Drowning and Near-drowing (ရေနစ်လူနာအား ပြုစုကုသခြင်း)

CLL Health Emergency

ရေနစ်ခြင်းဆိုသည်မှာ လူတစ်ဦးသည် ရေ (သို့မဟုတ်) အရည်ကြားခံနယ်တစ်ခုအတွင်းသို့ နစ်မြုပ်သွားခြင်းကြောင့် အသက်ရှူလမ်းကြောင်းထိခိုက်ပိတ်ဆို့ကာ ခန္ဓာကိုယ်၏ အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းစသည့် လုပ်ငန်းဆောင်တာများ ရပ်တန့်သွားသည့်ဖြစ်စဥ်ကို ဆိုလိုသည်။ ရေနစ်ခြင်းကြောင့် အသက်သေဆုံးသွားခြင်းကို Drowning or fatal drowning ဟုသတ်မှတ်သည်။ ရေနစ်သောလူနာအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ပြီး အရေးပေါ် ကုသမှုများ လိုအပ်သည့် အခြေအနေကို Near Drowning ဟုခေါ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၃) ခုနှစ် အစီရင်ခံစာအရ ကမ္ဘာတစ်ဝှမ်း၌ နှစ်စဉ် ရေနစ်သေဆုံးသူ (၂၃၆,၀၀၀) ဦးရှိသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုနည်းသော အာဖရိကနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ရေနစ်သေဆုံးမှုနှုန်း ပို၍များသည်။ ရေနစ်ခြင်းသည် မတော်တဆဖြစ်ရာမှ ရုတ်တရက် အသက်ဆုံးရှုံးစေနိုင်သော အဓိကအကြောင်းရင်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အထူးသဖြင့် အသက် (၁)နှစ် မှ (၄)နှစ်ကြား ကလေးများတွင် ‌ရေနစ်ခြင်းကြောင့် အသက်သေဆုံးနိုင်ခြေအမြင့်ဆုံးဖြစ်သည်။ ရေနစ်ခြင်းကြောင့် ချက်ချင်းအသက်အန္တရာယ်ရှိရခြင်း အကြောင်းရင်းများမှာ နှလုံး၊ အသက်ရှူလမ်းကြောင်းနှင့် ဗဟိုအာရုံကြောစနစ်တို့၏ လုပ်ဆောင်မှုများ ရုတ်တရက်ပျက်ယွင်းသွားခြင်းနှင့် အောက်ဆီဂျင်ရရှိမှု ရုတ်တရက်ကျဆင်းသွားခြင်းတို့ကြောင့်ဖြစ်သည်။ ထို့ကြောင့် ရေနစ်ခြင်းကြောင့် အသက်သေဆုံးမှုကို ကာကွယ်ရန်နှင့် လျှော့ချရန် ကိုယ်ခန္ဓာအတွင်းရှိ အောက်ဆီဂျင်ဓာတ်ကျဆင်းသွားခြင်း (Hypoxemia) ကို အမြန်ဆုံး ပြန်လည်ကုသသင့်သည်။ ရေနစ်ရာမှ ကယ်ဆယ်၍ ပြန်လည် အသက်ရှင်သူများတွင်ပင် ဦးနှောက်အောက်ဆီဂျင်ပြတ်လပ်ချိန် ကြာမြင့်ပါက သိစိတ်လုံးဝမရှိတော့သည့် ရုပ်ပိုင်းဆိုင်ရာသာ အသက်ရှင်ကျန်ရှိသော အခြေအနေ (Vegetative State) အထိ ရောက်ရှိနိုင်သည်။

ရေနစ်ရခြင်းအကြောင်းရင်းများ

မြစ်ချောင်း၊ အင်းအိုင်၊ ရေကန်စသည့် ရေတိမ်၊ ရေနက် မည်သည့်နေရာ၌မဆို ရေနစ်နိုင်ခြေရှိသည်။ ကလေးငယ်များတွင် ရေချိုးကန်၊ ရေပုံး၊ ဘိုထိုင်အိမ်သာစသည့် နေရာများ၌ပင် အလွယ်တကူရေနစ်နိုင်သည်။ ရောဂါအခံ တစ်ခုခုကြောင့်ဖြစ်စေ၊ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းများကြောင့်ဖြစ်စေ၊ တမင်ရည်ရွယ်၍ ဖြစ်စေ ရေနစ်ရခြင်းအကြောင်းရင်းများစွာရှိသည်။ ‌ရေနစ်စေနိုင်သော အကြောင်းရင်းအချို့မှာ_

  1. မတော်တဆထိခိုက်မှုများ _ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း (Head injury)၊ ရေတိမ်သော နေရာများတွင် အမြင့်မှ ဒိုင်ဗင်ထိုးရေကူးမိရာမှ ကျောရိုးထိခိုက်မိခြင်း (Spinal injury due to Scuba diving)
  2. ရောဂါအခံများ _ ရေကူးနေသည့်အချိန်အတွင်း နှလုံးခုန်စည်းချက်မမှန်ခြင်း၊ နှလုံးကြွက်သားများပုပ်ခြင်း၊ သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း၊ ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်း၊ တက်ခြင်း (Seizures)
  3. အရက်သောက်ခြင်း၊ မူးယစ်ဆေးများသုံးစွဲခြင်း
  4. စိတ်ပိုင်းဆိုင်ရာ အခြေအနေများ _ စိတ်ဓာတ်ကျခြင်း၊ ရုတ်တရက်ကြောက်ရွံ့ထိတ်လန့်မှု လွန်ကဲခြင်း၊ မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်း
  5. ရေမကူးတတ်ခြင်း၊ ရေကူးကျွမ်းကျင်မှု မရှိခြင်း
  6. ကလေးငယ်များကို မိဘ (သို့မဟုတ်) ကြည့်ရှုစောင့်ရှောက်သူမပါဘဲ ရေစပ်နားတွင် ဆော့ကစားစေခြင်း
  7. သဘာဝဘေးအန္တရာယ်များ _ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခြင်း
  8. ကျန်းမာသောလူငယ်များနှင့် ရေကူးကျွမ်းကျင်သူအချို့ လေ့ကျင့်ပြုလုပ်လေ့ရှိသော ရေအောက်တွင် အသက်ရှူမှုကို ခေတ္တရပ်တန့်ထားသည့် အန္တရာယ်အပြုအမူများ (Dangerous underwater breath-holding behaviors – DUBBs) စသည်တို့ကြောင့် ရေနစ်ခြင်းဖြစ်ပေါ်နိုင်သည်။

ရေနစ်ခြင်းကြောင့် အသက်သေဆုံးရသည့် အကြောင်းရင်းများ

သေဆုံးရခြင်း အဓိကအကြောင်းရင်းများမှာ_

  1. အဆုတ်အတွင်းသို့ရေဝင်ခြင်း (Wet drowning)
    လူတစ်ဦးရေနစ်ပါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်အထိ ရေများဝင်ရောက် ပြည့်နှက်လာမှုကြောင့် လေနှင့် အောက်ဆီဂျင်ဝင်ရောက်မှု လျော့နည်းသွားခြင်း၊ အဆုတ်ကျယ်ပြန့်အား ကျဆင်းသွားခြင်းတို့ကြောင့် ခန္ဓာကိုယ်တွင် အောက်ဆီဂျင်ရရှိမှု ရုတ်တရက်ကျဆင်းသွားသည်။ ထို့ကြောင့် ဦးနှောက်အပါအဝင် အခြားကိုယ်တွင်းအင်္ဂါများထံ အောက်ဆီဂျင် အလုံအလောက် မရောက်ရှိနိုင်တော့ဘဲ သတိလစ်ခြင်း၊ အသက်မရှူနိုင်ခြင်း၊ နှလုံးခုန်ရပ်ခြင်းစသည်တို့ ဆက်တိုက်ဖြစ်ပေါ်၍ ရေထဲ၌ပင် အသက်သေဆုံးနိုင်သည်။ ထို့ပြင် ရေနစ်ရာမှ ကယ်ဆယ်ခံရပြီး နောက်ပိုင်း နာရီအနည်းငယ်အကြာမှ အသက်ရှူလမ်းကြောင်းအတွင်း လေအိတ်များရောင်ခြင်း၊ လေအိတ်များအတွင်း အရည်များ စုဆောင်းလာခြင်းကြောင့်လည်း အောက်စီဂျင်ပြတ်တောက်၍ သေဆုံးနိုင်သည်။ ၎င်းကို Seconday drowning ဟုခေါ်ကြသည်။
  2. လေပြွန်ကြွက်သားများ ရုတ်တရက်တောင့်တင်းပိတ်ဆို့ခြင်း (Dry drowning)
    တစ်ခါတစ်ရံ ရေနစ်သည့်အချိန်တွင် အသက်ရှူလမ်းကြောင်းအတွင်းသို့ ရေဝင်သည်နှင့် ခန္ဓာကိုယ်၏ အလိုအလျောက်တုံ့ပြန်မှုလွန်ကဲကာ လေပြွန်ဝရှိ ကြွက်သားများ ရုတ်တရက်တောင့်တင်းသွားခြင်း (Laryngeal spasm) ကြောင့် လေပြွန်လမ်းကြောင်း ပိတ်ဆို့ခြင်းလည်း ဖြစ်နိုင်သည်။ ထိုအခြေအနေမျိုးတွင် အဆုတ်ထဲသို့ လေနှင့် အောက်ဆီဂျင် မဝင်ရောက်နိုင်သောကြောင့် အောက်ဆီဂျင်ပြတ်လပ်မှုဖြစ်ပေါ်ပြီး ထိုမှတစ်ဆင့် ဦးနှောက်အပါအဝင် အခြားကိုယ်တွင်းအင်္ဂါများ မိနစ်ပိုင်းအတွင်း ထိခိုက်ပျက်စီးပြီး အသက်ဆုံးရှုံးနိုင်သည်။ ထိုအခြေအနေမျိုးတွင် ရေနစ်သော်လည်း အဆုတ်ထဲရေဝင်ခြင်းမရှိသောကြောင့် Dry Drowning ဟူ၍လည်းခေါ် သည်။

    ရေနစ်ခြင်းကြောင့် အသက်သေဆုံးရသည့် အခြားအကြောင်းရင်းများမှာ_
    • ခန္ဓာကိုယ်အပူချိန် အလွန်အမင်းကျဆင်းခြင်း (Hypothermia)
      • အေးမြသည့်ရေထဲတွင် ကြာရှည်စွာနစ်မြုပ်နေခြင်း၏ နောက်ဆက်တွဲအနေဖြင့် ခန္ဓာကိုယ်အပူချိန် အလွန်အမင်းကျဆင်းလာကာ နှလုံးခုန်စည်းချက်မမှန်ခြင်း၊ နှလုံးရပ်ခြင်း (Cardiac Arrest) များဖြစ်နိုင်သည်
    • တိုက်ရိုက်ရရှိသောဒဏ်ရာများ
      • ရေထဲကျချိန် ခေါင်းကို ပြင်းထန်စွာထိခိုက်မိခြင်း၊ ကျောရိုး ဒဏ်ရာရခြင်း၊ ခန္ဓာကိုယ်အတွင်း သွေးယိုခြင်းစသည်တို့ကြောင့် အသက်ဆုံးရှုံးနိုင်သည်
    • နှလုံးရုတ်တရက်ရပ်ခြင်း (Sudden Cardiac Arrest)
      • နှလုံးရောဂါရှိသူများတွင် ဖြစ်နိုင်ခြေပိုများသည်
    • နောက်ဆက်တွဲပြဿနာများ (Secondary Complications)
      • ရေနစ်ခြင်း၏ နောက်ဆက်တွဲပြဿနာများဖြစ်သော အဆုတ်ရောင်ခြင်း၊ ဦးနှောက်ပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း စသည်တို့ကြောင့်လည်း အသက်ဆုံးရှုံးနိုင်သည်။
ရောဂါလက္ခဏာများ

ရေနစ်၍ ကယ်ဆယ်ခံရသူများတွင် တွေ့ရသောလက္ခဏာများမှာ ရေထဲတွင် ကြာချိန်နှင့် အသက်အရွယ်ပေါ် မူတည်၍ မျိုးစုံကွဲပြားနိုင်သည်။ သတိလစ်၍ အသက်မရှူ၊ နှလုံးမခုန်သူများ ရှိနိုင်သကဲ့သို့ ချက်ချင်းသတိပြန်ရ သူများလည်း ရှိနိုင်သည်။

ချက်ချင်းတွေ့ရှိနိုင်သော လက္ခဏာများ

  1. အသက်ရှူလမ်းကြောင်းဆိုင်ရာ
    • ချောင်းဆိုးခြင်း
    • အသက်ရှူသံ တရွှီရွှီမြည်ခြင်း (Wheezing)
    • အသက်ရှူမြန်ခြင်း၊ ကျပ်ခြင်း၊ မောခြင်း
    • နှုတ်ခမ်း၊ လက်သည်း၊ အရေပြား ပြာနှမ်းခြင်း (Cyanosis)
  2. ဦးနှောက်အာရုံကြောဆိုင်ရာ
    • သတိလစ်ခြင်း (သို့မဟုတ်) သတိမကောင်းခြင်း
    • တက်ခြင်း
    • ကယောင်ကတမ်းပြောခြင်း
  3. အခြားလက္ခဏာများ
    • အန်ခြင်း
    • နှလုံးခုန်စည်းချက်မမှန်ခြင်း၊ နှလုံးရပ်ခြင်း
    • ခန္ဓာကိုယ်အေးစက်ခြင်း (Hypothermia)

နောက်ဆက်တွဲလက္ခဏာများ

ရေနစ်ပြီး (၂၄-၄၈) နာရီအတွင်း ပေါ်လာနိုင်သည်။

  1. အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ
    • အဆုတ်ရောင်ခြင်း (Pneumonia)
    • အဆုတ်ရေဝင်ခြင်း (Pulmonary edema)
  2. ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ
    • အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ဦးနှောက်ထိခိုက်ပျက်စီးခြင်း (Hypoxic Brain Injury)
    • မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှုဆိုင်ရာ ပြဿနာများ
    • နာတာရှည်အတက်ရောဂါ
  3. အခြားအန္တရာယ်များ
    • ကျောက်ကပ်ပျက်စီးခြင်း
    • ပိုးမွှားများကြောင့်အဖျားတက်လာခြင်း၊ သွေးဆိပ်တက်ခြင်း (Sepsis)
    • ကြွက်သားပျက်စီး (Rhabdomyolysis) စသည်တို့ ဖြစ်သည်။
အရေးပေါ် ကုသခြင်း

ရေနစ်သူတစ်ဦးကို ချက်ချင်းကယ်ဆယ်ပြီးသည်နှင့် အရေးပေါ် ရှေးဦး ပြုစုကုသမှုများပြုလုပ်၍ နီးစပ်ရာ ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံး ပို့ဆောင်ပေးသင့်သည်။

ရှေးဦးကုသခြင်း

  1. ချက်ချင်းကယ်ဆယ်ခြင်း
    • ရေနစ်သူကို အမြန်ဆုံးကယ်ဆယ်ပါ
    • ရေနစ်သူသည် နစ်မြုပ်ခြင်းမရှိသေးပါက ကြိုး၊ အသက်ကယ်ဘောကွင်း (Inflatable Ring) သို့မဟုတ် ရေပေါ်တွင်ပေါ်နိုင်သော ပစ္စည်းများ ပစ်ပေးပြီး ဆွဲယူကယ်ဆယ်ပါ
    • ရေနစ်သူသည် ရုန်းကန်လှုပ်ရှားလျက် မြုပ်ခြင်း၊ ပြန်ပေါ်ခြင်း ဖြစ်နေသည့်အချိန်တွင် ရေကူးတတ်သူမှ ဝင်ရောက်ကယ်ဆယ်သည့်အခါ ရေနစ်သူ၏ ရုန်းကန်မှုကြောင့် မိမိကိုယ်တိုင် ရေနစ်နိုင်ခြင်းကိုသတိပြုပါ
    • သတိလစ်နစ်မြုပ်နေသူဖြစ်လျှင် ရေကူးတတ်သူ၊ ရေငုပ်နိုင်သူများသာ ဆင်းကယ်ပါ
  2. ဘေးကင်းရာသို့ရွှေ့ပြီး အခြေအနေစစ်ဆေးခြင်း
    • လူနာကို ခြောက်သွေ့ပြီး ဘေးကင်းသောနေရာသို့ ရွှေ့ပါ
    • သတိရှိမရှိ အသံကျယ်ကျယ်ဖြင့် အော်မေးခြင်း၊ ပခုံးကို ညင်သာစွာ လှုပ်ကြည့်ခြင်းတို့ဖြင့် စစ်ဆေးပါ
  3. အသက်ရှူ၊ နှလုံးခုန်ခြင်း ရှိမရှိ စစ်ဆေးခြင်းနှင့် ကုသခြင်း
    • တုံ့ပြန်မှုမရှိပါက နှလုံးခုန်နှုန်းနှင့် အသက်ရှူမှုကို (၁၀) စက္ကန့်ခန့် စစ်ဆေးပါ
    • အသက်မရှူ၊ နှလုံးမခုန်ပါက CPR (စီပီအာ) ချက်ချင်းစတင်ပါ
    • အနီးအနားရှိလူများကို CPR ကိုဝိုင်းဝန်းကူညီရန်နှင့် အရေး‌ပေါ်လူနာတင်ယာဥ်ခေါ်ရန် အကူအညီ အမြန်တောင်းပါ
    • အလိုအလျောက် နှလုံးနှိုးစက်ရနိုင်လျှင် အမြန်ယူဆောင်၍ အသုံးပြုပါ။ စက်မရရှိနိုင်ပါက CPR ကိုသာ ဆက်တိုက်လုပ်ဆောင်ပါ။ စီပီအာကို ချက်ချင်း စနစ်တကျ ပြုလုပ်ခြင်းဖြင့် ရေနစ်သူ (၅၀-၇၀%) တွင် အလိုအလျောက်နှလုံးခုန်ခြင်း ပြန်ရနိုင်သည်။ (၅ -၁၀) မိနစ် ကြာပြီးမှ စီပီအာ စတင်ပြုလုပ်လျှင် အသက်ရှင်နိုင်မှု (၁၀ %) အောက်သာရှိသည်။
  4. လည်ပင်းဒဏ်ရာကာကွယ်ခြင်း
    • သတိလစ်နေသောလူနာတွင် လည်ပင်းကျောရိုး ထိခိုက်နိုင်ခြေရှိသောကြောင့် အသက်ကယ်ချိန်နှင့် အရွှေ့အပြောင်းပြုလုပ်ချိန်တွင် လူနာ၏လည်ပင်းကို သတိထား၍ ကိုင်တွယ်ပါ၊ အလွယ်တကူ လှည့်ခြင်း၊ စောင်းခြင်းများ မပြုလုပ်သင့်ပါ
    • လည်ပင်းနှင့်ဦးခေါင်းကို လက်ဖြင့်တစ်ဖက်တစ်ချက်မှ ထိန်းကိုင်ခြင်း၊ အုတ်ခဲ၊ ရေသန့်ဘူး ကဲ့သို့ လေးလံသည့် ပစ္စည်းဖြင့် လည်ပင်းတစ်ဖက်တစ်ချက်တွင် ထိန်းထားခြင်း၊ လည်ပင်းထိန်းကော်လာ (Cervical collar) တို့ဖြင့်ထိန်းခြင်း စသည်တို့ဖြင့် ဦးခေါင်း၊ လည်ပင်း၊ ခန္ဓာကိုယ် မျဉ်းဖြောင့်ပုံစံ ထိန်းရမည်။
  5. အခြားအရေးကြီးကုသမှုများ
    • စိုစွတ်နေသောအဝတ်များကို ဖယ်ရှား၍ ခြောက်သွေ့သောအဝတ်များလဲပေးပါ
    • အောက်ဆီဂျင်ပေးပါ
    • အခြားထိခိုက်ဒဏ်ရာများ ပူးတွဲတွေ့ရှိပါက သွေးတိတ်အောင်ပြုလုပ်ခြင်း၊ ကျပ်စည်းခြင်းများ ပြုလုပ်ပါ
    • ဆေးရုံသို့ အမြန်ပို့ပါ၊ ပို့ဆောင်စဉ် လိုအပ်ပါက စီပီအာ ဆက်တိုက်လုပ်ဆောင်ပါ
Drowning and near drowing image

ဆေးရုံတွင် ဆက်လက်ကုသခြင်း

‌ ရေနစ်ရာမှ ကယ်ဆယ်ထားသည့် လူနာအားလုံးကို နီးစပ်ရာဆေးရုံ အရေးပေါ်ဌာနသို့ ပို့ဆောင်ရမည်ဖြစ်သည်။ ရေနစ်သောလူနာတစ်ဦး၏ အသက်ရှင်နိုင်မှုရာခိုင်နှုန်းသည်

  • ရေထဲမှ ကယ်ပြီးပြီးချင်း အရေးပေါ် အသက်ကယ်နည်းများ ချက်ချင်းရရှိနိုင်မှု
  • ရေထဲတွင် နစ်မြုပ်နေသည့်ကြာချိန်
  • ရေအမျိုးအစား (အပူချိန်၊ ဆားဓာတ်ပါဝင်မှု၊ ညစ်ညမ်းမှု) နှင့်
  • လူနာအသက်အရွယ်၊ နောက်ခံရောဂါ အခြေအနေတို့အပေါ် မူတည်သည်။
ဆေးရုံတွင် အရေးပေါ်ကုသခြင်းများ
  • ရေနစ်လူနာ၏ နောက်ဆက်တွဲ အခြေအနေပြင်းထန်မှုပေါ် မူတည်၍ အသက်ရှူလမ်းကြောင်းအတွင်း ပိတ်ဆို့နေသည်များကိုဖယ်ရှားခြင်း၊ လူနာသတိလစ်နေလျှင် အသက်ရှူပိုက်သွင်းခြင်း၊ အောက်ဆဆီဂျင်ပေးခြင်း၊ အသက်ရှူကူစက် တပ်ဆင်ခြင်းများကို ချက်ချင်းပြုလုပ်သည်
  • လူနာ၏ သွေးလှည့်ပတ်မှုစစ်ဆေးပြီး လိုအပ်လျှင် ဆားရည်သွင်းခြင်း၊ နှလုံးစစ်ဆေးခြင်း၊ နှလုံးစည်းချက်မမှန်ခြင်းအား ကုသခြင်း၊ နှလုံးခုန်ရပ်ခြင်းဖြစ်လျှင် စီပီအာ ဆက်လက်ပြုလုပ်ခြင်း များပြုလုပ်သည်
  • လူနာကိုယ်အပူချိန်ကျဆင်းနေလျှင် နွေးထွေးစေရန် စီမံခြင်း၊ နွေးသည့် ဆားရည်သွင်းခြင်းများ ပြုလုပ်သည်
  • အဆုတ်တွင်းသို့ မသန့်ရှင်းသည့် ရေများဝင်ရောက်သဖြင့် ရောဂါပိုး ကူးစက်ခြင်းမရှိစေရန် ပဋိဇီဝ ပိုးသတ်ဆေးပေးခြင်း၊ မူလရောခါအခံများအား ကုသခြင်း၊ ယှဉ်တွဲဖြစ်နေသည့် အခြားထိခိုက်ဒဏ်ရာများအား ကုသခြင်းများ ပြုလုပ်သည်
  • အချိန်ကြာ အောက်ဂျင် ပြတ်လပ်မှုကြောင့် ဖြစ်နိုင်သော ကိုယ်တွင်းအင်္ဂါပျက်စီးမှုအခြေအနေများ သိရှိကုသနိုင်ရန် သွေးတွင်းရှိ သကြားဓာတ်၊ သတ္တုဓာတ်ဆားများ၊ မိုင်ယိုဂလိုဘင်ဓာတ်များကို ချက်ချင်းစစ်ဆေးသည်
  • အဆုတ်၏အခြေအနေကိုစစ်ဆေးရန်၊ ဦးနှောက်ထိခိုက်ဒဏ်ရာနှင့် လည်ပင်းအရိုးဆစ်ထိခိုက်မှုများကို စစ်ဆေးရန် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ ဦးနှောက်ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းများကို လိုအပ်လျှင် ပြုလုပ်သည်
  • လူနာတွင် မည်သည့် နောက်ဆက်တွဲပြဿနာများ မရှိသော်လည်း ဆေးရုံတွင် အနည်းဆုံး (၄-၆) နာရီခန့် စောင့်ကြည့်ကုသရန်လိုသည်၊ နောက်ဆက်တွဲပြဿနာတစ်စုံတစ်ခုရှိလျှင် (၂၄ – ၄၈) နာရီ စောင့်ကြည့်ရန်လိုသည်၊ သတိလစ်ခြင်း၊ နှလုံးနှင့်သက်ဆိုင်သော ပြဿနာများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အခြားထိခိုက်ဒဏ်ရာများရှိလျှင် အထူးကြပ်မတ်ကုသဆောင်တွင် ဆေးရုံတင်ကုသရန်လိုသည်
ကာကွယ်ခြင်း
  • ရေကူးတတ်အောင် သင်ယူပါ _ အသက် (၄) နှစ်နှင့်အထက် ကလေးများအတွက် အထူးအရေးကြီးသည်
  • အန္တရာယ်ရှိသော ရေစပ်များတွင် ပြေးလွှားခြင်း၊ နောက်ပြောင်ခြင်းများ ရှောင်ကြဉ်ပါ
  • အရက်၊ မူးယစ်ဆေးသုံးပြီးရေကူးခြင်း၊ ရေတွင်း၊ ရေကန်အနီးတွင်နေခြင်း လုံးဝမပြုလုပ်ပါနှင့်
  • လှေလှော်ခြင်း၊ ငါးဖမ်းခြင်း၊ စီးဆင်းနေသည့်ရေတွင် ရေကူးခြင်းနှင့် သတ်မှတ်စည်းကမ်းပြဌာန်းသော နေရာများတွင် အသက်ကယ်အင်္ကျီကို ဝတ်ဆင်ပါ
  • အန္တရာယ်ရှိသော ရေတွင်းရေကန်များတွင် သတိပေးတားမြစ်သည့် ဆိုင်းဘုတ်များ တပ်ဆင်ပါ
  • ရေလွှမ်းမိုးနေသော လမ်းများကို ကားဖြင့်ဖြတ်ကူးခြင်း ရှောင်ကြဉ်ပါ
ကလေးငယ်များအတွက် အထူးသတိပြုရန်
  • ကလေးများကို ရေနှင့်နီးသောနေရာတွင် မျက်ခြည်မပြတ်စောင့်ကြည့်ပါ
  • အိမ်ရှိရေကန်များကို အကာအကွယ်များ တပ်ဆင်ပါ
  • ရေချိုးဇလုံ၊ ရေပုံး၊ အိမ်သာဘိုထိုင်ခွက် စသည့်နေရာတွင် ကလေးများကို တစ်ယောက်တည်း မထားပါနှင့်
  • ကလေးများအား ရေတွင်း၊ ရေကန်၊ မြစ်ချောင်းနားတွင် လွတ်လပ်စွာ မဆော့စေပါနှင့်
  • မိုးသည်းထန်စဉ် ရေကန်များနား မနေပါနှင့်
  • ရေကူးကန်များတွင် ကလေးများအား ရေနက်နေရာသို့ မသွားပါစေနှင့်
အရေးပေါ်အတွက်ကြိုတင်ပြင်ဆင်မှု
  • အိမ်တွင် အသက်ကယ်ပစ္စည်းများ ဆောင်ထားပါ (ဘောကွင်း၊ အသက်ကယ်အင်္ကျီ၊ ကြိုး၊ ရေပေါ်တွင်ပေါ်နိုင်သည့် ကော်ပုံး၊ အုန်းသီးခြောက် စသည်)
  • CPR နှင့် အခြေခံအသက်ကယ်နည်းများ သင်ယူထားပါ
  • အရေးပေါ်ဖုန်းနံပါတ်များကို အဆင်သင့်မှတ်ထားပါ

ရေနစ်ခြင်း၏ (၉၀%) သည် ကာကွယ်၍ရသော မတော်တဆမှုများဖြစ်သည်။ မိဘများ၏ သတိရှိမှုတစ်ခုတည်းဖြင့် ကလေးအသက်များစွာကို ကယ်တင်နိုင်သည်။

Published: 11 April 2025

Share

Category

11 April 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.