Burns and scalds (မီးလောင်၊ အပူလောင်ဒဏ်ရာ)

CLL Health Emergency

မီးလောင်ခြင်းသည် အပူလွန်ကဲသောအရာဝတ္ထု၊ ပြင်းထန်သည့် နေရောင်ခြည်၊ ဓာတုဗေဒပစ္စည်းများ၊ လျှပ်စစ်ဓာတ်စသည်တို့နှင့် ထိတွေ့ကိုင်တွယ်မိခြင်းကြောင့် ခန္ဓာကိုယ်အရေပြားနှင့် တစ်ရှူးများ ပျက်စီးသွားခြင်းဖြစ်သည်။ အပူလောင်ခြင်းသည် ဆီပူ၊ ရေနွေးငွေ့၊ ရေနွေးပူများနှင့် ထိတွေ့မိခြင်းကြောင့် အရေပြားလောင်ခြင်းဖြစ်သည်။ မီးလောင်ခြင်းသည် အရေပြားအပေါ်ယံမှသည် အရေပြားအတွင်းပိုင်းအထိ ထိခိုက်ပျက်စီးနိုင်ပြီး၊ သာမန်ဒဏ်ရာအဆင့်မှ အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။ သာမန်ဒဏ်ရာများကို အိမ်တွင် မိမိတို့ကိုယ်တိုင်ကုသနိုင်သော်လည်း ပြင်းထန်ပါက ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပြသ ကုသမှုခံရမည့် အခြေအနေဖြစ်သည်။ ဒဏ်ရာပြင်းထန်မှုသည် လောင်ကျွမ်းခံရသည့် ကိုယ်ခန္ဓာအရေပြားပမာဏ (ဧရိယာ) နှင့် ဒဏ်ရာအတိမ်အနက်တို့ပေါ် မူတည်ပြီး အချို့ပြင်းထန်လူနာများကို မီးလောင်ဒဏ်ရာသီးသန့်ကုသဌာနတွင် ကုသရပြီး နောက်ဆက်တွဲပြဿနာများကြောင့် လနှင့်ချီ၍ ဆေးရုံတင်ကုသရသူများရှိသည်။

အမျိုးအစားများနှင့် ‌ရောဂါလက္ခဏာများ

ဒဏ်ရာနက်ရှိုင်းမှုပေါ် မူတည်ပြီး အမျိုးအစားများ ခွဲခြားထားပြီး လက္ခဏာများလည်း ကွာခြားနိုင်သည်။

  1. အပေါ်ယံလောင်ကျွမ်းခြင်း သို့မဟုတ် ပထမအဆင့် လောင်ကျွမ်းခြင်း (Superficial or first degree burn)
    အရေပြားအပေါ်ယံအလွှာ (Epidermis) သာ လောင်ကျွမ်းခံရခြင်းဖြစ်သည်။ အရည်ကြည်ဖုပေါက်ခြင်း၊ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ အရေပြား အရောင်ပြောင်းခြင်းနှင့်အတူ နာကျင်မှုများလည်း ခံစားရနိုင်သည်။ ပထမအဆင့် ဒဏ်ရာများမှာ ပြန်လည်သက်သာပျောက်ကင်းနိုင်ခြေများပြီး အမာရွတ်ကျန်ခြင်းများလည်း တွေ့ရခဲသည်။
  2. အရေပြားတစ်ခုလုံး လောင်ကျွမ်းခြင်း သို့မဟုတ် ဒုတိယအဆင့် လောင်ကျွမ်းခြင်း (Partial-thickness or second degree burn)
    အရေပြားအပေါ်ယံအလွှာ (Epidermis) နှင့် ဒုတိယအလွှာ (Dermis) နှစ်လွှာလုံး လောင်ကျွမ်းခံရခြင်းဖြစ်သည်။ အရေပြား နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူကွက်၊ အမဲကွက်များပေါ်ခြင်း၊ နှင့် အရည်ကြည်ဖုများဖြစ်ခြင်း စသည်တို့အပြင် အလွန်ဆိုးဝါးပြင်းထန်သော နာကျင်မှုများ ခံစားရတတ်သည်။ ဒုတိယအဆင့်လောင်ကျွမ်းဒဏ်ရာများသည် ပျောက်ကင်းသွားသည့်တိုင် နောက်ဆက်တွဲအနေဖြင့် အမာရွတ်ကျန်ခြင်း၊ အဖြူကွက်ကျန်ခြင်းတို့ ဖြစ်တတ်သည်။
  3. အရေပြားအောက်ပိုင်းအထိ လောင်ကျွမ်းခြင်း သို့မဟုတ် တတိယအဆင့် လောင်ကျွမ်းခြင်း (Full-thickness or third degree burn)
    အရေပြားအပေါ်ယံအလွှာ (Epidermis) နှင့် ဒုတိယအလွှာ (Dermis) နှစ်လွှာတစ်ခုလုံးအပြင် တတိယအလွှာရှိ အဆီပြင်နှင့် ကြွက်သားများအထိ လောင်ကျွမ်းခြင်းဖြစ်သည်။ လောင်ကျွမ်းခံရသည့် အရေပြားနေရာသည် အညိုရောင်၊ အမဲရောင် အရောင်ပြောင်းသွားတတ်ပြီး သားရေပြားကဲ့သို့ ပြောင်ချောနေကာ တူးနေသည့် အသားကင်ကဲ့သို့မြင်ရသည်။ ထိုအလွှာရှိ အရေပြား၏ အာရုံခံနာဗ်ဆဲလ်များပါ လောင်ကျွမ်းခံရသောကြောင့် နာကျင်မှုကို ခံစားရလေ့မရှိပေ။ လောင်ကျွမ်းဒဏ်ရာများ သက်သာသွားသည့်တိုင် နောက်ဆက်တွဲအနေဖြင့် အမာရွတ်များဖြစ်ခြင်း၊ အရေပြားအရောင် ပုံမှန်ပြန်မဖြစ်ခြင်းစသည်တို့ ဖြစ်ပေါ်တတ်သည်။
Burns and scalds image1

ဖြစ်နိုင်ခြေများသူများ

  • မီးတောက်များ၊ ဓာတုပစ္စည်းများကဲ့သို့ မီးဘေးအန္တရာယ်ရှိနိုင်သော လုပ်ငန်းခွင်များတွင် အလုပ်လုပ်သူများ
  • ကလေးငယ်များ
  • သက်ကြီးရွယ်အိုများ (အထူးသဖြင့် အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းနေသူများ)
  • အရက်သောက်သုံးထားသူများ၊ မူးယစ်စေသော ဆေးဝါးများ၊ အရာဝတ္ထုများကို သုံးစွဲထားသူများ
နောက်ဆက်တွဲပြဿနာများ

မီးလောင်ဒဏ်ရာကြောင့် အောက်ပါ နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်နိုင်သည်။

လတ်တလောပြဿနာများ

  • အသက်ရှူလမ်းကြောင်းလောင်ကျွမ်းခြင်း
    မီးလောင်သောနေရာရှိ ပူလောင်သည့်လေကို ရှူသွင်းမိခြင်းကြောင့် အသက်ရှူလမ်းကြောင်းတစ်လျှောက် လောင်ကျွမ်းမှုဖြစ်လျှင် အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ လေပြွန်ပိတ်ခြင်းများကြောင့် မောခြင်း၊ ရင်ကျပ်ခြင်းမှ အသက်ရှူရပ်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်သည်။
  • ကူးစက်ရောဂါပိုးဝင်ခြင်း
    လောင်ကျွမ်းထိခိုက်ထားသော အရေပြားသည် ရောဂါပိုးများကို မကာကွယ်နိုင်သောကြောင့် အရေပြားဒဏ်ရာများမှတစ်ဆင့် ကူးစက်ရောဂါပိုးများဝင်၍ ဖျားခြင်း၊ သွေးဆိပ်တက်ခြင်းများ ဖြစ်နိုင်ခြေများသည်။
  • ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဆားဓာတ်များ အလွန်ဆုံးရှုံးခြင်း
    မီးလောင်ဒဏ်ရာမှတစ်ဆင့် သွေးထွက်ခြင်း၊ ရေနှင့် ဆားဓာတ်များ ဆုံးရှုံးခြင်းတို့ ဖြစ်နိုင်သည်။
  • ခန္ဓာကိုယ်အပူချိန် ကျဆင်းခြင်း
    အရေပြားထိခိုက်ပျက်စီးခြင်းကြောင့် ကိုယ်အပူချိန်ကို မထိန်းသိမ်းနိုင်တော့သောကြောင့် ကိုယ်အပူချိန်ကျဆင်းခြင်း ဖြစ်နိုင်သည်။
  • နှလုံးခုန်မမှန်ခြင်း
    ဓာတ်လိုက်ခြင်းကြောင့် ဖြစ်သော မီးလောင်ဒဏ်ရာများတွင် နှလုံးခုန်မမှန်ခြင်းများ တွေ့ရတတ်သည်။

နာတာရှည်ပြဿနာများ

  • ကြွက်သား၊ အာရုံကြော၊ သွေးကြောများ ထိခိုက်ခြင်း
    အထူးသဖြင့် မီးလောင်ဒဏ်ရာ တတိယအဆင့်နှင့် လျှပ်စစ်ကြောင့် လောင်ကျွမ်းခြင်းများတွင် အဖြစ်များသည်။
  • အမာရွတ်များ ထင်ကျန်ခြင်း၊ အရေပြား‌အရောင် ‌ပြောင်းလဲ၍ မညီမညာဖြစ်ခြင်း
    လောင်ကျွမ်းသည့်နေရာတွင် ဆိုးရွားသည့် အမာရွတ်များ ကျန်နိုင်သည်၊ အလှအပဆိုင်ရာပြဿနာများ ဖြစ်ပွါးနိုင်သည်။
  • လှုပ်ရှားမှု ထိခိုက်ခြင်း
    ခြေလက် အဆစ်များ၊ လည်ပင်း၊ မျက်နှာ၊ ပေါင်ခြံ၊ ချိုင်းကြားတွင် လောင်ကျွမ်းပါက နောက်ပိုင်းတွင် အဆစ်နေရာများတွင် ကွေးကောက်ပြီး အရေပြားကပ်ကာ လှုပ်ရှားမှုများ ခက်ခဲနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အောက်ပါအခြေအနေများတွင် ဆေးရုံအရေးပေါ်ကုသမှုဌာနသို့ မဖြစ်မနေ ပြသရန် လိုအပ်သည်။

  • ခန္ဓာကိုယ်မျက်နှာပြင်ဧရိယာ လူကြီးတွင် (၂၀) ရာခိုင်နှုန်းအထက်၊ ကလေးတွင် (၁၀) ရာခိုင်နှုန်းအထက် လောင်ကျွမ်းမှု
  • လောင်ကျွမ်းဒဏ်ရာဧရိယာတွက်ချက်ရာတွင် အကြမ်းဖျင်းအားဖြင့် လူနာ၏ လက်တစ်ဖဝါးအရွယ်ကို (၁) ရာခိုင်နှုန်းဟု သတ်မှတ်သည်
  • သို့မဟုတ် ဆေးရုံ၊ ဆေးခန်းများတွင် ဆရာဝန်များမှ လူနာ၏ လောင်ကျွမ်းဒဏ်ရာဧရိယာကို The Lund and Browder Chart ကို အသုံးပြု၍ အသေးစိတ် တွက်ချက်သည်
  • မျက်နှာ၊ လက်၊ ပေါင်ခြံနှင့် ချိုင်းတစ်ဝိုက် လောင်ကျွမ်းမှု
  • အသက်ရှူလမ်းကြောင်းလောင်ကျွမ်းမှု
  • မီးလောင်ဒဏ်ရာရပြီး မောနေသည့်လူနာ
  • မီးလောင်သည့် အရေပြားဧရိယာသည် သေးငယ်သော်လည်း အရေပြားအောက် နက်ရှိုင်းသည့်ဒဏ်ရာ
  • ဓာတုဗေဒပစ္စည်းများ လောင်ကျွမ်းမှုနှင့် လျှပ်စစ်ဓာတ်လိုက် လောင်ကျွမ်းမှု
အရေးပေါ်ကုသခြင်း
ရှေးဦးကုသခြင်း
  • မီးတောက်ဖြင့်လောင်ကျွမ်းလျှင် မီးငြိမ်းအောင် ချက်ချင်းပြုလုပ်ပါ၊ လျှပ်စစ်ကြောင့်ဖြစ်လျှင် မိန်းခလုတ်ကို ချက်ချင်းပိတ်ပါ၊ ဓာတုဗေဒပစ္စည်းများ လောင်ကျွမ်းလျှင် ဓာတုပစ္စည်းများ စိုရွှဲနေသည့် အဝတ်များကို ဖယ်ရှားပြီး၊ ရေများများဖြင့် အချိန်အတော်ကြာသည်အထိ ဆေးပစ်ပါ (ဓာတုပစ္စည်းများသည် အတွင်းသို့ တဖြည်းဖြည်းစိမ့်ဝင်ပြီး (၂) ရက်၊ (၃) ရက်ကြာသည်အထိ ဆက်လက်လောင်ကျွမ်းတတ်သည်)
  • သာမန်လောင်ကျွမ်းမှုများတွင် မီးလောင်ဒဏ်ရာကို မိနစ် (၂၀) ခန့်ကြာအောင် ရေအေးဖြင့်လောင်း၍ အေးအောင်ပြုလုပ်ပေးပါ၊ ရေခဲရေ၊ ရေခဲတုံး စသည်တို့ကို အသုံးမပြုရပါ
  • မီးလောင်ဒဏ်ရာ အနီးတစ်ဝိုက်ရှိ အဝတ်အစား၊ နာရီ၊ လက်စွပ်များကိုဖယ်ရှားပါ၊ သို့သော် မီးလောင်ဒဏ်ရာတွင် ကပ်နေသော အဝတ်အစားများကို ဆွဲခွာခြင်း မပြုလုပ်ရ
  • အရည်ကြည်ဖုပေါ်လျှင် မဖေါက်ရ၊ မင်၊ ဆီ၊ တိုင်းရင်းဆေးများ၊ လိမ်းဆေးများ သုတ်လိမ်းခြင်းမပြုရ
  • မီးလောင်ဒဏ်ရာကို သန့်ရှင်းသော ပတ်တီး၊ အဝတ်စဖြင့် ဖုံးအုပ်ထားရမည်

လောင်ကျွမ်းမှုဧရိယာသေးငယ်သည့် သာမန်မီးလောင်ဒဏ်ရာများသည် (၁၀)ရက် မှ (၂)ပတ်အတွင်း ပျောက်ကင်းနိုင်သဖြင့် မိမိအိမ်တွင် ကုသနိုင်သည်။

  • ဒဏ်ရာကို သန့်ရှင်းအောင်ထားရန်၊ ပတ်တီးစည်းဖုံးအုပ်ထားရန်
  • နာကျင်မှုသက်သာစေရန် ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက်ဆေးများသောက်ရန်
  • အနာရောင်ရမ်းလာခြင်း၊ ဖျားခြင်းဖြစ်လျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရမည်၊ အချို့တွင် မေးခိုင်ရောဂါကာကွယ်ဆေး၊ ပဋိဇီဝပိုးသတ်ဆေးများ လိုအပ်နိုင်သည်၊ လိုအပ်လျှင် မိသားစုဆရာဝန်သည် ဆေးရုံသို့ လွှဲပြောင်းကုသမှု ပေးမည်ဖြစ်သည်

လောင်ကျွမ်းမှုဧရိယာကြီးသည့် ဒဏ်ရာများတွင် အရေပြားမျက်နှာပြင်ဧရိယာမှ ရေဓာတ်ဆုံးရှုံးမှုကြောင့် သွေးလန့်ခြင်း (Shock) ဖြစ်နိုင်သဖြင့် ဆုံးရှုံးမှုပမာဏအလိုက် တွက်ချက်၍ သွေးကြောမှ ဓာတ်ဆားရည်သွင်းခြင်းဖြင့် ကုသသည်။ ပဋိဇီဝပိုးသတ်ဆေးသွင်းခြင်း၊ သွေးသွင်းခြင်း၊ ဒဏ်ရာကို ခွဲစိတ်ခန်းတွင် ဆေးကြောခြင်း၊ ခွဲစိတ်ခြင်း၊ ဆေးထည့်ခြင်းများ ပြုလုပ်သည်။ ထို့နောက် မီးလောင်ဒဏ်ရာကုသဆောင်တွင် ဆက်လက်ကုသမှုပေးသည်။ အသက်ရှူလမ်းကြောင်း လောင်ကျွမ်းမှုအတွက် လေပြွန်တွင်းသို့ ပိုက်ထည့်ကာ အသက်ရှူစက်တပ်ခြင်းအထိ ပြုလုပ်ပြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆက်လက်ကုသမှု ခံယူရနိုင်သည်။

နောက်ဆက်တွဲပြဿနာများအတွက် မီးလောင်ဒဏ်ရာရှိသော နေရာများတွင် အရေပြားအစားထိုး ကုသခြင်း၊ ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကုထုံးများ၊ နေ့စဥ်လှုပ်ရှားမှု စွမ်းရည်ဆိုင်ရာ ကုထုံးများကိုလည်း ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည်။

ကုသမှုဆိုင်ရာ တိုးတက်မှုများ (Recent Advances)

မီးလောင်ဒဏ်ရာ ကုသမှုနယ်ပယ်တွင် သိသိသာသာ တိုးတက်မှုများ ပေါ်ထွက်လာသည်။

  • အရေပြားအရည်ဖြန်းအစားထိုးခြင်း (Spray-on skin)
    လူနာ၏ကျန်းမာသည့် အရေပြားမှ ဆဲလ်အနည်းငယ်ကို ယူပြီး အရည်အဖြစ်ဖန်တီးကာ လောင်ကျွမ်းထားသော နေရာသို့ ဖြန်းပေးခြင်းဖြစ်သည်။ ၎င်းသည် ဒဏ်ရာကို ပိုမိုမြန်ဆန်စွာ ပျောက်ကင်းစေပြီး အမာရွတ် ထင်ကျန်မှုကို လျှော့ချပေးသည်။
  • ဇီဝပစ္စည်းဖြင့် အစားထိုးခြင်း (Biological skin substitutes)
    ဓာတ်ခွဲခန်းတွင် ပြုလုပ်ထားသည့် အဆင့်မြင့် အရေပြားအတုများကို အစားထိုးပေးခြင်းဖြင့် ဒဏ်ရာကို ကာကွယ်ပေးပြီး ကုသမှုကို မြှင့်တင်ပေးသည်။
  • စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ခြင်း (Robotic-assisted surgery)
    ရှုပ်ထွေးသော မီးလောင်ဒဏ်ရာများတွင် စက်ရုပ်များကို အသုံးပြု၍ ခွဲစိတ်ခြင်းဖြင့် ဆရာဝန်များသည် ပိုမိုတိကျသော လုပ်ဆောင်မှုများ ပြုလုပ်နိုင်ကာ ရလဒ်ကောင်းများ ရရှိစေသည်။
  • အမာရွတ်ကုသမှု (Scar Treatment)
    အမာရွတ်များ ပျော့ပျောင်းစေရန်နှင့် အသွင်အပြင် ကောင်းမွန်စေရန်အတွက် လေဆာကုထုံး (Laser therapy) ကဲ့သို့နည်းပညာအသစ်များကို အသုံးပြုလာသည်။
ကာကွယ်ခြင်း

မီးဘေးအန္တရာယ် ကာကွယ်ခြင်းလုပ်ငန်းများအားလုံးသည် မီးလောင်ဒဏ်ရာများကို ကာကွယ်ရန်အတွက် အဓိကဖြစ်သည်။

  • မီးသတိပေးစနစ် – မီးအန္တရာယ်သတိပေးစနစ်များ တပ်ဆင်ထားခြင်းဖြင့် မီးဘေးကို ကြိုတင်သိရှိကာ အသက်အန္တရာယ်မှ ကာကွယ်နိုင်သည်
  • ကလေးသူငယ်များအား ကာကွယ်ခြင်း – ကလေးသူငယ်များကို မီးဖို၊ မီးခြစ်၊ မီးပူ၊ လျှပ်စစ်ပစ္စည်းများအပါအဝင် ပူလောင်နိုင်သည့်ပစ္စည်းများ၊ ဓာတုပစ္စည်းများနှင့် ဝေးဝေးထားပါ
  • အကာအကွယ်ပစ္စည်းများ အသုံးပြုခြင်း – လူကြီးများအနေဖြင့် အန္တရာယ်ရှိသောပစ္စည်းများ ကိုင်တွယ်ရာတွင် အကာအကွယ်လက်အိတ်များ အသုံးပြုသင့်ပြီး စက်ရုံ၊ အလုပ်ရုံများတွင် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများကို စနစ်တကျ ဝတ်ဆင်၍ စည်းကမ်းလိုက်နာလုပ်ကိုင်သင့်သည်

References:

  1. EmergencyMedicineCases.com. (2019). Burn inhalational injuries. Retrieved September 16, 2025, from https://emergencymedicinecases.com/wp-content/uploads/2019/05/Episode-124-Burn-Inhalational-Injuries.pdf
  2. Cleveland Clinic. (n.d.). Burns. Retrieved September 16, 2025, from https://my.clevelandclinic.org/health/diseases/12063-burns
  3. Mayo Clinic. (n.d.). First aid: Burns — basics. Retrieved September 16, 2025, from https://www.mayoclinic.org/first-aid/first-aid-burns/basics/art-20056649
  4. NHS. (n.d.). Burns and scalds. Retrieved September 16, 2025, from https://www.nhs.uk/conditions/burns-and-scalds/

Published: 30 August 2024

Last updated: 11 October 2025

Share

Category

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.