Potty training (ကလေးများ အိမ်သာတက်ရန် လေ့ကျင့်ပေးခြင်း)

Potty training (ကလေးများ အိမ်သာတက်ရန် လေ့ကျင့်ပေးခြင်း)

ကလေးများအား အိမ်သာတက်ရန် လေ့ကျင့်ပေးခြင်း (Potty training) ဆိုသည်မှာ ကလေးများအနေဖြင့် မိမိတို့ ဆီးသွားချင်သည်၊ ဝမ်းသွားချင်သည့်စိတ်ကို နားလည်သိရှိပြီး၊ သင့်လျော်သောအချိန်တွင် အိမ်သာအိုး သို့မဟုတ် အိမ်သာကို မှန်မှန်ကန်ကန်နှင့် အသုံးပြုတတ်စေရန် သင်ကြားပေးခြင်းဖြစ်သည်။

အိမ်သာတက်ရန် လေ့ကျင့်ခြင်း စတင်သင့်သောအချိန်

ကလေးငယ်များကို အိမ်သာတက်ရန် လေ့ကျင့်ပေးခြင်းသည် ကလေး၏အသက်အရွယ်ပေါ် မူတည်မှုမရှိဘဲ ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် အပြုအမူဆိုင်ရာ မှတ်တိုင်များပေါ်တွင် မူတည်သောကြောင့် မည့်သည့်အသက်အရွယ်တွင် စတင်ရမည်ဟု အတိအကျမရှိပါ။ တစ်နှစ်အောက်ကလေးများတွင် အူလမ်းကြောင်းနှင့် ဆီးအိမ်ကို ထိန်းချုပ်နိုင်သောစွမ်းရည်သည် ဖွံ့ဖြိုးမှုမရှိသေးဘဲ အသက် (၁) နှစ်ခွဲခန့်တွင် အနည်းငယ်ထိန်းချုပ်နိုင်လာသည်။ ကလေးအများစုတွင် အသက် (၁) နှစ်ခွဲ မှ (၂) နှစ်အတွင်းသည် အိမ်သာတက်ရန် လေ့ကျင့်ပေးခြင်းအတွက် အကောင်းဆုံးအချိန်ဖြစ်သည်။ သို့သော် အချို့သောကလေးများသည် အသက် (၃) နှစ်အထိ အဆင်သင့်မဖြစ်သေးသည်များလည်း ရှိသည်။ ကလေးအဆင်သင့်မဖြစ်သေးလျှင် အလျင်မလိုသင့်ပေ။ လေ့ကျင့်ချိန် ပိုကြာခြင်းဖြစ်တတ်သည်။ ယောက်ျားလေးများသည် မိန်းကလေးများနှင့်ယှဥ်လျှင် အချိန်ပိုယူရလေ့ရှိပြီး အနည်းငယ်နောက်ကျတတ်သည်။

အိမ်သာတက်ရန်လေ့ကျင့်ခြင်းကို အထောက်အကူဖြစ်စေရန် ကလေးအသက် (၁၈ – ၂၁) လကြားအရွယ်တွင်

  1. အိမ်သာနှင့်ဆိုင်သော အခြေခံစကားလုံးများကို စတင်ရှင်းပြသင်ကြားပေးပါ
    • “ရှူရှူးပေါက်”၊ “အင်အင်းပါ” စသည့် ရိုးရှင်းသော စကားလုံးများသုံးစွဲပေးပါ
    • ၎င်းသည် ကိုယ်ခန္ဓာမှ ထွက်သော အညစ်အကြေးများဖြစ်ကြောင်း၊ လူတိုင်းလည်း ဆီးသွား၊ ဝမ်းသွားကြကြောင်းကို နားလည်အောင် ရှင်းပြပါ
    • သို့သော် “ညစ်ပတ်သည်၊ ရွံရှာဖွယ်ကောင်းသည်” ဟူသော စကားလုံးများ အသုံးမပြုသင့်ပါ
    • ပို၍နားလည်သောအရွယ်ရောက်ပါက အိမ်မှ သို့မဟုတ် ပြင်ပနေရာများမှ အိမ်သာကို မည်သည့်အတွက် အသုံးပြုရကြောင်း ရှင်းပြပေးပါ
  2. ကလေးသည် အိမ်သာသွားရန် လိုအပ်ချိန်ကို စောင့်ကြည့်၍ သင်ကြားပေးပါ
    • ကလေးသည် ဆီးသွားလိုစိတ်၊ ဝမ်းသွားလိုစိတ်ပေါ်လာပါက လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း၊ ခြေထောက်နှစ်ဖက်လိမ်ထားခြင်း၊ အဝတ်အစားကို ဆုပ်ကိုင်ထားခြင်းစသည့် လက္ခဏာများ ပြတတ်သည်၊ ထိုသို့တွေ့ရှိရပါက ရှူးပေါက်သင့်သောအချိန်၊ ဝမ်းသွားသင့်သောအချိန်ဖြစ်ကြောင်း ရှင်းပြပြောဆိုပေးပါ
  3. ကလေးအား သေးခံစိုစွတ်ပေကျံပါက မိဘကို ချက်ချင်းအသိပေးပြောပြရန် ရှင်းပြထားပါ
    • ကလေးသည် ဆီးပေါက်၊ ဝမ်းသွားထား၍ သေးခံပေကျံသွားပါက ချက်ချင်းလဲရန် မိဘအားပြောပြတတ်ပါစေ၊ မိဘများအနေဖြင့်လည်း စိတ်ရှည်စွာ သေးခံလဲလှယ်ပေးပါ၊ သေးခံလဲပေးချိန်တွင် ဆီး၊ ဝမ်းထွက်ကျခြင်းများ ရှိပါက ဆူခြင်း၊ အပြစ်တင်ခြင်း၊ အပြစ်ပေးခြင်းများ မပြုလုပ်သင့်ပါ

အိမ်သာတက်ရန် လေ့ကျင့်ပေးခြင်းအတွက် ကလေးမှ အဆင့်သင့်ဖြစ်ခြင်း
အိမ်သာတက်ရန် လေ့ကျင့်ပေးခြင်းကို ကလေးထံမှ အဆင့်သင့်ဖြစ်ကြောင်း အချက်ပြလက္ခဏာများ ရှိလျှင် စတင်ကျင့်ပေးနိုင်ပြီး၊ အဆင်သင့် ဖြစ်မဖြစ်ကို အောက်ပါအချက်များဖြင့် တိုက်ဆိုင်စစ်ဆေးကြည့်နိုင်သည်။

  • လွယ်ကူသောညွှန်ကြားချက်များအား လိုက်နာနိုင်ခြင်း (ဥပမာ _ အိမ်သာသို့သွားပါ၊ ထိုင်ပါ)
  • အိမ်သာ သို့မဟုတ် အိမ်သာကုလားထိုင် ထားရှိသည့်နေရာသို့ ကိုယ်တိုင် သွားနိုင်၊ ပြန်လာနိုင်ခြင်း
  • အိမ်သာ သို့မဟုတ် အိမ်သာကုလားထိုင်တွင် အကူအညီမပါဘဲ ထိုင်နိုင်ခြင်း၊ ပြန်ထနိုင်ခြင်း
  • အိမ်သာ သို့မဟုတ် အိမ်သာကုလားထိုင်တွင် ထိုင်ရသည်ကို စိတ်ဝင်စား၍ ပျော်လာခြင်း
  • စကားလုံး၊ အမူအရာ၊ ကိုယ်နေဟန်ထား စသည်တို့ဖြင့် အိမ်သာသွားချင်ကြောင်း ပြောဆိုညွှန်ပြနိုင်ခြင်း
  • သေးခံ သို့မဟုတ် အောက်ခံဘောင်းဘီအား အကူအညီမပါဘဲ ချွတ်နိုင်ခြင်း
  • အတိုင်းအတာတစ်ခုအထိ ဆီးထိန်းနိုင်ခြင်း၊ ဝမ်းထိန်းနိုင်ခြင်း၊ သေးခံအားမစိုအောင် အနည်းဆုံး (၂) နာရီခန့် ထိန်းထားနိုင်ခြင်း
  • သေးခံညစ်ပေနေလျှင် သက်သောင့်သက်သာ မဖြစ်ခြင်း၊ သေးခံလဲပေးရန်တောင်းဆိုခြင်း

အထက်ပါအချက်များမှ အများစုကိုပြုလုပ်နိုင်လျှင် ကလေးသည် အိမ်သာတက်လေ့ကျင့်ပေးခြင်းအတွက် အဆင်သင့်ဖြစ်နေနိုင်သည်။ အိမ်သာအိုး သို့မဟုတ် အိမ်သာကုလားထိုင်ဖြင့်သွားခြင်းကို လေ့ကျင့်ပေးခြင်းသည် အချိန်၊ အာရုံစူးစိုက်မှုနှင့် စိတ်ရှည်မှုများစွာ လိုအပ်သော်လည်း ရေရှည်တွင် ပိုမိုလွယ်ကူစေသည်။ ကလေးငယ်များအား အိမ်သာအိုးအသုံးပြုတတ်အောင် သင်ကြားပေးခြင်းသည် တစ်ရက်တည်းနှင့် ပြီးသည်မဟုတ်ချေ။ တစ်ခါတစ်ရံတွင် (၃)လ မှ (၆)လအထိ ကြာတတ်သည်။ ထို့ကြောင့် စိတ်ရှည်ရန်လိုသည်။ ကလေးအဆင်သင့်မဖြစ်မီတွင် စောစမိလျှင် သင်ကြားခြင်းသည် အချိန်ပို၍ ကြာမြင့်တတ်သည်။ အိမ်သာကောင်းစွာတက်နိုင်ရန် အဆင်ပြေသွားချိန်သည် ကလေးတစ်ဦးနှင့်တစ်ဦးတွငတွင် ခြားနားနိုင်သည်။

အိမ်သာတက်ရန် လေ့ကျင့်ပေးခြင်းကို ခေတ္တရွှေ့ဆိုင်းသင့်သည့်အခြေအနေများ
  • မိသားစုနှင့်အတူ ခရီးထွက်ခြင်း
  • ကလေးအား ပုခက်မှအိပ်ရာသို့ ပြောင်းသိပ်ခြင်း
  • အိမ်အသစ်သို့ ပြောင်းရွှေ့ခြင်း
  • ကလေးဖျားနာနေခြင်း (ဥပမာ _ ဝမ်းလျှောခြင်း)
  • မိသားစုထဲတွင် မောင်နှမအငယ် မွေးဖွားလာခြင်းစသည့် အပြောင်းအလဲကိစ္စများရှိနေလျှင် လေ့ကျင့်ခြင်းကို ခေတ္တရွှေ့ဆိုင်းသင့်သည်။
အိမ်သာတက်နိုင်ရန် လေ့ကျင့်ပေးမှုအတွက် အရေးကြီးသောပြင်ဆင်မှုများ
  • စတင်လေ့ကျင့်ချိန်တွင် အောက်ခံခွက်တွဲလျက်ပါသော အိမ်သာအိုး သို့မဟုတ် အိမ်သာကမုတ်ပေါ်တွင် ထိုင်၍လေ့ကျင့်ပေးနိုင်သော အိမ်သာကုလားထိုင်ကို အသုံးပြုသင့်သည်၊ ကလေး၏ ခြေထောက်ကို ကြမ်းပြင် သို့မဟုတ် ခြေတင်ခုံပေါ်တွင် ထားပါ
  • ထိုအိမ်သာကုလားထိုင် သို့မဟုတ် အိမ်သာအိုးနှင့် ကလေးကို ရင်းနှီးအောင် ပြုလုပ်ပေးသင့်သည်
  • ကလေးအား အိမ်သာအိုးထိုင်ကျင့်ခြင်းကို စတင်ရန်စီစဥ်ထားပါက ထိုအိမ်သာအိုးကို သင့်လျော်သောနေရာ (ဥပမာ _ ရေချိုးခန်း) တွင် ထားသင့်သည်၊ အိမ်သာအိုးတွင် ထိုင်နေစဥ် စာအုပ်ဖတ်ပြခြင်း၊ ကစားစရာများနှင့် ကစားခြင်းတို့ ပြုလုပ်နေနိုင်သည်
  • ကလေးက အိမ်သာကုလားထိုင်ကို ကြောက်ရွံ့နေလျှင်၊ ထိုကုလားထိုင်ကို အသုံးပြုရန် အလွန်အမင်း တွန်းအားပေးခြင်း မပြုလုပ်ရပါ
  • ပုံမှန် တစ်နေ့ တစ်ကြိမ် ကလေးကို အဝတ်ဝတ်လျက်နှင့်ပင် အိမ်သာကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းသင့်သည်၊ ထိုသို့ထိုင်သည့်အတွက်လည်း ချီးကျူးပေးပါ
  • ထို့နောက် ကလေးများကိုယ်တိုင် အလွယ်တကူ ဝတ်နိုင်၊ ချွတ်နိုင်သော အဝတ်အစားများ ဝတ်ဆင်ပေးပါ၊ နောက်ပိုင်းတွင်မှ အဝတ်ချွတ်ပေးပြီး လေ့ကျင့်ပေးပါ
  • ကလေးကို အိမ်သာအိုးနှင့် ကပ်၍ ကြိုးချည်ထားခြင်းကို ရှောင်ကြဥ်ပါ၊ ကလေး ဆန္ဒရှိသည့်အချိန်တွင် ထထွက်သွားစေရန် စီမံထားပါ၊ ဆီး၊ ဝမ်းမသွားဘဲ ထထွက်သွားပါကလည်း မိဘမှ စိတ်ရှည်ပါ၊ ဆူပူခြင်းမလုပ်ပါနှင့်
  • ကလေးကို အိမ်သာအိုးပေါ်တွင် (၅) မိနစ်ထက်ပိုကြာအောင် မထိုင်ပါစေနှင့်၊ တစ်ခါတစ်ရံ အိမ်သာအိုးထိုင်ချိန်တွင် ဝမ်းမသွားဘဲ သေးခံပြန်ဝတ်ချိန်မှ ဆီး၊ ဝမ်းသွားလိုက်ပါကလည်း ကလေးအား ဆူပူ၊ အပြစ်တင်ခြင်း မပြုလုပ်ပါနှင့်
  • ကလေး၏သေးခံ သို့မဟုတ် အောက်ခံဘောင်းဘီမှ အညစ်အကြေးကို ကလေး၏ အိမ်သာကုလားထိုင်အတွင်းသို့ ထည့်ပြပါ၊ သို့မှသာ ကလေးသည် အညစ်အကြေးများ မည်သည့်နေရာတွင် စွန့်ပစ်ရမည်ကို သိလာမည်ဖြစ်သည်
  • ကလေး၏ ဆီးသွားခြင်း သို့မဟုတ် ဝမ်းသွားခါနီး ပြုမူတတ်သည့် အပြုအမူများ (ဥပမာ _ မျက်နှာနီရဲလာခြင်း ၊ ညည်းသံများထွက်ခြင်း) ကို မှတ်သားထားသင့်သည်၊ ထိုကဲ့သို့အပြုအမူများ ရှိလာလျှင် အိမ်သာအိုးရှိရာသို့ အမြန်ခေါ်သွားသင့်သည်
  • နေ့ခင်းဘက်တွင် ကလေး၏ဆီးသွားချိန်၊ ဝမ်းသွားချိန်တို့ကို သတိထား၍ ထိုအချိန်များ (အထူးသဖြင့် အစာစားပြီးချိန် သို့မဟုတ် အရည်များသောက်ပြီးချိန်) တွင် ကလေးအား အိုးပေါ်တွင် ထိုင်စေသည့် အလေ့အထကို ပြုလုပ်ပေးသင့်သည်
  • အိမ်သာတက်ပြီးသောအခါ သန့်ရှင်းရေး သေချာစွာ ပြုလုပ်တတ်ရန်၊ လက်ကို သေချာစွာဆေးရန် သင်ပေးသင့်သည်
  • ထိုသို့ပြုလုပ်နိုင်ခြင်းအတွက် ကလေးအား ချီးကျူးစကားများ ပြောပေးရမည်၊ အရုပ်လေးများပေးခြင်း သို့မဟုတ် အိပ်ယာဝင်ပုံပြင်များပြောပြခြင်းစသည့် ဆုချသည့်နည်းလမ်းများလည်း ပြုလုပ်နိုင်သည်။

အိမ်သာကုလားထိုင် သို့မဟုတ် အိမ်သာအိုးတွင် ထိုင်ခြင်းသည် ကလေး၏စိတ်ဆန္ဒအတိုင်း လုပ်ဆောင်ခြင်းသာဖြစ်သင့်သည်။ အတင်းတိုက်တွန်းခြင်းမပြုရပါ။ အတင်းအကျပ်တိုက်တွန်းလျှင် ပို၍ငြင်းဆန်ခြင်း ဖြစ်တတ်သည်။ အကယ်၍ ကလေးသည် စိတ်ဖိစီးမှုများဖြစ်လျှင်၊ စိတ်ပူပန်များဖြစ်လျှင် အဆင်မပြေမှုများနှင့် ကြုံနိုင်သည်။ ထိုသို့ဖြစ်လျှင် တစ်ခါတစ်ရံ မတော်တဆမှုများ ဖြစ်တတ်သည်။ ကလေးအား အပြစ်ပေးခြင်း၊ ရှက်ရွံ့စေခြင်းတို့ မဖြစ်စေဘဲ နှစ်သိမ့်ပေးရမည်ဖြစ်သည်။ အခြားသောကလေးများနှင့် နှိုင်းယှဥ်ခြင်းမပြုသင့်ပါ။

အိမ်သာတက်ရန် လေ့ကျင့်ခြင်းစတင်ပြီး‌နောက် ပြောင်းလဲမှုရှိသော အခြေအနေများ

လေ့ကျင့်မှု စတင်ပြီးသည်နှင့် အောက်ပါအချက်များအတိုင်း ပြောင်းလဲမှုများစွာ တွေ့ရှိနိုင်သည်။

  • ကလေးသည် အိမ်သာအိုးကို စတင်အသုံးပြုပြီးနောက်ပိုင်း ဆီး၊ ဝမ်း သွားရန်လိုအပ်ပြီဖြစ်ကြောင်း ပြောနိုင်ပါက၊ ပုံမှန်အချိန်များတွင် အိုးနေရာသို့ ခေါ်သွားခြင်း သို့မဟုတ် သွားရန် အကြိမ်များစွာ သတိပေးခြင်းများ မလိုအပ်တော့ပါ
  • တစ်ခါသုံး လေ့ကျင့်ရေးဘောင်းဘီ (training pants) များကို စတင်အသုံးပြုပေးပါ၊ အတွင်းခံဘောင်းဘီ ဝတ်ဆင်ခြင်းသည် ကြီးပြင်းလာခြင်း၏ လက္ခဏာဖြစ်ပြီး ကလေးအများစုသည်လည်း ထိုသို့ဝတ်ရသည်ကို သဘောကျသည်၊ အိမ်သာတက်ရန် လေ့ကျင့်ခြင်း စတင်ပြီးနောက် အနှီးများ၊ သေးခံများကို ဝတ်ဆင်ခြင်းသည် ကလေးအတွက် စိတ်ရှုပ်ထွေးမှု ဖြစ်စေနိုင်သည်
  • ကလေးသည် လေ့ကျင့်ရေးဘောင်းဘီ ဝတ်ဆင်ထားစဉ် မတော်တဆ ဆီး၊ ဝမ်းများ ထွက်ကျပါက ဆူပူခြင်း၊ အပြစ်ပေးခြင်းများ မလုပ်ပါနှင့်၊ စိတ်ငြိမ်ငြိမ်ထားပြီး သန့်ရှင်းရေးလုပ်ပေးပါ
  • ကလေးကို ဘောင်းဘီဆွဲချခြင်း၊ အိုးပေါ် ထိုင်ခြင်းနှင့် အသုံးပြုခြင်းတို့အတွက် ချီးမွမ်းခြင်း သို့မဟုတ် ဆုချခြင်းများ ဆက်တိုက် လုပ်ဆောင်ပါ၊ မိဘမှ ကျေနပ်ပျော်ရွှင်ကြောင်း ပြသပါက ကလေးသည် နောက်တစ်ကြိမ်များစွာ အိမ်သာအိုး၊ ကုလားထိုင်များကို ပိုမိုအသုံးပြုလာမည်ဖြစ်သည်
  • ကလေးများ ကြီးလာသည်နှင့်အမျှ၊ အိမ်သာသွားပြီးနောက် မိမိကိုယ်ကို သန့်ရှင်း‌အောင်သုတ်ခြင်းနှင့် လက်ဆေးခြင်းတို့ကို သင်ကြားပေးပါ၊ သမီးမိန်းကလေးများကို ဆီးလမ်းကြောင်းထဲသို့ ဝမ်းမှတစ်ဆင့် ပိုးမွှားများ မဝင်စေရန် ရှေ့မှ နောက်သို့သာ သုတ်၍ သန့်ရှင်းရေးပြုလုပ်ရန် သင်ကြားပေးရမည်
  • ယေဘုယျအားဖြင့် မိဘများသည် ကလေးများအား လေ့ကျင့်ခြင်းကို အလျင်စလိုမလုပ်ဘဲ စိတ်ရှည်စွာဖြင့် ပြုလုပ်ပါ၊ ကလေးတိုင်း မတူညီကြောင်းနှင့် ၎င်းတို့၏ ကိုယ်ပိုင်အရှိန်ဖြင့်သာ သင်ယူနိုင်ကြောင်း သတိရပါ
  • လေ့ကျင့်ခြင်း အဆင်မပြေပါက၊ ရက်သတ္တပတ် အနည်းငယ်ကြာထိ သေးခံများကို ပြန်ဝတ်ပေးပြီး နောက်မှထပ်မံကြိုးစားသင့်သည်
  • ကလေးအများစုသည် အသက် ၃ နှစ် သို့မဟုတ် ၄ နှစ်အရွယ်တွင် ဝမ်းထိန်းချုပ်ခြင်းနှင့် နေ့ဘက် ဆီးထိန်းချုပ်ခြင်းကို ပြုလုပ်နိုင်ကြသည်၊ ထိုအသက်အရွယ်နောက်ပိုင်းအထိ ဝမ်းပါချခြင်း သို့မဟုတ် နေ့ဘက် ဆီးပေါက်ချခြင်းတို့ ဖြစ်ပေါ်ပါက သက်ဆိုင်ရာမိသားစုဆရာဝန်နှင့် ဆွေးနွေးသင့်သည်။
ညအချိန်များတွင် အိမ်သာတက်ရန် လေ့ကျင့်ပေးခြင်း

ညဘက်အိပ်ချိန်များတွင် အိမ်သာတက်ရန်လေ့ကျင့်ပေးခြင်းသည် နေ့အချိန်လေ့ကျင့်ပေးခြင်းထက် များစွာနောက်ကျနိုင်သည်။ ညဘက်အတွက် လေ့ကျင့်မှုမစတင်မီ နေ့အချိန်များတွင် ကောင်းမွန်စွာလုပ်ဆောင်နိုင်သည့် အခြေအနေရရှိပြီးသား ဖြစ်နေသင့်သည်။ ကလေးသည် နေ့အချိန်များတွင် ရက်အနည်းငယ်ဆက်တိုက် သေးခံထဲတွင် ဆီးမသွားတော့လျှင် သို့မဟုတ် အနည်းငယ်သာစိုခြင်းများဖြစ်လျှင် ညဘက်လေ့ကျင့်ပေးခြင်းကို စတင်နိုင်ပြီဖြစ်သည်။

စတင်ကျင့်ချိန်တွင် ကလေးအား အိပ်ရာမဝင်မီတွင် အိမ်သာသွားခိုင်းခြင်းနှင့် ညဘက်တွင် အလွယ်တကူအသုံးပြုနိုင်စေရန် အိမ်သာအိုးအား အိပ်ရာအနီးအနားတွင် ထားခြင်းတို့ကို ပြုလုပ်သင့်သည်။ တစ်ခါတစ်ရံတွင် မတော်တဆအနေဖြင့် အိပ်ရာထဲတွင် ဆီးသွားနိုင်သည့်အတွက် ထိုအချိန်အတောအတွင်း အိပ်ရာခင်းများကို အစွပ်စွပ်ထားခြင်း၊ ညအချိန်နှင့် တစ်ရေးအိပ်နေချိန်များတွင် သေးခံဝတ်ပေးထားခြင်း၊ တစ်ခါသုံး လေ့ကျင့်ရေးဘောင်းဘီ ဝတ်ပေးထားခြင်းတို့ကို ပြုလုပ်နိုင်သည်။

တစ်ရေးတစ်မောအိပ်ချိန်နှင့် ညဘက်အိပ်ချိန်များတွင် လေ့ကျင့်မှုသည် ပုံမှန်အားဖြင့် အောင်မြင်ရန် ပိုကြာသည်။ ဆီးသွားလိုသည့်အချိန်များ၊ ဝမ်းသွားချင်သည့်အချိန်များတွင် နိုးလာစေသည့် အခြေအနေဖြစ်စေရန် တစ်ခါတစ်ရံ လပေါင်းများစွာအထိ ကြာနိုင်သည်။ အသက် (၄ – ၅) နှစ်အရွယ်မှစ၍ လေ့ကျင့်ပေးနိုင်သည်။ သို့ရာတွင် ကလေးသည် အသက် (၇) နှစ်ကျော်သည်အထိ ညတိုင်း သို့မဟုတ် တစ်ပတ်လျှင် နှစ်ညနှင့်အထက် ညဘက်အိပ်ရာထဲ ဆီးသွားနေသေးလျှင် ဆရာဝန်နှင့် တိုင်ပင်ရန်လိုအပ်သည်။

အကူအညီ ရယူသင့်သည့်အချိန်

ကလေးတွင် အောက်ပါအချက်များ ဖြစ်ပေါ်နေပါက မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပါ။

  • ကလေးအသက် (၂) နှစ်ခွဲထက် ကြီးသော်လည်း အိမ်သာတက်ရန် လေ့ကျင့်ခြင်းကို လုံးဝစိတ်မဝင်စားပါက
  • အသက် (၃) နှစ်ထက် ကြီးနေပြီး နေ့ဘက်တွင် အိမ်သာတက်ရန် လေ့ကျင့်ခြင်း မပြုလုပ်နိုင်ပါက
  • အိမ်သာအိုး သို့မဟုတ် အိမ်သာကုလားထိုင်ပေါ်တွင် ထိုင်ရန် ငြင်းဆန်ပါက
  • ဝမ်းနှင့် ဆီးကို ထိန်းချုပ်ထားခြင်း၊ အောင့်ထားခြင်း ရှိပါက တိုင်ပင်ဆွေးနွေးသင့်သည်။

References:

  1. KidsHealth. (n.d.). Toilet teaching. Retrieved November 10, 2025, from https://kidshealth.org/en/parents/toilet-teaching.html
  2. Mayo Clinic. (n.d.). Potty training: How to teach your child to use the toilet. Retrieved November 10, 2025, from https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/potty-training/art-20045230
  3. NHS. (n.d.). How to potty train. Retrieved November 10, 2025, from https://www.nhs.uk/conditions/baby/babys-development/potty-training-and-bedwetting/how-to-potty-train/
  4. Raising Children Network. (n.d.). Toilet training guide. Retrieved November 10, 2025, from https://raisingchildren.net.au/preschoolers/health-daily-care/toileting/toilet-training-guide
  5. Stanford Children’s Health. (n.d.). Toilet training. Retrieved November 10, 2025, from https://www.stanfordchildrens.org/en/topic/default?id=toilet-training-90-P02300

Published: 19 November 2024

Last updated: 9 January 2026

Share

26 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.