေနှင့် အသုံးပြုသည့် ရည်ရွယ်ချက်အ‌ပေါ် မူတည်၍ အထူးလုပ်ဆောင်ချက်များ ထည့်သွင်းပြုလုပ်နိုင်သည်။

  • Hybrid contact lenses
    • အလယ်ရှိ မျက်ကပ်မှန်အမာစားကို ဘေးပတ်လည်ဘောင်များတွင် မျက်ကပ်မှန်အပျော့စားဖြင့် ပေါင်းစပ်ပြုလုပ်ထားသည်
    • သက်သောင့်သက်သာဖြင့် ပိုမိုကြည်လင်ပြတ်သားသော မြင်ကွင်းကို ရရှိနိုင်ရန် အသုံးပြုသည်
    • မျက်ကြည်လွှာပြဿနာရှိသော အခြေအနေများအတွက် ပို၍သင့်တော်သည်
  • Toric contact lenses
    • မျက်စိအလင်းဆုံချက် မညီခြင်း (Astigmatism) နှင့် အဝေးမှုန် သို့မဟုတ် အနီးမှုန်ခြင်းများအတွက် ပါဝါနှစ်မျိုးပါဝင်သော အထူးပြုလုပ်ထားသည့် မျက်ကပ်မှန်အမျိုးအစားဖြစ်သည်
    • အခြားအမျိုးအစားများထက် ကုန်ကျစရိတ် ပိုမိုများပြားနိုင်သည်
  • Multifocal contact lenses
    • အနီးမှုန်ခြင်း၊ အဝေးမှုန်ခြင်း နှစ်မျိုးလုံးအတွက် သုံးစွဲနိုင်သည့် အမျိုးအစားဖြစ်သည်
  • Scleral contact lenses
    • ဤမျက်ကပ်မှန်များသည် အမာစား gas-permeable type အမျိုးအစားတစ်မျိုးဖြစ်သည်
    • မျက်ကြည်လွှာကိုကျော်၍ မျက်သားအဖြူတွင် ခြေကုပ်ယူကာ တပ်ဆင်အသုံးပြုသည်
    • ပုံမှန်မျက်ကပ်မှန်များထက် အရွယ်အစားပိုမိုကြီးမားပြီး မျက်ကြည်လွှာနှင့် မျက်ကပ်မှန်အကြား မျက်ရည်၊ အဆီဓာတ်များ သိုမှီးထားနိုင်သော နေရာငယ်ပါရှိသည်
    • မျက်ကြည်လွှာတွင် ခွဲစိတ်ထားခြင်း၊ အမာရွတ်ရှိခြင်း၊ ပုံသဏ္ဌာန်မမှန်ခြင်းများနှင့် မျက်လုံးခြောက်ခြင်းများအတွက် ပိုမိုသင့်တော်သည်
    • ပြင်းထန်သော မျက်စိခြောက်သွေ့ခြင်း ဝေဒနာရှင်များအတွက် မျက်ကြည်လွှာပေါ်တွင် အစိုဓာတ်အမြဲရှိနေစေရန် မျက်ရည်လှောင်ကန် (Fluid reservoir) ပါရှိသော Scleral လန်စ့်များ အသုံးပြုကြသည်
  • Orthokeratology (Ortho-K) contact lenses
    • အဝေးမှုန်ခြင်းအတွက် အထူးပြုလုပ်ထားသော မျက်ကပ်မှန်အမာစားများဖြစ်ပြီး ညဘက်အိပ်စက်ချိန်တွင် တပ်ဆင်အသုံးပြုရသည်
    • မျက်ကြည်လွှာ၏ ပုံသဏ္ဌာန်ကို ပြုပြင်ပေးသော မျက်ကပ်မှန်အမျိုးအစားဖြစ်ပြီး ညဘက်တပ်ဆင်ထားလျှင် နောက်တစ်နေ့တွင် အမြင်စွမ်းအား တိုးတက်ကောင်းမွန်စေသည်
  • Cosmetic (decorative) contact lenses
    • အလှအပရေးရာအတွက် အသုံးပြုသော မျက်ကပ်မှန်များဖြစ်ပြီး ပုံသဏ္ဌာန်၊ အရောင်အသွေးမျိုးစုံရှိသည်
    • သို့သော် မျက်ကပ်မှန်များသည် ကျန်းမာရေးလိုအပ်ချက်အရ သုံးစွဲရသည့် အမြင်အာရုံအထောက်အကူပြုပစ္စည်းများဖြစ်သဖြင့် အခြားရည်ရွယ်ချက်များအတွက် အသုံးပြုလျှင် မျက်ကပ်မှန်များ၏ နောက်ဆက်တွဲပြဿနာများကို ထည့်သွင်းစဥ်းစားရမည်
  • မျက်ကပ်မှန်အမျိုးအစားအသစ်များ (Advanced Contact Lens Types)
    • Smart Contact Lenses
      • ယခုအခါ အမြင်အာရုံအတွက်သာမက ကျန်းမာရေးစစ်ဆေးရန်အတွက်ပါ အသုံးပြုနိုင်သော မျက်ကပ်မှန်များ ပေါ်ထွက်လာသည်
      • ဥပမာ _ ဆီးချိုရောဂါရှိသူများတွင် မျက်ရည်မှတစ်ဆင့် သကြားဓာတ်ကို တိုင်းတာပေးနိုင်သော မျက်ကပ်မှန်များနှင့် ရေတိမ် (Glaucoma) ရှိသူများအတွက် မျက်စိအတွင်းဖိအား (Intraocular Pressure) ကို အလိုအလျောက် တိုင်းတာပေးနိုင်သော မျက်ကပ်မှန်များဖြစ်သည်
    • Blue Light Filtering Contact Lenses
      • ကွန်ပျူတာနှင့် ဖုန်းအသုံးများသူများအတွက် ဒစ်ဂျစ်တယ်မျက်စိညောင်းညာမှုကို လျှော့ချပေးနိုင်ရန် အန္တရာယ်ရှိသော အလင်းပြာများကို ကာကွယ်ပေးသည့် (Blue Light Blocking) နည်းပညာ ပါဝင်လာသည်
    • Transition (Photochromic) Contact Lenses
      • နေရောင်ခြည် (UV light) နှင့် ထိတွေ့ပါက နေကာမျက်မှန်ကဲ့သို့ အရောင်ရင့်သွားပြီး အလင်းဒဏ်မှ ကာကွယ်ပေးသည့် အမျိုးအစားဖြစ်သည်
    • Drug-Eluting Contact Lenses (ဆေးဝါးထုတ်လွှတ်ပေးသည့် မှန်ဘီလူး)
      • မျက်စိဓာတ်မတည့်ခြင်း (Allergy) ဖြစ်တတ်သူများအတွက် မျက်ကပ်မှန် တပ်ဆင်ထားစဉ်အတွင်း ဓာတ်မတည့်မှု သက်သာစေသော ဆေးဝါးများ (ဥပမာ _ ketotifen) ကို တဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးသည့် အမျိုးအစားဖြစ်သည်
    • Peripheral Defocus Lenses
      • ကလေးငယ်များတွင် အဝေးမှုန်ခြင်း ပိုမိုဆိုးရွားမလာစေရန် တားဆီးပေးသည့် မျက်ကပ်မှန်အမျိုးအစားဖြစ်သည်
မျက်ကပ်မှန်အသုံးပြုပုံ
မျက်ကပ်မှန် တပ်ဆင်ခြင်း
  • လက်ကို သေချာစွာ ဆေးကြောရမည်
  • သန့်စင်ပြီးသော မျက်ကပ်မှန်ကို လက်ညှိုးထိပ်တွင်တင်၍ ဖုန်၊ အမှုန်များကပ်ငြိခြင်း၊ စုတ်ပြဲနေခြင်းများ ရှိမရှိ၊ အတွင်းအပြင်နှင့် အနားသတ်များ အနေအထား မှန်မမှန်ကို စစ်ဆေးရမည်
  • ထို့နောက် စတင်တပ်ဆင်မည့် မျက်လုံး၏ အပေါ်မျက်ခမ်းကို အခြားလက်တစ်ဖက်ဖြင့်ထိန်းပြီး အောက်မျက်ခမ်းကို မျက်ကပ်မှန်ကိုင်ထားသည့်လက်၏ လက်ခလယ်ဖြင့်ထိန်းကာ လက်ညှိုးထိပ်တွင် တင်လာသော မျက်ကပ်မှန်ကို ညင်သာစွာ တပ်ဆင်မည်၊ တပ်ဆင်ချိန်တွင် မျက်တောင်ခတ်ခြင်း မပြုရပါ
  • ထို့နောက် အောက်မျက်ခမ်း၊ အပေါ်မျက်ခမ်းများကို တစ်ခုစီလွှတ်၍ မျက်တောင်ခတ်ခြင်း၊ မျက်လုံးမှိတ်ခြင်း ပြုလုပ်ရမည်၊ မှန်ကန်စွာတပ်ဆင်ပြီးလျှင် ကြည်လင်သောမြင်ကွင်းနှင့် သက်သောင့်သက်သာရှိမှုကို ရရှိမည်၊ ထိုသို့မဖြစ်ပါက ပြန်ထုတ်၍ သန့်စင်ဆေးရည်ဖြင့်ဆေးကာ တစ်ဖန်ပြန်လည်တပ်ဆင်ရမည်
  • အခြားတစ်ဖက်ကိုလည်း ဤနည်းအတိုင်း တပ်ဆင်သည်
Contact lens image3
မျက်ကပ်မှန် ချွတ်ခြင်း
  • လက်ကို သေချာစွာ ဆေးကြောရမည်
  • မိမိ၏ အားသန်ရာလက်၊ လက်ခလယ်ဖြင့် အောက်မျက်ခမ်းကို ညင်သာစွာ ဖိချရန်
  • ထို့နောက် လက်ညှိုးဖြင့် မျက်ကပ်မှန်၏ အောက်ခြေအစွန်းကို ထိစမ်းရန်
  • ပြီးလျှင် မျက်လုံးကို အပေါ်ဘက်သို့ကြည့်ကာ မျက်ကပ်မှန်ကို မျက်သားဖြူပေါ်သို့ ညင်သာစွာ လျှောချရန်
  • လက်မနှင့်လက်ညှိုးကို သုံး၍ ညင်သာစွာ ချွတ်ယူရန်

ညအိပ်စဥ် မျက်ကပ်မှန်မချွတ်မိပါက နိုးလာချိန်တွင် မျက်ကပ်မှန်သည် မျက်လုံးပေါ်၌ ကောင်းစွာလှုပ်ရှားနိုင်ခြင်း ရှိမရှိကို ချက်ချင်းစမ်းသပ်ရမည်။ လှုပ်ရှားနိုင်လျှင် ချွတ်ယူပြီးနောက် နာရီအနည်းငယ်ကြာအောင် ပြန်မတပ်ဘဲ မျက်လုံးကို အနားပေးရမည်။ အကယ်၍ မလှုပ်ရှားနိုင်လျှင် ညွှန်ကြားထားသော မျက်စဥ်းခတ်၍ အစိုဓာတ်ကောင်းစွာရရန် မိနစ်အနည်းငယ်ကြာ စောင့်ဆိုင်းရမည်၊ ထို့နောက် ကောင်းစွာလှုပ်ရှားနိုင်လျှင် ချွတ်ယူရမည်။

မိတ်ကပ်၊ လိုးရှင်း စသည်တို့ လိမ်းကျံရာတွင် မျက်ကပ်မှန်ကို ဦးစွာတပ်ဆင်ရပြီး ပြန်ဖျက်လျှင်လည်း မျက်ကပ်မှန်များကို အရင်ပြန်ချွတ်ရမည်။ အဆိုပါအရာများနှင့် မျက်ကပ်မှန်ထိတွေ့မှု မရှိစေရန်ဖြစ်သည်။

မျက်ကပ်မှန်၏ အားသာချက်များ

မျက်မှန်များနှင့်မတူဘဲ မျက်ကပ်မှန်များသည် မျက်လုံးနှင့် တစ်သားတည်းဖြစ်နေ၍ ပိုမိုပြတ်သားသော၊ သဘာဝကျသော မြင်ကွင်းကို ပေးစွမ်းနိုင်သည်။ မျက်လုံး၏လှုပ်ရှားမှုတိုင်းတွင် လိုက်ပါ‌ရွေ့လျားနိုင်သဖြင့် အမြင်အာရုံပိတ်ဆို့ခြင်း၊ ခန္ဓာကိုယ်လှုပ်ရှားမှုများကို အ‌‌နှောင့်အယှက်ဖြစ်ခြင်းများ မဖြစ်ပေါ်နိုင်ပေ။ မျက်မှန်များကဲ့သို့ အငွေ့ဟပ်ခြင်း၊ ရေစက်တင်ခြင်းများလည်း မရှိပေ။

အားနည်းချက်များ

မူလအားဖြင့် မျက်ကပ်မှန်များသည် ကျန်းမာရေးသုံး ကိရိယာများဖြစ်သည်။ မျက်မှန်များနှင့်ယှဥ်လျှင်

  • မျက်ကပ်မှန်နှင့် သိမ်းဆည်းသည့်ဘူးများကို ထုတ်လုပ်သူနှင့် သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်အတိုင်း စနစ်တကျ သန့်ရှင်းရေးပြုလုပ်ရမည်
  • သတ်မှတ်ထားသည့်အချိန်ဇယားအတိုင်း တပ်ဆင်အသုံးပြုခြင်း၊ ချွတ်၍အနားယူခြင်းများ ပြုလုပ်ရသည်၊ မျက်မှန်ကဲ့သို့ လွယ်ကူစွာ အသုံးပြုနိုင်ခြင်း မရှိပေ
  • မျက်စိရက်ချိန်း အကြိမ်ရေ ပိုမိုပြသရန် လိုအပ်သည်
  • နောက်ဆက်တွဲပြဿနာများ ပိုမိုဖြစ်ပွားနိုင်သည်
နောက်ဆက်တွဲပြဿနာများ
  • မျက်လုံးပိုးဝင်ခြင်း၊ မျက်ကြည်လွှာ ရောင်ရမ်းခြင်း
    • မျက်ကပ်မှန်များကို စနစ်တကျ တပ်ဆင်ခြင်း၊ ချွတ်ခြင်း၊ သန့်စင်ခြင်းများ မပြုလုပ်လျှင် သို့မဟုတ် သတ်မှတ်ချိန်ထက်ပို၍ တပ်ဆင်အသုံးပြုလျှင် ဖြစ်ပွါးနိုင်သည်
    • မျက်လုံးပိုးဝင်ခြင်းကို ကာကွယ်ရန်အတွက် ဘက်တီးရီးယားများ မပေါက်ပွါးနိုင်သော ငွေဓာတ် (Silver) ပါဝင်သည့် ပိုးသတ်အလွှာပါသော မျက်ကပ်မှန်ဘူးများ (Antimicrobial Lens Cases) ကို အသုံးပြုလာကြသည်
  • မျက်ကြည်လွှာ ပွန်းပဲ့ခြင်း
    • မျက်ကြည်လွှာဒဏ်ရာရပြီး ပိုးဝင်လျှင် မျက်ကြည်လွှာအနာများ ဖြစ်ပေါ်နိုင်သည်
  • မျက်ကပ်မှန်ကြောင့် မျက်စိနီခြင်း (Contact Lens Induced Acute Red Eye – CLARE)
    • သတ်မှတ်ထားသည့် အမျိုးအစားမဟုတ်သော မျက်ကပ်မှန်များကို ညအိပ်စဥ် သုံးစွဲမိလျှင် သို့မဟုတ် သတ်မှတ်ချိန်အတိုင်း အသစ်လဲလှယ်သုံးစွဲခြင်းမပြုလျှင် ဖြစ်ပွါးနိုင်သည်
    • မျက်ကပ်မှန်သုံးစွဲမှု ရပ်နားခြင်း၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း မျက်စဥ်းများ သုံးစွဲခြင်းဖြင့် ကုသရသည်
  • မျက်ခွံအတွင်းသား ရောင်ရမ်းခြင်း
    • မျက်ခွံအတွင်းသားတစ်လျှောက် နီရဲခြင်း၊ ယားယံခြင်း၊ ဖောင်းကြွခြင်းများ၊ တစ်ခါတစ်ရံ အဖုငယ်များဖြစ်ခြင်း တွေ့ရနိုင်သည်
    • မျက်ကပ်မှန်သုံးစွဲမှု ကာလအတန်ကြာ ရပ်နားခြင်း၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း မျက်စဥ်းများ သုံးစွဲခြင်းဖြင့် ကုသရသည်
    • မျက်ကြည်လွှာသို့ အောက်ဆီဂျင် ပိုမိုဝင်ရောက်နိုင်စေသော ဆီလီကွန် ဟိုက်ဒရိုဂျယ် (Silicone Hydrogel) နည်းပညာများလာခြင်းကြောင့် မျက်လုံးနီခြင်းနှင့် မျက်ကြည်လွှာ ရောင်ရမ်းခြင်း ပြဿနာများကို သိသိသာသာ လျှော့ချလာနိုင်သည်
  • မျက်ကြည်လွှာ အောက်ဆီဂျင် ကောင်းစွာမရခြင်း
    • အချို့သော မျက်ကပ်မှန်အမျိုးအစားများနှင့် ညအိပ်ချိန်များတွင်ပါ တပ်ဆင်အသုံးပြုသူများတွင် တွေ့ရသည်
  • မျက်လုံးခြောက်ခြင်း
  • ဓာတ်မတည့်ခြင်း
မျက်ကပ်မှန် အသုံးမပြုသင့်သူများ
  • မကြာခဏ မျက်လုံးပိုးဝင်ခြင်း ဖြစ်ပွါးသူများ
  • မျက်စိခြောက်တတ်သူများ
  • ပြင်းထန်သည့် ဓာတ်မတည့်ခြင်း ဖြစ်ပွါးတတ်သူများ
  • ဖုန်၊ အမှုန် ထူထပ်သော ပတ်ဝန်းကျင်တွင် အချိန်ကြာကြာနေရသူများ
  • မျက်ကပ်မှန်များကို စနစ်တကျ သန့်စင်ထိန်းသိမ်းမှု မပြုလုပ်နိုင်သူများ
မျက်စိဆရာဝန်နှင့် ဆွေး‌နွေးတိုင်ပင်ရန်
  • မျက်စိတစ်ဖက်ဖက်တွင် နာကျင်ခြင်း၊ ပစ္စည်း၊ အမှုန်တစ်ခုခုဝင်သကဲ့သို့ မသက်မသာဖြစ်ခြင်း
  • မျက်စိနီခြင်း
  • အလင်းမခံနိုင်ခြင်း
  • ရုတ်တရက် အမြင်ဝေဝါးခြင်း
  • ပုံမှန်ထက် မျက်ရည်ပိုကျခြင်း
  • မျက်လုံးအတွင်းမှ မျက်ဝတ် သို့မဟုတ် ပြည်ထွက်ခြင်းတို့ရှိလျှင် မျက်စိဆရာဝန်နှင့် ပြန်လည်ပြသရမည်။
မျက်ကပ်မှန်သုံးစွဲရာတွင် လိုက်နာသင့်သည့်အချက်များ
  • လက်ဆေးရန်
    • မျက်ကပ်မှန်မကိုင်တွယ်မီ လက်ကို ရေ၊ ဆပ်ပြာနှင့် သေချာစွာ ဆေးကြောရမည်
    • ပြီးလျှင် သန့်စင်သော၊ အမွှေးမထွက်သော အဝတ်ဖြင့် ရေခြောက်အောင် သုတ်ရမည်
    • လက်ဆေးရာတွင် အမွှေးနံ့၊ အဆီမပါသော ဆပ်ပြာကို ရွေးချယ်ရမည်
    • ထိုအရာများသည် လက်၌ကပ်တင်ကျန်၍ မျက်ကပ်မှန်မှတစ်ဆင့် မျက်လုံးယားယံခြင်းများ ဖြစ်စေနိုင်သည်
  • မျက်ကပ်မှန်များကို ပုံမှန်ပိုးသတ်သန့်စင်ရန်
    • မျက်ကပ်မှန်များကို ပိုးသတ်ခြင်းမပြုဘဲ မသုံးစွဲရ
    • သတ်မှတ်ထားသည့် သန့်စင်ဆေးရည်ဖြင့် ညင်သာစွာ ပွတ်၍ဆေးရန်
    • အကယ်၍ ပိုးသတ်သန့်စင်ခြင်းမပြုဘဲ ရက် (၃၀) ကျော် သိမ်းဆည်းမိလျှင် အသုံးမပြုရန်
  • ညအိပ်ရာဝင်လျှင် တပ်ဆင်ခြင်းမပြုရန်
    • သတ်မှတ်ထားသည့် အမျိုးအစားမဟုတ်လျှင် ညဘက်တပ်ဆင်၍ အိပ်စက်ခြင်းမပြုရပါ
    • ညွှန်ကြားထားသည့် အချိန်ဇယားအတိုင်း သုံးစွဲရမည်
  • မျက်ကပ်မှန်များကို ‌ရေမထိစေရန် သတိပြုသုံးစွဲရမည်
    • ရေချိုးခြင်း၊ ‌ရေကူးခြင်း စသော ရေနှင့်ထိတွေ့နိုင်သည့် မည်သည့်ကိစ္စတွင်မဆို မျက်ကပ်မှန်များ ချွတ်ထားရမည်
    • အမြင်အားဖြင့် သန့်စင်နေသော်လည်း အဆိုပါရေတွင် ရောဂါပိုးများ ပါဝင်နေနိုင်သည်
  • သတ်မှတ်ကာလပြည့်လျှင် ထုတ်လုပ်သူ၏ ညွှန်ကြားချက်အတိုင်း အသစ်လဲလှယ်သုံးစွဲရမည်
  • ညွှန်ကြားထားသည့် မျက်ကပ်မှန်သန့်စင်ဆေးရည်ကိုသာ အသုံးပြုရန်
    • အဓိကအားဖြင့် အထွေထွေသုံး မျက်ကပ်မှန်သန့်စင်ဆေးရည်နှင့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ပါဝင်သည့် သန့်စင်ဆေးရည်ဟူ၍ နှစ်မျိုးရှိသည်
    • သတ်မှတ်ထားသည့် သန့်စင်ဆေးရည်မဟုတ်ဘဲ ရေ၊ ရေသန့်၊ တံတွေးများဖြင့် သန့်ရှင်းခြင်း မပြုရ၊ ပုံမှန်ဓာတ်ဆားရည် (saline) များသည်လည်း ပိုးသတ်ဆေးမပါဝင်သဖြင့် အသုံးမပြုသင့်ပါ
  • သန့်စင်ဆေးရည်ကို အသုံးပြုရာတွင် ပုလင်းနှုတ်ခမ်းနှင့် မည်သည့်အရာမျှ မထိစေရန်
    • သန့်စင်ဆေးရည်ကို ညွှန်ကြားချက်အတိုင်း သိမ်းဆည်းသုံးစွဲရမည်
    • ပုလင်းလဲလှယ်ခြင်း မပြုရ၊ မျက်ကပ်မှန်သန့်စင်ရာတွင် ဆေးရည်အသစ်ကိုသာ သုံးစွဲရန်
  • မျက်ကပ်မှန်သိမ်းသည့်ဘူးကို ပုံမှန်သန့်စင်ရန်
    • ထိုဘူးကို မျက်ကပ်မှန်သန့်စင်ဆေးရည်ဖြင့်သာ ဆေးရန်
    • ဆေးပြီးနောက် လေဖြင့် အခြောက်ခံရန်
    • အကြောင်းအမျိုးမျိုးကြောင့် ကွဲအက်လျှင် သို့မဟုတ် သုံးလပြည့်လျှင် ဘူးအသစ်လဲလှယ်သင့်သည်
  • လက်သည်းရှည်မထားရန်
  • မျက်ကပ်မှန်သုံးစွဲရာတွင် မျက်လုံးအမြဲစိုစွတ်နေရန် လိုအပ်သည်
    • ညွှန်ကြားထားသည့် မျက်စဥ်းခတ်ခြင်း
    • ရေများများသောက်ခြင်းများ ပြုလုပ်ရမည်
    • ကွန်ပျူတာ၊ ဖုန်း၊ တီဗီများကြည့်လျှင် မကြာခဏ မျက်တောင်ခတ်ပေးရမည်
  • မျက်စိဆရာဝန်နှင့် ပုံမှန်ရက်ချိန်းပြရန်
    • မျက်စိအ‌ခြေအနေ၊ မျက်ကပ်မှန်အခြေအနေနှင့် နေသားကျမှုများကို ပုံမှန်စစ်ဆေးရမည်

ဆက်လက်ဖတ်ရှုရန်

  • မျက်စိပါဝါအတွက် လေဆာကုထုံး – Refractive Surgery (LASIK)
  • မျက်လုံးအလင်းယိုင်ခြင်းဆိုင်ရာ ပြဿနာများ – Refractive errors

Reference:

  1. Centers for Disease Control and Prevention. (2024). Contact lens care and disinfecting. Retrieved January 23, 2026, from https://www.cdc.gov/contact-lenses/about/about-cleaning-disinfecting-and-storing-contact-lenses.html
  2. Gifford, K. L., Richdale, K., Kang, P., Aller, V. G., Lam, C. S., Liu, Y. M., et al. (2019). IMI – Clinical management guidelines report: Update for myopia control in children. Investigative Ophthalmology & Visual Science, 60(3), M183–M203.
  3. Hassum, B. M., & Sorbara, L. (2023). Antihistamine-releasing contact lenses: A review of the technology and clinical outcomes. Contact Lens and Anterior Eye, 46(3), 101825.
  4. Jones, L., Hui, A., Phan, C. M., Read, M. L., Azar, D., Belmont, J., et al. (2021). CLEAR – Contact lens technologies of the future. Contact Lens and Anterior Eye, 44(2), 398–430.
  5. Kazanskiy, N. L., Khonina, S. N., & Butt, M. A. (2023). Smart contact lenses: A step towards non-invasive continuous eye health monitoring. Biosensors, 13(10), 933. https://doi.org/10.3390/bios13100933
  6. Kaur, K., Gurnani, B., Nayak, S., Deori, N., Kaur, S., Jethani, J., Singh, D., Agarkar, S., Hussaindeen, J. R., Sukhija, J., & Mishra, D. (2022). Digital eye strain: A comprehensive review. Ophthalmology and Therapy, 11(5), 1655–1680. https://doi.org/10.1007/s40123-022-00540-9
  7. Fujio, K., Sung, J., Hirosawa, K., Yamaguchi, M., Toshida, H., Inagaki, K., Ishida, G., Itoi, M., Sado, K., Hayatsu, H., Nobutaka, H., Ono, J., Taniguchi, H., Iwagami, M., Nagino, K., Okumura, Y., Midorikawa-Inomata, A., Akasaki, Y., Huang, T., Morooka, Y., Okuyama, T., Nakao, S., Murakami, A., Kobayashi, H., & Inomata, T. (2024). Effect of antihistamine-releasing contact lenses on ocular symptoms and treatment behavior in patients with seasonal allergic conjunctivitis: A retrospective study. Heliyon, 10(13), e33385. https://doi.org/10.1016/j.heliyon.2024.e33385
  8. ResearchGate. (n.d.). Antimicrobial contact lenses and lens cases: A review. Retrieved January 10, 2026, from https://www.researchgate.net/publication/264431587_Antimicrobial_Contact_Lenses_and_Lens_Cases_A_Review
  9. U.S. National Library of Medicine. (2021). Antimicrobial contact lenses and lens cases [PubMed record]. Retrieved January 10, 2026, from https://pubmed.ncbi.nlm.nih.gov/33775382/

Published: 17 January 2025

Last updated: 3 February 2026

Share

26 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.