Acute loss of consciousness (ရုတ်တရက်သတိလစ်ခြင်း)

CLL Health Emergency

သတိလစ်ခြင်းသည် အကြောင်းရင်းတစ်ခုကြောင့် ဦးနှောက်၏ သိစိတ်လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းဖြစ်သည်။ ဦးနှောက်သို့ သွေးစီးဆင်းမှု ကျဆင်းခြင်း၊ ဦးနှောက်လုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်၊ ဆားဓာတ်၊ သကြားဓာတ်များ လျော့နည်းခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း၊ ဦးနှောက်ထဲသို့ ရောဂါပိုးများ ကူးစက်ဝင်ရောက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်ခြင်းစသဖြင့် သတိလစ်စေသည့် အကြောင်းရင်းများစွာရှိသည်။ မည်သည့် အကြောင်းရင်းကြောင့်ဖြစ်စေ သတိလစ်သူတိုင်းအား ရှေးဦးသူနာပြုစုခြင်း ချက်ချင်းပြုလုပ်ပြီး အရေးပေါ်ဆေးကုသမှုဌာနများသို့ အလျင်အမြန် ပို့ဆောင်၍ ကုသမှုပေးရမည်။ သတိလစ်ခြင်းကို ဖြစ်စေသည့်အကြောင်းရင်းသည် ဆိုးရွားပြင်းထန်မှု မရှိသော်လည်း ရှေးဦးသူနာပြုစုနည်း မှန်ကန်စွာ မပြုလုပ်နိုင်ခြင်းကြောင့် မလိုအပ်ဘဲ သေဆုံးရခြင်းများကို မကြာခဏ တွေ့ရှိရတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သတိလစ်ခြင်းသည် ဦးနှောက်သို့ သွေးစီးဆင်းမှု ကျဆင်းခြင်း၊ ဦးနှောက်လုပ်ငန်းအတွက် လိုအပ်သည့် အောက်ဆီဂျင်၊ သကြားဓာတ်နှင့် အခြားဓာတ်များ လျော့နည်းခြင်း၊ မျှခြေပျက်ယွင်းခြင်း (သို့မဟုတ်) ဦးနှောက်ကိုယ်တိုင် ထိခိုက်ပျက်စီးခြင်းတို့ကြောင့် ဖြစ်သည်။ ရုတ်တရက် သတိလစ်ခြင်းကို ဖြစ်စေနိုင်သော အဖြစ်များဆုံး အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများ – ရုတ်တရက် နှလုံးအမောဖောက်ခြင်း (Heart Attack)၊ နှလုံးခုန်နှုန်း မမှန်ခြင်း (Arrhythmias) (သို့မဟုတ်) လေဖြတ်ခြင်း (Stroke)
  • ဇီဝဖြစ်စဉ်ဆိုင်ရာ ပြဿနာများ – သွေးတွင်းသကြားဓာတ် အလွန်အမင်းကျခြင်း
  • အဆိပ်သင့်ခြင်း – အရက်၊ မူးယစ်ဆေး သို့မဟုတ် အချို့ဆေးဝါးများ လွန်ကဲစွာ သောက်သုံးခြင်းကြောင့် အဆိပ်သင့်ခြင်း
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ – ဦးနှောက်သို့ ထောက်ပံ့ပေးသည့်အောက်ဆီဂျင် မလုံလောက်ခြင်း၊ ကာဗွန်မိုနောက်ဆိုဒ် (carbon monoxide) ဓာတ်ငွေ့ အဆိပ်သင့်ခြင်း
  • ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများ – တက်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း
  • သွေးပေါင်ချိန်နှင့် သွေးလည်ပတ်မှု ပြဿနာများ – သွေးပေါင်ချိန် ရုတ်တရက်ကျခြင်း သို့မဟုတ် ရှော့ခ် (Shock) ဖြစ်ခြင်း
  • စိတ်ပိုင်းဆိုင်ရာ ပြင်းထန်သော ထိခိုက်မှုများ – အလွန်ကြောက်ရွံ့ခြင်း သို့မဟုတ် နာကျင်ခြင်းတို့ကြောင့် ဖြစ်တတ်ပြီး များသောအားဖြင့် အမှန်တကယ် သတိမလစ်တတ်ပေ
နောက်ဆက်တွဲပြဿနာများ

သတိလစ်ခြင်းအများစု၏နောက်ဆက်တွဲပြဿနာများသည် ထိရောက်သော အရေးပေါ်ကုသမှုများပေးနိုင်ခြင်း ရှိ၊ မရှိနှင့် နောက်ခံရောဂါများအပေါ်မူတည်သည်။ အထူးသဖြင့် နာတာရှည် သတိလစ်မေ့မြောခြင်း (Coma) ဖြစ်ပေါ်ပါက အောက်ပါပြဿနာများ ပိုမိုဖြစ်ပွားနိုင်သည်။

  • ဦးနှောက်နှင့် အာရုံကြောများ ရာသက်ပန် ထိခိုက်ပျက်စီးခြင်း
  • အဆုတ်ရောင်ခြင်း (Aspiration Pneumonia)၊ အစားအစာ (သို့မဟုတ်) အရည်များ အဆုတ်ထဲသို့ ဝင်ရောက်ခြင်းကြောင့် ဖြစ်သည်
  • အရေပြားအပူနာများ ဖြစ်ပေါ်ခြင်း
  • အာဟာရချို့တဲ့ခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း
  • ဆီးပိုက်မှ ရောဂါပိုးဝင်ခြင်း သို့မဟုတ် အခြားကူးစက်ရောဂါများ ဖြစ်ပွားခြင်း
  • သတိလစ်လဲကျစဉ် ထိခိုက်ဒဏ်ရာများ ရရှိခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

ရုတ်တရက် သတိလစ်ခြင်းသည် အရေးပေါ်အခြေအနေဖြစ်ပြီး အသက်အန္တရာယ် ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။ အရေးပေါ်ဌာနတွင် လူနာအား စစ်ဆေးတွေ့ရှိသည့် အခြေအနေများအလိုက် အောက်ဆီဂျင်ပေးခြင်း၊ အသက်ရှူအားကူခြင်း၊ ဆေးသွင်းခြင်း၊ ဒဏ်ရာအား သွေးတိတ်အောင်ပြုလုပ်ခြင်း၊ ဖြစ်စဉ်အခြေအနေ မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်လိမ့်မည်။ လိုအပ်ပါက အီးစီဂျီဆွဲခြင်း၊ သွေးစစ်ခြင်း၊ ဓါတ်မှန် (CXR) ရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန် (CT scan) ရိုက်ခြင်းများ ပြုလုပ်လိမ့်မည်။

အရေးပေါ်ကုသခြင်း
ရှေးဦးကုသခြင်း

ရုတ်တရက် သတိလစ်သည့်လူနာကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းအလိုက် ကုသရန်လိုသော်လည်း ဆေးရုံမရောက်မီ လူနာကို အောက်ပါအတိုင်း ချက်ချင်း ပြုစုကုသမှုပေးရန် လိုအပ်သည်။

တစ်စုံတစ်ဦး သတိလစ်လဲကျနေလျှင်

  • လူနာကို အော်ဟစ်၍ လှုပ်နှိုးပါ၊ ကြမ်းတမ်းစွာ လှုပ်ရှားခြင်း၊ ရွှေ့ပြောင်းခြင်းမပြုလုပ်ရ
  • ဦးခေါင်း၊ လည်ပင်း၊ ကျောရိုးများ ထိခိုက်ဒဏ်ရာရထားခြင်း ရှိမရှိ စစ်ဆေးပါ
  • အသက်ရှူခြင်း ရှိမရှိ၊ မောနေခြင်း ရှိမရှိ စစ်ဆေးပါ
  • ပါးစပ်၊ နှာခေါင်းတွင်း ပိတ်ဆို့နေသော အန်ဖတ်၊ အစားအစာ၊ ကွမ်းဖတ် စသည်တို့ကို ဖယ်ရှားပါ၊ (သတိလစ်လူနာများတွင် လျှာသည် အနောက်သို့ခေါက်နေသဖြင့် အသက်ရှူလမ်းကြောင်းပိတ်လျှင် မိနစ်ပိုင်းအတွင်း သေဆုံးနိုင်သည်) အသက်ရှူနေလျှင် လူနာအား သတိလစ်လူနာထားရမည့်ပုံစံ (Recovery Position) အတိုင်းထားပါ။
  • သွေးခုန်ခြင်း (နှလုံးခုန်ခြင်း) ရှိမရှိ စစ်ဆေးပါ
    လူနာသည် တုံ့ပြန်မှုမရှိ၊ အသက်ရှူခြင်းမရှိ၊ နှလုံးခုန်ခြင်း မရှိလျှင် ရင်ဘတ်ဖိနှလုံးနှိုးဆွခြင်း (Cardiopulmonary Resuscitation – CPR) ပြုလုပ်ပါ။
  • သွေးထွက်နေသောဒဏ်ရာ ရှိမရှိ စစ်ဆေးပါ
    သွေးထွက်သည့်ဒဏ်ရာကို အဝတ်စ (သို့မဟုတ်) ပတ်တီးစဖြင့်ဖိ၍ သွေးတိတ်သည်အထိ စည်းပါ။
  • ရုတ်တရက်သတိလစ်ခြင်း မဖြစ်မီ လူနာ၏အခြေအနေ၊ ပြုမူပုံများကို မိသားစုထံမှသော်လည်းကောင်း၊ မျက်မြင်သက်သေများထံမှသော်လည်းကောင်း မေးမြန်းပါ၊ သတိလစ်ခြင်းအကြောင်းရင်းကို ရှာဖွေရာတွင် များစွာအထောက်အကူဖြစ်နိုင်သည်
  • လူနာအား အရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးပို့ပါ

သတိလစ်လူနာအား မပြုလုပ်ရမည့် အချက်များ

  • လူနာ၏ခေါင်းအောက်တွင် ခေါင်းအုံးခံခြင်း – အသက်ရှူလမ်းကြောင်းကို ပို၍ပိတ်ဆို့စေသည်
  • လူနာအားထိုင်စေခြင်း
  • ရေဖြင့်ပက်ခြင်း
  • ခြေချောင်း၊ လက်ချောင်းများ ချိုးခြင်း၊ ရိုက်ပုတ်နှိုးခြင်း၊ နာကျင်အောင် ပြုလုပ်ခြင်း
  • ရေအတင်းတိုက်ခြင်း စသည်တို့ မပြုလုပ်သင့်ပေ
Acute loss of consciousness image1

ရုတ်တရက် သတိလစ်ခြင်းအား အရေးပေါ် အသက်ကယ်ကုသမှုများ ပြုလုပ်ပြီးလျှင် သတိလစ်ရခြင်း၏ အကြောင်းရင်းများကို ရှာဖွေတွေ့ရှိသည့်အတိုင်း သက်ဆိုင်ရာ အထူးကုဆရာဝန်များဖြင့် ဆက်လက်ကုသမှုပေးသည်။ အချို့တွင် ပြင်းထန်သည့် အကြောင်းရင်းမရှိပါက သွေးကြောအတွင်း သကြားဓာတ်သွင်းခြင်း၊ အောက်ဆီဂျင်ပေးခြင်း၊ ဓာတ်ဆားရည်များသွင်းခြင်းဖြင့် အချိန်အနည်းငယ်အတွင်း အသိစိတ် ပြန်လည်ရရှိနိုင်သော်လည်း အချို့တွင် အသိစိတ်ပြန်လည်ခြင်းမရှိဘဲ ဖြစ်ပေါ်စေသည့် အခံရောဂါများအလိုက် ရေရှည်ကုသမှုများ ဆက်လက်လုပ်ဆောင်ရန်လိုသည်။ ခွဲစိတ်ရခြင်း၊ အထူးကြပ်မတ်ကုသဆောင်တွင် ကုသရခြင်းများလည်း ရှိတတ်သည်။

ကာကွယ်ခြင်း

ရုတ်တရက် သတိလစ်ခြင်းအခြေအနေကို ဖြစ်စေသောရောဂါများ မဖြစ်စေရန်

  • မိမိ၏ကျန်းမာရေးကို ပုံမှန်စစ်ဆေးခြင်း
  • ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်ခြင်း၊ ပြုမူနေထိုင်ခြင်း
  • အခံရောဂါများကို စနစ်တကျကုသမှု ခံယူခြင်း
  • ဆေးဝါးများကို စနစ်တကျ သောက်သုံးခြင်း
  • အရက်၊ မူးယစ်ဆေးဝါးများ ရှောင်ကြဥ်ခြင်း
  • ထိခိုက်ဒဏ်ရာ ကာကွယ်ခြင်းများ ပြုလုပ်ရမည်။

ဆက်လက်ဖတ်ရှုရန်

References:

  1. MedlinePlus. (n.d.). Unconsciousness – first aid. MedlinePlus. Retrieved July 26, 2025, from https://medlineplus.gov/ency/article/000022.htm
  2. Cleveland Clinic. (n.d.). Fainting. Cleveland Clinic. Retrieved July 26, 2025, from https://my.clevelandclinic.org/health/symptoms/21699-fainting
  3. Hospital Clínic Barcelona. (n.d.). Loss of consciousness: Causes. Hospital Clínic Barcelona. Retrieved July 26, 2025, from https://www.clinicbarcelona.org/en/assistance/be-healthy/loss-of-consciousness/causes

Published: 30 August 2024

Last updated: 13 October 2025

Share

Category

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.