ဖောလစ်အက်ဆစ် (Folic Acid) ဆိုသည်မှာ ဗီတာမင် ဘီ အုပ်စုဝင်၊ ဗီတာမင် B 9 (Vitamin B9 – Folate) အမျိုးအစားဖြစ်သည်။ ဖောလစ်အက်ဆစ်သည် ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင် အမျိုးအစားဖြစ်ပြီး ၄င်းတို့ကို ခန္ဓာကိုယ်ထဲတွင် သိုလှောင်သိမ်းဆည်းထားခြင်းမရှိပါ။ ဖောလစ်အက်ဆစ်ကို သဘာဝအစားအစာများမှ ရရှိနိုင်ပြီး ဖြည့်စွက်အားဆေးများအဖြစ်လည်း သောက်သုံးနိုင်သည်။
ဖောလစ်အက်ဆစ်ကို
- ဟင်းနုနယ်ရွက်၊ မြင်းခွါရွက်၊ ပန်းဂေါ်ဖီစိမ်း အစရှိသော အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
- လိမ္မော်သီး၊ ငှက်ပျောသီး၊ စတော်ဘယ်ရီသီး အစရှိသော အသီးအနှံများ
- ပဲအမျိုးမျိုး
- ဆန်လုံးညိုနှင့် အခြားအစေ့အဆံများ၊ အခွံမာသီးများ
- အသည်း အစရှိသော အစားအစာများတွင် အဓိကတွေ့ရသည်။
ဖောလစ်အက်ဆစ်၏ လုပ်ငန်းတာဝန်များ
ဖောလစ်အက်ဆစ်သည် ဆဲလ်အားလုံး၏ အခြေခံလိုအပ်ချက်ဖြစ်ပြီး ဆဲလ်နှင့်တစ်ရှူးများ ကြီးထွားမှု၊ အမိုင်နိုအက်ဆစ် ဇီဝဖြစ်စဉ်နှင့် သွေးနီဥ၊ သွေးဖြူဥ ထုတ်လုပ်ရာတွင် ပါဝင်သည်။
ကိုယ်ဝန်ဆောင် ပထမသုံးလပတ်အတွင်း သန္ဓေသား၏ ဦးနှောက်အာရုံကြောဆဲလ်နှင့် ကျောရိုး အာရုံကြောမကြီး တည်ဆောက်ရာတွင် ချို့ယွင်းချက်များ မဖြစ်ပေါ်စေရန် ကာကွယ်ပေးရာ၌ ဖောလစ်အက်ဆစ်သည် အဓိကအရေးပါသည်။ ဖောလစ်အက်ဆစ်သည် သန္ဓေသား၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ခြင်းကိုလည်း လျှော့ချပေးနိုင်သည်။ ထို့ပြင် လမစေ့မီ ကလေးမွေးဖွားခြင်း (preterm birth) ကိုလည်း ကာကွယ်ပေးသည်။
ဖောလစ်အက်ဆစ်ချို့တဲ့ခြင်း၏ ရောဂါလက္ခဏာများ
ကိုယ်ဝန်ဆောင်ကာလအစောပိုင်းတွင် ဖောလစ်အက်ဆစ် လုံလောက်စွာ မရရှိပါက သန္ဓေသားတွင် မွေးရာပါ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းချက်များ (Neural Tube Defects) ဖြစ်ပေါ်စေနိုင်သည်။ ၄င်းတို့မှာ_
- မွေးရာပါ အာရုံကြောမကြီး ချို့ယွင်းခြင်း (Spina Bifida)
- မွေးရာပါ ဦးခေါင်းခွံနှင့် ဦးနှောက်အစိတ်အပိုင်းများ ပါမလာခြင်း (Anencephaly)
- ဦးခေါင်းခွံမှတစ်ဆင့် ဦးနှောက်အစိတ်အပိုင်းအချို့ အပြင်သို့ကျွံထွက်နေခြင်း (Encephalocele) တို့ဖြစ်ကြသည်။
ထို့ပြင် ဖောလစ်အက်ဆစ် ချို့တဲ့ပါက ကိုယ်ဝန်ဆောင်မိခင်တွင်လည်း သွေးအားနည်းရောဂါ ဖြစ်ပွါးစေနိုင်သည်။
ဖောလစ်အက်ဆစ် သုံးစွဲရန်လိုအပ်သော အခြေအနေများ
ဖောလစ်အက်ဆစ်သည် သဘာဝအစားအစာများတွင် ပါဝင်နေသော်လည်း အချို့အခြေအနေများတွင် ဖြည့်စွက်သောက်သုံးရန် လိုအပ်သည်။ သန္ဓေသားတွင် ချို့ယွင်းချက်များ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန်အတွက် ကိုယ်ဝန်ယူရန် အစီအစဥ်ရှိပါက အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်မဆောင်မီ တစ်လခန့်မှ ကြိုတင်၍ ဖောလစ်အက်ဆစ်ကို နေ့စဉ်သောက်သုံးရန် လိုအပ်သည်။
နေ့စဉ်လိုအပ်သည့်ပမာဏ
ပုံမှန်အားဖြင့် နေ့စဉ်သောက်သုံးသင့်သော ဖောလစ်အက်ဆစ်ပမာဏများမှာ_
- ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန် ပထမ သုံးလတွင် (၄၀၀) မိုက်ခရိုဂရမ်
- ကိုယ်ဝန်သုံးလကျော်မှ မွေးဖွားသည်အထိ (၆၀၀) မိုက်ခရိုဂရမ်
- ကလေးနို့တိုက်နေစဉ်တွင် (၅၀၀) မိုက်ခရိုဂရမ် တို့ဖြစ်သည်။
ကိုယ်ဝန်ဆောင် အမျိုးသမီးအနေဖြင့်
- အဝလွန်ခြင်း
- ဆီးချိုရောဂါရှိနေခြင်း
- ယခင်သန္ဓေသားများတွင် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းချက်ရှိခဲ့ဖူးခြင်း
- အတက်ကျဆေးများ သောက်နေရခြင်း
- အမြွှာကိုယ်ဝန်ဆောင်ဖြစ်နေခြင်းတို့ ဖြစ်နေပါက ဖောလစ်အက်ဆစ်ကို (၄၀၀၀) မိုက်ခရိုဂရမ်ထိ တိုးမြှင့်သောက်သုံးရန် လိုအပ်သည်။
ဖောလစ်အက်ဆစ်ကို အစာနှင့် တွဲဖက်၍ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ အချိန်မရွေး သောက်သုံးနိုင်သည်။ မေ့လျော့သွားပါက နောက်တစ်ရက်သတိရသည့်အချိန်တွင် သောက်သုံးနိုင်ပြီး နှစ်ဆတိုးသောက်ရန် မလိုအပ်ပါ။
ဖောလစ်အက်ဆစ်သောက်သုံးခြင်း၏ အကျိုးကျေးဇူးများ
ဖောလစ်အက်ဆစ် သောက်သုံးခြင်းဖြင့် ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး ကောင်းမွန်ခြင်း၊ သွေးအားနည်းရောဂါမှ ကာကွယ်ပေးနိုင်ခြင်းတို့အပြင် သန္ဓေသားတွင် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းချက်များကို ကာကွယ်ပေးနိုင်ခြင်း၊ နှုတ်ခမ်းကွဲ အာခေါင်ကွဲရောဂါများကို လျှော့ချပေးနိုင်ခြင်း၊ လမစေ့မီကလေးမွေးဖွားခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ ကလေးကြီးထွားဖွံ့ဖြိုးမှုကို အားပေးခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်သည်။
ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများ
ဖောလစ်အက်ဆစ်သည် ရေတွင် ပျော်ဝင်နိုင်သော ဗီတာမင်ဖြစ်ခြင်းကြောင့် ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးပါက အန္တရာယ်ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။ ခန္ဓာကိုယ်တွင် လိုအပ်သည်ထက် ပိုလျှံသွားပါက ဆီးမှတစ်ဆင့် စွန့်ထုတ်လိုက်သောကြောင့်ဖြစ်သည်။
ဖောလစ်အက်ဆစ်ကို တစ်ရက်လျှင် (၁၀၀၀) မိုက်ခရိုဂရမ်ထက် ပိုမိုသောက်သုံးပါက ဗီတာမင် B 12 ဓာတ်ချို့ယွင်းသည့် လက္ခဏာများကို ဖုံးကွယ်လိုက်သဖြင့် ဗီတာမင် B 12 ဓာတ်ချို့တဲ့မှုကို စောစီးစွာ သတိမပြုမိနိုင်ဘဲ နှစ်ကာလရှည်ကြာလာပါက အာရုံကြောထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်သည်။
အချုပ်အားဖြင့် ဖောလစ်အက်ဆစ်သည် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား ကောင်းမွန်ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးရေးအတွက် မဖြစ်မနေသောက်သုံးရန် လိုအပ်သော ဗီတာမင်ဓာတ်တစ်မျိုးဖြစ်ပြီး ကိုယ်ဝန်မဆောင်မီကပင် ကြိုတင်သောက်သုံးခြင်းဖြင့် သန္ဓေသားတွင် ဖြစ်ပေါ်လာနိုင်သော ချို့ယွင်းချက်များကို ကောင်းမွန်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။
References:
- Centers for Disease Control and Prevention. (n.d.). About folic acid. Retrieved December 15, 2025, from https://www.cdc.gov/folic-acid/about/index.html
- Mayo Clinic. (n.d.). Folate (drug & supplement). Retrieved December 15, 2025, from https://www.mayoclinic.org/drugs-supplements-folate/art-20364625
- Mayo Clinic. (n.d.). Pregnancy nutrition: How to get nutrients you need. Retrieved December 15, 2025, from https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-nutrition/art-20045082
- Royal College of Obstetricians and Gynaecologists. (n.d.). Healthy eating & vitamin supplements in pregnancy (large print patient information) [PDF]. Retrieved December 15, 2025, from https://www.rcog.org.uk/media/lcfn54fw/healthy-eating-vitamin-supplements-pregnancy-large-print-patient-information.pdf
- WebMD. (n.d.). Folic acid and pregnancy. Retrieved December 15, 2025, from https://www.webmd.com/baby/folic-acid-and-pregnancy
Published: 29 December 2025
.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
