Immunity in childhood (ကလေး၏ ကိုယ်ခံစွမ်းအား)

Immunity in childhood (ကလေး၏ ကိုယ်ခံစွမ်းအား)

ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားဆိုသည်မှာ ခန္ဓာကိုယ်ပြင်ပမှ ဝင်ရောက်လာသော ရန်သူများ (အထူးသဖြင့် ပိုးမွှားများနှင့် ပဋိလှုံ့ပစ္စည်းများ) ကို ခုခံတိုက်ဖျက်ရန် သွေးဖြူဥဆဲလ်များနှင့် ၎င်းတို့မှထုတ်လုပ်သည့် ဓာတ်ပစ္စည်းများ၊ ဂလင်းများ၊ ဘေလုံး (Spleen) စသည်တို့ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေနိုင်သည့် နည်းလမ်းများစွာရှိသည်။ ဥပမာအားဖြင့် ကလေးများကို သက်ဆိုင်ရာ ရောဂါအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းသည် ကလေးငယ်များ၏ ကိုယ်ခံစွမ်းအားကို တိုးမြင့်စေနိုင်သည်။ ကာကွယ်ဆေးကြောင့် ပဋိပစ္စည်းများ ထွက်လာပြီး သက်ဆိုင်ရာရောဂါပိုးများ ထပ်မံဝင်ရောက်လာပါက ရောဂါမဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။ အချို့ပဋိပစ္စည်းများသည် မွေးဖွားပြီးခါစတွင် မိခင်၏ အချင်းမှတစ်ဆင့်ဖြစ်စေ၊ မိခင်နို့သောက်သုံးခြင်းမှဖြစ်စေ ရရှိနိုင်ပြီး ကလေးအသက် (၆) လအထိ ကာကွယ်ပေးနိုင်သည်။

သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့်လည်း ကိုယ်ခံစွမ်းအား ကျဆင်းနိုင်သည်။ ဥပမာအားဖြင့် မွေးရာပါ ကိုယ်ခံစွမ်းအားကျဆင်းနိုင်သည့်ရောဂါများ၊ မွေးပြီးနောက်ပိုင်းမှ ဖြစ်လာသည့် ရောဂါနှင့်အခြေအနေများ (အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးရှိသော ကလေးများ၊ စတီးရွိုက်ကဲ့သို့ ဆေးဝါးများကို ရေရှည်သောက်သုံးနေရသည့် ကလေးများ) တွင်လည်း ကိုယ်ခံစွမ်းအားကျဆင်းနိုင်သည်။ ထို့ကြောင့် ကလေးများ၏ ကိုယ်ခံအားကို ပုံမှန်ကောင်းမွန်နေစေရန်၊ ရောဂါရှိနေသည့် ကလေးများတွင်လည်း ကိုယ်ခံအားကို တတ်နိုင်သမျှ ထိန်းသိမ်းနိုင်ရန် မိဘများအနေဖြင့် လုပ်ဆောင်သင့်သည်။

ကလေးငယ်များ၏ ကိုယ်ခံစွမ်းအား ကောင်းမွန်စေနိုင်သော နည်းလမ်းများ
  1. မိခင်မှ ကိုယ်ဝန်ဆောင်ဘဝတွင် စနစ်တကျပြုစုနေထိုင်ပါ
    ကိုယ်ဝန်ဆောင်ဘဝတွင် မိခင်မှ သင့်တင့်မျှတသော အာဟာရကိုစားသုံးပါ။ မိခင်အတွက် လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံပါ။ သို့မှသာ မိခင်၏အချင်းမှတစ်ဆင့် သန္ဓေသားအတွက် လိုအပ်သော အာဟာရနှင့် ကိုယ်ခံစွမ်းအားများ ရောက်ရှိနိုင်သည်။
  2. မိခင်နို့တစ်မျိုးတည်းကိုသာ ခြောက်လအထိ တိုက်ကျွေးပါ
    နို့တိုက်မိခင်ကိုယ်တိုင်လည်း သင့်တင့်မျှတသော အာဟာရကို စားသုံးပါ။ မိခင်နို့မှတစ်ဆင့်လည်း အဖိုးတန်သည့် ပဋိပစ္စည်းများ (Antibodies) နှင့် ကိုယ်ခံအားမြှင့်တင်ပေးသည့် ဓာတ်ပစ္စည်းများ (ဥပမာ – Lactoferrin, Immunoglobulin A) ရရှိနိုင်သောကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်စေနိုင်သည်။
  3. ကာကွယ်ဆေးများကို ပြည့်ပြည့်၀၀ ထိုးနှံပါ
    ကလေးများကို ကာကွယ်ဆေးထိုးစီမံချက်များအတိုင်း မွေးကင်းစအရွယ်မှစ၍ ကာကွယ်ဆေးများ ပုံမှန်ထိုးနှံပါ။ ကာကွယ်ဆေးများသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးခြင်းဖြစ်သည်။ စီမံချက်တွင်ပါသော ကာကွယ်ဆေးများအပြင် အသက်ခြောက်လမှစ၍ ရာသီတုပ်ကွေး ကာကွယ်ဆေးကိုလည်း နှစ်စဉ်ထိုးပေးသင့်သည်။ အထူးသဖြင့် ပန်းနာရင်ကျပ်ရောဂါနှင့် နာတာရှည်ရောဂါ ရှိနေသောကလေးများ၊ စတီးရွိုက်ကဲ့သို့သော ကိုယ်ခံအားကျဆင်းစေသည့်ဆေးများ ရေရှည်သောက်သုံးနေသော ကလေးများသည် ရာသီတုပ်ကွေးကာကွယ်ဆေး ပုံမှန်ထိုးနှံသင့်သည်။
  4. အိပ်ရေးဝဝ အိပ်စက်စေပါ
    ကိုယ်ခံအားကောင်းစေရန်အတွက် ကလေးများသည် အသက်အရွယ်အလိုက် လိုအပ်သည့် အိပ်ချိန်ပြည့်ဝအောင် အိပ်စက်ရန်လိုသည်။ အသက် (၁) နှစ်အောက် ကလေးများအတွက် အနည်းဆုံး (၁၂) နာရီ၊ (၁)နှစ် မှ (၅)နှစ်ကလေးများအတွက် အနည်းဆုံး (၁၀) နာရီနှင့် (၅) နှစ်အထက် ကလေးများအတွက် (၉) နာရီခန့် အိပ်ချိန်ရှိသင့်သည်။ အိပ်ချိန်ပြည့်ဝမှ ကိုယ်ခံအားစနစ်အတွက် အရေးပါသော Cytokines ဟုခေါ်သည့် ဓာတ်ပစ္စည်းများကို ထုတ်လုပ်နိုင်သည်။
  5. သင့်တင့်မျှတသည့် အာဟာရကို ကျွေးပါ
    ရေပမာဏ လုံလောက်အောင်တိုက်ပါ။ ကိုယ်ခံစွမ်းအား ကောင်းစေရန်အတွက် အာဟာရမှရရှိသည့် သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်များသည်လည်း အရေးကြီးသည်။ အစာအုပ်စုသုံးခုလုံး မျှတစွာပါဝင်ပြီး အာဟာရပြည့်ဝသော အသား၊ ငါး၊ အသီးအနှံ၊ အစေ့အဆန် စသည်တို့ကို စားသုံးသင့်သလို အစားအသောက်များသည်လည်း သန့်ရှင်းလတ်ဆတ်ရန် လိုအပ်သည်။ ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများနှင့် သကြားဓာတ်များသော အစားအစာများကို ရှောင်ကြဉ်ပါ။ အာဟာရမပြည့်ဝလျှင် သို့မဟုတ် ကလေးသည် အစားနည်းလွန်းလျှင် သို့မဟုတ် အစားရွေးလွန်းလျှင် ပုံမှန်လိုအပ်ချက် ဖြည့်တင်းပေးနိုင်ရန် ကလေးအားဆေးများ တိုက်ကျွေးနိုင်သည်။
  6. အူလမ်းကြောင်း ကျန်းမာရေးကို ဂရုစိုက်ပါ (Gut Health)
    ကိုယ်ခံစွမ်းအားစနစ်၏ (၇၀)% ခန့်သည် အူလမ်းကြောင်းတွင် တည်ရှိသည်။ ထို့ကြောင့် အူအတွင်းရှိ ကောင်းသော ပိုးမွှားများ (Gut Microbiota) ကို ကောင်းမွန်စေရန်
    • ပရီဘိုင်အိုတစ် (Prebiotics) ပါဝင်သည့် အစားအစာများ (ဥပမာ _ ကြက်သွန်၊ ငှက်ပျောသီး) နှင့် ပရိုဘိုင်အိုတစ် (Probiotics) ပါဝင်သည့် ဒိန်ချဉ်ကဲ့သို့သော အစားအစာများကို ကျွေးသင့်သည်
    • မလိုအပ်ဘဲ ပဋိဇီဝဆေးများ (Antibiotics) သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်သည်
  7. သဘာဝဗီတာမင် ဒီ (Vitamin D) ရရှိအောင် လုပ်ဆောင်ပါ
    ဗီတာမင် ဒီ သည် ကိုယ်ခံအားစနစ် ပုံမှန်လုပ်ဆောင်နိုင်ရန် အလွန်အရေးကြီးသည်။ နေရောင်ခြည်မှတစ်ဆင့် ဗီတာမင် ဒီ ကို အဓိကရရှိနိုင်သဖြင့် ကလေးများကို နေရောင်ခြည် အသင့်အတင့်ထိတွေ့မှု ရှိစေရန် လှုပ်ရှားကစားခိုင်းပါ။ ဗီတာမင် ဒီ ချို့တဲ့ပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွါးနိုင်ခြေ ပိုများသည်။ သို့သော် မလိုအပ်ဘဲ ဗီတာမင် ဒီ ပမာဏများစွာကျွေးခြင်းသည် ကလေးအတွက် အန္တရာယ်ရှိသည်။
  8. တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ
    လက်ဆေးပါ။ အထူးသဖြင့် နှာချေ၊ ချောင်းဆိုးပြီးချိန်၊ အိမ်သာတက်ပြီးချိန်၊ အပြင်မှပြန်လာချိန် စသည်တို့တွင် စနစ်တကျ လက်ဆေးတတ်ရန် သင်ပေးပါ။ ပိုးမွှားကူးစက်မှု အများစုမှာ လက်မှတစ်ဆင့် ဖြစ်တတ်သည်။
  9. စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပါ
    မလိုအပ်သော စိုးရိမ်သောက၊ ပင်ပန်းမှုများကို လျှော့ချပေးပါ။ (ဥပမာ _ ကျောင်းစာ၊ ကျူရှင်စာများနှင့် တစ်နေကုန် လုံးပန်းနေရခြင်းမျိုးဖြစ်သည်)။ စိတ်ဖိစီး၍ ပင်ပန်းနွမ်းနယ်နေပါက အိပ်ချိန်နှင့် စားချိန် မမှန်ခြင်းများပါ တွဲ၍ ဖြစ်ပေါ်နိုင်ပြီး ရောဂါပိုးများ အလွယ်တကူဝင်ရောက်နိုင်သည်။ ကစားချိန်ကို ပုံမှန်ပေးပါ။
  10. ကူးစက်ရောဂါ အခြေအနေများကို ရှောင်ရှားပါ
    ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်သည့် အခြေအနေများ (ဥပမာ _ လူထူထပ်သောနေရာ၊ မသန့်သည့်အစားအသောက်) ကို ရှောင်ကြဉ်ပါ။
    • ကလေးတစ်ယောက် နေမကောင်းဖြစ်လျှင် ကျောင်းမလွှတ်သင့်ပါ
    • အိမ်တွင် လူကြီးများ ဖျားနာ၊ နှာစေး၊ ချောင်းဆိုးဖြစ်လျှင် ကလေးများနှင့် ဝေးဝေးနေပါ
    • နှာခေါင်းစည်းတပ်ပါ၊ နှာခေါင်းနှင့် ပါးစပ်ကို ကာ၍ နှာချေ၊ ချောင်းဆိုးပြုလုပ်ပါ
    • အိမ်နှင့်ပတ်ဝန်းကျင်၌ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ၊ ဆေးလိပ်ငွေ့သည် ကလေး၏ အသက်ရှူလမ်းကြောင်းနှင့် ကိုယ်ခံအားကို အားနည်းစေသည်
    • နေအိမ်အခန်းများကို လေဝင်လေထွက် ကောင်းစေရန် စီမံထားပါ

မိဘများအနေနှင့် ဤနည်းလမ်းများကို ဆောလျင်စွာ စနစ်တကျ ပုံမှန်လိုက်နာကျင့်သုံးမည်ဆိုလျှင် ကလေးတစ်ယောက်၏ ကိုယ်ခံစွမ်းအား ကျဆင်းခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။

References:

  1. SMAHCP. (n.d.). Immunity in childhood. Retrieved July 5, 2025, from https://www.smahcp.ie/feeding/gut-health-immunity-hmos/immunity-in-childhood
  2. Nemours Foundation (KidsHealth). (n.d.). All about the immune system. Retrieved July 5, 2025, from https://kidshealth.org/en/parents/immune.html
  3. Lurie Children’s Hospital (Blog). (2024). How to boost your child’s immune system. Retrieved July 5, 2025, from https://www.luriechildrens.org/en/blog/how-to-boost-your-childs-immune-system/
  4. Guerrero‑Plata A., Mady LJ., Wozniak K., & Fernandez‑Botran R.. (2024). The role of the gut microbiota in the development of the immune system. J Immunol Res.
  5. Cleveland Clinic. (2024). What does vitamin D do? Retrieved July 5, 2025, from https://health.clevelandclinic.org/vitamin-d
  6. American Academy of Pediatrics (via HealthyChildren.org). (n.d.). Immunizations. Retrieved July 5, 2025, from https://www.healthychildren.org/English/safety-prevention/immunizations/Pages/Why-Immunize-Your-Child.aspx

Published: 30 August 2024

Last updated: 27 October 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.