အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း ဆိုသည်မှာ ကလေးဘဝမှ အရွယ်ရောက်ပြီးသူတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်းဖြစ်သည်။ ထိုအချိန်တွင် ခန္ဓာကိုယ်တွင်း၌ ထွက်ပေါ်လာသော ဟော်မုန်းများကြောင့် ကလေး၏ ခန္ဓာကိုယ်သည် လူကြီးတစ်ယောက်၏ ခန္ဓာကိုယ်အဖြစ်သို့ အဆင့်ဆင့် ပြောင်းလဲဖွံ့ ဖြိုးလာပြီး၊ မျိုးပွါးနိုင်သော၊ လိင်ပိုင်းဆိုင်ရာ ရင့်ကျက်သော လူကြီးတစ်ယောက်အဖြစ်သို့ ရောက်ရှိသွားသည်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများသာမက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများလည်း ဖြစ်ပေါ်လာသည်။
လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်းဖြစ်စဥ်အတွက် ပထမဦးစွာ ဦးနှောက်မှ ခန္ဓာကိုယ်သို့ ပြောင်းလဲမှုများစတင်ရန် အသိပေးချက် (Signals) များ ပေးပို့သည်။ ဦးနှောက်အတွင်းရှိ ဟိုက်ပိုသာလမတ်စ် (Hypothalamus) ဂလင်းမှ Gonadotropin-releasing hormone (GnRH) ဟော်မုန်းကို ထုတ်ပေးပြီး ပစ်ကျူထရီဂလင်း (Pituitary gland) ကို အလုပ်လုပ်ဆောင်ရန် လှုံ့ဆော်သည်။ ထို့ကြောင့် ပစ်ကျူထရီဂလင်းမှ Luteinizing hormone (LH) နှင့် Follicle-stimulating hormone (FSH) ဟုခေါ်သော ဟော်မုန်းနှစ်မျိုးကို ထုတ်လုပ်ပေးသည်။ ထိုဟော်မုန်းများမှ ခန္ဓာကိုယ်အတွင်းရှိ ကျား၊ မ မျိုးပွားအင်္ဂါများကို အမျိုးသားဟော်မုန်းဖြစ်သော တက်စတိုစတီရုန်းဟော်မုန်း (Testosterone) နှင့် အမျိုးသမီးဟော်မုန်းများဖြစ်သော (အီစတိုဂျင် – Oestrogen) နှင့် (ပရိုဂျက်စတီရုန်း – Progesterone) များအသီးသီးထွက်စေသည်။ ထို ကျားမ ဟော်မုန်းပမာဏများ တဖြည်းဖြည်းမြင့်တက်လာသည်နှင့် ကလေးတွင်လည်း လူပျိုဖော်၊ အပျိုဖော်ဝင်သည့် လက္ခဏာများ ပိုမိုသိသာထင်ရှားလာသည်။
အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းကြောင့် ခန္ဓာကိုယ်ပြောင်းလဲမှုများသည် အသက်အရွယ်တူ ကလေးတစ်ဦးနှင့်တစ်ဦး၌ပင် ထပ်တူမကျနိုင်ပေ။ ထို့ကြောင့် ဆယ်ကျော်သက်ကလေးများအနေဖြင့် စိတ်ရှုပ်ထွေးခြင်း၊ စိတ်ပူပန်ခြင်းစသည်တို့ကို ခံစားရတတ်သည်။ မိဘများအနေဖြင့် မိမိတို့ကလေးများအား လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်တွင် ပြောင်းလဲလာမည့် သဘာဝဖြစ်စဥ်အခြေအနေများကို ကြိုတင်ရှင်းပြထားသင့်ပြီး ပုံမမှန်သောဖြစ်စဥ်များ သတိပြုမိပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်သင့်သည်။
ယောက်ျားလေးများ လူပျိုဖော်ဝင်ချိန်
ယောက်ျားလေးများတွင် အသက် (၉)နှစ် မှ (၁၄)နှစ်အရွယ်သည် လူပျိုဖော်ဝင်ရန် စတင်သောအချိန်ဖြစ်သည်။ ယောက်ျားလေးများသည် မိန်းကလေးများထက် လူပျိုဖော်ဝင်ချိန် (၂) နှစ်ခန့် နောက်ကျသည်။
ယောက်ျားလေး လူပျိုဖော်ဝင်ခြင်းအဆင့်များ
Tanner Staging သို့မဟုတ် Sexual maturity rating (SMR) ဟုခေါ်သော သတ်မှတ်ချက်များဖြင့် လူပျိုဖော်ဝင်ခြင်းကို အဆင့် (၅) ဆင့် ခွဲခြားထားသည်။ မိဘများသည် ထိုအဆင့်များကို သိရှိပြီး မိမိတို့ကလေး၏ ပြောင်းလဲမှုများကို သတိထား စောင့်ကြည့်သင့်သည်။
- အဆင့် (၁) – လူပျိုဖော်မဝင်မီ အဆင့် (ဤအဆင့်တွင် ခန္ဓာကိုယ်တွင် သိသိသာသာ ပြောင်းလဲမှုမရှိပါ)
- အဆင့် (၂) – ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု စတင်ဖြစ်ပေါ်သည်
အထူးသဖြင့် အသက် (၉ – ၁၄) နှစ်ကြားတွင် ဖြစ်ပေါ်သည်။- လိင်အင်္ဂါ ကြီးထွားခြင်း (ဝှေးစေ့နှင့် ကပ်ပယ်အိတ် ကြီးထွားခြင်း)
- လိင်တံပတ်ဝန်းကျင်နှင့် ချိုင်းအောက်တွင် အမွှေးအမျှင် အနည်းငယ် ပေါက်လာခြင်း
- အရပ်ရှည်ထွက်လာခြင်း (တစ်နှစ်လျှင် ၂ – ၂.၅ လက်မခန့်)
- ခန္ဓာကိုယ်ဖွဲ့စည်းပုံ အနည်းငယ်ပြောင်းလဲလာခြင်း
- ကိုယ်ခန္ဓာတွင် ကိုယ်နံ့စတင်ရှိလာပြီး၊ ချွေးနံ့ပျောက်ဆေးများ အသုံးပြုရန် လိုအပ်လာခြင်း
- အဆင့်(၃) – ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု ပိုမိုမြန်ဆန်လာသည်
အသက် (၁၀ – ၁၆) နှစ်ကြားတွင် ဖြစ်ပေါ်သည်။- လိင်တံ၊ ဝှေးစေ့နှင့် ကပ်ပယ်အိတ် ဆက်၍ကြီးထွားခြင်း
- ဆီးခုံမွှေးများပို၍ ပေါက်လာပြီး ကြမ်းတမ်း၍ အရောင်ရင့်လာခြင်း
- အရပ်ပို၍ ရှည်ထွက်လာခြင်း (တစ်နှစ်လျှင် (၃) လက်မခန့်)
- အသံပြောင်းလာခြင်း
- ကြွက်သားထုထည် တိုးလာခြင်း
- ချွေးထွက်များလာပြီး ကိုယ်နံ့ပိုမိုသိသာလာခြင်း
- အဆင့် (၄) – အလျင်မြန်ဆုံး ပြောင်းလဲသောအဆင့်ဖြစ်သည်
အသက် (၁၁ – ၁၆) နှစ်ကြားတွင် ဖြစ်ပေါ်သည်။- လိင်တံပို၍ ကြီးလာခြင်း၊ ဝှေးစေ့နှင့် ကပ်ပယ်အိတ်ရှိ အရေပြားများ အရောင်ရင့်လာခြင်း၊ ကပ်ပယ်အိတ်အရေပြားသည် တွန့်ခေါက်လာခြင်း
- ဆီးခုံမွှေးအပါအဝင် ခန္ဓာကိုယ်ရှိ အမွှေးများသည် အရွယ်ရောက်ပြီးသူကဲ့သို့ ပြောင်းလဲလာခြင်း
- အရပ်ရှည်နှုန်း အမြင့်ဆုံးဖြစ်ခြင်း (တစ်နှစ်လျှင် ၄ လက်မခန့်)
- ဝက်ခြံများထွက်လာခြင်း
- အဆင့် (၅) – လူပျိုဖော်ဝင်ခြင်း၏ နောက်ဆုံးအဆင့်ဖြစ်သည်
- အရွယ်ရောက်ပြီးသူကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အပြည့်အစုံ ဖွံ့ဖြိုးပြီးစီးခြင်း
- ဆီးခုံမွှေးသည် ပေါင်ရင်း (သို့မဟုတ်) ဗိုက်အောက်ပိုင်းထိ ပေါက်ခြင်း
များသောအားဖြင့် အသက် (၁၇) နှစ်အရွယ်တွင် ကြီးထွားမှုအားလုံး ပြီးဆုံးသည်။ တချို့ တွင် အသက် (၂၀) အစောပိုင်းထိ ဆက်လက်ကြီးထွားကြသည်။ အမျိုးသား ရင်သားကြီးထွားမှု (Gynaecomastia) ကို လူပျိုဖော်ဝင် ယောက်ျားလေးများ (အသက် ၁၁ – ၁၅နှစ်) ၏ (၅၀%) တွင် တွေ့နိုင်သည်။ သို့သော် လူပျိုဖော်ဝင်ခြင်း ပြီးဆုံးလျှင် ပျောက်ကင်းသွားတတ်သည်။
လူပျိုဖော်ဝင်ချိန်ကလေးများ၏ စိတ်ခံစားမှု
မိမိ၏ကလေးသည် လူပျိုဖော်ဝင်ချိန်တွင် စိတ်ပိုင်းဆိုင်ရာ ကသောင်းကနင်း ဖြစ်တတ်သည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်ဖိအားများနှင့် အမျိုးသားဟော်မုန်းဖြစ်သော တက်စတိုစတီရုန်းဟော်မုန်း (Testosterone) မြင့်တက်ခြင်းကြောင့် စိတ်ဓာတ်ကျသော အပြုအမူများဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ မထိန်းချုပ်နိုင်ခြင်းနှင့် မိသားစုနှင့် သဘောထားကွဲလွဲခြင်းများ ဖြစ်လွယ်သည်။ ထို့ကြောင့် မိဘများသည် ထိုအခြေအနေများနှင့် ကြုံတွေ့ပါက မိမိကလေး၏ စိတ်ခံစားချက်ကို စိတ်ရှည်စွာ နားထောင်ပေးခြင်း၊ ကလေးနှင့် အတူတကွရှိပေးပြီး ချစ်ခင်နှစ်သက်ကြောင်း ပြသပေးခြင်းဖြင့် အထက်ပါအခြေအနေများကို လျော့နည်းစေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ လွန်ကဲသော စိတ်ခံစားမှုများဖြစ်ခြင်း၊ မိသားစု၊ သူငယ်ချင်းများနှင့် အတူမနေဘဲ တစ်ဦးတည်း သီးသန့်နေလိုခြင်းနှင့် ကျောင်းစာများ မလိုက်နိုင်ခြင်းစသည့် လက္ခဏာများတွေ့ရှိပါက မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ စိတ်ကျန်းမာရေး အထူးကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်သင့်သည်။
ယောက်ျားလေးတစ်ယောက်သည် လူပျိုဖော်ဝင်ခြင်းဖြစ်စဥ်ကို အသက် (၉) နှစ်မတိုင်ခင် ဖြစ်ပေါ်ပါက စော၍ လူပျိုဖော်ဝင်ခြင်း (Precocious Puberty) နှင့် အသက် (၁၄) နှစ်ကျော်သည်အထိ ဖြစ်ပေါ်ခြင်းမရှိပါက နောက်ကျ၍ လူပျိုဖော်ဝင်ခြင်း (Delayed Puberty) ဟုသတ်မှတ်နိုင်ပြီး အခြေအနေ (၂) မျိုးလုံးကို မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး ပြသရန်လိုသည်။ တစ်ခါတစ်ရံ ဦးနှောက်နှင့် ဟော်မုန်းဆိုင်ရာရောဂါများနှင့် တွဲနိုင်သည်။ နောက်ကျ၍ လူပျိုဖော်ဝင်ခြင်းသည် ဖခင်တွင် ရာဇဝင်ရှိပါက သားယောက်ျားလေးတွင်လည်း နောက်ကျတတ်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
မိန်းကလေးများ အပျိုဖော်ဝင်ချိန်
မိန်းကလေးများတွင် အသက် (၈) နှစ်နှင့် (၁၃) နှစ်ကြားတွင် အပျိုဖော်ဝင်ခြင်း စတင်သည်။ မိန်းကလေးများသည် ယောက်ျားလေးများထက် (၂) နှစ်ခန့်စော၍ အပျိုဖော်ဝင်ကြသည်။
မိန်းကလေး အပျိုဖော်ဝင်ခြင်းအဆင့်များ
ယောက်ျားလေးများကဲ့သို့ပင် မိန်းကလေးများ၏ အပျိုဖော်ဝင်ခြင်း အဆင့်များကို Tanner Staging ဖြင့် သတ်မှတ်ပြီး အဆင့် (၅) ဆင့်ရှိသည်။
- အဆင့်(၁) – အပျိုဖော်မဝင်မီ အဆင့် (ဤအဆင့်တွင် ခန္ဓာကိုယ်တွင် သိသိသာသာ ပြောင်းလဲမှု မရှိပါ)
- အဆင့်(၂) – ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု စတင်ဖြစ်ပေါ်သည်
အထူးသဖြင့် အသက် (၈ – ၁၃) နှစ်ကြားတွင် ဖြစ်သည်။- ရင်သားစတင်ဖွံ့ဖြိုးလာခြင်းနှင့် နို့သီးခေါင်းပတ်လည် အမည်းကွင်းကြီးလာခြင်း
- ဆီးခုံမွှေးများ အနည်းငယ်ပေါက်လာခြင်း
- အရပ်ရှည်ထွက်လာခြင်း (တစ်နှစ်လျှင် ၂.၅ လက်မခန့်)
- ကိုယ်ခန္ဓာတွင်း၌ သားအိမ်နှင့် သားဥအိမ်များ ဖွံ့ဖြိုးလာခြင်း
- ကိုယ်ခန္ဓာတွင် ကိုယ်နံ့စတင်ရှိလာပြီး ချွေးနံ့ပျောက်ဆေးများ အသုံးပြုရန် လိုအပ်လာခြင်း
- အဆင့်(၃) – ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု ပိုမိုမြန်ဆန်လာသည်
အသက် (၉ – ၁၄) နှစ်ကြားတွင် ဖြစ်ပေါ်သည်။- ရင်သားဆက်လက် ကြီးထွားဖွံ့ဖြိုးခြင်း
- ချိုင်းအောက်တွင် အမွှေးအမျှင် အနည်းငယ်ပေါက်လာခြင်း၊ ဆီးခုံမွှေးများ ပိုပေါက်လာ၍ ကြမ်းပြီး အရောင်ရင့်လာခြင်း
- အရပ်ပို၍ ရှည်ထွက်လာခြင်း (တစ်နှစ်လျှင် ၃ လက်မခန့်)
- အရေပြားအဆီပြန်လာပြီး ဝက်ခြံထွက်လာခြင်း
- အဆင့် (၄) – အလျင်မြန်ဆုံး ပြောင်းလဲသောအဆင့်ဖြစ်သည်
အသက် (၁၀ – ၁၅) နှစ်ကြားတွင် ဖြစ်ပေါ်သည်။- ရင်သားဆက်လက်ကြီးထွားပြီး နို့သီးခေါင်းထွက်လာခြင်း
- ဆီးခုံမွှေးများ ပို၍ပေါက်လာခြင်း
- အရပ်ရှည်ခြင်း (တစ်နှစ်လျှင် ၂.၅ လက်မခန့်)
- ဝက်ခြံများ ပိုများလာခြင်း
- ရာသီသွေးစပေါ်ခြင်း
- အဆင့် (၅) – အပျိုဖော်ဝင်ခြင်း၏ နောက်ဆုံး အဆင့်ဖြစ်သည်
- အရွယ်ရောက်ပြီးသူကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အပြည့်အစုံ ဖွံ့ဖြိုးပြီးစီးခြင်း
- ဆီးခုံမွှေးသည် ပေါင်ရင်း သို့မဟုတ် ဗိုက်အောက်ပိုင်းထိ ပေါက်ခြင်း
- အရပ်ဆက်လက်ရှည်ခြင်း (တစ်နှစ်လျှင် ၂.၅ လက်မခန့်)
- ဝက်ခြံများ ဆက်လက်ပေါက်ခြင်း
ရာသီသွေးစပေါ် ခြင်း (Menstruation) သည် မိန်းကလေးများ အသက် (၁၂) အရွယ်တွင် စတင်ဖြစ်ပေါ်လေ့ရှိသည်။ ရင်သားစတင်ဖွံ့ဖြိုးခြင်းနှင့် ဆီးခုံမွှေးများ အနည်းငယ်ပေါက်လာခြင်းတို့ ဖြစ်ပေါ်ပြီး (၂) နှစ်ခန့်အကြာတွင် ရာသီစလာတတ်သည်။ ရာသီသွေး စောပေါ် ခြင်း၊ နောက်ကျပေါ် ခြင်းသည် မိခင်နှင့် ညီအစ်မများတွင် စောဖြစ်ခြင်း၊ နောက်ကျဖြစ်ခြင်း ရာဇဝင်နှင့်လည်း သက်ဆိုင်သည်။
များသောအားဖြင့် အသက် (၁၆) နှစ်အရွယ်တွင် ကြီးထွားမှုအားလုံး ပြီးဆုံးသည်။ တချို့တွင် အသက် (၂၀) အစောပိုင်းထိ ဆက်လက်ကြီးထွားကြသည်။
အပျိုဖော်ဝင်ချိန်ကလေးများ၏စိတ်ခံစားမှု
မိန်းကလေးအများစုသည် အပျိုဖော်ဝင်စအချိန်တွင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ကြုံတွေ့ရနိုင်သည်။ အမျိုးသမီးဟော်မုန်းများ (အီစတိုဂျင် – Oestrogen) နှင့် (ပရိုဂျက်စတီရုန်း – Progesterone) တို့ကြောင့် ထိုပြောင်းလဲမှုများဖြစ်လာပြီး အချို့သူများတွင် ပိုမိုပြင်းထန်တတ်သည်။ ထိုကြောင့် စိတ်ဓာတ်ကျသော အပြုအမူများ ဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ မထိန်းချုပ်နိုင်ခြင်းနှင့် မိသားစုနှင့် သဘောထားကွဲလွဲခြင်း စသောအခြေအနေများ ကြုံလျှင် မိဘမှ မိမိကလေး၏ ခံစားချက်ကို ခံစားနားလည်ပေးခြင်း၊ ကလေးအား ကိုယ်ပိုင်အချိန်ပေး၍ အနားယူစေခြင်းဖြင့် ချစ်ခြင်းမေတ္တာကို ပြသရန်လိုသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ လွန်ကဲသော စိတ်ခံစားမှုများ ဖြစ်ခြင်း၊ မိသားစု၊ သူငယ်ချင်းများနှင့် အတူမနေဘဲ တစ်ဦးတည်း သီးသန့်နေလိုခြင်းနှင့် ကျောင်းစာများ မလိုက်နိုင်ခြင်းစသည့် လက္ခဏာများတွေ့ရှိပါက မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ စိတ်ကျန်းမာရေး အထူးကုဆရာဝန်များနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။ အချို့တွင် ဟော်မုန်းဆေးများဖြင့် ယာယီကုသခြင်းသည် အထက်ပါလက္ခဏာများကို သက်သာစေသည်။
မိန်းကလေးများသည်လည်း တစ်ဦးနှင့်တစ်ဦး အပျိုဖော်ဝင်ကြသည့် အချိန် ထပ်တူမကျနိုင်ပါ။ သို့သော် အသက် (၈) နှစ်မတိုင်မီ အပျိုဖော်ဝင်ပါက စောစီးစွာ အပျိုဖော်ဝင်ခြင်း (Precocious Puberty) ဟုခေါ် ပြီး အသက် (၁၃) နှစ်ကျော်သည်အထိ အပျိုဖော်ဝင်ခြင်းမရှိပါက နောက်ကျ၍ အပျိုဖော်ဝင်ခြင်း ( Delayed Puberty) ဟုခေါ်သည်။ ထိုအခြေအနေ (၂) မျိုးလုံးကို မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ပြသရန်လိုသည်။ ထို့ပြင် အစီအစဥ်မကျဘဲ အပျိုဖော်ဝင်ခြင်း (ဥပမာ _ ဆီးခုံမွှေးမရှိဘဲ ရင်သားဖွံ့ ဖြိုးနေခြင်း၊ ရင်သားဖွံ့ဖြိုးမှု မရှိဘဲ ရာသီသွေးပေါ်နေခြင်း) စသည်တို့သည်လည်း ပုံမှန်အခြေအနေ မဟုတ်သောကြောင့် မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ပြသရန်လိုသည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း
အပျို၊ လူပျိုဖော်ဝင်ခြင်း အဆင့်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဆရာဝန်များမှ ရာဇဝင်မေးမြန်းခြင်း၊ ကလေးအား စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်ပေးမည်။ ကလေးသည် အပျိုဖော်၊ လူပျိုဖော်ဝင်နိုင်သည့် အသက်အပိုင်းအခြားအတွင်းတွင် ရှိနေပါက သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ရန်မလိုပါ။
အကယ်၍ စောစီးစွာ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း (Precocious Puberty) နှင့် နောက်ကျ၍ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း (Delayed Puberty) များရှိသည်ကို သတိထားမိပါက သို့မဟုတ် အခြားရောဂါလက္ခဏာများနှင့် တွဲလာပါကဖြစ်စေသောအကြောင်းရင်းများကို ရှာဖွေကုသရန်လိုသည်။
အကြောင်းရင်းအချို့မှာ_
- ကင်ဆာအကျိတ်များကြောင့် ဟော်မုန်းပမာဏများ ပုံမှန်မဟုတ်ခြင်း
- ဟော်မုန်းများ၏ ကိုယ်ခန္ဓာအား တုံ့ပြန်မှု ပုံမှန်မဟုတ်ခြင်း
- မျိုးဗီဇဆိုင်ရာ ရောဂါများ
- အာဟာရချို့တဲ့ခြင်းဆိုင်ရာ ရောဂါများ (စားသောက်မှုအလေ့အထ မူမမှန်ခြင်းဆိုင်ရာရောဂါများ – Eating disorders) စသည်တို့ဖြစ်သည်။
ရောဂါရှာဖွေစစ်ဆေးမှုများတွင် ဟော်မုန်းပမာဏများကို သွေးဖောက်၍ စစ်ဆေးခြင်း၊ ဟော်မုန်းထုတ်သော ဂလင်းများ၏ အခြေအနေများကို သိရှိရန် အာထရာဆောင်း (USG) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း စသည်တို့ကို လိုအပ်သလို ပြုလုပ်နိုင်သည်။ ဟော်မုန်းပြဿနာများ တွေ့ရှိရပါက သက်ဆိုင်ရာ ဟော်မုန်းအထူးကုဆရာဝန်များထံ လွှဲပြောင်းပေး၍ ကုသမှုများ ဆက်လက်ခံယူနိုင်မည်ဖြစ်သည်။
References:
- Cleveland Clinic. (n.d.). Puberty. Retrieved October 14, 2025, from https://my.clevelandclinic.org/health/body/puberty
- Healthline. (n.d.). Stages of puberty. Retrieved October 14, 2025, from https://www.healthline.com/health/parenting/stages-of-puberty
- WebMD. (n.d.). Slideshow: Puberty stages. Retrieved October 14, 2025, from https://www.webmd.com/children/ss/slideshow-puberty-stages
Published: 26 October 2024
Last updated: 4 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.