Antacids (အစာအိမ်အက်ဆစ် အာနိသင်ကို ပျက်ပြယ်စေသော ဆေးဝါးများ)

Antacids (အစာအိမ်အက်ဆစ် အာနိသင်ကို ပျက်ပြယ်စေသော ဆေးဝါးများ)

Antacids ဆေးများသည် အစာအိမ်အတွင်းရှိ အက်စစ်ဓာတ်ကို ပြန်လည်တိုက်ဖျက်ပေးပြီး အစာမကြေခြင်းနှင့် ရင်ပူခြင်းတို့ကို သက်သာစေသော ဆေးဝါးဖြစ်သည်။ ဤဆေးများကို ဆေးရည် သို့မဟုတ် ဝါးစားနိုင်သော ဆေးပြားများအဖြစ် သောက်သုံးနိုင်ပြီး ဆရာဝန်ညွှန်ကြားချက် ဆေးစာမလိုဘဲ ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော ဆေးဝါးလည်းဖြစ်သည်။ Antacids ဆေးများသည် အစာအိမ်အတွင်းရှိ အက်စစ်ပမာဏကို လျင်မြန်စွာ လျှော့ချပေးနိုင်ပြီး ရောဂါလက္ခဏာများ သက်သာစေနိုင်သော်လည်း ရင်ပူခြင်းနှင့် အစာမကြေခြင်း၏ အခြေခံအကြောင်းရင်းကို ကုသနိုင်ခြင်းမရှိပေ။

Antacids ဆေးများ၏ ပါဝင်ပစ္စည်းများ
Antacids ဆေးများ၏ ပါဝင်ပစ္စည်းများသည် ၄င်းတို့၏ အမျိုးအစားနှင့် အမှတ်တံဆိပ်တို့အပေါ် မူတည်၍ ကွဲပြားနိုင်သည်။ အလူမီနီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဆားဓာတ် (ဆိုဒီယမ်) စသည့် ပါဝင်ပစ္စည်းများကို အသုံးများကြသည်။

Antacids ဆေးဝါးများ၏ အဓိကပါဝင်ပစ္စည်းများမှာ_

  • အလူမီနီယမ် ဟိုက်ဒရော့ဆိုက်ဒ် (Aluminium hydroxide)
  • ကယ်လ်ဆီယမ် ကာဗွန်နိတ် (Calcium carbonate)
  • မဂ္ဂနီဆီယမ် ကာဗွန်နိတ် (Magnesium carbonate)
  • မဂ္ဂနီဆီယမ် ထရိုင်ဆီလီကိတ် (Magnesium trisilicate)
  • မဂ္ဂနီဆီယမ် ဟိုက်ဒရော့ဆိုက်ဒ် (Magnesium hydroxide)
  • ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် (Sodium bicarbonate) တို့ဖြစ်ကြသည်။

စျေးကွက်ထဲတွင် ရရှိနေသော antacids ဆေးအများစုသည် အလူမီနီယမ်နှင့် မဂ္ဂနီဆီယမ်ဟိုက်ဒရော့ဆိုဒ်တို့ကို ပေါင်းစပ်ထားသည်ကို အတွေ့ရများသည်။ အချို့သော antacids များတွင် အစာရေမျိုပြွန်ကို အကာအကွယ်အလွှာအနေဖြင့် လုပ်‌ဆောင်ပေးသည့် အယ်လ်ဂျီနိတ် (alginates) ဆေးဝါးများနှင့် လေပွခြင်းကို လျှော့ချပေးသည့် စီမီတီကုန်း (simeticone) ကဲ့သို့သော ဆေးဝါးများလည်း ပါဝင်သည်။

သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဗဟိုဌာန (US FDA) သည် Antacids ဆေးဝါးများကို အပျော့စား ရင်ပူခြင်းနှင့် အစာမကြေခြင်းကဲ့သို့သော ရောဂါလက္ခဏာများကို ကုသရန်အတွက် အတည်ပြုထားသည်။ အပျော့စား ရင်ပူခြင်း၊ အစာမကြေခြင်းဆိုသည်မှာ နေ့စဥ်ဖြစ်ပွါးနေခြင်းမျိုးမဟုတ်ဘဲ တစ်ခါတစ်ရံ သို့မဟုတ် ရံဖန်ရံခါ ဖြစ်ပွားခြင်းမျိုးကို ဆိုလိုသည်။ အစာမကြေခြင်း၊ ရင်ပူခြင်း (အထူးသဖြင့် အစာစားပြီးနောက် သို့မဟုတ် ညဘက်တွင် ခံစားရခြင်း) အပြင် ပါးစပ်တွင်း အက်ဆစ်အရသာ သို့မဟုတ် ချဥ်သောအရသာများ ခံစားရခြင်း၊ ဗိုက်ပြည့်အင့်ခြင်း သို့မဟုတ် လေပွခြင်း၊ သာမန်ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း တို့ကိုလည်း သက်သာစေနိုင်သည်။

Antacids ဆေးများသည် စားချဥ်ပြန်ရောဂါ (Gastroesophageal Reflux Disease – GERD)၊ အစာအိမ်ရောင်ခြင်း (Gastritis) နှင့် အစာအိမ်အနာများ (Stomach ulcers) တို့အတွက်လည်း ရောဂါလက္ခဏာများ နာရီအနည်းငယ်အတွင်း လျင်မြန်စွာ သက်သာစေရန် ကူညီပေးသည်။ သို့သော် ထိုဆေးများသည် ရောဂါလက္ခဏာများ ဖြစ်ပေါ်ရသော အခြေခံအကြောင်းရင်းကို ကုသပေးခြင်း မဟုတ်သည့်အတွက် ရေရှည်သုံးစွဲရန်လည်း အကြံပြုထားခြင်း မရှိပါ။

သုံးစွဲပုံနည်းလမ်းများ

Antacids ဆေးများကို အစာမကြေခြင်း၊ ရင်ပူခြင်းအစရှိသော ရောဂါလက္ခဏာ ခံစားရချိန်များတွင် သောက်သုံးနိုင်သည်။ လူအများစုအတွက် ဆေးသောက်သုံးရန် အသင့်တော်ဆုံးအချိန်မှာ အစာနှင့်အတူ သို့မဟုတ် အစာစားပြီးနောက် တစ်နာရီအကြာတွင် သောက်သုံးခြင်းဖြစ်သည်။ ထိုဆေးများကို အစာနှင့်အတူသောက်သုံးပါက ဆေးအာနိသင်ကို ပိုမိုကြာရှည်စွာ ရရှိနိုင်သည်။ အကယ်၍ ညဘက်တွင် ရောဂါလက္ခဏာများ ခံစားရပါက အိပ်ရာမဝင်ခင် သောက်သုံးနိုင်သည်။ သို့သော် ထိုအချိန်တွင် ဆေးနှင့်အတူ အစာစားခြင်း မပြုလုပ်ရပါ။ ဆေးကို ပမာဏမည်မျှ သောက်သုံးရမည်နှင့် အကြိမ်အရေအတွက် မည်မျှသောက်သုံးရမည်တို့ကို ဆေးဗူးအညွှန်း သို့မဟုတ် ဆေးအညွှန်းစာရွက်ပါ ညွှန်ကြားချက်များအတိုင်း သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးရမည်ဖြစ်သည်။ မိမိဝယ်ယူသောက်သုံးမည့် ဆေးတံဆိပ်အမျိုးအစားပေါ်တွင် မူတည်၍ ပမာဏနှင့် အကြိမ်အရေအတွက် ကွဲပြားနိုင်သောကြောင့်ဖြစ်သည်။

အကယ်၍ Antacids ဆေးဝါးများကို တစ်ပတ်တွင် (၂) ကြိမ်၊ (၃) ကြိမ်နှင့်အထက် သောက်သုံးနေရခြင်းသည် အချိန်နှစ်ပတ်ထက်ပို၍ ကြာနေပါက ရောဂါလက္ခဏာများ မကြာခဏခံစားရခြင်း၏ အခြေခံအကြောင်းရင်းကို ရှာဖွေစစ်ဆေးရန် ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

Antacids ဆေးဝါးများကို ရံဖန်ရံခါသာ သောက်သုံးခြင်း၊ သင့်တော်သော ပမာဏအတိုင်းသာ သောက်သုံးခြင်းများကြောင့် ဘေးထွက်ဆိုးကျိုးများစွာ မရှိပါ။

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ
ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများသည် ကလေးငယ်များနှင့် အသက် (၆၅) နှစ်အထက် လူကြီးများတွင် အဓိကဖြစ်ပေါ်နိုင်သည်။ ၎င်းတို့သည် တစ်ခါတစ်ရံ ဝမ်းဗိုက်ပိုင်းဆိုင်ရာ လက္ခဏာများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။

  • ဝမ်းချုပ်ခြင်း (အထူးသဖြင့် အလူမီနီယမ် ဟိုက်ဒ‌ရော့ဆိုဒ် ပါဝင်သော antacids များ)
  • ဝမ်းလျှောခြင်း (အထူးသဖြင့် မဂ္ဂနီဆီယမ် ဟိုက်ဒ‌ရော့ဆိုဒ် ပါဝင်သော antacids များ)
  • လေပွခြင်း သို့မဟုတ် ဗိုက်ပြည့်အင့်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ပျို့အန်ခြင်းနှင့် ဝမ်းဗိုက်နာခြင်း
  • ခန္ဓာကိုယ်တွင်း အရည်များ စုပုံခြင်း (Fluid Retention – အထူးသဖြင့် ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် ပါဝင်သော antacids များ)

ရေရှည်သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ပြင်းထန်ဆိုးကျိုးများ
Antacids ဆေးဝါးများကို မလိုအပ်ဘဲ၊ မကြာခဏ သို့မဟုတ် ရေရှည် သောက်သုံးခြင်း (၂ ပတ်ထက် ပို၍သောက်သုံးခြင်း) သည် အောက်ပါပြင်းထန်သော ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။

  • အက်ဆစ် ပြန်လည်မြင့်တက်ခြင်း (Acid Rebound) – ဆေးရပ်လိုက်သောအခါ အစာအိမ်မှ ပိုမိုပြင်းထန်စွာ အက်ဆစ်ထုတ်လုပ်စေပြီး ရောဂါလက္ခဏာများ ပိုမိုဆိုးရွားစေသည်
  • အာဟာရဓာတ် စုပ်ယူမှု ထိခိုက်ခြင်း – အစာအိမ်အက်ဆစ် လျော့ကျခြင်းကြောင့် ခန္ဓာကိုယ်မှ သံဓာတ်၊ ကယ်လ်စီယမ်နှင့် မဂ္ဂနီဆီယမ်ကဲ့သို့ အရေးကြီးသည့် ဓာတ်ပစ္စည်းများ စုပ်ယူမှုကို လျော့ကျစေသည်
  • အရိုးအားနည်းခြင်းနှင့် အရိုးကျိုးနိုင်ခြေ မြင့်တက်ခြင်း – အထူးသဖြင့် ကယ်လ်စီယမ် စုပ်ယူမှု လျော့နည်းခြင်းကြောင့် အရိုးအားနည်းခြင်း (Osteoporosis) နှင့် အရိုးကျိုးနိုင်ခြေကို မြင့်တက်စေနိုင်သည်
  • အာရုံကြော အဆိပ်သင့်ခြင်း (Neurotoxicity) – ကျောက်ကပ် ပြဿနာရှိသူများတွင် အလူမီနီယမ် ပါဝင်သော Antacids များကို ရေရှည်သောက်သုံးပါက ဖြစ်ပေါ်နိုင်သည်
  • သွေးတွင်း ကယ်လ်စီယမ်ဓာတ်များခြင်း (Hypercalcemia) – ကယ်လ်စီယမ် ကာဗွန်နိတ် (Calcium carbonate) ပါဝင်သော Antacids များကို အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဖြစ်နိုင်သည်။

Antacids ဆေးဝါးများကို မကြာခဏ သောက်သုံးနေရပြီး အထက်တွင် ဖော်ပြထားသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာပါက မိသားစုဆရာဝန်နှင့် ချက်ချင်းဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်။

သတိပြုသင့်သည့်အချက်များ

Antacids ဆေးဝါးများသည် လူအများစုအတွက် ဘေးကင်းစွာ သောက်သုံးနိုင်သော်လည်း အောက်ဖော်ပြပါ အခြေအနေရှိသူများတွင် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်သည်။

  • ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ – ပါဝင်ပစ္စည်းအမျိုးအစားအပေါ် မူတည်၍ ဘေးကင်းမှု ကွာခြားနိုင်သောကြောင့်ဖြစ်သည်
  • အသက် (၁၂) နှစ်အောက် ကလေးငယ်များ
  • အသည်းရောဂါ သို့မဟုတ် ကျောက်ကပ်ရောဂါ ရှိသူများ
  • နှလုံးလုပ်ငန်း ထိခိုက်ပျက်စီးခြင်း သို့မဟုတ် သွေးတိုးရောဂါ ရှိသူများ – အထူးသဖြင့် ဆိုဒီယမ်ဓာတ် မြင့်မားစွာ ပါဝင်သော Antacids အမျိုးအစားများသည် ခန္ဓာကိုယ်တွင်း အရည်စုပုံမှုကို ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်
  • အခြားဆေးဝါးများ သောက်သုံးနေရသူများ – Antacids များသည် အခြားဆေးဝါးများ (ဥပမာ _ ပဋိဇီဝဆေးများ၊ သံဓာတ်ဖြည့်ဆေးများ) ၏ စုပ်ယူမှုကို သိသိသာသာ ထိခိုက်စေနိုင်သောကြောင့် Antacids သောက်ပြီးနောက် (၂ – ၄) နာရီအတွင်း အခြားဆေးဝါးများ မသောက်သုံးရန် လိုအပ်သည်
  • Aspirin (အက်စပရင်) ပါဝင်သော Antacids များ – သွေးခဲခြင်း၊ နှလုံးသွေးကြောကျဥ်းခြင်း၊ လေဖြတ်ခြင်း၊ ရင်ပူဗိုက်အောင့်ခြင်းများတွင် အသုံးပြုလေ့ရှိသော Aspirin ပါဝင်သည့် Antacids အချို့သည် အစာအိမ်အတွင်း သွေးယိုစိမ့်မှု ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်

References

  1. Drugs.com. (n.d.). Antacids. Retrieved November 25, 2025, from https://www.drugs.com/drug-class/antacids.html
  2. IFFGD (International Foundation for Gastrointestinal Disorders). (n.d.). Antacids. Retrieved November 25, 2025, from https://iffgd.org/manage-your-health/diet-and-treatments/antacids/
  3. MyClevelandClinic. (n.d.). Antacid. Retrieved November 25, 2025, from https://my.clevelandclinic.org/health/drugs/23076-antacid
  4. NHS. (n.d.). Antacids. Retrieved November 25, 2025, from https://www.nhs.uk/medicines/antacids/

Published: 25 December 2025

Share

25 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Pregnancy and folic acid (ကိုယ်ဝန်ဆောင်နှင့် ဖောလစ်အက်ဆစ်)
Dec 30, 2025
Drugs and Supplements

Pregnancy and folic acid (ကိုယ်ဝန်ဆောင်နှင့် ဖောလစ်အက်ဆစ်)

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးတွင် သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြောမကြီး...

Immunomodulators (ကိုယ်ခံအားစနစ် ထိန်းညှိဆေးများ)
Dec 23, 2025
Drugs and Supplements

Immunomodulators (ကိုယ်ခံအားစနစ် ထိန်းညှိဆေးများ)

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း သို့မဟုတ် နှိမ့်ချပေးခြင်းဖြင့်...

Diphtheria, Tetanus, and Pertussis Vaccines (ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး)
Dec 3, 2025
Drugs and Supplements

Diphtheria, Tetanus, and Pertussis Vaccines (ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး)

ဆုံဆို့နာ၊ မေးခိုင်နှင့် ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးကို အသက် (၇)...