တင်းတိပ် (Melasma) သည် အရေပြားအလွှာအတွင်း မယ်လနင် (Melanin) ဟုခေါ်သော ရောင်ခြယ်ပစ္စည်း ထုတ်လုပ်မှု များလာသောကြောင့် အရေပြားပေါ်တွင် အညိုရောင် သို့မဟုတ် မီးခိုးပြာရောင် အကွက်များဖြစ်ပေါ်လာသည့် အရေပြားရောင်ခြယ်ဆိုင်ရာ အခြေအနေတစ်ခုဖြစ်သည်။ တင်းတိပ်များသည် မျက်နှာတွင် အဖြစ်များပြီး လက်နှင့်လည်ပင်းတို့တွင်လည်း တွေ့ရနိုင်သည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုအဖြစ်များသည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် မကြာခဏ တွေ့ရတတ်သောကြောင့် “ကိုယ်ဝန်ဆောင်မျက်နှာဖုံး” (mask of pregnancy) ဟုလည်း ခေါ်ဆိုကြသည်။
တင်းတိပ်၏ ကမ္ဘာ့ဖြစ်ပွါးမှုနှုန်းမှာ ခန့်မှန်းခြေ (၁%) ခန့်သာ ရှိသော်လည်း အရေပြားအရောင်ရင့်သူများတွင် ဖြစ်ပွါးမှုနှုန်း ပိုမိုမြင့်မားသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် လက်တင်အမေရိကန်နွယ်ဖွားများတွင် (၉) % မှ (၃၀) % ခန့်နှင့် အရှေ့တောင်အာရှနှင့် တောင်အာရှနွယ်ဖွားများတွင် ခန့်မှန်းခြေ (၄၀) % ခန့် ဖြစ်ပွါးကြောင်း သိရသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
တင်းတိပ်ဖြစ်ပွါးရခြင်း၏ အဓိကအကြောင်းရင်းနှစ်ခုမှာ_
- ဓာတ်ရောင်ခြည်များ [ခရမ်းလွန်ရောင်ခြည်၊ အနီအောက်ရောင်ခြည် (အပူဓာတ်) နှင့် မျက်စိဖြင့်မြင်နိုင်သော အလင်းရောင်စဥ်အချို့ (လှိုင်းအလျားပိုတိုသော အလင်းရောင်စဥ်များ)] နှင့်
- ဟော်မုန်းဓာတ်များ ဖြစ်ကြသည်။
နေရောင်ခြည်မှထွက်ရှိသော ခရမ်းလွန်ရောင်ခြည်နှင့် အနီအောက်ရောင်ခြည်တို့သည် တင်းတိပ်ကို ပိုမိုဆိုးရွားစေသည့် အဓိကအချက်များဖြစ်သည်။ တင်းတိပ်ဖြစ်ပေါ်နိုင်သည့် အခြားဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများမှာ_
- အတက်ကျဆေးများ (Anti-seizure medications) – အတက်ရောဂါတွင် အသုံးပြုသောဆေးဝါးများသည် တင်းတိပ်ကို ပိုဖြစ်စေနိုင်သည်
- သန္ဓေတားဆေးများ (Contraceptive therapy – birth control) – Estrogen နှင့် Progesterone ပါဝင်သော သန္ဓေတားဆေး သုံးစွဲသူများတွင် တင်းတိပ်ဖြစ်ပွါးမှု ပိုများသည်ကို တွေ့ရှိရသည်
- Estrogen/Diethylstilbestrol – Diethylstilbestrol သည် ဟော်မုန်း Estrogen ကို ဓာတုနည်းဖြင့် ဖန်တီးထားခြင်းပြီး ၎င်းကို ဆီးကျိတ်ကင်ဆာ ကုသမှုများတွင် အသုံးပြုလေ့ရှိသည်၊ ဤအခြေအနေတွင်လည်း Estrogen တိုးလာခြင်းနှင့် ဆက်စပ်၍ တင်းတိပ်ပေါ်ခြင်းကိုဖြစ်စေနိုင်သည်
- မျိုးဗီဇ (Genetics) – တင်းတိပ်ရှိသူများ၏ ၃၃% မှ ၅၀% ခန့်သည် ၎င်းတို့၏ မိသားစုဝင်တစ်ဦးဦးတွင်လည်း တင်းတိပ်ရှိနေတတ်သည်
- လည်ပင်းကြီးရောဂါ (Hypothyroidism) – တင်းတိပ်ရှိသူများတွင် လည်ပင်းကြီးရောဂါ ဖြစ်ပွါးမှုနှုန်းသည် လေးဆ ပိုမိုမြင့်တက်နေကြောင်း တွေ့ရှိရသည်
- LED မျက်နှာပြင်များ (LED Screens) – ရုပ်မြင်သံကြား၊ လက်ပ်တော့ပ်၊ လက်ကိုင်ဖုန်းနှင့် တက်ဘလက် ဖန်သားမျက်နှာပြင်တို့မှ ထွက်ရှိသော LED အလင်းတန်းများသည်လည်း တင်းတိပ်ကို ဖြစ်စေနိုင်သည်
- ကိုယ်ဝန်ဆောင်ခြင်း (Pregnancy) – ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် “ကိုယ်ဝန်ဆောင် မျက်နှာဖုံး” (mask of pregnancy) ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းအတိအကျကို ရှင်းလင်းစွာ မသိရသေးသော်လည်း ကျွမ်းကျင်သူများက ကိုယ်ဝန်၏ တတိယ သုံးလပတ်အတွင်း ထွက်ရှိသောဟော်မုန်း (Estrogen၊ Progesterone နှင့် melanocyte-stimulating hormone) ပမာဏများ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု ယူဆကြသည်
- ဟော်မုန်းများ (Hormones) – Estrogen နှင့် Progesterone ကဲ့သို့သော ဟော်မုန်းများသည် အချို့လူများတွင် တင်းတိပ်ပိုမိုဖြစ်စေနိုင်သည်၊ သွေးဆုံးပြီး အမျိုးသမီးများကို တစ်ခါတစ်ရံ Progesterone ပေးသည့်အခါ တင်းတိပ်ဖြစ်ပေါ်လာသည်ကို တွေ့ရှိရသည်
- မိတ်ကပ်များ (Makeup – Cosmetics) – အချို့ အလှကုန်များသည် အလင်းနှင့် အရေပြားဓာတ်ပြုမှုကို ဖြစ်စေပြီး အရေပြား ရောင်ရမ်းခြင်း၊ နီရဲခြင်းတို့ ဖြစ်ပွါးနိုင်သည်
- အလင်းနှင့်ဓာတ်ပြုနိုင်သော ဆေးဝါးများ (Phototoxic drugs – medicines that make you sensitive to sunlight) – ၎င်းတို့တွင် အချို့ ပဋိဇီဝပိုးသတ်ဆေးများ၊ အချို့သော အကိုက်အခဲပျောက်ဆေးများ (NSAIDs)၊ ဆီးဆေးများ (diuretics)၊ ဆီးချိုရောဂါတွင် အသုံးပြုသောဆေးများ (hypoglycaemic drugs)၊ စိတ်ရောဂါကုဆေးများ (antipsychotics)နှင့် အခြားဆေးဝါးအချို့ ပါဝင်သည်
- အရေပြားထိန်းသိမ်းမှု ထုတ်ကုန်များ (Skin care products) – အရေပြားကို ယားယံစေသော ထုတ်ကုန်များသည် ယေဘုယျအားဖြင့် တင်းတိပ်ကို ပိုမိုဆိုးရွားစေနိုင်သည်
- ဆပ်ပြာများ (Soaps) – အချို့သော အမွှေးနံ့ပါဝင်သည့် ဆပ်ပြာများသည် တင်းတိပ်ကို ဖြစ်စေနိုင်သည် သို့မဟုတ် ပိုဆိုးစေနိုင်သည်
- နေရောင်ခြည်အတုပေး ကိရိယာများ (Tanning beds) – Tanning bed များမှ ထုတ်လုပ်သော UV အလင်းသည် နေရောင်ခြည်မှ UV အလင်းကဲ့သို့ပင် သင့်အရေပြားကို ထိခိုက်ပျက်စီးစေပြီး တစ်ခါတစ်ရံ ပို၍ပင် ဆိုးရွားစေနိုင်သည်
ရောဂါလက္ခဏာများ
တင်းတိပ်သည် အရေပြားပေါ်တွင် အညိုဖျော့၊ အညိုရင့် သို့မဟုတ် မီးခိုးပြာရောင်ရှိသော အကွက်များ သို့မဟုတ် အစက်အပြောက်များကို ဖြစ်ပေါ်စေသည်။ တစ်ခါတစ်ရံတွင် ထိုအကွက်များသည် နီရဲလာခြင်း သို့မဟုတ် ရောင်ရမ်းခြင်း ဖြစ်ပေါ် နိုင်သည်။
တင်းတိပ်ကို အောက်ဖော်ပြပါနေရာများတွင် တွေ့ရနိုင်သည်။
- ပခုံးနှင့် လက်မောင်းအပေါ်ပိုင်း
- နဖူး၊ ပါးပြင်၊ နှာခေါင်းနှင့် နှုတ်ခမ်းအပေါ်ပိုင်း
- မေးရိုးတစ်လျှောက်
- ပါးရိုး နှင့် နှာခေါင်းရိုးတစ်လျှောက်
- လည်ပင်း၏ ဘေးပတ်ပတ်လည် (အသက် ၅၀ နှင့်အထက်တွင် အတွေ့များသည်)
တင်းတိပ်အမျိုးအစား (၃) မျိုးရှိပြီး ၎င်းတို့သည် အရေပြားအတွင်း အရောင်ခြယ်ပစ္စည်း (pigment) ၏ အတိမ်အနက်ပေါ်မူတည်၍ ကွဲပြားသည်။ အရောင်ခြယ်ပစ္စည်း၏ အတိမ်အနက်ကို ဆုံးဖြတ်ရန်အတွက် Wood’s Lamp ခေါ် ခရမ်းလွန်ရောင်ခြည်မီးအိမ်ကို အသုံးပြုနိုင်သည်။
တင်းတိပ်အမျိုးအစား (၃) မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။
- အရေပြားအပြင်လွှာ တင်းတိပ် (Epidermal)
- အရောင်မှာ အညိုရင့်ရောင် ရှိသည်
- တင်းတိပ်ကွက်၏အနားသတ်မှာ ရှင်းလင်းပြတ်သားသည်
- ခရမ်းလွန်ရောင်ခြည်မီးအိမ်အောက်တွင် ပိုမိုထင်ရှားစွာ ပေါ်လွင်သည်
- တစ်ခါတစ်ရံတွင် ကုသမှုကို တုံ့ပြန်ချက် ကောင်းမွန်သည်
- အရေပြားအတွင်းလွှာ တင်းတိပ် (Dermal)
- အရောင်မှာ အညိုဖျော့ရောင် သို့မဟုတ် အပြာရောင် ရှိသည်
- တင်းတိပ်ကွက်၏အနားသတ်မှာ မှုန်ဝါးဝါးဖြစ်နေတတ်သည်
- ခရမ်းလွန်ရောင်ခြည်မီးအိမ်အောက်တွင် မည်သည့် ကွာခြားမှုမှ မပေါ်လွင်ပါ၊ သာမန်အတိုင်းသာ မြင်ရသည်
- ကုသမှုကို ကောင်းမွန်စွာ တုံ့ပြန်ခြင်း မရှိပါ
- ရောနှောတင်းတိပ် (Mixed Melasma)
- ဤအမျိုးအစားသည် သုံးမျိုးထဲတွင် အဖြစ်အများဆုံးဖြစ်သည်
- အပြာရောင်နှင့် အညိုရောင် အကွက်များ နှစ်မျိုးလုံး ပါဝင်သည်
- ခရမ်းလွန်ရောင်ခြည်မီးအိမ်အောက်တွင် ရောနှောနေသောပုံစံကို ပြသသည်
- ကုသမှုကို အသင့်အတင့် တုံ့ပြန်မှုရှိသည်
နောက်ဆက်တွဲပြဿနာများ
တင်းတိပ်သည် အသက်အန္တရာယ်မရှိသော အခြေအနေတစ်ခုဖြစ်သည်။ ၎င်းသည် ယားယံခြင်း သို့မဟုတ် နာကျင်ခြင်း မရှိသည့်အပြင် အန္တရာယ်ရှိသော အရေပြားကင်ဆာအဖြစ်သို့ ပြောင်းလဲသွားနိုင်ခြင်းလည်း မရှိပါ။ တင်းတိပ်သည် လအနည်းငယ်အတွင်း သူ့အလိုလို ပျောက်သွားနိုင်ခြေရှိသော်လည်း ကိုယ်ဝန်ဆောင်နေစဉ် သို့မဟုတ် ဟော်မုန်းသန္ဓေတားဆေးများ သုံးစွဲနေစဉ်တွင်မူ ပျောက်ကင်းရန် အလားအလာ နည်းပါးသည်။
သို့သော် နေရောင်ခြည်ကို ရှောင်ကြဉ်ခြင်း၊ အရေပြားကို ယားယံစေသော မိတ်ကပ်များနှင့် ဆပ်ပြာများကိုရှောင်ရှားခြင်းကဲ့သို့သော အချက်များကို မဆောင်ရွက်ပါက တင်းတိပ်သည် ပိုမိုဆိုးရွားလာနိုင်သည်။
တင်းတိပ်သည် အဖြစ်များပြီး ပုံမှန်အားဖြင့် အန္တရာယ်ကင်းသော အခြေအနေဖြစ်သော်လည်း စိတ်အနှောင့်အယှက် ဖြစ်စေကာ လူမှုဘဝကို ထိခိုက်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
တင်းတိပ် လက္ခဏာများ စတင်တွေ့ရှိသည်နှင့်တစ်ပြိုင်နက် မိသားစုဆရာဝန် သို့မဟုတ် အရေပြားအထူးကုဆရာဝန်နှင့် ပြသပြီး ကုသမှုခံယူသင့်သည်။ တင်းတိပ် ပိုမိုဆိုးရွားလာလေ၊ ကုသမှုထိရောက်ရန် ပိုမိုခက်ခဲလေဖြစ်သည်။
ရောဂါရှာဖွေခြင်း
မိသားစုဆရာဝန် သို့မဟုတ် အရေပြားအထူးကုဆရာဝန်သည် ရောဂါရှာဖွေရန် ရောဂါရာဇဝင်မေးမြန်းခြင်း၊ အရေပြားကို စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ အရေပြား အရောင်ပြောင်းလဲမှုကို ကြည့်ရှုရန် Wood’s lamp ကို အသုံးပြု၍ စစ်ဆေးနိုင်သည်။ တစ်ခါတစ်ရံတွင် အခြားသောအရေပြားအခြေအနေများနှင့် မှားယွင်းနိုင်သဖြင့် ကွာခြားချက်ကို သိရှိနိုင်ရန် အသားစယူ၍စစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
တင်းတိပ်ကို ကုသရန် ခက်ခဲသည်။ ကုသမှု အစီအစဉ်ကို ဆုံးဖြတ်ရန်အတွက်၊ တင်းတိပ်ဖြစ်ပေါ်ရခြင်း၏ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းကို ဦးစွာ ရှာဖွေရန်လိုသည်။ တင်းတိပ်သည် လူတစ်ဦးချင်းစီပေါ်မူတည်၍ သူ့အလိုလို ပျောက်သွားနိုင်သလို မပျောက်ဘဲလည်း အမြဲတမ်း ရှိနေနိုင်သည်။ တင်းတိပ်အမျိုးအစားအများစုသည် အချိန်ကြာလာသည်နှင့်အမျှ အထူးသဖြင့် နေရောင်ခြည်နှင့် အခြားသော အလင်းရင်းမြစ်များမှ ကောင်းစွာကာကွယ်ခြင်းဖြင့် မှေးမှိန်သွားမည်ဖြစ်သည်။
တင်းတိပ်ကို အလိုအလျောက်ပျောက်ကင်းစေမည့် တိကျသော ကုသမှု မရှိသေးပါ။ သို့သော် တင်းတိပ် ပိုမိုဆိုးရွားလာခြင်း မရှိစေရန်နှင့် သက်သာစေရန်အတွက် အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်သည်။
- တင်းတိပ်ကို ပိုမိုဆိုးရွားစေနိုင်သည့် အရာများကို ရှောင်ရှားခြင်း
တင်းတိပ်ရှိပါက အောက်ပါတို့ကို သေချာစွာ ရှောင်ကြဉ်ပါ။- ဟော်မုန်းကုသမှုများ (အထူးသဖြင့် အီစတိုဂျင်ပါဝင်သော ကုသမှုများ)
- သန္ဓေတားဆေးများ (အထူးသဖြင့် အီစတိုဂျင်နှင့် ပရိုဂျက်စတီရုန်းပါဝင်သော သောက်ဆေးများ)
- တီဗီ၊ လက်တော့ပ်၊ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များမှ ထွက်သော LED အလင်းရောင်များ
- အရေပြားကို ယားယံစေသော မိတ်ကပ်များ
- တင်းတိပ်ကို ဖြစ်စေနိုင်သော သို့မဟုတ် ပိုမိုဆိုးရွားစေနိုင်သော ဆေးဝါးများ
- အမွှေးနံ့ပါသော ဆပ်ပြာများ
- သင့်အရေပြားကို ယားယံစေသော အရေပြားထိန်းသိမ်းမှု ထုတ်ကုန်များ
- နေရောင်ခြည်အတုပေး ကိရိယာများ (Tanning beds)
- တင်းတိပ်ကို ပိုမိုဆိုးရွားစေနိုင်သော ဖယောင်းကပ်၍အမွေးနုတ်ခြင်း (Waxing)
- နေရောင်ခြည်နှင့် ထိတွေ့ခြင်း
နေရောင်ခြည်နှင့် ထိတွေ့ပါက သံအောက်ဆိုဒ် (iron oxides) နှင့် SPF 50 နှင့်အထက် ပါဝင်သော နေရောင်ကာခရင်မ်ကို နှစ်နာရီတိုင်း လိမ်းပေးပြီး နေပူထဲသို့သွားလျှင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုမရှိစေရန် ထီး သို့မဟုတ် ဦးထုပ် စောင်းပြီးမှသွားပါ
- လိမ်းဆေးခရင်မ်များလိမ်းခြင်း
တင်းတိပ်အတွက် အသုံးအများဆုံး ကုသမှုမှာ လိမ်းဆေးအဖြစ် အသုံးပြုရသော အသားအရေ အရောင်ချွတ်သည့် ဆေးဝါးများဖြစ်သည်။
အသုံးများသော လိမ်းဆေးခရင်မ်များများမှာ_- Hydroquinone
- Azelaic acid
- Kojic acid
- Niacinamide
- Cysteamine
- Rucinol
- Tranexamic acid စသည့် ဆေးများပါဝင်သော ခရင်မ်များဖြစ်သည်။
- ဓာတုပစ္စည်းများအသုံးပြု၍ အရေပြားသန့်စင်ခြင်း (Chemical Peeling)
အက်ဆစ်ပါဝင်သော ဓာတုပစ္စည်းများဖြစ်သည့် glycolic acid သို့မဟုတ် salicylic acid များကို အသုံးပြုပြီး အရေပြားအပေါ်ယံလွှာရှိ ဆဲလ်နှင့် အညစ်အကြေးများကို ဖယ်ရှားခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ပြင်းအားနည်းသော ဓာတုပစ္စည်းများဖြင့် တစ်လ တစ်ကြိမ် ကုသခြင်းမှ စတင်ပြီး၊ ပိုမိုပြင်းသော ဓာတုပစ္စည်းများဖြင့် တစ်ပတ် တစ်ကြိမ်သို့ တိုးမြှင့်လုပ်ဆောင်ကြသည်။ - လေဆာဖြင့် ကုသခြင်း (Lasers)
တင်းတိပ်ကုသနိုင်သည့် လေဆာအမျိုးအစား များစွာရှိပြီး တစ်မျိုးနှင့်တစ်မျိုး အာနိသင် မတူညီကြပါ။
တင်းတိပ်ကုသနိုင်သည့်လေဆာအမျိုးအစားများ- Intense Pulsed Light (IPL) ဖြင့်ကုသခြင်းသည် အရောင်ရင့်နေသည့် နေရာများကို တိုက်ရိုက်ပစ်မှတ်ထားရန်အတွက် ကျယ်ပြန့်သည့် အလင်းလှိုင်းတွေကို အသုံးပြုသည်။ IPL ကုသမှုသည် တစ်ကြိမ်လျှင် မိနစ် (၂၀) ခန့်ကြာမြင့်ပြီး၊ လိုချင်သည့်ရလဒ်ရနိုင်ရန်အတွက် သုံးပတ် မှ ခြောက်ပတ်ခြားကာ လေးကြိမ် မှ ခြောက်ကြိမ်အထိ ကုသမှုခံယူရန် လိုအပ်သည်။
- Q-switched Laser ဖြင့်ကုသခြင်းသည် အရေပြားပေါ်မှ အမဲကွက်နှင့် အစက်အပြောက်များကို လျှော့ချရန်အတွက် ပြင်းအားမြင့် အလင်းတန်းများကို အလွန်တိုတောင်းသည့် အချိန်အတိုင်းအတာအတွင်း ထုတ်လွှတ်ပြီး မယ်လနင်ကို သေးငယ်သည့် အပိုင်းများအဖြစ်သို့ ချေဖျက်ပေးခြင်းဖြစ်သည်။ Q-switched Laser ကုသမှုသည် တစ်ကြိမ်လျှင် (၁၅) မိနစ်ခန့် ကြာမြင့်ပြီး၊ လိုချင်သည့် ရလဒ်ရနိုင်ရန် နှစ်ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့်၊ စုစုပေါင်း (၆) ကြိမ် မှ (၁၀) ကြိမ်အထိ ထပ်ခါတလဲလဲ ကုသမှုခံယူရန် လိုအပ်နိုင်သည်။
- Picosecond Laser (PicoSure) ကုသမှုသည် တင်းတိပ်ဘေးပတ်ဝန်းကျင်ရှိ ကျန်းမာသည့်တစ်ရှူးများကို မပျက်စီးစေဘဲ အရောင်ခြယ်ပစ္စည်း အမှုန်အမွှားများကိုသာ ဖျက်ဆီးသည်။ အရောင်ရင့်နေသည့် အစက်အပြောက်များကို ဖယ်ရှားရန် အပူအစား ဖိအားအဖြစ် ပြောင်းလဲပေးသည့် အလွန်တိုတောင်းသော စွမ်းအင်လှိုင်းများ ထုတ်လွှတ်ပေးခြင်းဖြစ်သည်။ ဤကုသမှုသည် အခြားလေဆာကုသမှုများနှင့် ယှဥ်လျှင် အရောင်ဖျော့သွားခြင်း (hypopigmentation) သို့မဟုတ် ရောင်ရမ်းမှုကြောင့် အသားအရေ အရောင်ရင့်လာခြင်း (post-inflammatory hyperpigmentation) စသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ခြေနည်းသည်။
- Non-ablative fractional resurfacing Laser ကုသမှုသည် အရေပြားတွင် အလွန်သေးငယ်သော အပေါက်လေးများ ဖန်တီးပြီး အရောင်ရင့်နေသည့် ဆဲလ်များကို ထုတ်လွှတ်ပေးကာ ကျန်းမာသည့် အရေပြားဆဲလ်အသစ်များ ကြီးထွားမှုကို လှုံ့ဆော်ပေးသည်။ ဤကုသမှုသည် အရေပြား အပြင်လွှာနှင့် အတွင်းလွှာ နှစ်ခုလုံးကို ပစ်မှတ်ထားပြီး ဘေးပတ်ဝန်းကျင်မှ ကျန်းမာသည့်တစ်ရှူးများကို ကာကွယ်ပေးသည်။ ကုသမှုကြာချိန်သည် မိနစ် (၃၀) ထက်နည်းပြီး လိုချင်သည့်ရလဒ် ရနိုင်ရန် လေးကြိမ် မှ ငါးကြိမ်အထိ ကုသမှု လိုအပ်နိုင်သည်။
တင်းတိပ်ကုသခြင်း၏ ဘေးထွက်ဆိုးကျိုးများ
တင်းတိပ်လိမ်းဆေးခရင်မ်များ၏ ဘေးထွက်ဆိုးကျိုးတစ်ခုမှာ အရေပြားရောင်ရမ်းခြင်း (Dermatitis) ဖြစ်သည်။ အချို့တင်းတိပ်ပျောက်ဆေး ခရင်မ်များသည် အသားအရေဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သည့်အတွက် အမြဲသတိထား စောင့်ကြည့်ရန် လိုအပ်ပြီး ဘေးထွက်ဆိုးကျိုးတစ်ခုခု ဖြစ်ပေါ်ပါက ဆေးကိုချက်ချင်းရပ်၍ အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
ထို့ပြင် ဓာတုပစ္စည်းများအသုံးပြု၍ အရေပြားသန့်စင်ခြင်းနှင့် လေဆာကုထုံးများ သည် ကြိုတင်ခန့်မှန်းရခက်သော ရလဒ်များ ဖြစ်စေနိုင်ပြီး၊ အရေပြားတစ်ရှူးများ သေဆုံးခြင်း (epidermal necrosis)၊ အရေပြားရောင်ရမ်းခြင်းကြောင့် အသားအရောင်ရင့်လာခြင်း (postinflammatory hyperpigmentation) နှင့် အမာရွတ်ဖောင်းကြွခြင်း (hypertrophic scars) ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည်။
ကာကွယ်ခြင်း
တင်းတိပ်ကုသရာတွင် အရေးအကြီးဆုံးအချက်မှာ နေရောင်ခြည်နှင့် ထိတွေ့မှုရှိသည့် အချိန်တိုင်း ကာကွယ်မှုကို ပြုလုပ်ရန်နှင့် ဖြစ်နိုင်ပါက တင်းတိပ်ဖြစ်ပွါးမှုကို လှုံ့ဆော်ပေးသောအရာများကို ရှောင်ကြဉ်ရန်ဖြစ်သည်။ ကုသမှုများသည် တင်းတိပ်လုံးဝပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသောကြောင့် ကာကွယ်ခြင်းသည် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်သည်။ တင်းတိပ်ရှိသူများသည် ရောဂါအခြေအနေကို ဆန်းစစ်အကဲဖြတ်ရန်၊ သင့်လျော်သော ကုသမှုပုံစံများကို ရယူရန်နှင့် ကုသမှုရလဒ်များကို ထိန်းသိမ်းထားနိုင်ရန်အတွက် တရားဝင်အသိအမှတ်ပြု အရေပြားအထူးကုဆရာဝန်နှင့် ပြသသင့်သည်။
References:
- Cleveland Clinic. (n.d.). Melasma. Retrieved November 26, 2025, from https://my.clevelandclinic.org/health/diseases/21454-melasma
- Harvard Health Publishing. (2022). Melasma: What are the best treatments? Retrieved November 26, 2025, from https://www.health.harvard.edu/blog/melasma-what-are-the-best-treatments-202207112776
- Mayo Clinic News Network. (n.d.). Mayo Clinic Q&A: Treating melasma. Retrieved November 26, 2025, from https://newsnetwork.mayoclinic.org/discussion/mayo-clinic-q-and-a-treating-melasma/
- Mayo Clinic Health System. (n.d.). Seeing spots? Treating hyperpigmentation. Retrieved November 26, 2025, from https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/seeing-spots-treating-hyperpigmentation
- Medical News Today. (n.d.). What is melasma? Retrieved November 26, 2025, from https://www.medicalnewstoday.com/articles/323715
- National Library of Medicine. (2025). Melasma [in StatPearls]. Retrieved November 26, 2025, from https://www.ncbi.nlm.nih.gov/books/NBK459271/
- The Royal Australian College of General Practitioners. (2021). Melasma. Australian Journal of General Practice, December 2021. Retrieved November 26, 2025, from https://www1.racgp.org.au/ajgp/2021/december/melasma
- Verywell Health. (n.d.). Melasma laser treatment. Retrieved November 26, 2025, from https://www.verywellhealth.com/melasma-laser-treatment-5496391
Published: 24 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
