ကလေးအား ဖြည့်စွက်စာ စတင်ကျွေးခြင်း (Complementary feeding or weaning diet) ဆိုသည်မှာ ကလေးအသက် (၆) လဝန်းကျင်တွင် မိခင်နို့ သို့မဟုတ် ဖော်မြူလာနို့မှုန့်တစ်မျိုးတည်း၏ အာဟာရအပြင် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရရှိသော အခြားအစားအစာများကို စတင်မိတ်ဆက်၍ ထပ်ဆောင်းကျွေးခြင်းဖြစ်သည်။
ကလေးမွေးစမှ အသက် (၆) လအထိ မိခင်နို့ သို့မဟုတ် ဖော်မြူလာနို့မှုန့် တစ်မျိုးတည်း တိုက်ကျွေးခြင်းသည် ကလေးအတွက် အာဟာရလုံလောက်မှုရှိသည်။ သို့ရာတွင် အသက် (၆) လအထက် ကလေးများတွင်မူ နို့တစ်မျိုးတည်းမှရသော အာဟာရစွမ်းအင်များသည် ကလေး၏ အလုံးစုံ ကြီးထွားဖွံ့ဖြိုးမှုအတွက် မလုံလောက်နိုင်သောကြောင့် ဖြည့်စွက်စာ အစားအစာများကျွေးခြင်းဖြင့် အာဟာရစွမ်းအင်များ လုံလုံလောက်လောက် ရရှိစေရန် ဖြည့်ဆည်းပေးခြင်းဖြစ်သည်။

ကလေးအား ဖြည့်စွက်စာစတင်ကျွေးခြင်း၏ အရေးကြီးပုံ
မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရာမှ မိသားစုစားသုံးသည့် အစားအစာများသို့ ကူးပြောင်းကျွေးမွေးသည့်ကာလ (ဖြည့်စွက်စာကျွေးသည့်ကာလ) သည် ပုံမှန်အားဖြင့် အသက် ၆လ မှ ၂၄လ (အသက်နှစ်နှစ်) အတွင်းဖြစ်သည်။ ဖြည့်စွက်စာစတင်ကျွေးချိန်တွင် မိခင်နို့ကို ရပ်ပစ်ရန်မလိုဘဲ ကလေးအသက် (၂) နှစ်ထိ ဆက်၍တိုက်သင့်သည်။ ကလေးငယ်စိတ်ဆန္ဒရှိပါက (၂) နှစ်ကျော်သည်အထိ တိုက်နိုင်သည်။
ဤကာလသည် ကလေးငယ်များ ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးသော အချိန်ကာလဖြစ်ပြီး မိဘအုပ်ထိန်းသူများမှ ကလေးအား အာဟာရပြည့်ဝရန် ဂရုစိုက်၍ လုပ်ဆောင်ခြင်းမရှိပါက ကလေးငယ်၏ ကြီးထွားမှုကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ဖြည့်စွက်စာစတင်ကျွေးသည့် အချိန်ကာလသည် ကမ္ဘာတစ်ဝန်းရှိ အသက် (၅) နှစ်အောက် ကလေးငယ်များတွင် အာဟာရချို့တဲ့ခြင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ခြင်းနှင့် မကြာခဏဖျားနာခြင်းတို့ ဖြစ်ပွါးနှုန်း ပိုမိုမြင့်မားစေနိုင်သည့် အဓိကကာလလည်းဖြစ်သည်။
ဖြည့်စွက်စာ စတင်မိတ်ဆက်သင့်သည့် အသက်အရွယ်
ကလေးအတွက် ဖြည့်စွက်စာ စတင်မိတ်ဆက်ကျွေးရန် အသင့်တော်ဆုံး အသက်မှာ (၆) လ အရွယ်ဖြစ်သည်။ အသက် (၆) လတွင် ကလေး၏ အစာခြေဖျက်မှုစနစ်နှင့် အစာအိမ်၊ အူလမ်းကြောင်း အနေအထားတို့အပြင် ပုံမှန်ဖွံ့ဖြိုးမှုမှတ်တိုင်များအရလည်း ဖြည့်စွက်စာကို စတင်လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ဖြည့်စွက်စာ စတင်ကျွေးတော့မည်ဆိုလျှင် ကလေးသည် ဖြည့်စွက်စာကို လက်ခံရန် အဆင်သင့် ဖြစ်မဖြစ်ကို အရင်ဆုံး ဆန်းစစ်သင့်သည်။
ဖြည့်စွက်စာစတင်လက်ခံရန် အဆင်သင့်ဖြစ်သော ကလေး၏လက္ခဏာများ
- ကလေးသည် ခေါင်းသေချာထောင်နိုင်ခြင်း
- ကလေးသည် အမှီနှင့်သော်လည်းကောင်း၊ အမှီမပါဘဲနှင့်သော်လည်းကောင်း ထိုင်နိုင်ခြင်း
- ကလေးသည် အစားအစာများအပေါ် အာရုံစူးစမ်းမှု ရှိလာခြင်း
- ကလေးသည် အစားအစာကို ပါးစပ်ထဲသို့ ထည့်သောအခါ မျိုချနိုင်ခြင်း၊ လျှာနှင့်တွန်းထုတ်မှုမရှိခြင်း စသည့်လက္ခဏာများရှိလျှင် ဖြည့်စွက်စာ စတင်မိတ်ဆက်ကျွေးနိုင်ပြီဖြစ်သည်။
ဖြည့်စွက်စာအတွက် ကလေးအား ကျွေးသင့်သော အစာအာဟာရအုပ်စုများ
ကလေးအတွက် ဖြည့်စွက်စာကျွေးရန် အစားအစာများကို ရွေးချယ်ရာတွင်
- သန့်ရှင်းလတ်ဆတ်မှု ရှိသည့် အစားအစာ
- သံဓာတ်နှင့် တခြား ဗီတာမင်၊ သတ္တုဓာတ်များ အစုံအလင်ပါဝင်သည့် အစားအစာ
- ဘေးဥပါဒ်ဖြစ်စေမည့် ဓာတုပစ္စည်းများ၊ တာရှည်ခံဆေးများ ပါဝင်မှုမရှိသည့် အစားအစာ
- မိသားစုဝင်ငွေနှင့် သင့်တော်မှုရှိပြီး အလွယ်တကူ ရရှိနိုင်သော အစားအစာများကို ရွေးချယ်သင့်သည်။
ကလေးများအတွက် အစားအစာအမျိုးအစား စုံလင်အောင်ကျွေးခြင်း (Dietary Diversity) အလေ့အထကို ပြုလုပ်သင့်သည်။ ထို့အပြင် ဖြည့်စွက်စာပြင်ဆင်ရာတွင်လည်း ကြယ်လေးပွင့် အာဟာရစနစ် (4-Star Diet) အတိုင်း အစာအာဟာရအုပ်စုများကို သတ်မှတ်ပေါင်းစပ်ကျွေးရမည်။ ကြယ်လေးပွင့် အာဟာရစနစ်တွင် ပါဝင်သော အစာအုပ်စုများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အခြေခံစွမ်းအင်ပေးသော ကစီဓာတ်ပါသည့် အစားအစာများ – ကြယ် (၁) ပွင့်
- ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ စသည့်အစားအသောက်များ

- တိရစ္ဆာန်မှရသော အစားအစာများ – ကြယ် (၁) ပွင့်
- ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးမျိုးစုံ၊ ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ
(ပရိုတင်းဓာတ်အများစုပေးသော ထိုအုပ်စုသည် အလွန်အရေးကြီးသောကြောင့် မကြာခဏပါဝင်အောင် ကျွေးရန်လိုသည်၊ နုပ်နုပ်စဥ်း၍ နူးအောင်၊ ကျက်အောင်ချက်ရန် လိုအပ်သည်)
- ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးမျိုးစုံ၊ ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ

- ပဲအမျိုးမျိုး – ကြယ် (၁) ပွင့်
- ပဲနီလေး၊ ပဲဝါလေး၊ ကုလားပဲ၊ မြေပဲ၊ တို့ဖူး၊ ပဲပြားနှင့် အစေ့အဆန်များ
[အမိုင်နိုအက်စစ် (Amino Acids) ပါဝင်မှုပမာဏနှင့် အစာခြေနိုင်မှုများတွင် ပဲမျိုးစုံမှရသော ပရိုတင်းသည် တိရစ္ဆာန်မှရသော ပရိုတင်းဓာတ်လောက် ကောင်းမွန်ခြင်းမရှိသော်လည်း ခန္ဓာကိုယ်အတွက် အလွန်အသုံးဝင်သော ပရိုတင်းဓာတ်တစ်မျိုးဖြစ်သည်၊ ကုန်ကျစရိတ်လည်း နည်းပါးသည်]
- ပဲနီလေး၊ ပဲဝါလေး၊ ကုလားပဲ၊ မြေပဲ၊ တို့ဖူး၊ ပဲပြားနှင့် အစေ့အဆန်များ

- ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ – ကြယ် (၁) ပွင့်
- အစိမ်းရောင်ရှိသော အရွက်များ၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ဂေါ်ဖီ၊ ကန်စွန်းရွက်၊ ထောပတ်သီး၊ ငှက်ပျောသီးမှည့်၊ သင်္ဘောသီး၊ သရက်သီးမှည့်၊ ရွှေကန်စွန်းဥ၊ နာနတ်သီး၊ ဖရဲသီးစသည့် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ
(ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်ပြီး အရောင်စုံအသီးအနှံများ စုံလင်အောင်ကျွေးပေးလျှင် ပိုမိုကောင်းမွန်သည်) - ထို့အပြင် သင်္ဘောသီး၊ ငှက်ပျောသီး၊ သရက်သီးမှည့်၊ ထောပတ်သီးစသည့် ရာသီပေါ်အသီးများ၊ ရွှေကန်စွန်းဥပြုတ်နှင့် မြန်မာမုန့်များကို ထမင်းစားချိန်ကြား သရေစာအဖြစ် အသက်အရွယ်ပေါ်မူတည်၍ တစ်ရက်လျှင် (၁) ကြိမ်၊ (၂) ကြိမ်ခန့် ကျွေးနိုင်သည်
- အစိမ်းရောင်ရှိသော အရွက်များ၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ဂေါ်ဖီ၊ ကန်စွန်းရွက်၊ ထောပတ်သီး၊ ငှက်ပျောသီးမှည့်၊ သင်္ဘောသီး၊ သရက်သီးမှည့်၊ ရွှေကန်စွန်းဥ၊ နာနတ်သီး၊ ဖရဲသီးစသည့် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ

အသက်အရွယ်အလိုက် ဖြည့်စွက်စာကျွေးနည်းများ
အသက် (၆) လအရွယ် ဖြည့်စွက်စာ ပထမဆုံး စတင်ကျွေးခြင်း
- အသက် (၆) လပြည့်လျှင် ဖြည့်စွက်စာ စတင်ကျွေးရန် လိုအပ်ပြီး၊ ကလေးအား မိခင်နို့ကို ဦးစွာအရင်တိုက်ပြီးမှ ဖြည့်စွက်စာ ကျွေးသင့်သည်
- စတင်ကျွေးချိန်တွင် ကြေညက်အောင် ကြိတ်ထားသောအစာကို ကျွေးရမည်
- အစာအုပ်စုတစ်မျိုးဖြင့်စတင်ပြီး တစ်ကြိမ်လျှင် အစာအုပ်စုတစ်ခုစီကို ထည့်ကျွေးခြင်းဖြင့် မတူညီသော အာဟာရများ ရရှိစေရန် ကြယ်လေးပွင့် အစာအုပ်စုအားလုံး ကျွေးရမည်
- တစ်ပတ်လျှင် တစ်ကြိမ် အစာအမျိုးအစားအသစ်များ ထည့်သွင်းကျွေးရမည်
- အစာများကို ကျက်အောင်ချက်၍ အရည်နီးပါး အပျစ်အကျဲအနေအထားတွင် ကျွေးရမည်
- ထိုအပျစ်အကျဲ အနေအထားရရှိအောင် ရေ သို့မဟုတ် မိခင်နို့ကို အစာပြင်ဆင်သောအခါ အသုံးပြုနိုင်သည်
- တစ်ကြိမ်လျှင် စားပွဲတင်ဇွန်း (၂-၃) ဇွန်းဖြင့် တစ်နေ့လျှင် (၂-၃) ကြိမ်အထိ တိုး၍ကျွေးနိုင်သည်
- ဆီကို တစ်ကြိမ်လျှင် လက်ဖက်စားဇွန်း (၁) ဇွန်း ထည့်၍ကျွေးရမည်
- ကြေညက်အောင် ချေထားသောအသီးများကို အစာနှင့်ရော၍ဖြစ်စေ၊ အသီးသပ်သပ်ဖြစ်စေ သရေစာအနေဖြင့် တစ်ကြိမ်ထည့်၍ ကျွေးနိုင်သည်
- မိခင်နို့ကို တစ်နေ့လျှင် အနည်းဆုံး (၈) ကြိမ်နှင့် ကလေးဆာတိုင်း ဆက်လက်တိုက်ကျွေးရန်လိုသည်

အသက် (၆)လ မှ (၉)လအတွင်း ဖြည့်စွက်စာကျွေးခြင်း
- အသက် (၆)လ မှ (၉)လအတွင်း လိုအပ်သောအာဟာရ၏ တစ်ဝက်ခန့်ပမာဏကို မိခင်နို့မှရသည်
- အစာများကို ကျက်အောင်ချက်၍ အရည်ပုံစံထက် အနည်းငယ်ပို၍ပျစ်သော အနေအထားတွင် ကျွေးရမည်
- ရေ သို့မဟုတ် မိခင်နို့ကို အစာပြင်ဆင်သောအခါတွင် အသုံးပြုနိုင်သည်
- တစ်ကြိမ်ကျွေးတိုင်း ကြယ်လေးပွင့် အစာအုပ်စု အားလုံးပါဝင်အောင် ကျွေးရမည်
- တစ်ကြိမ်လျှင် ဆီ လက်ဖက်စားဇွန်း (၁) ဇွန်း ထည့်ကျွေးရမည်
- တစ်ကြိမ်ကျွေးလျှင် စားပွဲတင်ဇွန်း (၂-၃) ဇွန်းမှ ဖြည်းဖြည်းချင်း ပမာဏတိုး၍ (၂၅၀) စီစီ (250ml) ဆန့်သော ပန်းကန်လုံး တစ်ဝက်ခန့်ကို (၂-၃) ကြိမ်အထိ တိုးမြှင့်ကျွေးနိုင်သည်
- ကလေးစားနိုင်သောပမာဏကို သိရှိစေရန် သီးသန့်ပန်းကန်ဖြင့် ကျွေးရန်လိုသည်
- ကြေညက်အောင် ချေထားသောအသီးများကို သရေစာအနေဖြင့် တစ်ကြိမ် ထည့်ကျွေးနိုင်သည်
- မိခင်နို့ကို တစ်နေ့လျှင် အနည်းဆုံး (၈) ကြိမ်နှင့် ကလေးဆာတိုင်း ဆက်လက်တိုက်ကျွေးရန် လိုအပ်သည်

အသက် (၉)လ မှ (၁၂)လအတွင်း ဖြည့်စွက်စာကျွေးခြင်း
- အသက် (၉)လ မှ (၁၂)လအတွင်း ဖြည့်စွက်စာကျွေးခြင်း
- အသက် (၉)လ မှ (၁၂)လအတွင်း လိုအပ်သောအာဟာရ၏ တစ်ဝက်ခန့်ပမာဏကို မိခင်နို့မှရသည်
- အစာများကို ကျက်အောင်ချက်ပြီး ကြိတ်၍ဖြစ်စေ၊ ကလေးငယ်လက်ဖြင့် ယူစားနိုင်သော အရွယ်အစားအထိ လှီးဖြတ်၍ဖြစ်စေ ကျွေးနိုင်သည်
- ရေ သို့မဟုတ် မိခင်နို့ကို အစာပြင်ဆင်သောအခါတွင် အသုံးပြုနိုင်သည်
- တစ်ကြိမ်ကျွေးတိုင်း အစာအုပ်စု အားလုံးပါဝင်အောင်ကျွေးရမည်
- တစ်ကြိမ်လျှင် ဆီ လက်ဖက်စားဇွန်း (၁) ဇွန်း ထည့်ကျွေးရမည်
- တစ်ကြိမ်ကျွေးလျှင် (၂၅၀) စီစီ (250ml) ဆန့်သော ပန်းကန်လုံးတစ်ဝက် မှ ပန်းကန်လုံးတစ်လုံးအထိ ဖြည်းဖြည်းချင်း ပမာဏတိုး၍ (၃-၄) ကြိမ်အထိ တိုးမြှင့်ကျွေးနိုင်သည်
- အသီးများ၊ မြန်မာမုန့်များကို သရေစာအနေဖြင့် (၁-၂)ကြိမ် ထည့်ကျွေးနိုင်သည်
- အချိုရည်များ၊ အသီးဖျော်ရည်များ၊ ဘီစကစ်မုန့်အချိုများ ကျွေးခြင်းနှင့် ကော်ဖီ၊ လက်ဖက်ရည်များတိုက်ခြင်းမှ ရှောင်ကြဥ်ရမည်
- မိခင်နို့ကို တစ်နေ့လျှင် အနည်းဆုံး (၈) ကြိမ်နှင့် ကလေးဆာတိုင်း ဆက်လက်တိုက်ကျွေးရန် လိုအပ်သည်

အသက် (၁၂)လ မှ (၂၄)လအတွင်း ဖြည့်စွက်စာကျွေးခြင်း
- မိခင်နို့ကို ကလေးဆာတိုင်း ဆက်လက်တိုက်ကျွေးရန် လိုအပ်သည်
- အသက် (၁၂)လ မှ (၂၄)လအတွင်း လိုအပ်သောအာဟာရ၏ သုံးပုံတစ်ပုံကို မိခင်နို့မှရသည်
- မိသားစုထမင်းဝိုင်းမှ အစာများကို အတုံးသေးသေး၊ အလွှာသေးသေး၊ လက်ဖြင့်ကိုင်စားနိုင်သော အရွယ်အစား ပြင်ဆင်ပေးရမည်
- ဆီပါဝင်စေရန် ဟင်းအနှစ်များ ထည့်ကျွေးရမည်
- တစ်ကြိမ်ကျွေးတိုင်း ကြယ်လေးပွင့် အစာအုပ်စု အားလုံးပါဝင်အောင်ကျွေးရမည်
- တစ်ကြိမ်ကျွေးလျှင် (၂၅၀) စီစီ (250ml) ဆန့်သော ပန်းကန်လုံး တစ်လုံးကို (၃-၄) ကြိမ်ထိ ကျွေးနိုင်သည်
- အသီးများ၊ မြန်မာမုန့်များကို သရေစာအနေဖြင့် (၁-၂) ကြိမ် ထည့်ကျွေးနိုင်သည်
- အချိုရည်များ၊ အသီးဖျော်ရည်များ၊ ဘီစကစ်မုန့်အချိုများကျွေးခြင်းနှင့် ကော်ဖီ၊ လက်ဖက်ရည်များ တိုက်ကျွေးခြင်းမှ ရှောင်ကြဥ်ရမည်
- မိသားစုထမင်းဝိုင်းတွင် အတူတကွ ပါဝင်စားသောက်ခြင်း အလေ့အထကို အားပေးရန် လိုအပ်သည်

ဖြည့်စွက်စာအတွက် ရှောင်သင့်သည့် အစားအစာများ
- ကလေး အသက် (၁) နှစ်အောက်တွင် ဆားထည့်ကျွေးခြင်း၊ ပျားရည် တိုက်ကျွေးခြင်း ၊ နွားနို့တိုက်ခြင်း
- ကလေး အသက် (၂) နှစ်အောက်တွင် သကြားထည့်ကျွေးခြင်း
- ငန်လွန်းသော၊ အချိုလွန်ကဲသော၊ တာရှည်ခံဆေးနှင့် ဆိုးဆေး ဓာတုပစ္စည်းများပါသော အစားအစာများ၊
- ပိုးသတ်ထားခြင်း မရှိသော နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥအစိမ်း
- ကော်ဖီ၊ လက်ဖက်ရည်၊ ဂတ်စ်ပါသော အချိုရည်များနှင့် အားဖြည့်အချိုရည်များ
- သစ်သီးဖျော်ရည် [အသက် (၂) နှစ်အောက် ကလေးများကို အသီးဖျော်ရည်တိုက်ရန် အကြံမပြုပါ၊ အသီးကို အနှစ် သို့မဟုတ် အတုံးအဖြစ် ကျွေးခြင်းက ပိုသင့်တော်သည်]
ဖြည့်စွက်စာကျွေးရာတွင် သိသင့်သည့်အချက်များ
ကလေးများတွင် ဖြည့်စွက်စာ စတင်ကျွေးချိန်မှစ၍ လအနည်းငယ်ကြာသည်အထိ အစားနည်းခြင်း၊ အစားအလွန်ရွေးခြင်းစသည့် ပြဿနာများ ကြုံရတတ်သည်။ ထိုသို့ အစားနည်း၊ အစားရွေးသော ကလေးများ (Picky eaters) အတွက် မိဘများအနေဖြင့် အလွန်အမင်း စိတ်ပူရန်မလိုဘဲ စိတ်ရှည်ရှည်ဖြင့် အာဟာရပြည့်ဝစေရန် ဂရုတစိုက်ကျွေးပေးလျှင် အဆင်ပြေနိုင်သည်။
အစားအသောက်ပြင်ဆင်ရာတွင်
- အစာမပြင်ဆင်မီ၊ အစာမကျွေးမီ အချိန်များတွင် လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင် ဆေးပါ
- အစာမကျွေးမီ ကလေး၏လက်ကို စင်ကြယ်အောင် ဆေးပေးပါ
- ကလေးစားမည့်အစာများကို သန့်ရှင်းစွာပြင်ဆင်ပြီး လုံခြုံစွာ ဖုံးအုပ်သိမ်းဆည်းပါ
- အစာကို မကျွေးမီ နာရီဝက်၊ တစ်နာရီအလိုတွင် ပူပူနွေးနွေး ပြင်ဆင်ကျွေးပါ
- လတ်ဆတ်သော အသီးအနှံများကိုကျွေးပါ
ဖြည့်စွက်စာကျွေးရာတွင်
- တစ်ခါတည်းနှင့် ပမာဏအများကြီးမကျွေးဘဲ နည်းနည်းနှင့် မကြာခဏကျွေးပါ
- အစာသစ်တစ်ခုကိုကျွေးပါက ရက်အနည်းငယ်ကြာသည်ထိကျွေးပြီး ဓာတ်မတည့်မှု ရှိမရှိကို စောင့်ကြည့်ပါ
- ထမင်းဝါးကျွေးခြင်း၊ ပိတ်စိမ်းတိုက်ကျွေးခြင်းများဖြင့် မကျွေးရပါ
- ကလေးစားချင်စိတ်ရှိစေရန် စိတ်ရှည်ရှည်နှင့် ချော့မြှူကျွေးပါ
- အစားအစာအပေါ် ကလေး၏ စိတ်ဝင်စားခြင်း၊ ဗိုက်ဆာခြင်းနှင့် ဗိုက်ပြည့်ခြင်း အမူအရာများကို စောင့်ကြည့်၍ကျွေးခြင်းဖြင့် အစားအစာများအပေါ် ကောင်းမွန်သော စိတ်ခံစားချက် ဖြစ်ပေါ်စေသည်
- ကလေးငယ်သည် အစားအစာကို စိတ်မဝင်စားပါက အတင်းအကြပ်ကျွေးခြင်း မပြုလုပ်ရပါ
- ကလေးငယ်အား အစားအစာကို အကုန်မချင်း အတင်းကုန်အောင် ဖိအားပေးကျွေးခြင်း ရှောင်ကြဥ်ပါ
- မကြိုက်သော အစားအစာရှိပါက ဖယ်၍ကျွေးခြင်းထက် ပုံစံပြောင်း၍ကျွေးပါ
နေမကောင်းဖြစ်ချိန်တွင်
- ကလေးငယ် နေမကောင်းဖြစ်ချိန်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ချိန်တွင် အစာဖြတ်ထားခြင်း၊ လျှော့ကျွေးခြင်းများ မပြုလုပ်ပါနှင့်
- ကလေးငယ် ကြိုက်နှစ်သက်သော အစားအစာများကို ပမာဏနည်းနည်းနှင့် မကြာခဏကျွေးပါ၊ အရည်များကို ပို၍တိုက်ပါ၊ အသားပြုတ်ရည်၊ ဟင်းသီးဟင်းရွက်ပြုတ်ရည်များကို ဟင်းချိုအနေဖြင့် တိုက်နိုင်သည်
- မိခင်နို့ဆက်တိုက်ပါ
- အစာပျော့ပျော့နှင့် အရည်များ (ဓာတ်ဆားရည်၊ စွပ်ပြုတ်စသည်) ကို မကြာခဏတိုက်ကျွေးပါ
အစာနင်ခြင်းမှ ကာကွယ်ခြင်း (Prevention of choking)
- ဖြည့်စွက်စာကျွေးချိန်တွင် ကလေးငယ် အစာသီးခြင်း၊ နင်ခြင်းများဖြစ်ပါက လည်ပင်းလေပြွန်ပိတ်ဆို့ အသက်ရှူကျပ်ခြင်း ဖြစ်နိုင်သောကြောင့် အနားတွင်နေ၍ စောင့်ကြပ်ကြည့်ရှုပါ
- အစာသီးခြင်းများ ဖြစ်စေနိုင်သည့်အစာများ (ဥပမာ _ မြေပဲ၊ ပြောင်းဖူးစေ့၊ အစေ့အဆန်များ) ကျွေးခြင်းမှ ရှောင်ကြဥ်ပါ
- ကလေး အစာနင်ခြင်း၊ သီးခြင်းမှ ကာကွယ်ရန် ဖြည့်စွက်စာ စတင်မိတ်ဆက်ကျွေးသည့်ကာလတွင် ကလေး၏ လျှာပေါ်တွင် ပျော်ဝင်မလွယ်သော၊ ကလေး၏ လည်ချောင်းတွင် တစ်ဆို့နိုင်သော အမာအခဲများ ၊ ပျစ်ခဲသော အတုံးအခဲများ မဖြစ်စေရန် ဂရုစိုက်ပြင်ဆင်သင့်သည်
- ကလေးအတွက် ကိုင်စားရလွယ်ကူပြီး လည်ချောင်းတွင် တစ်ဆို့မှုမရှိစေရန် အစားအစာများကို ပြင်ဆင်ရာတွင် စပျစ်သီး၊ ချယ်ရီသီး၊ ဘလူးဘယ်ရီကဲ့သို့ လုံးဝန်းသောအသီးများကို (၂ -၃) စိပ်မျှ လှီးပေး၍သော်လည်းကောင်း၊ ငှက်ပျောသီး၊ ပန်းသီးကဲ့သို့ အသီးများကို လက်ချောင်းပုံ အချောင်းရှည်ရှည် လှီးဖြတ်၍သော်လည်းကောင်း ပြင်ဆင်ပေးသင့်သည်
References:
- UNICEF Myanmar. (n.d.). A user guide to complementary feeding & sample recipes for children aged 6–24 months (PDF). Retrieved January 8, 2026, from https://www.unicef.org/myanmar/media/7741/file/A%20user%20guide%20to%20complementary%20feeding%20&%20sample%20recipes%20for%20children%20aged%206-24%20months.pdf
- World Health Organization. (n.d.). Complementary feeding. Retrieved January 8, 2026, from https://www.who.int/health-topics/complementary-feeding#tab=tab_1
- World Health Organization. (n.d.). Complementary feeding: Evidence and learning network (ELENA). Retrieved January 8, 2026, from https://www.who.int/tools/elena/bbc/complementary-feeding
- World Health Organization. (2023). Infant and young child feeding. Retrieved January 8, 2026, from https://www.who.int/news-room/fact-sheets/detail/infant-and-young-child-feeding
- World Alliance for Breastfeeding Action. (2005). 10th World Breastfeeding Week: 10 points for action (PDF). Retrieved January 8, 2026, from https://worldbreastfeedingweek.net/support/2005/10pts’05_eng.pdf
Published: 11 January 2025
Last updated: 10 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.