Early childhood intervention (ကလေးငယ်များအား စောစီးစွာလေ့ကျင့်သင်ကြားခြင်း)

Early childhood intervention (ကလေးငယ်များအား စောစီးစွာလေ့ကျင့်သင်ကြားခြင်း)

ကလေးအသက် (၃) နှစ်အရွယ်မတိုင်မီ ဖွံဖြိုးမှု၊ အမူအကျင့်၊ အပြန်အလှန်ဆက်သွယ်မှုစသည့် အခြေခံကောင်းများကို စောစီးစွာလေ့ကျင့်သင်ကြားပေးခြင်းသည် ကုန်ကျစရိတ်သက်သာ၍ အလွန်ထိရောက်သော နည်းလမ်းဖြစ်သည်။

ကလေးအသက် ပထမ (၃) နှစ်အရွယ်သည် ကလေး၏ ဖွံ့ဖြိုးမှု၊ အသိဉာဏ်၊ အမူအကျင့်၊ ကျန်းမာရေး စသည်တို့အတွက် အခြေခံကောင်းများရရှိအောင် ဦးနှောက်အာရုံကြောများနှင့် သက်ဆိုင်ရာအစိတ်အပိုင်းများကို ပြုပြင်ပြောင်းလဲပေးနိုင်သည့် အချိန်ကောင်းဖြစ်သည်။ ကလေး အသက်ကြီးလာသည်နှင့်အမျှ ပြုပြင်ပြောင်းလဲပေးနိုင်ရန် ခက်ခဲလာမည်။ ကလေးငယ်၏ အစောပိုင်းကာလတွင် စောစီးစွာ လေ့ကျင့်သင်ကြားပေးနိုင်ပါက၊ ကလေးငယ်အတွက် ပိုမိုထိရောက်သော လေ့ကျင့်သင်ကြားခြင်းဖြစ်နိုင်ပြီး ကုန်ကျစရိတ်လည်း သက်သာနိုင်သည်။

ကလေးငယ်များအား စောစီးစွာလေ့ကျင့်သင်ကြားခြင်းသည် ကလေးအသက် မွေးစမှ ပထမ (၃) နှစ်အရွယ်အတွင်း လေ့ကျင့်သင်ကြားခြင်းဖြစ်သည်။ စာရေး၊ စာဖတ် စသည်တို့ကို သင်ကြားခြင်းမဟုတ်ဘဲ ကလေး၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စကားပြော၊ အပြန်အလှန်ဆက်သွယ်မှု၊ အမူအကျင့်စသည့် နိစ္စဓူဝလိုအပ်ချက်များကို လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။ ဤသို့လေ့ကျင့်ခြင်းသည် ကလေးငယ်အားလုံး အထူးသဖြင့် အောက်ပါအုပ်စုများတွင် ပါဝင်သော ကလေးများနှင့် မိသားစုများအတွက် ထောက်ပံ့ကူညီပေးနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုဖြစ်သည်။ ကလေးတစ်ဦးချင်း၏ ကျွမ်းကျင်မှုအသစ်များ သင်ယူနိုင်စွမ်းအပေါ် သိသာထင်ရှားသော သက်ရောက်မှုရှိနိုင်ပြီး နောက်ပိုင်း ကျောင်းတက်သည့်အချိန်နှင့် လုပ်ငန်းခွင်ဝင်သည့် အချိန်များတွင် အောင်မြင်မှုကို ပိုမိုတိုးမြှင့်ရရှိစေနိုင်သည်။

ပြုလုပ်ပေးသင့်သည့် ကလေးငယ်များ (Target Children)

စောစီးစွာ လေ့ကျင့်သင်ကြားခြင်းသည် ကလေးများအတွက် ထိရောက်မှုအရှိဆုံးဖြစ်သည်။ ကလေးတစ်ဦး၏ ဦးနှောက်အတွင်းရှိ ဆက်သွယ်မှုများသည် ဘဝ၏ ပထမသုံးနှစ်တွင် လိုက်လျောညီထွေမှု အရှိဆုံးဖြစ်သည်။ ဤဆက်သွယ်မှုများကို Neural circuits ဟုခေါ်ဆိုပြီး ကလေးငယ်များ၏ လေ့လာသင်ယူမှု၊ အပြုအမူများနှင့် ကျန်းမာကြံ့ခိုင်ရေးတို့အတွက် အခြေခံဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဤဆက်သွယ်မှုများသည် ပြုပြင်ပြောင်းလဲရန် ပိုမိုခက်ခဲလာသည်။ အထူးသဖြင့် ကလေးများတွင် အောက်ပါအခြေအနေများ ရှိပါက စောစီးစွာ လေ့ကျင့်သင်ကြားခြင်းကို ပို၍ ထိရောက်စွာ လုပ်ဆောင်သင့်သည်။ ပြုလုပ်ပေးသင့်သော ကလေးများမှာ_

  • ကလေးငယ်၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်မည့် ရောဂါအခြေအနေများ ရှိနေသောအုပ်စု (ဥပမာ _ မွေးဖွားစဉ်က ခက်ခဲခဲ့သော ကလေးများ၊ လမစေ့ပေါင်မပြည့်ဘဲ မွေးခဲ့သော ကလေးများ၊ မျိုးဗီဇဆိုင်ရာ ရောဂါများရှိသောကလေးများ)
  • တစ်စိတ်တစ်ပိုင်း သို့မဟုတ် အထွေထွေဖွံ့ဖြိုးမှု နောက်ကျနေသော ကလေးများ
  • မသန်စွမ်းဖြစ်နေသော ကလေးများ
  • အမြင်အာရုံ၊ အကြားအာရုံနှင့် အသိဉာဏ်ချို့တဲ့နေသောကလေးများ စသည်တို့ဖြစ်သည်။
စောစီးစွာ ရောဂါရှာဖွေတွေ့ရှိခြင်းနှင့် လွှဲပြောင်းခြင်းလုပ်ငန်းစဉ် (Screening and Referral Process)

ကလေးငယ်များအား အချိန်မီ စောစီးစွာ စစ်ဆေးတွေ့ရှိပြီး သက်ဆိုင်ရာပညာရှင်များထံ လွှဲပြောင်းပေးပို့ခြင်းသည် ECI အစီအစဉ်၏ အရေးကြီးဆုံးအဆင့်ဖြစ်သည်။

  • စောစီးစွာ စစ်ဆေးခြင်း (Screening)
    ကလေး၏ ဖွံ့ဖြိုးမှုဆိုင်ရာ အဆင့်များ (Developmental Milestones) ကို ကလေးအထူးကုဆရာဝန်များ၊ ကလေးဖွံ့ဖြိုးမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ သူနာပြုဆရာမများ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများမမှ သတ်မှတ်ထားသော စစ်ဆေးရေးစနစ်များဖြင့် ပုံမှန် စစ်ဆေးပေးခြင်းပြုလုပ်သင့်သည်။
  • မိဘများ၏ သတိထားစောင့်ကြည့်မှု (Parent Identification)
    ကလေး၏ ဖွံ့ဖြိုးမှုမှာ နှေးကွေးနေသည် သို့မဟုတ် ပုံမှန်မဟုတ်ဟု မိဘများ ကိုယ်တိုင် သံသယရှိခြင်းသည်လည်း အစောဆုံး စစ်ဆေးမှု စတင်ရာ နေရာဖြစ်နိုင်သည်။
  • လွှဲပြောင်းပေးခြင်း (Formal Referral)
    စစ်ဆေးရာတွင် ဖွံ့ဖြိုးမှုနောက်ကျနေသည်ဟု တွေ့ရှိရပါက သို့မဟုတ် ရောဂါအခြေအနေကို သေချာစွာသိရှိနိုင်ရန် သက်ဆိုင်ရာပညာရှင်များထံ လွှဲပြောင်းပေးပို့ရသည်။
  • အကဲဖြတ်ခြင်း (Evaluation)
    လွှဲပြောင်းပြီးနောက် ကျွမ်းကျင်ပညာရှင်များ (ဆရာဝန်များ၊ ကုထုံးပညာရှင်များ၊ အထူးပညာရေးဆရာများ) ပါဝင်သည့် အဖွဲ့လိုက် အကဲဖြတ်မှု (Multidisciplinary Evaluation) ကို ပြုလုပ်ပြီး ကလေး၏ လိုအပ်ချက်များကို အသေးစိတ် ဆုံးဖြတ်သည်။
  • လွှဲပြောင်းပေးပို့သည့်နေ့မှစ၍ ကလေးအား စစ်ဆေးအကဲဖြတ်ခြင်း၊ အရည်အချင်းပြည့်မီခြင်း ရှိမရှိ ဆုံးဖြတ်ခြင်းနှင့် တစ်ဦးချင်း မိသားစု ဝန်ဆောင်မှု အစီအစဉ် (IFSP) ရေးဆွဲခြင်းတို့ကို အချိန်မီ ပြီးမြောက်အောင် ဆောင်ရွက်ရသည်
ကလေးတစ်ဦးချင်းအလိုက် ကလေးနှင့် မိသားစုအတွက် ဝန်ဆောင်မှုအစီအစဉ် (Individualized Family Service Plan – IFSP)

IFSP သည် အသက် (၃) နှစ်အောက် ကလေးငယ်နှင့် မိသားစုအတွက် ဒီဇိုင်းထုတ်ထားသော အဓိက အစီအစဉ်ဖြစ်ပြီး၊ ကလေး၏ လိုအပ်ချက်၊ မိသားစု၏ ဦးစားပေးမှုများနှင့် ပေးမည့် ဝန်ဆောင်မှုများကို အသေးစိတ် ဖော်ပြထားသည်။

  • အစီအစဉ်၏ အချက်အလက်များတွင်
    • ကလေး၏ လက်ရှိ ဖွံ့ဖြိုးမှုအဆင့်များ (ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးဆိုင်ရာ)
    • မိသားစု၏ စိုးရိမ်ပူပန်မှုများအတွက် ဦးစားပေးမှုများနှင့် ဝန်ဆောင်မှုပေးမည့် အရင်းအမြစ်များ
    • ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာနိုင်သော ရည်မှန်းချက်များ (Outcomes)
    • ပေးမည့် ဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ဆောင်မှုများ (ဥပမာ _ စကားပြောကုထုံး၊ အိမ်တွင် အခြေပြု လေ့ကျင့်မှုစသည်) နှင့် သင်ကြားပေးမည့် ပညာရှင်၊ သင်တန်းကာလကြာချိန်နှင့် သင်ကြားပေးမည့်နေရာစသည်တို့နှင့်
    • ဝန်ဆောင်မှုအတွက် ညှိနှိုင်းပေးမည့်သူ (Service Coordinator) ၏အမည်တို့ ပါဝင်မည်။

ဝန်ဆောင်မှုများကို ကလေးငယ် ပုံမှန်ရှိနေကျနေရာများ (ဥပမာ _ အိမ်၊ ကစားကွင်း၊ နေ့ကလေးထိန်းဌာန) တွင် သဘာဝကျကျဖန်တီးပေးသင့်သည်။ IFSP ပြုလုပ်ပြီးနောက် ပြန်လည်စစ်ဆေးခြင်းကို အနည်းဆုံး (၆) လတစ်ကြိမ် ပြုလုပ်ပြီး ကလေး၏ တိုးတက်မှုပေါ်မူတည်၍ လိုအပ်သလို ပြင်ဆင်ရသည်။

စောစီးစွာလေ့ကျင့်သင်ကြားမှုပေးနိုင်ရန် လိုအပ်ချက်များ (Core Requirements)
  • ကလေးပြုစုစောင့်ရှောက်တတ်ပြီး ကလေးလိုအပ်သည့်အချိန် ကူညီနိုင်သည့် တုံ့ပြန်မှုပေးနိုင်သည့် မိဘ သို့မဟုတ် ပြုစုစောင့်ရှောက်သူ
  • ကလေးငယ်အတွက် လုံခြုံစိတ်ချရပြီး အထောက်အကူများ ပေးနိုင်သည့် ပတ်ဝန်းကျင်
  • ပြည့်စုံလုံလောက်သော အာဟာရ ရရှိခြင်းတို့ဖြစ်သည်။
စောစီးစွာလေ့ကျင့်သင်ကြားမှု အမျိုးအစားများ (Types of Intervention)
  • အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်သင်ကြားခြင်း (Physical Therapy)
  • စကားပြော လေ့ကျင့်သင်ကြားခြင်း (Speech-Language Therapy)
  • ကလေး၏နေ့စဉ်လိုအပ်ချက်များကို ဆောင်ရွက်နိုင်အောင် လေ့ကျင့်သင်ကြားခြင်း (Occupational Therapy) (ဥပမာ _ အစာစားခြင်း၊ အဝတ်လဲခြင်းတို့အတွက် လေ့ကျင့်ပေးခြင်း)
  • ကလေး အမူအကျင့်ပိုင်းဆိုင်ရာ လေ့ကျင့်သင်ကြားခြင်း (Behavioral Therapy)
  • ကလေး၏လိုအပ်ချက်အလိုက် အခြားသော လေ့ကျင့်သင်ကြားခြင်းများ
  • မိဘများကိုယ်တိုင် မိမိကလေးငယ်ကို လေ့ကျင့်သင်ကြားပေးနိုင်အောင် မိဘများကို လေ့ကျင့်သင်ကြားခြင်း (Parent Training) စသည်တို့ဖြစ်သည်။
  • မိသားစု ဗဟိုပြု လေ့ကျင့်မှုများ (Family-Centered Practices)
    နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် ကစားချိန်များတွင် ကလေး၏ ကျွမ်းကျင်မှုများ ကိုစောင့်ကြည့် နမူနာပြပြီး ပိုမိုတိုးတက်လာစေရန် မိဘများကို နည်းပြပေးခြင်းဖြစ်သည်။
စောစီးစွာလေ့ကျင့်သင်ကြားခြင်းကို ရရှိသည့် ကလေးငယ်များအတွက် အကျိုးကျေးဇူးများ (Benefits)
ကလေးနှင့် မိသားစုအပေါ် အကျိုးကျေးဇူးများ (Benefits for Child and Family)
  • ကလေးဖွံ့ဖြိုးမှု မှတ်တိုင်အသစ်များကို ရောက်ရှိအောင် စွမ်းဆောင်နိုင်ခြင်း
  • ကျန်းမာရေး ကောင်းမွန်ခြင်း
  • ဘာသာစကားပြောဆိုခြင်းနှင့် ဆက်သွယ်မှုစွမ်းရည် တိုးတက်ခြင်း
  • မှတ်ဉာဏ်ဖွံ့ဖြိုးမှု တိုးတက်ခြင်း
  • လူမှုဆက်ဆံရေးနှင့် စိတ်ခံစားမှုအပိုင်း ဖွံဖြိုးတိုးတက်ခြင်း
  • အခက်အခဲများကို ကျော်လွှားနိုင်ခြင်း
  • ကလေးငယ်၏ အစောပိုင်းကာလများတွင်သာမက ဘဝတစ်လျှောက်လုံးအတွက်ပါ မိသားစုသည် မိမိကလေးငယ်၏ အထူးလိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ခြင်း
လူမှုစီးပွားဆိုင်ရာ ရေရှည်အကျိုးကျေးဇူးများ (Long-term Socioeconomic Benefits)
  • လူမှုအသိုင်းအဝိုင်းတွင်လည်း လူမှုစီးပွားဝန်ထုပ်ဝန်ပိုး လျှော့ချပေးနိုင်ခြင်း
  • ကလေးများအတွက် အထူးစောင့်ရှောက်မှုပေးရသော ပညာသင်ကြားရေး (Special Education) လိုအပ်ချက် လျှော့ချပေးနိုင်ခြင်း
  • ရင်းနှီးမြှုပ်နှံမှုမှ ရရှိသောအကျိုးအမြတ် (Return on Investment) – စီးပွားရေးပညာရှင် James Heckman ၏ လေ့လာမှုများအရ ကလေးငယ်များအတွက် စောစီးစွာလေ့ကျင့်သင်ကြားမှုကို ရင်းနှီးမြှုပ်နှံခြင်းကြောင့် ရေရှည်စီးပွားရေးအရ အကျိုးအမြတ် ပြန်လည်ရရှိနိုင်ခြင်း
  • လုပ်ခလစာ ပိုမိုရရှိခြင်း – စောစီးစွာ လေ့ကျင့်သင်ကြားမှု ခံယူခဲ့သော ကလေးများသည် အရွယ်ရောက်လာသည့်အခါ ရွယ်တူများထက် နှစ်စဉ်အလုပ်ဝင်ငွေ ပိုမိုရရှိနိုင်ကြောင်း တွေ့ရှိရခြင်း
  • ရာဇဝတ်မှု လျော့ကျခြင်း – အစောပိုင်း လေ့ကျင့်သင်ကြားမှုများသည် အရွယ်ရောက်ပြီးနောက် ရာဇဝတ်မှုကျူးလွန်မှုနှင့် လူမှုဆက်ဆံ‌‌ရေးဆိုင်ရာ ထောက်ပံ့သော (Social Welfare) အဖွဲ့အစည်းများအပေါ် မှီခိုမှုတို့ကို သိသိသာသာ လျှော့ချပေးနိုင်သည်။

မိဘများအနေဖြင့် မိမိကလေးငယ်သည် စောစီးစွာလေ့ကျင့်သင်ကြားခြင်းကို ခံယူနေရပါက ကလေးငယ် ကြီးပြင်းလာသည့်အချိန်တွင် အထူးစောင့်ရှောက်မှုပေးရသော ပညာသင်ကြားရေးအား လိုအပ်သောအခြေအနေ (Need for special education services) ရှိပြီး ထို Special education ကိုသာ ဆက်လက်သင်ကြားရမည်ဟု တထစ်ချ သတ်မှတ်ထား၍မရပါ။ ကလေး၏ အထွေထွေဖွံ့ဖြိုးမှု တိုးတက်လာလျှင် ပုံမှန်ပညာရေး (Mainstream education) ဖက်သို့ ကူးပြောင်းလာနိုင်သော ကလေးများစွာရှိသည်။ ထို့သို့ ပုံမှန်ပညာရေးကိုသာ သင်ကြားခွင့်ရရှိပါက မိဘများအတွက် ကုန်ကျစရိတ်များစွာ သက်သာနိုင်သည့်အပြင် ကလေးအတွက်လည်း အလွန်အကျိုးရှိနိုင်သည်။

References:

  1. Carolina Behavior & Beyond. (2024). Understanding the early intervention services referral process. Retrieved July 3, 2025, from https://carolinabehaviorandbeyond.com/understanding-the-early-intervention-services-referral-process/
  2. Centers for Disease Control and Prevention. (n.d.). Learn the signs. Act early: Find your state or territory program. Retrieved July 3, 2025, from https://www.cdc.gov/ncbddd/actearly/parents/states.html
  3. Centers for Disease Control and Prevention. (n.d.). Learn the signs. Act early: Why act early? Retrieved July 3, 2025, from https://www.cdc.gov/ncbddd/actearly/whyactearly.html
  4. Frank Porter Graham Child Development Institute. (n.d.). The importance of early intervention for infants and toddlers with disabilities and their families. Retrieved July 3, 2025, from https://fpg.unc.edu/publications/importance-early-intervention-infants-and-toddlers-disabilities-and-their-families
  5. Heckman, J. J. (2013). The case for investing in disadvantaged young children. In The economics of early childhood investments [Internet]. Obama White House. Retrieved July 3, 2025, from https://obamawhitehouse.archives.gov/sites/default/files/docs/the_economics_of_early_childhood_investments.pdf
  6. Michigan Alliance for Families. (n.d.). Individualized Family Service Plan (IFSP). Retrieved July 3, 2025, from https://www.michiganallianceforfamilies.org/ifsp/
  7. Michigan Journal of Economics. (2025). Investing in the future: The economic benefits of early childhood education. Retrieved July 3, 2025, from https://sites.lsa.umich.edu/mje/2025/05/02/investing-in-the-future-the-economic-benefits-of-early-childhood-education/
  8. ZERO TO THREE. (n.d.). What you need to know: Early intervention. Retrieved July 3, 2025, from https://www.zerotothree.org/resource/what-you-need-to-know-early-intervention/

Published: 30 August 2024

Last updated: 28 October 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.