ဆေးလိပ်သောက်ခြင်းသည် နီကိုတင်းဓာတ် ပါဝင်သော ဆေးရွက်ကြီးနှင့် အပင်ထွက်ပစ္စည်းများကို လိပ်၍ မီးရှို့ကာ ထွက်လာသော မီးခိုးငွေ့များကို ရှူရှိုက်ခြင်းဖြစ်သည်။ ဆေးလိပ်တွင်ပါဝင်သော နီကိုတင်းဓာတ်သည် စိတ်ကိုအပန်းပြေစေကာ ပျော်ရွှင်ဖွယ်ကောင်းသော ခံစားချက်ကို ဦးနှောက်တွင် ဖန်တီးဖြစ်ပေါ်စေသည်။ ထိုခံစားချက်သည် ဆေးလိပ်ဖြတ်ရန် ခက်ခဲစေသည်။ ဆေးလိပ်သောက်ခြင်းသည် ကင်ဆာ၊ နှလုံး ဖောက်ခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်ရောဂါနှင့် အခြားကျန်းမာရေး ပြဿနာများ ဖြစ်စေသည်။ ဆေးလိပ်စွဲခြင်းသည် အမှန်တကယ်တွင် ဆေးလိပ်၌ပါဝင်သော နီကိုတင်းဓာတ်ကို စွဲလန်းခြင်းဖြစ်သည်။ နီကိုတင်းဓာတ်အစားထိုးခြင်းနှင့် လူနေမှုပုံစံပြောင်းလဲခြင်းက ဆေးလိပ်ဖြတ်ရန် ကူညီပေးနိုင်သည်။
ဆေးလိပ်သောက်ခြင်းဖြင့် ဆေးလိပ်ငွေ့သည် နှုတ်ခမ်း၊ ပါးစပ်၊ လေပြွန်မှတစ်ဆင့် အသက်ရှူလမ်းကြောင်းတစ်လျှောက် အဆုတ်ထဲသို့ ဝင်သွားသည်။ အဆုတ်မှတစ်ဆင့် သွေးထဲသို့ရောက်ကာ သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ်၏နေရာအနှံ့အပြားသို့ ရောက်ရှိသည်။
ဆေးလိပ်သောက်ခြင်းဟုဆိုရာတွင် ဆေးရွက်ကြီး၊ နီကိုတင်းတို့ ပါဝင်သော စီးကရက်ကို အဓိက ပြောဆိုသော်လည်း ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ ဆေးတံ၊ ဆေးခြောက် သို့မဟုတ် အခြားဆေးဖက်ဝင်အပင်များကို လိပ်ထားသော စီးကရက်များ၊ အီလက်ထရောနစ် ဆေးရှူပြောင်းများ (Electronic Cigarettes or Vaping)၊ ဆေးရှူအိုးများလည်း အကျုံးဝင်သည်။ အထူးသဖြင့် အီလက်ထရောနစ် ဆေးရှူပြောင်း (Vaping) များသည်လည်း EVALI ခေါ် အဆုတ်ပြင်းထန်စွာ ထိခိုက်ပျက်စီးသည့် ရောဂါ (E-cigarette or Vaping Product Use-Associated Lung Injury) မျိုးကို ဖြစ်စေနိုင်သည်ကို သတိပြုသင့်သည်။
ဆေးလိပ်သောက်ကြသည့် အကြောင်းရင်း
ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများရှိနေသော်လည်း လူတို့သည် ဆေးလိပ်ဖြတ်ရန် ခက်ခဲကြသည်။ အကြောင်းမှာ ဆေးလိပ်တွင်ပါဝင်သော နီကိုတင်းဓာတ်သည် စိတ်အပန်းပြေစေကာ ပျော်ရွှင်ဖွယ်ကောင်းသော ခံစားချက်ကို ဦးနှောက်တွင် ဖန်တီးဖြစ်ပေါ်စေသည်။ ဦးနှောက်တွင် နီကိုတင်းကို လိုချင်တောင့်တမှု ဖြစ်ပေါ်နေစဉ်တွင် နီကိုတင်းဓာတ်မရသည့်အခါ ဆိုးရွားသောခံစားချက်ကို ဖြစ်စေပြီး ထိုခံစားချက်ကြောင့် ဆေးလိပ်ဖြတ်ရန် ခက်ခဲစေသည်။ ဆေးလိပ်သောက်ခြင်းကို လူအများ နှစ်သက်စွဲလန်းနေရခြင်းမှာ_
- စိတ်အပန်းပြေစေခြင်း
- စိတ်ကို ကြည်လင်လန်းဆန်း တက်ကြွစေခြင်း
- အလုပ်ကို ပို၍အာရုံစိုက်နိုင်လာစေခြင်း စသည့် အချက်များကြောင့်ဖြစ်သည်။
ဆေးလိပ်သောက်ချင်စိတ်ကို ဖြစ်ပေါ်စေသည့် အဖြစ်များသော အခြေအနေများမှာ_
- ကော်ဖီသောက်ချိန် သို့မဟုတ် အလုပ်တွင် အနားယူနေချိန်
- ဖုန်းပြောနေချိန်
- အရက်သောက်နေချိန်
- ကားမောင်းနေချိန်
- သူငယ်ချင်းများနှင့် အချိန်ဖြုန်းနေချိန် စသည်တို့ဖြစ်သည်။
အချို့သူများအတွက် ဆေးလိပ်သောက်ခြင်းသည် နံနက်ခင်းကော်ဖီကဲ့သို့ပင် သာမန်အပြုအမူတစ်ခုဖြစ်ပြီး နေ့စဉ်လုပ်ရိုးလုပ်စဉ် အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ အချို့သူများအတွက် ဆေးလိပ်၏အရသာကို ကြိုက်၍သောက်ကြသလို အချို့က လက်ထဲတွင် စီးကရက်တစ်လိပ် ကိုင်ထားသည့် ခံစားချက်ကို နှစ်သက်၍ ဆေးလိပ်သောက်ကြသည်။
ဆေးလိပ်တွင် ပါဝင်သော ပစ္စည်းများ
စီးကရက်တွင် ပါဝင်ပစ္စည်း (၆၀၀) ခန့်ရှိသည်။ မီးလောင်သောအခါတွင် စီးကရက်သည် ဓာတုပစ္စည်းပေါင်း (၇၀၀၀) ကျော်ကို ဖြစ်ပေါ်စေသည်။ ယင်းတို့အနက် အနည်းဆုံး ဓာတုပစ္စည်း (၆၉) မျိုးကို ကင်ဆာဖြစ်စေနိုင်သည်ဟု သိရှိကြပြီး အများစုမှာ အဆိပ်သင့်စေသည်။ အဆိပ်သင့်စေသော ပါဝင်ပစ္စည်းအချို့မှာ_
- နီကိုတင်း
- ကတ္တရာစေး
- အာဆင်းနစ်
- အမိုးနီးယား
- ကာဗွန်မိုနောက်ဆိုက်
- ခဲ စသည်တို့ ဖြစ်ကြသည်။
ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်သို့ သက်ရောက်ပုံ
ဆေးလိပ်သောက်ခြင်းဖြင့် ဆေးလိပ်ကို မီးရှို့ရာမှထွက်လာသော ဆေးလိပ်ငွေ့သည် နှုတ်ခမ်း၊ ပါးစပ်၊ လေပြွန်မှတစ်ဆင့် အသက်ရှူလမ်းကြောင်းတစ်လျှောက် အဆုတ်ထဲသို့ ဝင်သွားသည်။ အဆုတ်မှတစ်ဆင့် သွေးထဲသို့ရောက်ကာ သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ်၏ နေရာအနှံ့အပြားသို့ ရောက်ရှိသည်။ ဆေးလိပ်တွင် ပါဝင်သော နီကိုတင်းနှင့် အခြားဓာတုပစ္စည်းများသည် မျိုးဗီဇဓာတ် (DNA) ကိုပါ ထိခိုက်ပျက်စီးစေသည်။
- နှာခေါင်း
ဆေးလိပ်ငွေ့ကို ရှူရပါများသောအခါ အာရုံကြောများထိခိုက်သဖြင့် နှာခေါင်းမှတစ်ဆင့် အနံ့ခံနိုင်စွမ်း ကျဆင်းလာသည်။ - နှုတ်ခမ်း၊ ပါးစပ်၊ ခံတွင်းနှင့် သွားများ
ဆေးလိပ်တွင် ပါဝင်သော ကတ္တရာစေးဓာတ် (tar) သည် သွားနှင့် နှုတ်ခမ်းကို အရောင်စွန်းထင်း ညစ်ညမ်းစေသည်။ လျှာ၏ အရသာခံနိုင်စွမ်း ကျဆင်းသည်။ သွားနှင့်သွားဖုံးများကို ပျက်စီးစေသည်။ - အသက်ရှူလမ်းကြောင်း
ဆေးလိပ်တွင်ပါဝင်သော ကတ္တရာစေးဓာတ် (tar)၊ မီးခိုးနှင့် ဆေးလိပ်ငွေ့တွင် ပါဝင်သော ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက် (Hydrogen Cyanide) အဆိပ်ဓာတ်ငွေ့များကြောင့် အသက်ရှူလမ်းကြောင်းတစ်လျှောက် အလွှာများ ပျက်စီးခြင်း၊ မီးခိုး (ကျပ်ခိုး) စွဲခြင်းတို့ကြောင့် ချောင်းဆိုးခြင်း၊ မောခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူမဝခြင်း၊ နာတာရှည် လေပြွန်ကျဉ်းအဆုတ်ပွရောဂါ (COPD) စသည်တို့ကို ဖြစ်စေသည်။ - အဆုတ်
ဆေးလိပ်တွင် ပါဝင်သော ကတ္တရာစေးဓာတ် (tar)၊ မီးခိုးနှင့် ဆေးလိပ်ငွေ့တွင် ပါဝင်သော ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက် (Hydrogen Cyanide) အဆိပ်ဓာတ်ငွေ့များသည် အဆုတ်သို့ရောက်သောအခါ အဆုတ်လေအိတ် (Alveoli) များ ပျက်စီးခြင်း၊ မီးခိုး (ကျပ်ခိုး) စွဲခြင်းတို့ကြောင့် အဆုတ်ပွခြင်း၊ အဆုတ်မြှေးပေါက်ခြင်း၊ နာတာရှည် အဆုတ်ရောဂါအမျိုးမျိုးကို ဖြစ်စေသည်။ - သွေးနှင့်သွေးကြောများ
သွေးကြောများ ပျက်စီးခြင်း၊ သွေးပျစ်ခြင်းများကို ဖြစ်စေသည်။ ထိုမှတစ်ဆင့် နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းများ ဖြစ်စေသည်။ - ခြေ၊ လက်များ
ခြေလက်ကဲ့သို့ ကိုယ်ခန္ဓာ၏ အစွန်အဖျားဆီသို့သွားသော သွေးကြောငယ်များနှင့် အာရုံကြောများ ပိတ်ဆို့ပျက်စီးသဖြင့် ခြေဖျားလက်ဖျားအေးခြင်း၊ ခြေလက်များ ထုံကျဥ်နာကျင်ခြင်း၊ သွေးမလျှောက်သဖြင့် ခြေလက်များပုပ်ကာ ဖြတ်ပစ်ရခြင်းတို့ ဖြစ်စေသည်။ - ဦးနှောက်
ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ နီကိုတင်းစွဲလန်းမှုကြောင့် နီကိုတင်းဓာတ်ကို တစ်စထက်တစ်စ ပိုတိုး၍ တောင့်တခြင်း၊ နီကိုတင်းဓာတ် လုံလောက်စွာမရသည့်အခါတွင် စိတ်ဖိစီးမှုလက္ခဏာများ ပေါ်လာခြင်း၊ စိုးရိမ်ပူပန်သောကဖြစ်ခြင်း၊ ဒေါသကြီးခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ညဘက်အိပ်မပျော်ခြင်းတို့ကို ဖြစ်စေသည်။ - အခြားကိုယ်အင်္ဂါများ
အရိုးပွခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း၊ ပန်းသေပန်းညှိုးခြင်း၊ ကလေးမရနိုင်တော့ခြင်း၊ မျိုးဗီဇ ဖောက်ပြန်ပျက်စီးသဖြင့် ကင်ဆာရောဂါများဖြစ်ခြင်း၊ မွေးရာပါချို့ယွင်းချက်ရှိသော ကလေးများ မွေးလာနိုင်ခြင်းတို့ကို ဖြစ်စေသည်။
ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သော ကျန်းမာရေးပြဿနာများ
ဆေးလိပ်သောက်ခြင်းသည် ကိုယ်တိုင်သောက်သုံးသူသာမက အနီးအနားရှိ ဒုတိယဆင့်ခံ ဆေးလိပ်ငွေ့ (Secondhand Smoke) ရှူမိသူများ၊ တတိယဆင့်ခံ ဆေးလိပ်ငွေ့ (Thirdhand Smoke – THS) နှင့်ထိတွေ့သူများကိုပါ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်ခံစားရစေသည်။ တတိယဆင့်ခံ ဆေးလိပ်ငွေ့ (THS) ဆိုသည်မှာ ဆေးလိပ်သောက်ပြီးနောက် ပတ်ဝန်းကျင်ရှိ မျက်နှာပြင်များ (နံရံ၊ ပရိဘောဂ၊ အဝတ်အထည်များ) တွင် ကျန်ရှိနေသည့် နီကိုတင်းနှင့် ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းများ၏ အဆိပ်အတောက် အကြွင်းအကျန်များကို ဆိုလိုသည် ။ ထိုအကြွင်းအကျန်များသည် လပေါင်းများစွာ ကြာရှည်စွာ တည်ရှိနိုင်ပြီး အထူးသဖြင့် ကလေးငယ်များအပါအဝင် အခြားသူများသည် လက်ဖြင့်တို့ထိခြင်း သို့မဟုတ် ရှူရှိုက်မိခြင်းဖြင့် အောက်ပါရောဂါအခြေအနေများ ပိုမိုခံစားရနိုင်သည်။
- ကင်ဆာရောဂါများ
- အဆုတ်ရောဂါများ (တီဘီရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါ၊ ရင်ကြပ်ရောဂါ)
- နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ (သွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း၊ ရုတ်တရက် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း)
- EVALI (အီလက်ထရောနစ် ဆေးရှူပြောင်းကြောင့် ဖြစ်သောအဆုတ်ရောဂါ)
- အမြင်အာရုံပျက်စီးခြင်း
- ပန်းသေပန်းညှိုးဖြစ်ခြင်း
- ကလေးမရခြင်း
- ကိုယ်ဝန်ပျက်ကျခြင်း
- အချိန်မတိုင်မီစော၍ (ပေါင်မစေ့ လမစေ့) ကလေးမွေးခြင်း
- မွေးရာပါ ရောဂါများဖြစ်ခြင်း
- အရွယ်မတိုင်မီ အိုမင်းခြင်း (ရုပ်ရင့်ခြင်း)
ဆေးလိပ်စွဲခြင်း (နီကိုတင်း စွဲလန်းခြင်း) လက္ခဏာများ
- ဆေးလိပ်ဖြတ်၍မရခြင်း
- ဆေးလိပ်မသောက်ရ မနေနိုင်ဖြစ်ခြင်း
- ဆေးလိပ်ဖြတ်ရန် ကြိုးစားသောအခါတွင် နီကိုတင်းတောင့်တသည့် ဆေးလိပ်ဖြတ်လက္ခဏာများ ခံစားရခြင်း
- စိတ်ပူပန်ခြင်း၊ ဂနာမငြိမ်ခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်အလိုမကျခြင်း၊ ဒေါသဖြစ်ခြင်း၊ ဆာလောင်မှုတိုးလာခြင်း၊ အိပ်မပျော်ခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း၊ ဆေးလိပ်ကို အလွန်အမင်းတောင့်တခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားချက်ဆိုင်ရာ လက္ခဏာများကို ဖြစ်စေသည်
- ကျန်းမာရေးပြဿနာများ ခံစားနေရသည့်တိုင် ဆေးလိပ်ဆက်သောက်နေခြင်း
- အဆုတ် သို့မဟုတ် နှလုံးတွင် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာသော်လည်း ဆေးလိပ်မဖြတ်နိုင်ခြင်း
- လူမှုရေးကိစ္စများကို စွန့်လွှတ်လိုက်ခြင်း
- ဆေးလိပ်မသောက်ရ မနေနိုင်သောကြောင့် ဆေးလိပ်မသောက်ဘဲ နေရမည့် စားသောက်ဆိုင်များ၊ အများပြည်သူနေရာများ၊ မိသားစု သို့မဟုတ် သူငယ်ချင်း တွေ့ဆုံပွဲများကို ရှောင်ရှားခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
ဆေးလိပ်သောက်ခြင်းတွင် စိတ်ချရသော အနည်းဆုံးပမာဏ ဆေးလိပ်အရေအတွက် မရှိပါ။ တစ်သက်တာတွင် တစ်နေ့လျှင် စီးကရက်တစ်လိပ်သာ ဆေးလိပ်သောက်ခြင်းသည်ပင်လျှင် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သောကင်ဆာများ (အဆုတ်၊ ဆီးအိမ်၊ ပန်ကရိယ)နှင့် အရွယ်မတိုင်မီ သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဆေးလိပ်ဖြတ်ခြင်းအတွက် နောက်ကျသည်ဟူ၍ မရှိပါ။ ဆေးလိပ်ဖြတ်ချင်စိတ် ပေါ်လာသည်နှင့်တပြိုင်နက် မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသပါ။
ဆေးလိပ်ဖြတ်ခြင်း
ဆေးလိပ်ဖြတ်ရန် ကူညီပေးမည့် နည်းလမ်းများစွာရှိသည်။ မိမိနှင့် အဆင်ပြေသည့် နည်းလမ်းတစ်ခုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ ပေါင်းစပ်ကျင့်သုံးနိုင်သည်။ ဆေးလိပ်ဖြတ်နည်းအချို့မှာ_
- ဆေးလိပ် လုံးဝ မသောက်တော့ဘဲ ရုတ်တရက် တိကနဲ ဖြတ်ခြင်း
- နီကိုတင်း အစားထိုးကုထုံးဖြင့် ဖြတ်ခြင်း _ နီကိုတင်းဓာတ် ပါဝင်သော ပီကေ၊ ငုံဆေး၊ ရှူဆေး စသည်တို့ကို ဆေးလိပ်နေရာတွင် အစားထိုးသုံးစွဲခြင်း
- ဆေးလိပ်ဖြတ်သည့်အခါတွင် နီကိုတင်းတောင့်တသည့် ဆေးလိပ်ဖြတ်လက္ခဏာများ (Withdrawal Symptoms) သက်သာစေရန် ဗျူပရိုပီရွန် (Bupropion) (သို့မဟုတ်) ဗေရန်နီကလင်း (Varenicline) ဆေးဝါးအကူအညီ ရယူခြင်း၊ သို့သော် ဆေးဝါးအသုံးပြု၍ ဆေးလိပ်ဖြတ်မည်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။
- လူနေမှုပုံစံပြောင်းလဲခြင်း _ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ၊ ဆေးလိပ် မသောက်ဖြစ်အောင် အလုပ်များများလုပ်နေပါ၊ ဆေးလိပ်သောက်တတ်သော ပတ်ဝန်းကျင်၏ အဝေးတွင် နေပါ၊ အပြုအမူဆိုင်ရာကုထုံး (CBT – Cognitive Behavioral Therapy) ဖြင့် ဆေးလိပ်သောက်တတ်သော အမူအကျင့်များကို ပြောင်းလဲပါ
References:
- American Lung Association. (n.d.). What’s in a cigarette? Retrieved October 26, 2025, from https://www.lung.org/quit-smoking/smoking-facts/whats-in-a
- Cancer.gov. (n.d.). Tobacco cessation fact sheet. Retrieved October 26, 2025, from https://www.cancer.gov/about-cancer/causes-prevention/risk/tobacco/cessation-fact-sheet#:~:text=There%20is%20no%20safe%20level,death%20(24%2C%2025
- Cleveland Clinic. (n.d.). Smoking. Retrieved October 26, 2025, from https://my.clevelandclinic.org/health/articles/17488-smoking
- Cleveland Clinic Abu Dhabi. (n.d.). Smoking and your health. Retrieved October 26, 2025, from https://www.clevelandclinicabudhabi.ae/en/health-hub/health-resource/diseases-and-conditions/smoking-and-your-health
- Mayo Clinic. (n.d.). Nicotine dependence: Symptoms and causes. Retrieved October 26, 2025, from https://www.mayoclinic.org/diseases-conditions/nicotine-dependence/symptoms-causes/syc-20351584
- Mayo Clinic. (n.d.). Nicotine craving: In-depth. Retrieved October 26, 2025, from https://www.mayoclinic.org/diseases-conditions/nicotine-dependence/in-depth/nicotine-craving/art-20045454
- Blount, B. C., Karwowski, M. P., Shields, P. G., Morel‑Espinosa, M., Valentin‑Blasini, L., Gardner, M., … King, B. A. (2020, February 20). Vitamin E acetate in bronchoalveolar‑lavage fluid associated with EVALI. New England Journal of Medicine, 382(8), 697 – 705. https://doi.org/10.1056/NEJMoa1916433
- Carreras, G., Lugo, A., Gallus, S., Cortini, B., Fernández, E., López M. J., … et al. (2021). Third‑hand smoke: A ubiquitous hidden threat in … Archivos de Bronconeumología, 57(9), 569‑570. https://doi.org/10.1016/j.arbres.2021.01.008
Published: 30 August 2024
Last updated: 5 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.