Screen time (ကလေးနှင့် Screen time)

Screen time (ကလေးနှင့် Screen time)

Screen time ဆိုသည်မှာ လှုပ်ရှားမှုရုပ်ပုံများပေါ်သည့် အလင်းဖန်သား မျက်နှာပြင် (ဥပမာ _ ဖုန်း၊ တီဗီ၊ ဂိမ်း၊ ကွန်ပျူတာ စသည်များ) ကို ကြည့်သောအချိန်ဖြစ်သည်။ ယနေ့နည်းပညာနှင့် မီဒီယာခေတ်သို့ ရောက်ရှိလာသောကြောင့် ဖုန်း၊ တီဗီ၊ ဂိမ်း၊ ကွန်ပျူတာအသုံးပြုသူ များပြားလာပြီး ထိုပစ္စည်းများ၏ လှုပ်ရှားမှုရုပ်ပုံများအား ကြည့်ရှုချိန် (Screen time) လည်း များလာသည်။ ယခုခေတ်တွင် မိဘအများစုသည် ကလေးငယ်များကို ထိန်းကျောင်းရာတွင်လည်း အဆိုပါမီဒီယာပစ္စည်းများကို တွင်ကျယ်စွာ အသုံးပြုလာကြရာ ကလေးငယ်များ၏ Screen time ပါ သိသိသာသာ မြင့်တက်လာသည်။ ကိုဗစ်အလွန် ပညာရေးတွင်လည်း အင်တာနက်လိုင်းပေါ်မှ ပိုမိုသင်ကြားလာကြသည်။

ကလေးတစ်ယောက်၏ အရေးကြီးသည့် ဘဝအစ ရက် (၁၀၀၀) တွင် ပါဝင်သော ပထမအသက် (၂) နှစ်သည် ကလေးငယ်၏ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနိုင်မှုအတွက် အရေးကြီးဆုံးအချိန်ဖြစ်သည်။ ထိုအချိန်တွင် ကလေးသည် Screen time များနေလျှင် ပတ်ဝန်းကျင် စူးစမ်းလေ့လာမှု လျော့နည်းသွားတတ်သည်။ ထို့ကြောင့် ကလေးသည် ဖန်သားပြင်မှသာရသည့် ကျဥ်းမြောင်းသော အမြင်၊ အတွေးအခေါ်များနှင့် ကြီးပြင်းလာတတ်သည်။ Screen time အချိန်များတွင် အပြန်အလှန်ဆက်သွယ်ရေး အတွေ့အကြုံမျိုး မရရှိဘဲ ဖန်သားပြင်မှ ကလေးဆီသို့လာသော တစ်ဖက်သတ် ဆက်သွယ်မှုသာရရှိသည်။ ထို့ပြင် ကလေးအချင်းချင်း ဆော့ကစားချိန်၊ မိဘဆွေမျိုးများနှင့် အတူနေချိန်များလည်း လျော့နည်းလာနိုင်သည်။

Screen Time များသောကလေးတွင် အတွေ့ရများသော ပြဿနာများ
  1. ဘာသာစကား ဖွံ့ဖြိုးမှု အားနည်းလာခြင်း
    ကလေးတစ်ယောက်သည် ဘာသာစကားဖွံ့ဖြိုးစေရန် ပတ်ဝန်းကျင်ရှိ လူသားများ၏ စကားပြောသံများ၊ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံပုံများ၊ မျက်နှာကိုယ်ဟန်အမူအရာများနှင့် စိတ်ခံစားမှု၏ သဘောသဘာဝကို သိရှိနားလည်ရန် လိုအပ်သည်။ ဖုန်း၊ တီဗီမှရသော ဘာသာစကားသည် တစ်လမ်းသွားသာဖြစ်သဖြင့် ကလေးသည် ပတ်ဝန်းကျင်လေ့လာမှုနှင့် အပြန်အလှန်ဆက်သွယ်ရေး အားနည်းကာ ဘာသာစကားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည်။
  2. အာရုံစူးစိုက်မှု အားနည်းခြင်း၊ ကျောင်းစာများ လစ်ဟင်းလာခြင်း
    Screen time များသော ကလေးများသည် အာရုံစူးစိုက်မှု အားနည်းပြီး ဂနာမငြိမ်ခြင်း (အထူးသဖြင့် စာဖတ်ရာတွင် အာရုံစူးစိုက်မရခြင်း၊ စာဖတ်စွမ်းရည် ကျဆင်းခြင်း) များ ဖြစ်တတ်သည်။
  3. အိပ်ချိန် ပုံမမှန်ခြင်း၊ ကြီးထွားမှု ထိခိုက်ခြင်း
    ဖုန်း၊ တီဗီ အကြည့်များသော ကလေးများသည် အိပ်ချိန်ကို ထိခိုက်နိုင်သည်။ အိပ်ချိန် ပုံမမှန်သောကြောင့် ဦးနှောက်မှ အိပ်ချိန်တွင် သဘာဝအလျောက်ထွက်သော Melatonin ဟော်မုန်း အထွက်နည်းလာပြီး အိပ်ချိန် ပို၍နည်းလာသည်။ နောက်ဆက်တွဲအနေဖြင့် ကျောင်းသင်ခန်းစာများကို စိတ်ဝင်စားမှုမရှိဘဲ ကျောင်းတွင်းလုပ်ဆောင်ချက်များ ကျဆင်းလာသည်။ ထို့ပြင် အိပ်စက်ချိန်တွင်ထွက်သည့် ကြီးထွားမှုဟော်မုန်း (Growth hormone) လျော့နည်းလာသောကြောင့် ကလေးတွင် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်သည်။
  4. စိတ်ခံစားမှု ပုံမမှန်ခြင်း၊ အမူအရာကြမ်းတမ်းလာခြင်း
    Screen time များသော ကလေးများသည် စိုးရိမ်မှု၊ ဒေါသထွက်မှု၊ စိတ်အလိုမကျမှု အစရှိသော စိတ်ခံစားမှုမျိုးစုံကို ပိုမိုခံစားရတတ်သည်။ ကလေးများကြည့်သော ဇာတ်လမ်း၊ မြင်ကွင်းများပေါ်တွင်လည်း မူတည်၍ ကိုယ်၊ နှုတ်၊ အမူအရာများလည်း ကြမ်းတမ်းလာနိုင်သည်။
  5. အမြင်အာရုံ ထိခိုက်ခြင်း
    ဖန်သားမျက်နှာပြင်ကို အနီးကပ် စူးစိုက်ကြည့်ရသည့်အတွက် အချိန်ကြာလာသောအခါ အမြင်အာရုံကိုသာမကဘဲ မျက်လုံးတွင်းရှိ အစိတ်အပိုင်းများကိုပါ ထိခိုက်နိုင်သည်။
  6. ကစားချိန်နည်းပါးခြင်းနှင့် အဝလွန်ခြင်း
    Screen time များသော ကလေးများသည် ကိုယ်လက်လှုပ်ရှားချိန် နည်းခြင်းကြောင့် တက်ကြွစွာ ဆော့ကစားချိန် နည်းပါးသည်။ လှုပ်ရှားမှုနည်းခြင်း၊ အိပ်ခန်းတွင် အီလက်ထရောနစ် ပစ္စည်းများထားရှိခြင်းနှင့် တီဗီကြော်ငြာပါ အသင့်စား အစားအသောက်များကို စားသုံးခြင်းတို့ကြောင့် အဝလွန်ခြင်း ပို၍ဖြစ်နိုင်သည်။
  7. ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုပုံစံကို ထိခိုက်ခြင်း
    ကလေးများကို အစားအသောက် ကောင်းစွာစားစေလိုသော ရည်ရွယ်ချက်ဖြင့် ထမင်းစားနေစဥ် တီဗီ၊ ဖုန်း၊ တက်ဘလက် (Tablet) စသည်တို့ ပြတတ်ကြသည်။ ထိုသို့ပြသခြင်းအားဖြင့် အာဟာရမပြည့်ဝသော သို့မဟုတ် ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များကို ပိုမိုစားသုံးမိခြင်း၊ ထမင်းစားချိန်အတွင်း မိသားစုဝင်များ အချင်းချင်း တရင်းတနှီး စကားပြောဆိုဆက်သွယ်ခြင်းကို ထိခိုက်နိုင်ခြင်း ဖြစ်စေနိုင်သည်။
Screen Time လျှော့ချရန် လုပ်ဆောင်နိုင်သည့်အချက်များ
အချိန်သတ်မှတ်ခြင်းနှင့် အမျိုးအစား၊ အရည်အသွေးကို စစ်ဆေးရွေးချယ်ခြင်း
  1. အသက်အရွယ်အလိုက် Screen time အချိန်ကို သတ်မှတ်ပါ
    • အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များတွင် မိဘဆွေမျိုးများနှင့် video call ခေါ်ဆိုခြင်းမှလွဲ၍ Zero Screen Time ဟူ၍ လုံးဝကန့်သတ်ထားသည်
    • အသက် တစ်နှစ်ခွဲနှင့် ငါးနှစ်ကြားတွင် အများဆုံး တစ်နာရီ သတ်မှတ်ထားသည်၊ အသက် တစ်နှစ်ခွဲနှင့် နှစ်နှစ်ကြားအရွယ်တွင် ကလေးပညာပေး အစီအစဥ်မျိုးကို မိဘနှင့်အတူ အချိန်သတ်မှတ်၍ ကြည့်ရှုသင့်သည်
    • ငါးနှစ်အထက်ကလေးများတွင်မူ အချိန်တိကျစွာ သတ်မှတ်ထားခြင်းမရှိသော်လည်း ကလေး၏ အိပ်ချိန်၊ စားချိန်၊ ကိုယ်လက်လှုပ်ရှား ကစားချိန်တို့ကို မထိခိုက်စေရန် သတိထားရမည်
  2. Screen Time ၏ အမျိုးအစားကို ခွဲခြားပါ
    Screen Time သည် ပမာဏထက် အရည်အသွေးက ပိုအရေးကြီးသည်။ Screen Time ကို အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။
    • Passive Screen Time (တုံ့ပြန်မှုမရှိဘဲ ကြည့်ရှုခြင်း)
      တီဗီ၊ ဗီဒီယိုများကို စိတ်အားထက်သန်မှု၊ အပြန်အလှန်တုံ့ပြန်မှုမရှိဘဲ ကြည့်ရှုခြင်းမျိုးဖြစ်သည်။ ယင်းသည် ဘာသာစကား ဖွံ့ဖြိုးမှုကို အဓိက ထိခိုက်စေသည်။
    • Active Screen Time (အပြန်အလှန်တုံ့ပြန်မှုဖြင့် ကြည့်ရှုခြင်း)
      ပညာရေးဂိမ်း ကစားခြင်း၊ သင်္ချာပြဿနာဖြေရှင်းသည့် App များအသုံးပြုခြင်း၊ မိသားစုနှင့် video call ခေါ်ဆိုခြင်း၊ Digital Art ဖန်တီးခြင်းစသည်တို့ကဲ့သို့ ကလေးကိုယ်တိုင် ဦးနှောက်ကို အသုံးပြုပြီး ပါဝင်လှုပ်ရှားရသည့် အရာများဖြစ်သည်။ ၎င်းတို့ကို ပိုမိုအားပေးသင့်သည်။
  3. မိဘမှ ရွေးချယ်ပါ၊ အတူတကွ ပူးပေါင်းပါဝင်ပါ
    • ကလေးကြည့်သော ဇာတ်လမ်း၊ ပရိုဂရမ်၊ App စသည်တို့ကို မိဘမှ ရွေးချယ်ပေးရန် လိုအပ်သည်
    • ကလေးကို တစ်ယောက်တည်းမကြည့်စေဘဲ မိဘနှင့်အတူ ကြည့်ရှုပြီး၊ Screen ထဲပါရှိသော ဇာတ်ကောင်၊ အကြောင်းအရာများအကြောင်း အပြန်အလှန် ပြောဆိုဆက်သွယ်ရမည်၊ ဤသို့ပြုလုပ်ခြင်းဖြင့် ကလေးပေါ် Screen time ၏ ဆိုးကျိုးသက်ရောက်မှုကို နည်းပါးစေနိုင်သည်။
  4. မိဘများသည်လည်း Role Model ဖြစ်ပါစေ
    ကလေးများသည် မိဘများ၏ ပြုမူပြောဆိုပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံတို့ကို ကြည့်၍ သင်ယူကြသောကြောင့် မိဘများသည်လည်း မိမိတို့၏ Screen time ကို ကန့်သတ်ထားရန် လိုအပ်သည်။
ကျန်းမာရေးနှင့် ဘေးကင်းရေးကို ဦးစားပေးခြင်း
  1. မျက်လုံးကျန်းမာရေးအတွက် “20-20-20 နည်းလမ်း” ကို လိုက်နာပါ
    Screen time ကို ကြာမြင့်စွာ အသုံးပြုရပါက မျက်လုံးညောင်းညာမှုကို လျှော့ချရန်
    • အသုံးပြုမှု (၂၀) မိနစ် တိုင်းတွင်
    • (၂၀) စက္ကန့်ခန့် အနားယူပါ
    • ပေ (၂၀) (၆ မီတာခန့်) အကွာရှိ အရာဝတ္ထုတစ်ခုကို ကြည့်ပါ
    • ထို့အပြင် ဖန်သားမျက်နှာပြင်ကို လက်တစ်ကမ်း အကွာအဝေးတွင် ထားရှိသင့်ပြီး၊ အလင်းရောင် အလွန်မများစေရန် ချိန်ညှိသင့်သည်
  2. ပုံမှန်လှုပ်ရှားမှုနှင့် အနားယူချိန်ပေးပါ
    ပညာရေးလိုအပ်ချက်အရ Screen time ကို ကြာမြင့်စွာ အသုံးပြုရမည့် ကလေးများတွင် အားလပ်ချိန် ခေတ္တပေး၍ ကိုယ်လက်လှုပ်ရှားမှု လုပ်စေခြင်း၊ စိမ်းစိုသော ရှုခင်း၊ ကောင်းကင်၊ သစ်ပင်များကို ကြည့်ရှုပြီး အပန်းဖြေစေခြင်းများကို ပူးတွဲလုပ်ဆောင်ရမည်။
  3. အိပ်စက်ချိန်ကို လုံးဝမထိခိုက်ပါစေနှင့်
    • ကလေး၏ အိပ်ခန်းထဲတွင် ဖုန်း၊ တီဗီ၊ အီလက်ထရောနစ်ပစ္စည်းများ မထားရှိရန် အရေးကြီးသည်
    • ကလေးများ မအိပ်မီ တစ်နာရီခန့် အလိုတွင် Screen time ကြည့်ခြင်းကို လုံးဝကန့်သတ်ထားရန် လိုအပ်သည်
  4. ကလေးများ အစားစားချိန်တွင် screen မပြရန် သတိပြုပါ
    • ကလေးငယ်များ အစားအသောက်ကို စိတ်ဝင်တစား စားသောက်နိုင်ရန် ထမင်းစားနေစဥ် Screen time မရှိစေရန် ကန့်သတ်ရန် လိုအပ်သည်
  5. အွန်လိုင်းဘေးကင်းရေးနှင့် Cyber Safety ကိုသတိပြုပါ
    အသက်ကြီးလာသည့် ကလေးများအတွက် Screen time သည် အွန်လိုင်းအန္တရာယ်များနှင့် ထိတွေ့နိုင်သည်။
    • ကိုယ်ရေးအချက်အလက်များကို ထိန်းသိမ်းခြင်း
      ကလေးများအား အွန်လိုင်းပေါ်တွင် မိမိတို့၏ အမည်အပြည့်အစုံ၊ နေရပ်လိပ်စာ၊ ကျောင်းအမည်၊ ဖုန်းနံပါတ် စသည်တို့ကို ပေးပို့ခြင်း မပြုရန် သင်ကြားပေးပါ။
    • Cyberbullying
      အင်တာနက်ပေါ်မှ အနိုင်ကျင့် ဗိုလ်ကျမှုများ (Cyberbullying) ၏ အန္တရာယ်များကို ဆွေးနွေးပြီး၊ ထိုသို့ ကြုံတွေ့ရပါက မိဘကို ချက်ချင်းပြောပြရန် အားပေးပါ။
    • မိဘထိန်းချုပ်မှု (Parental Controls)
      မသင့်လျော်သော အကြောင်းအရာများကို ကြည့်ရှုခြင်းမှ ကာကွယ်ရန် Parental Control Software များကို အသုံးပြု၍ စောင့်ကြည့် ထိန်းချုပ်ပေးသင့်သည်။

References:

  1. Mayo Clinic. (n.d.). Screen time and children: How to guide your child. Retrieved July 13, 2025, from https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/screen-time/art-20047952
  2. NHS Greater Glasgow and Clyde. (n.d.). Screen time leaflet. Retrieved July 13, 2025, from https://www.nhsggc.org.uk/media/272531/slt-screen-time-leaflet.pdf
  3. Mayo Clinic Health System. (n.d.). Children and too much screen time. Retrieved July 13, 2025, from https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/children-and-screen-time
  4. Expressable. (n.d.). Active vs. passive screen time: What parents need to know. Retrieved July 13, 2025, from https://www.expressable.com/learning-center/tips-and-resources/active-vs-passive-screen-time-what-parents-need-to-know
  5. Opto.ca. (n.d.). 20-20-20 rule. Retrieved July 13, 2025, from https://opto.ca/eye-health-library/20-20-20-rule
  6. EtonHouse Parenting. (n.d.). Screen time – How much is too much?. Retrieved July 13, 2025, from https://parenting.etonhouse.edu.sg/screen-time-how-much-is-too-much

Published: 30 August 2024

Last updated: 27 October 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.