နားနှင့်နှာခေါင်းအတွင်းသို့ ပြင်ပမှအရာဝတ္ထုပစ္စည်းများ ဝင်ရောက်သွားခြင်းသည် ဆေးရုံ၊ ဆေးခန်းများတွင် မကြာခဏတွေ့ရလေ့ရှိသော အခြေအနေတစ်ခုဖြစ်သည်။ အသက်အရွယ်မရွေး တွေ့ရသော်လည်း ကလေးများတွင် ပို၍အဖြစ်များသည်။ အသက် (၂)နှစ် မှ (၅)နှစ်ကြား ကလေးများနှင့် ဖွံ့ဖြိုးမှုနောက်ကျသော၊ ဉာဏ်ရည်ချို့ယွင်းသော ကလေးများတွင် အဖြစ်များသည်။ များသောအားဖြင့် အန္တရာယ်နည်းပြီး ထုတ်ရလွယ်သောပစ္စည်းများ ဝင်ရောက်ပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ မရှိသော်လည်း အန္တရာယ်ဖြစ်စေနိုင်သောပစ္စည်းများ (ဥပမာ_ဘက်ထရီ၊ သစ်သီးအစေ့များ) ဝင်ရောက်ပါက အမြန်ဖယ်ရှားရန်လိုသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးငယ်များသည် သိလိုစိတ်ပြင်းပြသောကြောင့် ပစ္စည်းအပိုင်းအစများကို ခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်သော နှာခေါင်းနှင့်နားအတွင်းသို့ ထိုးသွင်းထည့်တတ်ကြသည်။ တစ်ခါတစ်ရံတွင် ကလေးအချင်းချင်း ဆော့ကစားရာမှလည်း ထည့်မိတတ်ကြသည်။ လူကြီးများတွင်မူ မိမိ၏ကလေးနှင့် ဆော့ကစားရင်း ပစ္စည်းအပိုင်းအစများ ထည့်မိခြင်း၊ အင်းဆက်ပိုးကောင်များ ဝင်ရောက်ခြင်း၊ နားကျပ်နေစဥ် ဂွမ်းစကျန်ခဲ့ခြင်း၊ အပိုင်းအစများ ကျိုးကျန်ခဲ့ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။
ဝင်ရောက်မှုအများဆုံးပစ္စည်းများ
- ပုတီးစေ့များ
- အသီးအနှံအစေ့များ (ပဲစေ့၊ မန်ကျည်းစေ့)
- စာရွက်အပိုင်းအစများ
- အရုပ်အပိုင်းအစများ
- နားကျပ်ဂွမ်းတံ
- ကြယ်သီး
- ဘက်ထရီအသေးများ
- ခဲဖျက်အပိုင်းအစများ
- အင်းဆက်ပိုးကောင်များ
ယနေ့ခေတ်တွင် အီလက်ထရွန်းနစ်ပစ္စည်းများနှင့် ကစားစရာများ၌ အသုံးများလာသော အောက်ပါပစ္စည်းများသည် အလွန်အန္တရာယ်ကြီးသဖြင့် အထူးသတိပြုရန် လိုအပ်သည်။
- ဘက်ထရီအသေးများ (Button Batteries)
၎င်းတို့သည် နား သို့မဟုတ် နှာခေါင်းအတွင်းရှိ စိုစွတ်သော အမြှေးပါးများနှင့် ထိတွေ့ပါက လျှပ်စစ်စီးဆင်းမှုဖြစ်ပေါ်စေပြီး (၂) နာရီအတွင်း ပြင်းထန်သော ဓာတုလောင်ကျွမ်းမှုကို ဖြစ်စေနိုင်သည်။ ထိုမှတစ်ဆင့် နှာခေါင်းအရိုးနုများ ပေါက်ထွက်ခြင်းနှင့် နားစည်ပျက်စီးခြင်းတို့ကဲ့သို့သော နောက်ဆက်တွဲပြဿနာများကို လျင်မြန်စွာ ဖြစ်ပေါ်စေနိုင်သည်။ - သံလိုက်ငယ်များ (Small Magnets)
အားကောင်းသော သံလိုက်ငယ်တစ်ခုထက်ပို၍ ဝင်ရောက်သွားပါက ၎င်းတို့သည် အချင်းချင်းဆွဲကပ်ပြီး၊ ကြားရှိ နူးညံ့သော တစ်ရှူးများကို ညှပ်မိကာ သွေးလှည့်ပတ်မှု ရပ်တန့်စေသဖြင့် တစ်ရှူးများ ပုပ်သွားသည်အထိ ဖြစ်စေနိုင်သည်။
ရောဂါလက္ခဏာများ
အများအားဖြင့် ပစ္စည်းဝင်ရောက်ခါစတွင် သတိမထားမိသော်လည်း အောက်ပါလက္ခဏာများ တွေ့ရှိပါက ပြင်ပမှပစ္စည်းများ ဝင်ရောက်နေခြင်းကို သတိထားရှာဖွေရန်လိုသည်။
- နှာခေါင်းတစ်ဖက်ထဲမှ သိသိသာသာ နှာရည်ယိုခြင်း
- နှာခေါင်းတစ်ဖက်ထဲမှ သိသိသာသာ နှာခေါင်းသွေးယို၍ နှာခေါင်းအနံ့နံခြင်း
- နှာခေါင်းတစ်ဖက်ထဲ သိသိသာသာပိတ်ခြင်း
- နားကိုက်ခြင်း၊ နားပြည်ယိုခြင်း
- နားအူခြင်း
- အကြားအာရုံ ယာယီချို့တဲ့ခြင်း
- မျက်နှာများရောင်ရမ်းခြင်းစသည်တို့ တွေ့ရှိပါက သတိထားရန်လိုသည်။
နောက်ဆက်တွဲပြဿနာများ
နား၊ နှာခေါင်းအတွင်းဝင်ရောက်သော ပြင်ပပစ္စည်းများကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ရရှိနိုင်သည်။
- သွေးထွက်နိုင်ခြင်း
- ထိပ်ကပ်နာဖြစ်ခြင်း
- နှာခေါင်းလေအိတ်များပိုးဝင်၍ ရောင်ရမ်းခြင်း
- မျက်လုံးဝန်းကျင်ပိုးဝင်၍ ရောင်ရမ်းခြင်း
- ဦးနှောက်အမြှေးပါးရောင်ခြင်း
- အကြားအာရုံဆုံးရှုံးခြင်း
- အသက်ရှူလမ်းကြောင်းအတွင်းအထိ ရောက်ရှိပိတ်ဆို့ခြင်း (အလွန်အန္တရာယ်ကြီးသည်) တို့ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ဝင်ရောက်သည့်ပစ္စည်းသည် ဘက်ထရီ၊ အစားအစာအပိုင်းအစများဖြစ်ပါက အရေးပေါ် ဖယ်ရှားရန် လိုသောကြောင့် နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်နှင့် ချက်ချင်းပြသရန်လိုသည်။ ထိုအရာများသည် ဝင်ရောက်သည့်နေရာရှိ တစ်ရှူးများကို ပျက်စီးစေနိုင်သောကြောင့် ဆရာဝန်မှ နား၊ နှာခေါင်းအတွင်းကြည့်သည့် မှန်ပြောင်းဖြင့် စစ်ဆေးဖယ်ရှားပြီး ကုသမှုပြုလုပ်သည်။
အချို့သော အရေးပေါ် ဖယ်ရှားရန် မလိုအပ်သောပစ္စည်းများဖြစ်ပါက မိမိ၏ မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြသပြီး လိုအပ်ပါက သက်ဆိုင်ရာဆရာဝန်ထံ လွှဲပြောင်းပေးခြင်း ပြုလုပ်သည်။
လွှဲပြောင်းရန် လိုအပ်သောအခြေအနေများမှာ_
- ဝင်သည့်ပစ္စည်းသည် ကောင်းစွာမမြင်နိုင်သောနေရာတွင် ရှိနေခြင်း
- ပစ္စည်းရှိနေသည့်နေရာ ရောင်ရမ်းနေခြင်း
- ဝင်သည့်ပစ္စည်းအမျိုးအစားပေါ် မူတည်၍ ဖယ်ရှားရန် လိုအပ်သည့် ကိရိယာ အလုံအလောက်မရှိခြင်း
- အကြိမ်များစွာ ဖယ်ရှားသော်လည်း မအောင်မြင်ခြင်း
- ဝင်သည့်ပစ္စည်းသည် ချွန်ထက်သော ပစ္စည်းဖြစ်နေခြင်းစသည်တို့ဖြစ်သည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်သည်။ လိုအပ်ပါက ဓာတ်မှန်ရိုက်၍ ပြင်ပပစ္စည်းရှိနေသောနေရာကို ရှာဖွေနိုင်သည်။
ယနေ့ခေတ်တွင် ဗီဒီယိုမှန်ပြောင်း နည်းပညာ (Video Endoscopy) ကို အသုံးပြု၍ ရောဂါရှာဖွေခြင်းမှာ ပိုမိုခေတ်စားလာသည်။ အလွန်သေးငယ်သော ဗီဒီယိုမှန်ပြောင်းများကို အသုံးပြုခြင်းဖြင့် နားနှင့် နှာခေါင်း၏ အတွင်းပိုင်း၊ အနက်ဆုံးနေရာများအထိ ကြည့်ရှုနိုင်ပြီး၊ ပြင်ပပစ္စည်း ရှိနေသောနေရာနှင့် ပစ္စည်းအမျိုးအစားကို ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် တိကျပြတ်သားစွာ မြင်တွေ့နိုင်သည်။ ၎င်းသည် သာမန်မျက်စိဖြင့် မြင်ရန်ခက်ခဲသော ပစ္စည်းများကို ရှာဖွေရာတွင် အလွန်ထိရောက်သည်။
ကုသခြင်း
နား၊ နှာခေါင်းအတွင်းရှိ ပြင်ပပစ္စည်းကို ဖယ်ရှားရန် ဆရာဝန်မှ ဖယ်ရှားပုံကို ရှင်းလင်းပြောပြ၍ သဘောတူညီချက်တောင်းခံမည်။ ဝင်ရောက်သည့်ပစ္စည်းသည် ဘက်ထရီဖြစ်ပါက ထုံဆေးဖျန်းခြင်း မလုပ်ရပါ။ ထုံဆေးနှင့်ဓာတ်ပြု၍ နေရာရွေ့သွားနိုင်သောကြောင့်ဖြစ်သည်။ ကလေးဖြစ်ပါက ပစ္စည်းကို ကောင်းစွာမြင်ရသော အနေအထားတွင် ငြိမ်ငြိမ်ထား၍ ပစ္စည်းထုတ်ရန် လိုသောကြောင့် ထိန်းပေးရန် မိဘ သို့မဟုတ် လူကြီး (၂)ယောက် လိုအပ်သည်။
နှာခေါင်းထဲရှိ ပြင်ပပစ္စည်းကိုထုတ်ရန်
- နှာခေါင်းမှ မှုတ်ထုတ်ခြင်း
- ပြင်ပပစ္စည်းဝင်နေသောဘက်မဟုတ်သည့် နှာခေါင်းပေါက်ကို လက်ဖြင့်ခေတ္တပိတ်၍ ဖြည်းညင်းစွာ အသက်ရှူမှုတ်ထုတ်ခြင်းဖြစ်သည်
- ထိုသို့ပြုလုပ်ခြင်းသည် ဖိအားဖြစ်ပေါ်စေပြီး ပစ္စည်းကို အမြန်ထွက်စေသည်
- ပါးစပ်မှ မှုတ်ထုတ်ခြင်း
- ကလေး၏ပါးစပ်ကို မိခင်၏ပါးစပ်နှင့် လုံအောင်ပိတ်၍ မှုတ်ထုတ်ခြင်းဖြစ်သည်
- ထိုသို့ ပြုလုပ်ချိန်တွင် ကလေးက ပစ္စည်းမဝင်သောနှာခေါင်းကို လက်ဖြင့် ခေတ္တပိတ်ထားရန်လိုသည်
- ညှပ် စသည့်ကိရိယာများကို အသုံးပြု၍ထုတ်ခြင်း
- ဆရာဝန်မှ ညှပ်ကဲ့သို့သော ကိရိယာကို သုံး၍ထုတ်ခြင်းဖြစ်သည်
- စက် သို့မဟုတ် မှန်ပြောင်းဖြင့် ထုတ်ခြင်း
- နားနှာခေါင်းလည်ချောင်းဆရာဝန်မှ စက် သို့မဟုတ် မှန်ပြောင်းကို သုံး၍ထုတ်ခြင်းဖြစ်သည်
ရှောင်ကြဥ်ရမည့်အချက်များမှာ လက်ဖြင့်နှိုက်ထုတ်ခြင်းနှင့် ပြင်ပပစ္စည်းကို ရှူသွင်းခြင်းတို့ဖြစ်သည်။ ဝင်ရောက်နေသောပစ္စည်းသည် နောက်သို့နေရာရွေ့ပြီး အသက်ရှူလမ်းကြောင်းထဲသို့ ရောက်သွားပါက အသက်ရှူရခက်ခဲလာနိုင်သည်။
နားအတွင်းရှိ ပြင်ပစ္စည်းထုတ်ရန်
နားအတွင်းကြည့်မှန်ပြောင်းဖြင့် ကြည့်၍ ထုတ်သည်။
- ညှပ် စသည့်ကိရိယာများကို အသုံးပြု၍ထုတ်ခြင်း
- မြင်လွယ်သော၊ ထုတ်၍လွယ်သောနေရာတွင် ရှိပါက ညှပ်ကဲ့သို့ကိရိယာဖြင့် အလွယ်တကူ ထုတ်နိုင်သည်
- လက်ဖြင့်နှိုက်ထုတ်ခြင်း မလုပ်ရပါ
- အင်းဆက်ဝင်ရောက်ပါက ဆီထည့်၍ထုတ်ခြင်း
- ဝင်သည့်အရာဝတ္ထုသည် အင်းဆက်ဖြစ်ပါက လက်ဖြင့်မနှိုက်ရပါ
- ခေါင်းကိုစောင်း၍ အင်းဆက်ဝင်သောနားကို အပေါ်ဘက်တွင် ထားရှိသောအနေအထားဖြင့်နေပါ
- အင်းဆက်ဝင်သောနားထဲသို့ ဆီအနည်းငယ် (ဥပမာ_သံလွင်ဆီ) လောင်းထည့်ပါ
- ဆီသည် အင်းဆက်ကိုသေစေ၍ ဆီပေါ်တွင် ပေါ်လာမည်
- နားစည်ပေါက်နေခြင်း၊ နားတွင် ပြွန်ထည့်ထားခြင်းရှိပါက ဆီထည့်၍ မထုတ်ရပါ
- စက် သို့မဟုတ် မှန်ပြောင်းကို အသုံးပြု၍ထုတ်ခြင်း
- နားနှာခေါင်းလည်ချောင်းဆရာဝန်မှ စက် သို့မဟုတ် မှန်ပြောင်းကိုသုံး၍ ထုတ်ခြင်းဖြစ်သည်၊
- နား၊ နှာခေါင်းအတွင်းရှိ ပြင်ပပစ္စည်းများထုတ်ပြီးပါက ဆရာဝန်မှ မှန်ပြောင်းဖြင့် ပြန်လည်စစ်ဆေး စမ်းသပ်သည်၊ လိုအပ်ပါက ပဋိဇီဝပိုးသတ်ဆေးပေးခြင်း၊ အရောင်ကျဆေးပေးခြင်းတို့ကို ပြုလုပ်သည်
အထူးရှောင်ကြဉ်ရမည့်အချက်များ
နားနှင့် နှာခေါင်းအတွင်း ပြင်ပပစ္စည်းများ ဝင်ရောက်ပါက အောက်ပါတို့ကို လုံးဝမပြုလုပ်ရန် အရေးကြီးသည်။
- လက် သို့မဟုတ် တုတ်ချောင်းများဖြင့် နှိုက်ထုတ်ခြင်း
ပြင်ပပစ္စည်းကို လက်ဖြင့်ဖြစ်စေ၊ တုတ်ချောင်းကဲ့သို့ အခြားပစ္စည်းများဖြင့်ဖြစ်စေ ကိုယ်တိုင် နှိုက်ထုတ်ခြင်း မပြုလုပ်ရပါ။ ထိုသို့ ပြုလုပ်ခြင်းသည် ပစ္စည်းကို အတွင်းဘက်သို့ ပို၍တွန်းပို့မိစေပြီး အသက်ရှူလမ်းကြောင်းအတွင်း ရောက်သွားပါက အသက်အန္တရာယ်ရှိနိုင်သည်။ - ဘက်ထရီဝင်ပါက အရည်များ ထည့်ခြင်း
ဝင်နေသော ပစ္စည်းသည် ဘက်ထရီအသေး (Button Battery) ဖြစ်ပါက ရေ၊ မျက်စဉ်းဆေး သို့မဟုတ် အခြားအရည်စသည့် မည်သည့်အရည်ကိုမဆို လုံးဝမထည့်ရပါ။ အရည်များသည် ဘက်ထရီရှိ လျှပ်စစ်ဓာတ်နှင့် ဓာတ်ပြုမှုကို ပိုမိုအားပေးပြီး၊ (၂) နာရီအတွင်း ပြင်းထန်သော ဓာတုလောင်ကျွမ်းမှုကို ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။ - ပစ္စည်းကို ရှူသွင်းခြင်း
နှာခေါင်းထဲတွင် ပစ္စည်းဝင်နေပါက အားပြင်းပြင်းဖြင့် ရှူသွင်းခြင်း မပြုလုပ်ရပါ။ ၎င်းသည် ပစ္စည်းကို လေပြွန်အတွင်းသို့ ရောက်ရှိသွားစေနိုင်သည်။

ကာကွယ်ခြင်း
ကလေးငယ်များ၏ နှာခေါင်းနှင့်နားအတွင်းသို့ ပြင်ပပစ္စည်းများဝင်ရောက်ခြင်းမှ ကာကွယ်ရန် အောက်ပါနည်းလမ်းများ လုပ်ဆောင်ခြင်းဖြင့် လျှော့ချနိုင်သည်။
- ကလေးငယ်များကို ဘေးအန္တရာယ်ကင်းဝေးရေး လမ်းညွှန်ချက်များနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ မှန်ကန်သောအလေ့အထများကို လိုက်နာကျင့်သုံးနိုင်စေရန် အသိပညာပေးခြင်း (ဥပမာ _ ကလေးငယ်အား နားနှင့်နှာခေါင်း သန့်ရှင်းရေး စနစ်တကျ ပြုလုပ်တတ်စေရန် သင်ကြားပြသပေးခြင်း)
- ကလေးငယ်များ ဆော့ကစားချိန်အတွင်း အန္တရာယ်ကင်းရှင်းစေရန် စောင့်ကြည့်ခြင်း
- ကလေးငယ်များ အန္တရာယ်မဖြစ်စေရန် အိမ်တွင် အကာအကွယ်ပစ္စည်းများ အသုံးပြုခြင်း
- သေးငယ်သော အရာဝတ္ထုပစ္စည်းများကို ကလေးငယ်များ လက်လှမ်းမမီသောနေရာတွင် ထားခြင်း
- ကလေးငယ်များအား အရာဝတ္ထုပစ္စည်းများ ထည့်သွင်းခြင်းသည် အန္တရာယ်ဖြစ်စေသည့်အကြောင်းကို သိရှိနားလည်စေရန် သင်ကြားပေးခြင်း
- ကလေးအသက်အရွယ်နှင့် ကိုက်ညီသော ကစားစရာများနှင့် လှုပ်ရှားမှုများကိုသာ ဆော့ကစားစေခြင်း
References:
- Mayo Clinic. (n.d.). First aid basics. Retrieved December 23, 2025, from https://www.mayoclinic.org/first-aid/first-aid/basics/art-20056610
- Children’s Health Queensland. (n.d.). Foreign body – nose: Queensland paediatric clinical guidelines. Retrieved December 23, 2025, from https://www.childrens.health.qld.gov.au/for-health-professionals/queensland-paediatric-emergency-care-qpec/queensland-paediatric-clinical-guidelines/foreign-body-nose
- Mayo Clinic. (n.d.). First aid basics. Retrieved December 23, 2025, from https://www.mayoclinic.org/first-aid/first-aid/basics/art-20056709
- Children’s Hospital of Philadelphia. (n.d.). Foreign bodies in the ear, nose and airway. Retrieved December 23, 2025, from https://www.chop.edu/conditions-diseases/foreign-bodies-ear-nose-and-airway
- James, A. J., & Robson, A. K. (2021). Management of foreign bodies in the ear and nose. Journal of Pediatric Health Care, 35(4), 422–428. Retrieved December 23, 2025, from https://pmc.ncbi.nlm.nih.gov/articles/PMC9705068/
- Eliason, M. J., Ricca, R. L., & Gallagher, T. Q. (2016). Button battery ingestions in children. Current Opinion in Otolaryngology & Head and Neck Surgery, 24(6), 513–520. Retrieved December 23, 2025, from https://pubmed.ncbi.nlm.nih.gov/28858893/
- Jatana, K. R., Litovitz, T., Reilly, J. S., Koltai, P. J., Rider, G., & Jacobs, I. N. (2013). The danger of button batteries in the nose and ear. Paediatrics & Child Health, 18(5), 241–242. Retrieved December 23, 2025, from https://pubmed.ncbi.nlm.nih.gov/23896385/
- Svider, P. F., Sheyn, A., Folbe, E., Sekhsaria, V., Zuliani, G., Eloy, J. A., et al. (2014). How common are nasal foreign bodies? A population-based analysis. International Forum of Allergy & Rhinology, 4(8), 652–656. Retrieved December 23, 2025, from https://onlinelibrary.wiley.com/doi/abs/10.1002/alr.21396
Published: 27 December 2024
Last updated: 10 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.