Choking in Children (ကလေးများ လည်ပင်းလေပြွန်ပိတ်ဆို့ အသက်ရှူကျပ်ခြင်း)

CLL Health Emergency

လည်ပင်းလေပြွန်ပိတ်ဆို့ခြင်းသည် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေတစ်ခုဖြစ်သည်။ ကလေးငယ်တို့၏ သဘာဝအလျောက် အရာရာကို စူးစမ်းလေ့လာတတ်ခြင်းကြောင့် ပစ္စည်းများကို ဆုပ်ကိုင်၊ ဆွဲယူ၊ ပါးစပ်ထဲထည့်ခြင်းများ မကြာခဏ ပြုလုပ်ကြသည်။ ထို့ကြောင့် ကလေးငယ်များတွင် အစားအစာနှင့် ပစ္စည်းအမျိုးမျိုးသီးခြင်း၊ လည်ပင်းလေပြွန်ပိတ်ဆို့ အသက်ရှူကျပ်ခြင်းများ ဖြစ်ပွားလွယ်သည်။ ထို့အပြင် ကလေးငယ်များတွင် သွားများ ကောင်းစွာမပေါက်သေးခြင်းနှင့် ကြိတ်ဝါးခြင်း၊ မျိုချခြင်းများ ကောင်းစွာမဖွံ့ဖြိုးခြင်းကြောင့် လည်ပင်းလေပြွန်ပိတ်ဆို့ခြင်းအန္တရာယ် ပိုမိုကြီးမားစေသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မည်သည့်ပစ္စည်း အရာဝတ္ထုမဆို ကလေးများတွင် လည်ပင်းလေပြွန်ပိတ်ဆို့နိုင်ပြီး စက္ကန့်ပိုင်းအတွင်း အသက်ရှူကျပ်ခြင်းကို ဖြစ်လာစေနိုင်သည်။ အထူးသဖြင့် အစားအစာ အပိုင်းအစလေးများနှင့် သေးငယ်သော ကစားစရာလေးများကြောင့် အဖြစ်များသည်။

Choking in Children

အစားအစာများ
ကလေး၏အသက်နှင့်လိုက်၍ အစားအစာများကို ရွေးချယ်ကျွေးမွေးသင့်သည်။ အချို့သောအစားအစာများသည် ကလေးငယ်များ၏ ပါးစပ်၊ နှာခေါင်းများမှ မတော်တဆ ဝင်ရောက်ကာ လေပြွန်ပေါက်များကို ပိတ်စေနိုင်သည်။ အစားအစာများ၏ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အပျော့အမာ၊ စေးကပ်မှုတို့အပေါ် မူတည်၍ ကလေးအသက် (၅) နှစ်ကျော်သည့်တိုင်အောင် သို့မဟုတ် ကောင်းစွာဝါးမျိုနိုင်သည့် အသက်အရွယ်အထိတိုင်အောင် လေပြွန်ပိတ်ဆို့ခြင်းဖြစ်နိုင်သည်။ အဆိုပါအစားအစာအချို့မှာ_

  • စပျစ်သီးများ
  • ပေါက်ပေါက်ဆုပ်၊ ပြောင်းဖူး
  • အာလူးကြော်ကဲ့သို့ အချပ်များ
  • အသီးအနှံအတုံးငယ်များ (ဥပမာ _ မုန်လာဥနီ အချောင်းငယ်များ)
  • သကြားလုံး၊ စုပ်လုံးများ (အထူးသဖြင့် စေးကပ်သောသကြားလုံးများ)
  • ပီကေများ စသည်တို့ဖြစ်သည်။

အရုပ်များ၊ ကစားစရာများ
ကလေး၏ အသက်အရွယ်အလိုက် သင့်တော်သောအရုပ်များဖြင့်သာ ဆော့ကစားစေသင့်သည်။ အထူးသဖြင့် သေးငယ်သောအရုပ်များနှင့် အစိတ်အပိုင်းများ ပြုတ်ထွက်နိုင်သည့် ကစားစရာများကို ပိုမိုသတိထားသင့်သည်။

အသုံးအဆောင်ပစ္စည်းများ
အကြွေစေ့၊ ဓါတ်ခဲ၊ ကြယ်သီးစသော သေးငယ်သည့် အသုံးအဆောင်များကို ကလေးငယ်များ လက်လှမ်းမမီသည့်နေရာတွင် ထားသင့်သည်။ အရုပ်များ၊ အသုံးအဆောင်များ လျော့နည်းပျောက်ဆုံးခြင်း ရှိမရှိကို ဂရုပြုစောင့်ကြည့်ပေးရမည်။ အထူးသဖြင့် ကလေးငယ်များအား ၎င်းတို့ထက် အသက်ပိုကြီးသောကလေးများက ကြည့်ရှုစောင့်ရှောက်လျှင် သို့မဟုတ် ကလေးကြီးများနှင့်အတူ ဆော့ကစားလျှင် ပို၍ဂရုပြုရမည်ဖြစ်သည်။

ရောဂါလက္ခဏာများ

မိမိ၏ကလေးငယ်တွင် အောက်ပါလက္ခဏာများ ရုတ်တရက်ဖြစ်ပေါ်လာလျှင် ရုတ်တရက် လည်ပင်းလေပြွန်ပိတ်ဆို့ အသက်ရှူကျပ်ခြင်းကို သံသယရှိရမည်။

  • ရုတ်တရက် အသက်ရှူရခက်လာခြင်း
  • အပြင်းအထန် ရုန်းကန်နေခြင်း၊ ကြောက်လန့်ခြင်း
  • ချောင်းအလွန်ပြင်းထန်စွာဆိုးခြင်း သို့မဟုတ် ကောင်းစွာ ချောင်းမဆိုးနိုင်ခြင်း
  • အသက်ရှူရာတွင် အသံမြည်ခြင်း၊ လေချွန်သံ၊ လည်ပင်းညည်းသံကဲ့သို့ အသံများ ထွက်နေခြင်း
  • စကားမပြောနိုင်၊ မငိုနိုင်၊ အသံမထွက်နိုင်ဖြစ်ခြင်း
  • လည်ပင်းကို လက်နှင့်ကိုင်ပြခြင်း၊ ခြေဟန်လက်ဟန်ပြကာ အကူအညီတောင်းခြင်း
  • နှုတ်ခမ်း၊ မျက်နှာ၊ ခြေ၊ လက်များပြာခြင်း
  • သတိလစ်ခြင်း စသည်တို့ဖြစ်သည်။

လည်ပင်းလေပြွန်ပိတ်ဆို့ခြင်းကြောင့် အသက်ရှူလမ်းကြောင်းပိတ်လျှင် ဦးနှောက်သို့ အောက်ဆီဂျင် မရောက်တော့သဖြင့် အချိန်ကြာမြင့်သည်နှင့်အမျှ အသက်အန္တရာယ်အပါအဝင် နောက်ဆက်တွဲပြဿနာများ ပိုမိုများပြားစေသည်။

အရေးပေါ်ကုသခြင်း

ကလေးငယ်များကို အနီးကပ်စောင့်ရှောက်သော မည်သူမဆို အရေးပေါ်အသက်ကယ်ပြုစုခြင်းနှင့် လည်ပင်း လေပြွန်ပိတ်ဆို့ အသက်ရှူကျပ်သည့်အခါ အရေးပေါ်ကုသခြင်းများကို ကောင်းမွန်စွာ လေ့ကျင့်တတ်မြောက်ထားသင့်သည် (ဥပမာ _ မိဘများ၊ ကျောင်းဆရာ၊ ဆရာမများ)။

ကလေးတစ်ဦး အရာဝတ္ထုတစ်ခုခုကို မတော်တဆမျိုချမိ၍ အသက်ရှူကျပ်လျှင်

  • ပတ်ဝန်းကျင်အား အကူအညီတောင်းရန်နှင့် ကလေးကို သတိကောင်းစွာရခြင်း၊ ပြာခြင်း၊ ချောင်းဆိုးနိုင်ခြင်း ရှိမရှိ စစ်ဆေးရန်လိုသည်၊ ကလေး သတိလစ်လျှင်၊ ပြာလျှင် အရေးပေါ်အသက်ကယ်ခြင်း (CPR) ပြုလုပ်ရမည်
  • ကလေး၏ပါးစပ်ထဲသို့ ဝင်သွားသောပစ္စည်းကို ကောင်းစွာမမြင်ရလျှင် လက်ဖြင့်နှိုက်ထုတ်ခြင်း မပြုရ၊ အတွင်းသို့ ပိုမိုတိုးဝင်ပိတ်ဆို့သွားနိုင်သည်
  • လည်ပင်းလေပြွန် ပိတ်ဆို့ခြင်းခံရသူ ကလေးငယ်သည် ချောင်းဆိုးနိုင်လျှင် အားကောင်းသော ချောင်းဆိုးခြင်း ဟုတ်မဟုတ် စစ်ဆေးရမည်၊ အားကောင်းသော ချောင်းဆိုးခြင်း၏ လက္ခဏာများမှာ_
    • ကလေးသည် သတိကောင်းစွာရှိခြင်း
    • ကောင်းစွာအသက်ရှူနိုင်ခြင်း
    • ကျယ်လောင်စွာ ချောင်းဆိုးနိုင်ခြင်း
    • အထိုက်အလျောက်ပါးစပ်မှ အသံပြုနိုင်ခြင်း၊ ငိုခြင်းတို့ဖြစ်သည်။

ထိုသို့မဟုတ်ပါက အောက်ပါအတိုင်း ကျောပုတ်ခြင်း၊ ရင်ဘတ်နှိပ်ခြင်းဖြင့် ကူညီရမည်။ လုံးဝပိတ်နေသောလေပြွန်ကို ပြင်ပမှ အားဖြင့်ဖိနှိပ်ကာ လည်ပင်း၌တစ်ဆို့နေသော အရာဝတ္ထုကို အရှိန်ဖြင့် တွန်းထုတ်ခြင်းဖြစ်သည်။

ကလေး လည်ပင်းလေပြွန်ပိတ်ဆို့ အသက်ရှူကျပ်ခြင်းတွင် အရေးပေါ်ရှေးဦးသူနာပြုစုနည်း (First aids for choking in children)
အသက်တစ်နှစ်အောက်ကလေးငယ်ဖြစ်လျှင်

ကျောပုတ်ခြင်း
အရေးပေါ်ကယ်ဆယ်မည့်သူသည် ထိုင်လျက်အနေအထားမှ မိမိ၏ပေါင်ပေါ်ရှိ လက်တစ်ဖက်အပေါ်သို့ ကလေး၏မျက်နှာအပ်၍ မှောက်ချထားပါ။ အဆိုပါလက်ဖြင့် ကလေး၏မေးစေ့ကို ထိန်းကိုင်ထားရမည်။ ကလေး၏ဦးခေါင်းသည် ရင်ဘတ်ထက် နိမ့်နေရမည်။ ဤပုံစံတွင် ကလေး၏ နောက်ကျော၊ လက်ပြင်ရိုးနှစ်ခုကြားနေရာကို လက်ဖနှောင့်ဖြင့် ပုတ်ရမည်။ ပုတ်ရာတွင် အနိမ့်နေရာတွင်ရှိနေသော ကလေး၏ ဦးခေါင်းဘက်သို့ ဦးတည်၍ (၅) ချက်နှိပ်ပြီး ကလေးပါးစပ်အတွင်း သို့မဟုတ် အပြင်သို့ ပစ္စည်းထွက်ကျခြင်း ရှိမရှိ စစ်ဆေးပါ။

ရင်ဘတ်နှိပ်ခြင်း
ပစ္စည်းမထွက်သေးလျှင် ကလေးကို နောက်စိမှ အုပ်ထိန်းကိုင်ကာ ပက်လက်လှန်ရမည်။ ကျန်လက်တစ်ဖက်မှ ရင်ဘတ်ကို ထိန်းကိုင်ထားရမည်။ ကလေးခေါင်းကို အောက်ဖက်သို့ အနည်းငယ်နိမ့်အောင် စိုက်ချထားရမည်။ ထို့နောက် ကယ်ဆယ်သူ၏ လက်ညှိုး၊ လက်ခလယ် (၂) ချောင်းဖြင့် ကလေး၏ နို့သီးခေါင်း (၂) ခုကြား အောက်တည့်တည့်သို့ တစ်လက်မခွဲခန့် ချိုင့်ဝင်အောင် ဖိနှိပ်ရမည်။ (၅) ချက်နှိပ်၍ ကလေးကို တဖန်စစ်ဆေးရမည်။ ပစ္စည်းထွက်လာခြင်း မရှိလျှင် ကျောပုတ်ခြင်း၊ ရင်ဘတ်နှိပ်ခြင်းများကို တစ်လှည့်စီပြုလုပ်ပေးရမည်။ ထိုသို့ ပြုလုပ်နေစဥ် ကလေးအသက်ရှူရပ်ခြင်း၊ သတိလစ်ခြင်း၊ ပြာခြင်းများ ဖြစ်ပေါ်လာပါက ကျောပုတ်ခြင်း၊ ရင်ဘတ်နှိပ်ခြင်းကို ရပ်တန့်၍ CPR ချက်ချင်းစတင်ပြုလုပ်ပါ။

Choking in children image2
အသက်တစ်နှစ်အထက်ကလေးဖြစ်လျှင်

ပိတ်ဆို့နေသော အရာဝတ္ထုကို ဖယ်ရှားရန် လူကြီးများတွင် အသုံးပြုသော Heimlich maneuver ကို အသုံးပြုနိုင်သည်။ လည်ပင်းလေပြွန်ပိတ်ဆို့သည့် လက္ခဏာများရှိပြီး သတိမလစ်သော်လည်း အားကောင်းသော ချောင်းဆိုးခြင်းမရှိသော ကလေးများကို ပြုလုပ်လေ့ရှိသည်။

  1. အရေးပေါ်ကယ်ဆယ်မည့်သူသည် ကလေး၏ အနောက်တွင် မတ်တတ်ရပ်ပါ၊ အကယ်၍ ကလေးသည် အသက် (၅) နှစ်အောက်ဖြစ်ပြီး ကိုယ်အလေးချိန် (၄၅) ပေါင်အောက် နည်းပါက က‌လေး၏ အနောက်ဘက်တွင် ဒူးထောက်၍ နေရာယူပါ
  2. ဘယ် သို့မဟုတ် ညာ လက်တစ်ဖက်ကို လက်သီးဆုပ်ထား၍ ရင်ဘတ်အလယ်ရှိ ရင်ညွန့်ရိုးအဆုံး ဝမ်းခေါင်းနေရာ (တနည်းအားဖြင့် ချက်၏ အပေါ် နှစ်လက်မခန့်အကွာ နေရာ) တွင်လက်သီးဆုပ်ကို ထားပါ။ ကျန်လက်တစ်ဖက်ကို ထိုလက်သီးဆုပ်အပေါ်မှ အုပ်၍ နေရာယူပါ
  3. လက်သီးဆုပ်ကို အတွင်းဘက်သို့လှည့်ထားပြီး အထဲနှင့် အပေါ်ဘက်သို့ ဦးတည်၍ အားဖြင့် ခပ်မြန်မြန် ငါးချက် ဖိနှိပ်ပါ၊ အသက် (၅) နှစ်အောက် ကလေးငယ်များတွင် အားကို အနည်းငယ်လျှော့၍ ပြုလုပ်ပါ
  4. ငါးချက်ပြုလုပ်ပြီးတိုင်း ပစ္စည်းထွက်လာခြင်း ရှိမရှိ စစ်ဆေးပါ၊ မထွက်သေးလျှင် နောက်တစ်ကျော့ ထပ်မံပြုလုပ်ပါ
Choking in children image3

ထိုသို့ ပြုလုပ်နေစဥ် ကလေးအသက်ရှူရပ်ခြင်း၊ သတိလစ်ခြင်း၊ ပြာခြင်းများ ဖြစ်ပေါ်လာပါက ကျောပုတ်ခြင်း၊ ရင်ဘတ်နှိပ်ခြင်းကို ရပ်တန့်၍ CPR ချက်ချင်းစတင်ပြုလုပ်ပါ။ ထိုသို့အရေးပေါ်အသက်ကယ်နေစဥ်တွင် တပြိုင်နက်တည်း ကလေးကို ဆေးရုံပို့ရန် စီစဉ်ရမည်။

အထက်ပါလည်ပင်းလေပြွန်ပိတ်ဆို့အသက်ရှူကျပ်ခြင်းအတွက် အရေးပေါ်ကုသနည်းများသည် စနစ်တကျ လေ့ကျင့်သင်ကြားထား၍ ပုံမှန်ပြန်လည်လေ့ကျင့်မှုရှိမှသာ အရေးကြုံလျှင် ထိရောက်အောင် ကုသကယ်ဆယ်နိုင်မည်ဖြစ်သည်။

Choking in children IMG4
ကာကွယ်ခြင်း

လည်ပင်းလေပြွန်ပိတ်ဆို့ အသက်ရှူကျပ်ခြင်းမှ ကာကွယ်ရန် ကလေးများကို အစားအစာ ကျွေးမွေးရာတွင် အောက်ပါအချက်များကို သိရှိလိုက်နာကာ သတိပြု၍ ကျွေးသင့်သည်။

  • စားသောက်ရာတွင် ကောင်းစွာထိုင်လျက် အေးဆေးစွာ စားစေရန်၊ အိပ်လျက်စားသောက်ခြင်း မပြုစေရန်
  • ကလေးငယ်ကို အစားအသောက်များ အတင်းအကြပ် စားသောက်စေခြင်းနှင့် အမြန်မျိုချစေခြင်း မပြုရန်
  • သစ်သီးများကျွေးရာတွင် အလုံးလိုက်မကျွေးဘဲ သေးငယ်အောင်စိတ်ပြီး ကောင်းစွာ အစေ့ထုတ်ပြီးမှ ကျွေးရန်
  • ဟင်းသီးဟင်းရွက်များကို ပျော့ပြောင်းအောင် ချက်ပြုတ်၍ ချေပြီး ကျွေးရန်
  • အသားငါးများကို နူးညံ့အောင်ချက်၍ မျိုချလွယ်သော အတုံးငယ်များအဖြစ် ကျွေးရန်
  • အစားအသောက်များအပြင် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေနိုင်သော အရုပ်များနှင့် အသုံးအဆောင်ပစ္စည်းများကို ကလေးအနီးတွင် အလွယ်တကူ မထားမိစေရန်
  • ကလေးများကို တစ်ဦးတည်းဖြစ်စေ၊ ကလေးကြီးများနှင့် ဆော့ကစားနေစဥ်တွင်ပင် စိတ်ချလက်ချ မလွှတ်ထားသင့်ဘဲ အမြဲစောင့်ကြည့်နေရန် လိုအပ်သည်

References :

  1. Mayo Clinic. (n.d.). Choking: First aid. Mayo Clinic. Retrieved August 26, 2025, from https://www.mayoclinic.org/first-aid/first-aid-choking/basics/art-20056637
  2. WebMD. (n.d.). First aid steps for choking in children – Choking rescue procedure (Heimlich maneuver). WebMD. Retrieved August 26, 2025, from https://www.webmd.com/children/first-aid-choking-children
  3. Cleveland Clinic. (n.d.). Choking: First aid and prevention. Cleveland Clinic. Retrieved August 26, 2025, from https://my.clevelandclinic.org/health/diseases/15735-choking
  4. Royal Children’s Hospital Melbourne. (n.d.). Clinical practice guidelines: Foreign bodies inhaled. The Royal Children’s Hospital Melbourne. Retrieved August 26, 2025, from https://www.rch.org.au/clinicalguide/guideline_index/Foreign_bodies_inhaled/

Published: 30 August 2025

Last updated: 12 October 2025

Share

Category

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.