ကလေးတစ်ယောက် တက်ခြင်းသည် အရေးပေါ်အခြေအနေတစ်ခုဖြစ်သည်။ ယင်းသည် အသက်အန္တရာယ်ရှိနိုင်ပြီး ဦးနှောက်ကိုလည်း ရေတို သို့မဟုတ် ရေရှည် ထိခိုက်စေနိုင်သောကြောင့် အချိန်မဆိုင်းဘဲ ချက်ချင်း ရှေးဦးကုသမှု ပေးရမည်။ မည်သည့်အကြောင်းရင်းကြောင့်ပင် တက်သည်ဖြစ်စေ ကလေးတိုင်းကို ရှေးဦးသူနာပြုစုခြင်း ချက်ချင်းပြုလုပ်ပြီး လိုအပ်ပါက အရေးပေါ်ဆေးကုသမှုဌာနသို့ အလျင်အမြန် ပို့ဆောင်ပေးရမည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးများတွင် အတက်လက္ခဏာကို ဖြစ်ပေါ်စေသည့် အဓိကအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အဖျားကြီး၍တက်ခြင်း (Febrile Convulsion)
အသက် ၆ လမှ ၅ နှစ်အတွင်း ပုံမှန်အားဖြင့် ဖြစ်ပွါးလေ့ရှိသည်။ - လတ်တလောဖြစ်ပွားနေသော ရောဂါအခံတစ်ခုခုကြောင့် တက်ခြင်း (Acute Symptomatic Seizures)
ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း၊ ဦးနှောက်အတွင်း သွေးယိုခြင်း၊ သွေးတွင်းသကြားဓာတ် အလွန်နည်းခြင်း သို့မဟုတ် ဆိုဒီယမ်ဓာတ် အလွန်နည်းခြင်း/များခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ - အတက်ရောဂါ (Epilepsy)
အတက်ရောဂါရှိသည့် ကလေးများတွင် ဖြစ်ပွါးလေ့ရှိသည်။
ရောဂါလက္ခဏာများ
ကလေးများ တက်သည့်ပုံစံသည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်သော်လည်း ယေဘုယျအားဖြင့် အောက်ပါလက္ခဏာများ တွေ့ရတတ်သည်။
- ခြေလက်များ တောင့်တင်းလာခြင်း၊ တဆတ်ဆတ် တုန်ခါနေခြင်း
- နှုတ်ခမ်းနှင့် မျက်နှာတပြင်လုံး ပြာနှမ်းလာခြင်း
- တက်နေသည့်အချိန်တွင် အသိစိတ်မရှိခြင်း
- တက်နေစဉ် ဆီး၊ ဝမ်းများ ထွက်ကျခြင်း
အတက်ကျသွားသည့်အခါ ကလေးသည် သတိပြန်လည်လာနိုင်သော်လည်း တစ်ခါတစ်ရံတွင် မှိန်းနေခြင်း သို့မဟုတ် အိပ်ပျော်သွားခြင်းများလည်း ဖြစ်တတ်သည်။
နောက်ဆက်တွဲပြဿနာများ
အလိုအလျောက် အတက်မကျနိုင်ဘဲ အန္တရာယ်ရှိနိုင်သော အခြေအနေ (Status Epilepticus)
ကလေး တက်သည့်ကြာချိန်သည် ၅ မိနစ်ထက် ကျော်လွန်ပါက ဤအခြေအနေကို Status Epilepticus ဟုခေါ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးဆင်းမှုနှင့် အောက်ဆီဂျင် ရောက်ရှိမှု ထိခိုက်လာပြီး ဦးနှောက်အတွင်း ဖိအားများလာသည်။ ဦးနှောက်ဆဲလ်များထိခိုက်ပျက်စီးလာသည်။ အချိန်ကြာလာသည်နှင့်အမျှ အတက်ကျဆေးများဖြင့်ပင် ထိန်းချုပ်ကုသရန် ပိုမိုခက်ခဲလာပြီး အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းကဲ့သို့သော အရေးကြီးသည့် လုပ်ငန်းများ ထိခိုက်ကာ အသက်အန္တရာယ်ပင် ဖြစ်စေနိုင်သည်။
အရေးပေါ်ကုသခြင်း
ကလေးတက်နေသည်ကို တွေ့ပါက အောက်ပါအတိုင်း ချက်ချင်း ပြုစုစောင့်ရှောက်ပေးရန် အရေးကြီးသည်။
- အချိန်ကို မှတ်ထားပါ – ကလေးစတင်တက်သည့်အချိန်ကို မှတ်သားထားပါ၊ ၅ မိနစ်ပြည့်လျှင် အရေးပေါ်အတက်ကျဆေး လိုအပ်သည်
- ဘေးကင်းသော နေရာတွင် ထားပါ – ကလေးကို အန္တရာယ်မရှိနိုင်သည့် ကြမ်းပြင်ကဲ့သို့ နေရာတွင် အသာထားပါ၊ ပတ်ဝန်းကျင်ရှိ ထိခိုက်နိုင်သော၊ အပူလောင်နိုင်သော၊ အနာတရဖြစ်နိုင်သော အရာများကို ဖယ်ရှားပါ၊ ဦးခေါင်းအောက်၌ ပျော့ပျောင်းသော အဝတ်ကို ခေါက်၍ ခံထားပေးပါ
- အဝတ်အစား ဖြေလျှော့ပေးပါ – လည်ပင်း သို့မဟုတ် ရင်ဘတ်တွင် တင်းကျပ်သော အဝတ်အထည်များရှိပါက ဖြေလျှော့ပေးပါ
- အသက်ရှူလမ်းကြောင်း ရှင်းလင်းပါ – ပါးစပ်ထဲတွင် အန်ဖတ်၊ ချွဲသလိပ်များ ပိတ်ဆို့နေလျှင် သုတ်သင်ဖယ်ရှားပေးပါ
- တက်နေပုံကို မှတ်တမ်းတင်ပါ – ဖြစ်နိုင်ပါက ကလေးတက်နေပုံကို ဗီဒီယို ရိုက်ထားပေးပါ၊ ၎င်းသည် ဆရာဝန်အတွက် ရောဂါရှာဖွေရာတွင် အထောက်အကူပြုသည်
- ဆရာဝန်မှညွှန်ကြားထားပါက – တက်ချိန် (၅) မိနစ်ပြည့်လျှင်အရေးပေါ် အတက်ကျဆေးများဖြစ်သော စအိုမှထည့်သည့် Diazepam (Per-rectal Diazepam) သို့မဟုတ် နှာခေါင်း (သို့မဟုတ်) ပါးစောင်အတွင်းထည့်ပေးရသည့် Midazolam (Nasal/ Buccal Midazolam) ဆေးရည်ကို အသုံးပြုပါ
- အတက်ကျပြီးနောက် ဘေးစောင်းထားပါ – အတက်ကျသွားလျှင် Recovery Position ဟုခေါ်သော ပုံပါအတိုင်း ဘေးစောင်းအနေအထား ထားပေးပါ၊ ကလေးအများစုသည် အတက်ကျပြီးနောက် မှိန်းနေခြင်း သို့မဟုတ် အိပ်ပျော်သွားတတ်သည်။
မလုပ်ဆောင်သင့်သည့်အချက်များ
- ကြောက်လန့်တကြားဖြစ်ခြင်းကို ရှောင်ပါ – ကလေးတက်လျှင် ကြောက်လန့်တကြားဖြင့် မလိုအပ်သည်များမလုပ်မိရန်၊ တည်ငြိမ်နေရန်အရေးကြီးသည်
- ပါးစပ်ထဲသို့ မည်သည့်အရာမှ မထည့်ပါနှင့် – လျှာကိုက်မိနိုင်သည်ဟု စိုးရိမ်သော်လည်း ပါးစပ်အတွင်းသို့ ဇွန်း သို့မဟုတ် လက်ချောင်းများ ထည့်ခြင်းကို ရှောင်ပါ၊ ၎င်းသည် ကလေးကို ပိုမိုထိခိုက်စေနိုင်သည်၊ ကလေး ကောင်းစွာသတိပြန်မရသေးမီ ရေ၊ အစားအသောက်၊ ဆေး စသည်တို့ကို မတိုက်ကျွေးပါနှင့်
ဆေးရုံသို့ သွားရောက်ရန် အခြေအနေများ
အောက်ပါအခြေအနေများတွင် နီးစပ်ရာ အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက် ကုသမှုခံယူရန် လိုအပ်သည်။
- ကလေးတက်သည့်အချိန် (၅) မိနစ်ပြည့်၍ အိမ်တွင် အရေးပေါ်အတက်ကျဆေး မပေးနိုင်လျှင်
- တက်ချိန်သည် (၅) မိနစ်အောက် ဖြစ်သော်လည်း ကလေး၏အခြေအနေသည် အတက်ကျပြီး တစ်နာရီကျော်သည်အထိ မှိန်းနေလျှင်
- ကလေးသည် အကြိမ်ပေါင်းများစွာ ဆက်တိုက်တက်နေလျှင်
ကာကွယ်ခြင်း
ကလေးများသည် အကြောင်းအမျိုးမျိုးကြောင့် အချိန်မရွေးတက်နိုင်သည်။ တက်သည့်အချိန်တွင် တည်ငြိမ်စွာဖြင့် သင့်တော်မှန်ကန်သော ရှေးဦးကုသနည်းဖြင့် ပြုစုခြင်းနှင့် အချိန်မီ ဆေးရုံသို့ ပြသခြင်းဖြင့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ကြောင်း သိထားသင့်သည်။
ဆက်လက်ဖတ်ရှုရန်
- ကလေးများ အဖျားကြီး၍ တက်ခြင်း (Febrile Seizure)
- ကလေးများတွင်ဖြစ်သော အတက်ရောဂါ (Childhood Epilepsy)
- အတက်နှင့်တူသောရောဂါအခြေအနေများ (Seizures Mimics)
- အီးအီးဂျီ စမ်းသပ်ခြင်း (EEG)
References:
- Cleveland Clinic. (2025). Febrile seizure. Retrieved September 26, 2025, from https://my.clevelandclinic.org/health/diseases/febrile-seizure
- NHS. (2024). Febrile seizures. Retrieved September 26, 2025, from https://www.nhs.uk/conditions/febrile-seizures/
- Royal Children’s Hospital Melbourne. (n.d.). Kids health info: Febrile seizures. Retrieved September 26, 2025, from https://www.rch.org.au/kidsinfo/fact_sheets/febrile_convulsions/
- Mayo Clinic. (n.d.). Febrile seizure: Diagnosis & treatment. Retrieved September 26, 2025, from https://www.mayoclinic.org/diseases-conditions/febrile-seizure/diagnosis-treatment/drc-20372527
Published: 30 August 2024
Last updated: 12 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.