Formula feeding (ဖော်မြူလာနို့မှုန့်တိုက်ကျွေးခြင်း)

Formula feeding (ဖော်မြူလာနို့မှုန့်တိုက်ကျွေးခြင်း)

မိခင်နို့တိုက်ကျွေးခြင်းသည် ရင်သွေးငယ်များအတွက် အာဟာရအဖြစ်ဆုံးဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့တိုက်ကျွေးရန် အခက်အခဲရှိသော အခြေအနေများတွင် ဖော်မြူလာနို့မှုန့်တိုက်ရန် လိုအပ်လာနိုင်သည်။ ဖော်မြူလာနို့မှုန့် ဆိုသည်မှာ မိခင်နို့နှင့် အနီးစပ်ဆုံးတူအောင် ပြုလုပ်ပြင်ဆင်ထားသော၊ သန့်စင်သော နို့မှုန့်ဖြစ်သည်။ ဖော်မြူလာနို့မှုန့်များကို နွားနို့၊ ဆိတ်နို့၊ ပဲနို့တို့ကို အခြေခံ၍ထုတ်လုပ်ထားပြီး အသက်အရွယ်အလိုက် တိုက်ကျွေးရမည့် ဖော်မြူလာနို့မှုန့် အမျိုးအစားများစွာရှိသည်။

မိခင်နို့ တိုက်ကျွေးရန် အခက်အခဲရှိသော အခြေအနေများ
  1. မိခင်သည် ရောဂါကြောင့် ဓာတ်ရောင်ခြည်ပြ၍ ဆေးကုသနေရခြင်း
  2. မိခင်သည် ရောဂါကြောင့် ကင်ဆာဆေးသောက်နေရခြင်း
  3. ကလေးကို ထိခိုက်စေနိုင်သော ဆေးဝါးများ သောက်သုံး၍ ဆေးကုသနေရခြင်း
  4. မိခင်တွင် HIV/AIDS ပိုး ရှိနေခြင်း
  5. မိခင်သည် အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်ကျန်းမာရေးချို့ယွင်းနေခြင်း စသည်တို့ဖြစ်ပြီး ထိုအခြေအနေများတွင် ဖော်မြူလာနို့မှုန့်တိုက်ရန် လိုအပ်လာနိုင်သည်။

မိခင်သည် HIV/AIDS ကူးစက်ခံထားရပါက ဆရာဝန်နှင့် တိုင်ပင်၍ မိခင်နို့ တိုက်မတိုက် ဆွေးနွေးသင့်သည်။ (မိခင်မှကလေး သို့ HIV ပိုးမကူးစက်အောင်ကာကွယ်ခြင်း – Prevention of Mother to Child HIV Transmission)

ဖော်မြူလာနို့တိုက်ကျွေးရန် လိုအပ်သောပစ္စည်းများ

အရေးကြီးသည့်အချက်မှာ လိုအပ်သောပစ္စည်းများကို ပိုးမွှားဝင်ရောက်မှုမှ ကာကွယ်ရန် သန့်ရှင်းစွာ ထားရှိရမည့်အပြင် ပိုးသတ်၍လည်း ထားရှိရမည်။

လိုအပ်သောပစ္စည်းများမှာ_

  1. နို့သီးခေါင်းနှင့် အဖုံးပါသော နို့ဘူး
  2. နို့ဘူးဆေးရန် စုတ်တံ (brush)

    Formula feeding IMG2 Formula feeding IMG3
  3. နို့ဘူးပိုးသတ်စက်၊ နို့ဘူးပေါင်းစက် သို့မဟုတ် ပေါင်းအိုး

    Formula feeding IMG1
  4. နို့မှုန့်ဘူး

နို့ဘူးနှင့် နို့သီးခေါင်းအမျိုးအစားသည် မိမိကလေး၏ အသက်အရွယ်ပေါ် မူတည်၍ ဝယ်ယူရမည်။

ဖော်မြူလာနို့မှုန့်တိုက်ကျွေးရန် ပြင်ဆင်ခြင်း
  • နို့မှုန့်ဘူးတွင် ပါရှိသော ထုတ်လုပ်ရက်၊ သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးရမည်
  • ပြင်ဆင်ချိန်တိုင်းတွင် သန့်ရှင်းသောရေ (ရေသန့်) ကိုသုံးပါ၊ ရေသန့်မဟုတ်ပါက မသန့်ရှင်းသည့်အပြင် ဆိုဒီယမ်နှင့် ဆာလဖိတ် စသော ဓာတ်သတ္တုများ များပြားစွာ ပါဝင်နေနိုင်သည်
  • ကလေးငယ်ကို ပိုးဝင်ရောက်မှုမရှိစေရန် နို့တစ်ခါတိုက်လျှင် တစ်ခါပြင်ဆင်ရန် လိုအပ်သည်
နို့ဘူးဖျော်စပ်ပုံအဆင့်ဆင့်

နို့ဘူးဖျော်စပ်မည့်သူသည် ပထမဦးစွာ လက်ကိုသန့်ရှင်းစေရန် ဆပ်ပြာနှင့်ရေကိုသုံး၍ လက်ဆေးရမည်။ ထို့နောက် ရေသန့် အနည်းဆုံး တစ်လီတာခန့်ကို ပွက်ပွက်ဆူအောင် ကြိုချက်ပြီး နာရီဝက်အအေးခံရမည်။ သို့မှသာ လိုအပ်သော အပူချိန် (၇၀)ဒီဂရီ ဆဲလ်စီးယပ်စ် (℃) ကို ရရှိမည်ဖြစ်သည်။ ကြိုတင်၍ ကြိုချက်ထားသော ‌ရေနွေးအဟောင်းများကို အသုံးမပြုရပါ။ နို့ ထည့်ဖျော်မည့် နို့ဘူး၊ နို့သီးခေါင်း၊ အဖုံးနှင့် ခွက်များကို နို့ဘူးပေါင်းစက်ရှိပါက စက်ဖြင့်ပိုးသတ်နိုင်သည်။ စက်မရှိလျှင် ပိုးသတ်ဆေးရည် သို့မဟုတ် သမားရိုးကျအတိုင်း ‌‌ရေနွေးဖြင့် သေချာစွာပြုတ်၍ ပိုးသတ်နိုင်သည်။

Formula feeding IMG4

ထို့နောက် နို့ဖျော်ရန် အညွှန်းပါ သတ်မှတ်ထားသော ပမာဏ၊ အချိုးအစားအတိုင်း နို့မှုန့်နှင့် ရေနွေးကိုထည့်ပြီး အမှုန့်ပျော်သည်အထိ လှုပ်၍ဖျော်ရမည်။ (ဥပမာ _ နို့မှုန့် (၁) အောင်စအတွက် ရေနွေး (၃၀) စီစီဖြင့်ဖျော်ခြင်း)

ဖျော်ထားပြီးသော နို့ကို အအေးခံရန် ရေအေးထည့်ထားသော ဇလုံထဲတွင် နို့ဘူးအောက်ခြေ တစ်ဝက်ခန့် မြှုပ်သည်အထိ ထားပေးရမည်။ ထို့နောက် အအေးခံထားသော နို့၏အပူချိန်ကို လက်ဖျံပေါ်တွင် အစက်ချ၍ စမ်းကြည့်ရမည်။ နို့ဘူးထိပ် သို့မဟုတ် နို့သီးခေါင်းကို အခြားအရာများနှင့် ထိတွေ့ခြင်းမရှိစေရန် သတိပြုရမည်။ မပူလွန်း၊ မအေးလွန်းသော အနေအထားသို့ ရောက်ရှိလျှင် ကလေးကို စတင်တိုက်ကျွေးနိုင်သည်။

နို့မှုန့်ဖျော်စပ်ရာတွင် ရေနွေးနှင့် နို့မှုန့်ကို အချိုးအစားမှန်ကန်စွာ ဖျော်စပ်သင့်သည်။ နို့မှုန့်ပမာဏနည်း၍ ရေနွေးပမာဏများလွန်းလျှင် ကလေးအတွက် အာဟာရလုံလောက်စွာ မရရှိနိုင်ဘဲဖြစ်နိုင်သည်။ ထို့အတူ နို့မှုန့်ပမာဏများစွာကို ရေနွေးအနည်းငယ်ဖြင့်ဖျော်စပ်ပါက ကလေးတွင် ရေဓာတ် အလုံအလောက်မရရှိခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ဖြစ်နိုင်သည်။ နို့မှုန့်နှင့် ရေနွေးဖျော်စပ်ထားသည့်အထဲသို့ သကြားများထည့်ခြင်းနှင့် စီရီယယ် (Cereal) အမှုန့်များရောထည့်ခြင်း စသည်တို့ကို လုံးဝမပြုလုပ်သင့်ပါ။ ထို့ပြင် ဖျော်ထားသော နို့ကို မိုက်ခရိုဝေ့ဖြင့် နွှေးခြင်းကိုလည်း မပြုလုပ်သင့်ပါ။ နို့ဘူးအပေါ် အပူဓာတ်သက်ရောက်မှု မမျှမတဖြစ်နိုင်ပြီး ကလေးပါးစပ်တွင်လည်း အပူလောင်ခြင်းဖြစ်နိုင်သည်။

Formula feeding IMG5
နို့ဘူးပိုးသတ်ခြင်း

ပိုးသတ်ခြင်းကို အောက်ပါအတိုင်း ပြုလုပ်ရမည်။

  1. ပြင်ဆင်မည့်သူသည် လက်ကို သန့်ရှင်းစေရန် ဆပ်ပြာနှင့်ရေကိုသုံး၍ လက်ဆေးရမည်
  2. ပစ္စည်းထားမည့် စားပွဲမျက်နှာပြင်အား သန့်ရှင်းစွာထားရမည်
  3. နို့သီးခေါင်းကွဲနေခြင်း၊ အဖုံးကွဲနေခြင်း ရှိမရှိ စစ်ဆေးရမည်
  4. ပစ္စည်းအားလုံးကို သန့်ရှင်းစွာ ဆေးကြောထားရမည်

ပိုးသတ်ခြင်းနည်းလမ်းများစွာ ရှိသည့်အနက် အောက်ပါနည်းလမ်းများသည် အသုံးများသည်။

  1. နို့ဘူးပေါင်းစက်ဖြင့် ပိုးသတ်ခြင်း
    • စက်တွင်ပါရှိသော ညွှန်ကြားချက်များကို လိုက်နာရန်
    • နို့ဘူး (ဖွင့်လျက်)၊ နို့သီးခေါင်းနှင့် အဖုံးတို့ကို မှောက်လျက်အနေအထားဖြင့် ထားရန်
  2. နို့ဘူးသီးသန့် ပိုးသတ်ဆေးရည်ဖြင့် ပိုးသတ်ခြင်း
    • ဘူးအတွင်း ပါရှိသော အညွှန်းများကို လိုက်နာရန်
    • ဘူးအတွင်း အသုံးပြုသော ပိုးသတ်ဆေးရည်ကို (၂၄) နာရီ တစ်ခါ လဲလှယ်ပေးရန်
    • ပိုးသတ်ဆေးရည်ထဲတွင် နို့ဘူး၊ နို့သီးခေါင်းနှင့်အဖုံးတို့ကို အနည်းဆုံးမိနစ် (၃၀) ခန့်ထားရှိရန်
    • ထို့သို့ထားရှိစဉ် နို့ဘူး၊ နို့သီးခေါင်းနှင့်အဖုံးထဲတွင် လေခိုခြင်း မရှိအောင် သတိပြုရန်
    • ပိုးသတ်နေစဉ် ပစ္စည်းအားလုံးသည် ဆေးရည်၏မျက်နှာပြင်အောက်တွင် မြုပ်နေအောင် ထားရှိရန်
  3. ရေနွေးဖြင့်ပြုတ်၍ ပိုးသတ်ခြင်း
    • ပိုးသတ်မည့်ပစ္စည်းများသည် ရေနွေးဖြင့်ပြုတ်၍ရသော ပစ္စည်းများ ဖြစ်ရမည်
    • ပြုတ်မည့်အိုးကို အဖုံးအုပ်၍ ရေပွက်ပွက်ဆူသည်အထိ တည်ရမည်
    • ပိုးသတ်မည့် ကိရိယာအားလုံးကို ရေမျက်နှာပြင်အောက်တွင် မြုပ်အောင်ထားပြီး အနည်းဆုံးမိနစ် (၂၀) ခန့် ရေနွေးဆူဆူဖြင့် ပြုတ်ရမည်
    • ရေနွေးဖြင့်ပြုတ်၍ ပိုးသတ်ခြင်းနည်းလမ်းသည် နို့သီးခေါင်းများကို မြန်မြန် ပျက်စီးစေနိုင်ကြောင်း သတိပြုရမည်
ဖော်မြူလာနို့မှုန့် ရွေးချယ်ခြင်း

မိခင်သည် မိခင်နို့တိုက်ရန် ခက်ခဲသော အခြေအနေများရှိပါက မွေးကင်းစကလေးများအတွက် ထုတ်ထားသော ဖော်မြူလာနို့မှုန့်ကို ကလေးအသက် (၁) နှစ်ထိ တိုက်ကျွေးနိုင်သည်။

ကလေးများ၏ အသက်အရွယ်အလိုက် လိုအပ်သော အာဟာရအားလုံးနှင့် ကိုက်ညီအောင် ပြင်ဆင်ထားသည့် မည်သည့်အမှတ်တံဆိပ်ကိုမဆို ရွေးချယ်အသုံးပြုနိုင်သည်။

ဖော်မြူလာနို့မှုန့်‌ ရွေးချယ်ရာတွင် သတ်တမ်းကုန်ဆုံးရက်ကို စစ်ဆေးရန်လိုသည်။ နို့မှုန့်ဘူးသည် ယိုစိမ့်မှုမရှိဘဲ အလုံပိတ်ဖြစ်ရမည်။ သံချေးများတက်သော နို့မှုန့်ဘူးဖြစ်ပါက ကလေးအား တိုက်ကျွေးရန် မသင့်ပါ။ တရားမဝင် တင်သွင်းသော ဖော်မြူလာနို့မှုန့်များ သုံးစွဲခြင်းကို ရှောင်ကြဥ်ရမည်။

ကလေးငယ်များ သောက်သုံးရန် စနစ်တကျ ဖော်စပ်ထုတ်လုပ်ထားသော ဖော်မြူလာနို့မှုန့်များကိုသာ တိုက်ကျွေးသင့်သည်။

နွားနို့၊ ဆိတ်နို့၊ ကျွဲနို့တို့သည် အသက် (၁) နှစ်အောက် ကလေးများကို တိုက်ကျွေးရန် မသင့်လျော်ပါ။

ဖော်မြူလာနို့မှုန့် တိုက်ကျွေးရန် ပမာဏနှင့် အကြိမ်အရေအတွက်

မွေးကင်းစ ကလေးငယ်၏ အစာအိမ်သည်‌ သေးငယ်လွန်းသည့်အတွက် နို့ပမာဏများစွာ တိုက်ကျွေးရန် မလိုအပ်ပါ။ ထို့ကြောင့် မွေးကင်းစ ရက်သားကလေးအတွက် ဖော်မြူလာနို့မှုန့် (၁-၂) အောင်စကို (၂-၃) နာရီခြား၍ တိုက်ကျွေးနိုင်သည်။ ကလေးငယ်သည် ဆာလောင်သည့် လက္ခဏာပြပါက ပမာဏတိုး၍ တိုက်ကျွေးနိုင်သည်။ တစ်နေ့လျှင် (၈-၁၂) ကြိမ်အထိ တိုက်ကျွေးနိုင်သည်။ အသက်အရွယ် ကြီးလာသည်နှင့် အစာအိမ်လည်း ကျယ်လာသည့်အတွက် တိုး၍တိုက်ကျွေးနိုင်သည်။

လသားအရွယ် ကလေးငယ်များတွင် (၃-၄) နာရီခြား၍ တိုက်နိုင်သည်။ ကလေးငယ်အိပ်နေပါက သေးခံ (Diaper) လဲခြင်း၊ အဝတ်လဲပေးခြင်းများ ပြုလုပ်ပေးပြီး ကလေးကိုနှိုး၍ တိုက်ရန်လိုသည်။ ဤအရွယ်တွင် တစ်ကြိမ်နို့တိုက်သည့် အချိန်ပမာဏသည် တစ်ခါတစ်ရံ ကြာနိုင်သကဲ့သို့ တစ်ခါတစ်ရံ မြန်နိုင်သောကြောင့် စိတ်ပူရန်မလိုပါ။

(၆) လနှင့်အထက် ကလေးများတွင်မူ ဖြည့်စွက်စာကျွေးသည့်အတွက် နို့တိုက်သည့် အကြိမ်ရေနှင့် ပမာဏသည် နည်းသွားနိုင်သည်။ အသက် (၁) နှစ်အထက် ကလေးများတွင် ဖော်မြူလာနို့မှုန့်အစား ပိုးသတ်ထားသော နွားနို့၊ အချိုမပါသော ပဲနို့များကို တိုက်ကျွေးနိုင်သည်။

ဖော်မြူလာနို့မှုန့် ထားသိုသိမ်းဆည်းပုံ

ကလေးငယ်အား ရောဂါပိုးဝင်ရောက်မှုမှ ကာကွယ်ရန် နို့တိုက်မည့် အချိန်ရောက်မှသာ ဖျော်ရမည်။ ကလေးငယ် နို့တစ်ခါသောက်ပြီးတိုင်း မကုန်ဘဲကျန်နေသော နို့များကို စွန့်ပစ်ရမည်။ အခန်းအပူချိန်ထဲတွင် (၂) နာရီကျော်၍ ထားမိသော ဖျော်ထားပြီး နို့များကိုလည်း စွန့်ပစ်ရန်လိုသည်။ ဖျော်ပြီး (၁) နာရီအတွင်းတွင် တိုက်ကျွေးရန် လိုအပ်သည်။ တစ်ကြိမ် တိုက်ကျွေးတိုင်းတွင် နောက်တစ်ကြိမ် တိုက်ကျွေးရန်အတွက် ပစ္စည်းများကို သေချာဆေးကြောသန့်စင်ရန် လိုသည်။ ဖော်မြူလာနို့မှုန့်ဘူးကို ဖွင့်၍အသုံးပြုပြီးပါက အေး၍ ခြောက်သွေ့သောနေရာတွင် ထားရန်လိုသည်။ ရေခဲသေတ္တာထဲတွင် မသိမ်းရပါ။ ဘူးဖွင့်ပြီး (၁) လအတွင်း အသုံးပြုရမည်။ စတင်သုံးစွဲသည့် နေ့စွဲကို မှတ်သားထားရန်လိုသည်။

ဖော်မြူလာနို့မှုန့်တိုက်ကျွေးရာတွင် လုပ်ဆောင်ရန် လိုအပ်သော ပြင်ဆင်ပုံများ၊ ပိုးသတ်နည်းများ၊ ဖျော်စပ်နည်းများနှင့် ပတ်သက်၍ မေးမြန်းလိုလျှင် မိသားစုဆရာဝန်များ၊ တတ်ကျွမ်းသော သားဖွားဆရာမများ၊ သူနာပြုဆရာမများနှင့် ဆွေးနွေးတိုင်ပင်နိုင်ပြီး အကြံဉာဏ်ရယူနိုင်သည်။

ဖော်မြူလာနို့မှုန့်တိုက်ကျွေးခြင်း၏ အားနည်းချက်များ

ဖော်မြူလာနို့မှုန့်သည် မိခင်နို့နှင့် အနီးစပ်ဆုံးတူအောင် ပြုလုပ်ပြင်ဆင်ထားသော်လည်း အားနည်းချက် အနည်းငယ်ရှိနိုင်သည်။ ၎င်းတို့မှာ_

  1. ပဋိပစ္စည်းများပါဝင်မှု မရှိခြင်း
    • ဖော်မြူလာနို့တွင် မိခင်နို့မှ ရရှိနိုင်သော ပဋိပစ္စည်းများ မပါဝင်သောကြောင့် ရောဂါကာကွယ်သည့် ခုခံအားကို မရရှိနိုင်ပါ
  2. ပြင်ဆင်ပြုလုပ်ရန် အချိန်လိုအပ်ခြင်း
    • ဖော်မြူလာနို့ဖျော်ရာတွင် နို့မှုန့်၊ နို့ဘူး၊ နို့သီးခေါင်း ဝယ်ရခြင်း၊ ဖျော်ရန်နှင့် ပိုးသတ်ရန် အချိန်ပေးရခြင်းတို့ ရှိနိုင်သည်
  3. ကုန်ကျစရိတ်များခြင်း
    • ဖော်မြူလာနို့မှုန့်နှင့် လိုအပ်သောပစ္စည်းများ ဝယ်ရန် ငွေကြေးကုန်ကျနိုင်သည်
  4. ဝမ်းဗိုက်မအီမသာဖြစ်ခြင်း
    • ဖော်မြူလာနို့မှုန့်တိုက်သော တချို့သောကလေးများတွင် ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်းများ ဖြစ်တတ်သည်
  5. ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ခြင်း
    • နို့ဘူး၊ နို့သီးခေါင်း စသည်တို့ကိုကောင်းစွာ ပိုးမသတ်ပါက ရောဂါပိုးကူးစက်နိုင်ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်သည်

References:

  1. Centers for Disease Control and Prevention. (n.d.). How much and how often to feed infant formula. Retrieved July 11, 2025, from https://www.cdc.gov/infant-toddler-nutrition/formula-feeding/how-much-and-how-often.html
  2. Centers for Disease Control and Prevention. (n.d.). How to prepare and store powdered infant formula. Retrieved July 11, 2025, from https://www.cdc.gov/infant-toddler-nutrition/formula-feeding/preparation-and-storage.html
  3. National Health Service. (n.d.). Sterilising baby bottles. Retrieved July 11, 2025, from https://www.nhs.uk/conditions/baby/breastfeeding-and-bottle-feeding/bottle-feeding/sterilising-baby-bottles/
  4. National Health Service. (n.d.). Making up a feed — Bottle-feeding. Retrieved July 11, 2025, from https://www.nhs.uk/conditions/baby/breastfeeding-and-bottle-feeding/bottle-feeding/making-up-baby-formula/

Published: 30 August 2024

Last updated: 28 October 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.