မိဘအုပ်ထိန်းမှုဆိုသည်မှာ မိမိကလေးငယ်၏ လူ့ဘဝ၌ ရှင်သန်နေထိုင်ရေးအတွက် မိဘများမှ ကြိုတင်သင်ကြား ပြုစုစောင့်ရှောက်ပေးခြင်းကို ခေါ်ဆိုသည်။ တစ်နည်းအားဖြင့် မိဘများမှ မိမိကလေးငယ်ကို ပြုစုပျိုးထောင်ပေးခြင်း၊ ကာကွယ်စောင့်ရှောက်ပေးခြင်းနှင့် လမ်းညွှန်ဆုံးမပေးခြင်းတို့ဖြင့် ကလေးငယ်၏ ဘဝအစကို ကောင်းမွန်စွာ စတင်စေခြင်းကိုလည်း မိဘအုပ်ထိန်းမှုဟု ခေါ်ဆိုနိုင်သည်။ လူ့ဘဝတွင် ကလေးငယ်တစ်ဦး အမှီအခိုကင်းမဲ့စွာ ဘဝရပ်တည်နိုင်ရေး ပြင်ဆင်ပေးခြင်းသည် မိဘများ၏ တာဝန်ဝတ္တရားတစ်ခုလည်း ဖြစ်သည်။ မိဘအုပ်ထိန်းမှုတွင် အပြုသဘောဆောင်သော အုပ်ထိန်းမှုသည် ကလေးရော မိဘများအတွက်ပါ အကောင်းဆုံးဖြစ်သည်။
အပြုသဘောဆောင်သော မိဘအုပ်ထိန်းမှု ဖြစ်စေရန် လုပ်ဆောင်သင့်သော အချက်များ
ကလေး၏အမြင်ကို လက်ခံ နားလည်ပေးပါ
တစ်ခါတစ်ရံ ကလေးများ၏အမြင်သည် မိဘများနှင့် အလွန်ကွာခြားကြောင်း သိရှိလက်ခံထားလျှင် မိဘများအတွက် အထောက်အကူဖြစ်နိုင်သည်။ မိမိကလေး အခက်အခဲဖြစ်နေသော အချိန်ခဏတွင် မိဘများအနေဖြင့် မိမိကလေး ရှုမြင်ခံစားသိရှိသကဲ့သို့ ပုံဖော်ခံစားကြည့်ပါ။ ဥပမာ“ရေစိုနေသော ခြေညှပ်ဖိနပ်ကို ကလေးမှ ကြိုးစား၍ စီးကြည့်နေသော်လည်း ခြေချော်၍ ဖိနပ်စီးမရဖြစ်သည့်အခါ၊ မိဘအနေဖြင့် “ကလေးငယ်သေးသည့် အရွယ်၊ သင်ယူနေဆဲအရွယ်” ဟု တွေးခေါ်လက်ခံသင့်သည်။
ကလေး၏ အားသာချက်များ၊ စွမ်းရည်များနှင့် သင်ယူနိုင်စွမ်းတို့ကို သတိထား၍ ချီးကျူးပေးပါ
ကလေးတိုင်းသည် ထူးခြားပြီး ကိုယ်ပိုင်နှုန်းဖြင့် လေ့လာသင်ယူနေကြသဖြင့် အခြားကလေးနှင့် နှိုင်းယှဥ်ရန် မသင့်ပါ။ ကလေးတိုင်းအတွက် အရေးအကြီးဆုံးအချက်မှာ သူ့ကို ချစ်မြတ်နိုး၍ အားပေးနေသူများ ရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မိဘများအနေဖြင့် မိမိကလေး၏ ဖွံ့ဖြိုးမှု၊ သင်ယူတတ်မြောက်နိုင်စွမ်းနှင့် ပတ်သက်၍ တိုးတက်မှုများ၊ ကလေး၏ ကောင်းသော အမူအကျင့်များကို သတိထား၍ ချီးကျူးပေးပါ။ ကလေးအပေါ် မိမိတို့၏မေတ္တာထားရှိမှု၊ ချစ်ခင်ကြင်နာမှု၊ ယုံကြည်မှုတို့ကို ကလေးများ သိရှိနိုင်စေရန် အမြဲဖော်ပြပါ။
ကလေးနှင့် အတူရှိချိန်လေးများကို ပျော်ရွှင်စွာဖြတ်သန်းပါ
မိဘများအနေဖြင့် ကလေးနှင့် အတူရှိနေချိန်တွင် နေ့စဉ် အိမ်မှုကိစ္စများဖြစ်သော ပန်းကန်ဆေးခြင်း၊ အဝတ်လျှော်ခြင်းစသည်တို့ကို ကလေးအား ကူညီလုပ်ကိုင်စေခြင်းဖြင့် ရင်းနှီးမှု ပိုမိုရရှိစေနိုင်သည်။ အလုပ်ရှုပ်သည့်တိုင်အောင် ကလေးအား မျက်လုံးချင်းဆုံအောင်ကြည့်၍ စကားပြောခြင်း၊ အားပါးတရ ပြံးရယ်ပြပေးခြင်းတို့ကို ပြုလုပ်ပေးပါ။
ကလေး၏ အမူအရာများကို စိတ်ဝင်တစား၊ နူးညံ့သိမ်မွေ့စွာ တုံ့ပြန်ပါ
ကလေးမှ လိုအပ်ချက်ရှိသည့်အချိန် တောင်းဆိုလာသည့်အခါ မိဘအနေဖြင့် အတတ်နိုင်ဆုံး စိတ်ဝင်တစား နူးညံ့စွာ တုံ့ပြန်ပေးပါ။ သို့မှသာ ကလေးသည် မိမိအားတန်ဖိုးထားသည်ဟု ခံစားရမည်ဖြစ်သည်။ မိဘအနေဖြင့်လည်း ကလေးကို မိမိဖြစ်စေချင်သည့် အပြုအမူများနှင့် ပတ်သက်၍ ကလေးနားလည်လွယ်အောင် ကြိုတင်၍ ရှင်းလင်းပြောပြထားရမည်။ (ဥပမာ စျေးဝယ်မထွက်မီအချိန်တွင် ကြိုတင်ရေးထားသော စျေးဝယ်စာရင်းကို ကလေးအား ပြောပြ၍ ဝယ်ချင်သောပစ္စည်းရှိပါက စာရင်းတွင် ကြိုတင်ထည့်ထားရန်၊ စာရင်း၌ မပါသော ပစ္စည်းကို စျေးရောက်မှ ပူဆာသော်လည်း ဝယ်ပေးမည်မဟုတ်ကြောင်း နူးညံ့ချိုသာစွာ ကြိုတင်ရှင်းလင်း ပြောပြထားသင့်သည်။
ကလေးအတွက် အသက်အရွယ်အလိုက် လမ်းညွှန်မှုများ၊ ကန့်သတ်ချက်များနှင့် စည်းမျဥ်းစည်းကမ်းများထားပေးပါ
ကလေး၏ အသက်အပိုင်းအခြားအလိုက် ဆောင်ရန် ရှောင်ရန်များကို လမ်းညွှန်ပြသပေးမှု၊ ကန့်သတ်ချက်များနှင့် လိုက်နာရန် စည်းမျဉ်းစည်းကမ်းများကိုလည်း တစ်သမတ်တည်း ဖြစ်အောင် ဂရုပြုရမည်။
အချို့ကိစ္စများတွင် ကလေးစိတ်ကြိုက် လုပ်ပိုင်ခွင့်ပေး၍ ဘေးမှ မိဘထိန်းညှိပေးခြင်းသည် မိဘနှင့်သားသမီးကြား အခြေအတင်ကိစ္စများကို လျှော့ချရာတွင် ကူညီပေးနိုင်သည်။ ဥပမာ _ အဝတ်အစား ရွေးချယ်ဝတ်ဆင်ရာတွင် ကလေးအား အင်္ကျီအရောင်၊ ဘောင်းဘီအရောင်ကို စိတ်ကြိုက် ရွေးချယ်ဝတ်ဆင်ခွင့်ပေးခြင်းဖြစ်သည်။ ထို့အပြင် ကလေးကို အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအလိုက် လိုက်နာရန် စည်းကမ်းများ သတ်မှတ်ထားပေးပါ။ အကယ်၍ ထိုသတ်မှတ်ပေးထားသော စည်းကမ်းများကို မလိုက်နာခဲ့လျှင် သင့်တော်မည့်ပြစ်ဒဏ် အပေးခံရမည်ကိုလည်း ရှင်းပြထားပါ။ ပြစ်ဒဏ်အနေဖြင့် ကလေးကို ပေးထားသည့် အခွင့်အရေးများ၊ ကလေးနှစ်သက်သည့် အရာများကို သိမ်းဆည်းပါ။ ဥပမာ _ ကလေးသည် စိတ်ကောက်၍ ဆော့ကစားနေသော အရုပ်ကို ကြမ်းပြင်ပေါ် ပစ်ပေါက်လိုက်ပါက ထိုကစားစရာအရုပ်ကို ကလေးကိုယ်တိုင် ယူလို့မမှီနိုင်လောက်သော အမြင့်တစ်နေရာတွင်ထားပြီး ထိုအရုပ်ကို ပေးမဆော့ခြင်း၊ အိမ်ပြင်ပသို့ ပေးမထွက်ခြင်းစသည့် အသေးစားပြစ်ဒဏ်လေးများဖြစ်သည်။
ကလေးကို တစ်စုံတစ်ရာမတုံ့ပြန်မီ မိမိ၏ခံစားချက်များနှင့် အပြုအမူများကို ဦးစွာထိန်းချုပ်ပါ
ကလေး၏ အပြုအမူတစ်ခုခုအတွက် တုံ့ပြန်မှု မပြုလုပ်မီ မိဘများသည် မိမိ၏ စိတ်အခြေအနေ၊ စိတ်ခံစားချက်များနှင့် အပြုအမူများကို ကိုယ်တိုင်သိနားလည်ပြီး စိတ်တည်ငြိမ်အောင်ထားရန် လိုအပ်သည်။ ကလေးအတွက် မိမိသည် စံပြပုဂ္ဂိုလ်ဖြစ်နိုင်သည်ဟု တွေးမြင်ကြည့်ရင်း စိတ်ကို တည်ငြိမ်အောင် အရင်ပြုလုပ်ပြီးမှ ကလေး၏ အပြုအမူအတွက် တုံ့ပြန်ဆောင်ရွက်မှုကို ပြုလုပ်ပါ။
မိဘအုပ်ထိန်းမှုသည် စိတ်ဖိစီးမှုများနိုင်ပြီး အမှားအယွင်းဖြစ်နိုင်ကြောင်း နားလည်ပါ
မိဘများသည် အချိန်တိုင်း စိတ်အေးဆေးတည်ငြိမ်စွာ နေထိုင်ပြောဆိုနိုင်မည်မဟုတ်ပါ။ စိတ်တိုဒေါသထွက်ရမည့် အချိန်များလည်းရှိနိုင်သဖြင့် ကလေးအား အပြစ်မရှိဘဲ အော်ဟစ်ဆူပူမိခြင်းများ ရှိပါက ပြန်လည်တောင်းပန်သင့်သည်။ သို့မှသာ ကလေးမှ ထိုအကျင့်ကောင်းများကို သင်ယူထားပြီး အရွယ်ရောက်လာသောအခါ ထိုအပြုအမူကောင်းများကို လက်ဆင့်ကမ်းလုပ်ဆောင်မည်ဖြစ်သည်။ ပဋိပက္ခများ ဖြေရှင်းတိုင်း တစ်ဖက်စောင်းနင်းမဖြစ်စေဘဲ ကလေးနှင့်မိဘ နှစ်ဦးနှစ်ဖက် လိုအပ်ချက်များကို ညှိနှိုင်းခြင်းဖြင့် ဆက်ဆံရေးများလည်း ကောင်းမွန်စေနိုင်သည်။
မိမိ၏လိုအပ်ချက်များနှင့် ကလေး၏လိုအပ်ချက်များကို မျှတအောင် လုပ်ဆောင်ပါ
မိဘများအနေဖြင့် စိတ်ဖိစီး၍ အလွန်ပင်ပန်းလာချိန်တွင် အောက်ပါအချက်များကို ပြုလုပ်ခြင်းဖြင့် အထောက်အကူပြုနိုင်သည်။ (Self-care tips for parents)
- ခေတ္တရပ်တန့်ပါ
မိမိကလေးကို ထိန်းရခက်ခဲလွန်းသည်ဟု ခံစားနေရပါက ကလေးအနားမှ ခေတ္တ ခြေလှမ်းတစ်လှမ်း နောက်ဆုတ်ပေးလိုက်ပါ။ နှစ်မိနစ်ခန့် အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ်ခြင်းကို ငါးကြိမ်ခန့် ပြုလုပ်ပေးပါ၊ ထိုသို့ပြုလုပ်ခြင်းဖြင့် စိတ်ကိုတည်ငြိမ်စေပြီး စဥ်းစားချင့်ချိန်နိုင်စွမ်းကို တိုးတက်စေသည်။ - ကိုယ့်ကိုယ်ကို အချိန်ပေးပါ
မိဘများသည် ကလေးများအား အုပ်ထိန်းစောင့်ရှောက်နေစဥ် မိမိကိုယ်ကို ဂရုစိုက်ရန် မေ့လျော့တတ်ကြသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကို အိပ်ချိန်၊ စားချိန်မှန်အောင် ဂရုစိုက်သင့်သည့်အပြင် အနားယူရန် အချိန်သတ်မှတ်ထားသင့်သည်။ ကလေးများ အိပ်နေချိန်၊ ကျောင်းသွားချိန် စသည့်အချိန်များတွင် ခေတ္တအနားယူ၍ စိတ်ကိုပျော်ရွှင်အေးချမ်းစေမည့် အလုပ်များ (အားကစားလုပ်ခြင်း၊ မိတ်ဆွေများနှင့် တွေ့ဆုံခြင်းစသည့် လူမှုရေးများ လုပ်ဆောင်ခြင်းစသည်) ကို ပြုလုပ်ပေးပါ။ သို့မှသာ စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်၍ အဆင်ပြေမည်ဖြစ်သည်။ - ကိုယ့်ကိုယ်ကို အားပေးချီးကျူးပါ
မိဘများအနေဖြင့် မိမိကလေးအတွက် နေ့စဥ်လုပ်ဆောင်ပေးနေသည့် အလုပ်များ အဆင်ပြေကြောင်း၊ အားရကြောင်း ကိုယ့်ကိုယ်ကို အားပေး၍ ချီးမွမ်းပေးပါ။ မိမိတစ်ဦးတည်း ရုန်းကန်နေရခြင်း မဟုတ်ကြောင်း၊ ဘဝတူ အခြားမိဘများလည်း အများအပြားရှိကြောင်း လက်ခံ၍ စိတ်အားထက်သန်စွာဖြင့် ကြိုးစားရမည်ဖြစ်သည်။
လိုအပ်သည့်အခါ မိဘအုပ်ထိန်းမှုဆိုင်ရာ အကူအညီ၊ ပံ့ပိုးမှု သို့မဟုတ် အပိုဆောင်းအချက်အလက်များကို ရှာဖွေပါ
မိဘအုပ်ထိန်းမှုသည် မိဘတိုင်းအတွက် စိန်ခေါ်မှုကြီးမားသော ကလေးပြုစုပျိုးထောင်ရေးဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။ ထို့ကြောင့် မိဘအုပ်ထိန်းမှုနှင့် ပတ်သက်၍ လိုအပ်ချက်များ၊ အခက်အခဲများ ရှိလာပါက ကျွမ်းကျင်သူများ၊ ပညာရှင်များထံမှ အကူအညီ၊ အကြံဉာဏ်များ တောင်းခံခြင်းနှင့် ထပ်တိုးသိရှိနိုင်မည့် အချက်အလက်များကို ရှာဖွေခြင်းတို့ ပြုလုပ်ပါ။
အောက်ပါ အမူအကျင့်များကိုမူ သတိထား၍ ရှောင်ကြဥ်ပါ။
- သိမ်ငယ်စေသော၊ ကြမ်းတမ်းသော နှုတ်ထွက်စကားများဖြင့် ကလေးငယ်ကို ဆုံးမသွန်သင်ခြင်း (ဥပမာ_“အပျင်းထူသည်၊ ဆွံ့ထူအသည်” စသည့် သိမ်ငယ်စေသည့် စကားလုံးများသုံး၍ ကလေးငယ်ကို ပြောဆိုခြင်း)
- ကလေးငယ်ကို အော်ဟစ်၊ ငေါက်ငမ်း၊ ကြိမ်းမောင်းခြင်း
- ရိုက်နှက်ခြင်း၊ ကလေးငယ်ကို လှုပ်ခါရမ်းခြင်း စသောနည်းလမ်းများဖြင့် ကလေးငယ်ကို ဆုံးမသွန်သင်ခြင်း စသည်တို့ဖြစ်သည်။
ကောင်းမွန်သောမိဘအုပ်ထိန်းမှုသည် ကလေးများအတွက် အပြုသဘောဆောင်ရမည်။ နှစ်ဦးနှစ်ဖက်စလုံး အဆင်ပြေသော မျှခြေတွင်ရှိရမည်။ သင့်တော်သော စည်းမျဥ်းစည်းကမ်းများနှင့် ကန့်သတ်ချက်များလည်း ရှိရမည်။ သို့မှသာ ကျန်းမာပျော်ရွှင်သော မိသားစုဆက်ဆံရေးနှင့် ပြည့်စုံသော လေ့ကျင့်သင်ကြားမှုများ ရရှိနိုင်မည်ဖြစ်သည်။

References:
- Centers for Disease Control and Prevention. (2025). Positive parenting tips. Retrieved July 4, 2025, from https://www.cdc.gov/child-development/positive-parenting-tips/
- ZERO TO THREE. (2018). Nine elements that power positive parenting. Retrieved July 4, 2025, from https://www.zerotothree.org/resource/nine-elements-that-power-positive-parenting/
- University of Wisconsin–Madison Division of Extension. (n.d.). Parenting styles. Retrieved July 4, 2025, from https://fyi.extension.wisc.edu/parentingthepreschooler/relationships/parenting-styles/
- UNICEF Myanmar. (2024). How to discipline your child the smart and healthy way. Retrieved July 4, 2025, from https://www.unicef.org/myanmar/ParentingHub/how-discipline-your-child-smart-and-healthy-way
Published: 30 August 2024
Last updated: 29 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.