ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေး (DPT) သည် ဆုံဆို့နာ၊ မေးခိုင်နှင့် ကြက်ညှာချောင်းဆိုးရောဂါ (၃) မျိုးအတွက် ပြုလုပ်ထားသော ပေါင်းစပ်ကာကွယ်ဆေးဖြစ်သည်။ ဆုံဆို့နာနှင့် ကြက်ညှာချောင်းဆိုး ဘက်တီးရီးယားရောဂါပိုးများသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ မေးခိုင်ရောဂါပိုးသည် ခန္ဓာကိုယ်ထဲသို့ ပြတ်ရှဒဏ်ရာများ သို့မဟုတ် ထိခိုက်ရှနာများမှတစ်ဆင့် ဝင်ရောက်ပြီး လူအချင်းချင်းမကူးစက်နိုင်ပါ။
ဆုံဆို့နာ (Diphtheria – D) သည် အသက် (၅) နှစ်အောက် ကလေးများတွင် အဖြစ်များပြီး အသက်ရှူရခက်ခြင်း၊ နှလုံးအားနည်းခြင်း၊ အာရုံကြောများပျက်စီးခြင်းနှင့် အသက်သေဆုံးခြင်း စသည်တို့ကို ဖြစ်စေနိုင်သည်။
မေးခိုင် (Tetanus – T) သည် ကြွက်သားများ နာကျင်တောင့်တင်းခြင်း၊ ပါးစပ်မဟနိုင်ခြင်း၊ အစာမျိုချရခက်ခဲခြင်းနှင့် အသက်ရှူရခက်ခဲခြင်း သို့မဟုတ် အသက်သေဆုံးခြင်း အပါအဝင် ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည်။
ကြက်ညှာချောင်းဆိုး (Acellular pertussis – aP) သည် ပြင်းထန်စွာ အလွန်အမင်း ချောင်းဆိုးပြီး အသက်ရှူခြင်း၊ စားသောက်ခြင်းတို့ ပြုလုပ်ရန် ခက်ခဲနိုင်သည်။ ကြက်ညှာချောင်းဆိုးရောဂါသည် အထူးသဖြင့် မွေးကင်းစကလေးနှင့် ကလေးငယ်များတွင် အဆုတ်ရောင်ခြင်း၊ တက်ခြင်း၊ ဦးနှောက်ပျက်စီးခြင်း သို့မဟုတ် အသက်သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည့် အလွန်ပြင်းထန်သော ရောဂါဖြစ်သည်။ ဆယ်ကျော်သက်များနှင့် လူကြီးများတွင်မူ ပြင်းထန်စွာ ချောင်းဆိုးခြင်းကြောင့် ကိုယ်အလေးချိန်ကျခြင်း၊ ဆီးထိန်းချုပ်မှု မရှိခြင်း၊ သတိလစ်ခြင်းနှင့် နံရိုးကျိုးခြင်းတို့ကို ဖြစ်စေနိုင်သည်။
ကာကွယ်ဆေးအမျိုးအစားများ
ဆုံဆို့နာ ကာကွယ်ဆေးများ (Diphtheria – D)
Corynebacterium diphtheriae ဘက်တီးရီးယားမှ ထုတ်သော အဆိပ်ဓာတ်ပျက်ပြယ် ကာကွယ်ဆေး (toxoids) ဖြစ်သည်။
မေးခိုင်ကာကွယ်ဆေးများ (Tetanus – T)
Clostridium tetani ဘက်တီးရီးယားမှ ထုတ်သော အဆိပ်ဓာတ်ပျက်ပြယ် ကာကွယ်ဆေး (toxoids) ဖြစ်သည်။
ဆဲလ်မပါသော ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး (Acellular Pertussis – aP)
Bordetella pertussis ဘက်တီးရီးယား၏ သန့်စင်ထားသော အစိတ်အပိုင်းများမှ ထုတ်လုပ်ထားသည်။ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်မှုကြောင့် ယခင်သုံးစွဲခဲ့သော ဆဲလ်အပြည့်ပါသော ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး (Whole-cell pertussis vaccines – wP) ကို ဆက်လက် သုံးစွဲခြင်းမပြုဘဲ ဆဲလ်မပါသော ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးကိုသာ အစားထိုးအသုံးပြုလာကြသည်။
ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး ရောဂါကာကွယ်ဆေး အမျိုးအစား (၃) မျိုးရှိသည်။
- DTaP – ဆုံဆို့နာ၊ မေးခိုင်နှင့် ကြက်ညှာချောင်းဆိုး (၃) မျိုးစပ်ကာကွယ်ဆေး
လသားအရွယ်မှစ၍ အသက် (၇) နှစ်အောက် ကလေးများအထိ အသုံးပြုသည်။ D၊ P နှင့် T ကို စာလုံးအကြီးဖြင့် ဖော်ပြခြင်းသည် ကာကွယ်ဆေးတွင် ဆုံဆို့နာ၊ မေးခိုင်နှင့် ကြက်ညှာချောင်းဆိုး ရောဂါများကို ကာကွယ်ပေးသော အစိတ်အပိုင်းသည် ပမာဏအပြည့်အဝ ပါဝင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကလေးငယ်များတွင် ခုခံအားနည်းပြီး ရောဂါဖြစ်ပွါးမှု၊ ပြင်းထန်မှု များသောကြောင့် ရောဂါမှ ကာကွယ်မှု အမြင့်ဆုံးရရှိစေရန်အတွက် ကာကွယ်ဆေး အစိတ်အပိုင်းများကို ပမာဏ အပြည့်အဝ (High Concentration) ထိုးနှံရန် လိုအပ်သည်။ - Tdap – မေးခိုင်၊ ဆုံဆို့နာနှင့် ကြက်ညှာချောင်းဆိုး (၃) မျိုးစပ်ကာကွယ်ဆေး
အဓိကအားဖြင့် အသက် (၇) နှစ်အထက် ကလေးများ၊ ဆယ်ကျော်သက်များနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် လူကြီးများတွင် အသုံးပြုသည်။ d နှင့် p ကို စာလုံးအသေးဖြင့် ဖော်ပြခြင်းသည် ကာကွယ်ဆေးတွင် ဆုံဆို့နာနှင့် ကြက်ညှာချောင်းဆိုး ရောဂါများကို ကာကွယ်ပေးသော အစိတ်အပိုင်းသည် ပမာဏအနည်းငယ်သာ ပါဝင်သည်ကို ဆိုလိုခြင်းဖြစ်သည်။ - Td – မေးခိုင်နှင့် ဆုံဆို့နာ (၂) မျိုးစပ်ကာကွယ်ဆေး
ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးထိုးရန် မသင့်တော်သော အခြေအနေတွင် အသုံးပြုသည်။
ယခင်က သုံးမျိုးပေါင်းစပ်ကာကွယ်ဆေးများအနေဖြင့် အများဆုံးအသုံးပြုသော်လည်း ယခုနောက်ပိုင်းတွင် ဆုံဆို့နာ၊ မေးခိုင်နှင့် ကြက်ညှာချောင်းဆိုးရောဂါကာကွယ်ဆေးများအပြင် အဆုတ်ရောင်-ဦးနှောက်အမြှေးရောင်၊ အသည်းရောင်အသားဝါ ဘီ နှင့် ပိုလီယို အကြောသေရောဂါများအတွက် ကာကွယ်ဆေးများပါ ပေါင်းစပ်ထားသည့် ငါးမျိုးပေါင်း သို့မဟုတ် ခြောက်မျိုးပေါင်းကာကွယ်ဆေးများအနေဖြင့် ပြောင်းလဲအသုံးပြုလျက်ရှိသည်။
- DTaP ပါဝင်သော ပေါင်းစပ်ကာကွယ်ဆေးများမှာ Daptacel®, Infanrix®, Kinrix®, Pediarix®, Pentacel®, Quadracel®, and Vaxelis™ စသည်တို့ဖြစ်သည်
- Tdap ပါဝင်သော ပေါင်းစပ်ကာကွယ်ဆေးများမှာ Adacel®, Boostrix® တို့ဖြစ်သည်
- Td ပါဝင်သော ပေါင်းစပ်ကာကွယ်ဆေးများမှာ TENIVAC® ဖြစ်သည်
ဆေးသယ်ဆောင်သိမ်းဆည်းပုံ
ကာကွယ်ဆေးများအား သေချာစွာ ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းသည် ကာကွယ်ဆေးများ၏ အာနိသင်အပြည့်အဝ ရရှိရေးအတွက် အလွန်အရေးကြီးသည်။ ယေဘုယျအားဖြင့်
- ကာကွယ်ဆေးများကို ဆေးဘူးပေါ်ရှိ သက်တမ်းကုန်ဆုံးရက်မတိုင်မီ အသုံးပြုရမည်
- ကာကွယ်ဆေးကို ရေခဲသေတ္တာ အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်အတွင်း၌ သိမ်းဆည်းထားရမည်၊ အေးခဲထားခြင်း မပြုလုပ်ရပါ
- ကာကွယ်ဆေးအား မူလထုပ်ပိုးမှုအတိုင်း သိမ်းဆည်းရမည်
- အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် မထားရပါ
- ကာကွယ်ဆေးများကို ဖျော်စပ်ရာတွင် မူလထုပ်ပိုးမှုတွင်ပါရှိသည့် ဆေးရည်ဖြင့်သာ ဖျော်ရမည်၊ အသုံးပြုရန် ညွှန်ကြားထားသော ပမာဏအတိုင်း ဖျော်စပ်ရမည်
- ကာကွယ်ဆေးများကို ဖောက်ပြီး၊ ဖျော်စပ်ပြီးလျှင် ချက်ချင်း သို့မဟုတ် သတ်မှတ်အချိန်အတွင်း (အထူးသဖြင့် အကြိမ်များစွာ ထိုးနှံနိုင်သော Multidose အမျိုးအစားများအတွက်) အသုံးပြုရမည်၊ အသုံးပြုရာတွင် သတ်မှတ်ထားသော အပူချိန်အတွင်း ထားရှိအသုံးပြုရမည်
- သက်တမ်းလွန်နေသော၊ သတ်မှတ်ချိန်ထက် ကျော်လွန်သွားသော၊ အေးခဲသွားသော၊ အနည်ကျနေသော၊ အရောင်ပြောင်းသွားသော ကာကွယ်ဆေးများကို လုံးဝအသုံးမပြုဘဲ စွန့်ပစ်ရမည်
- ကာကွယ်ဆေး သိုလှောင်၊ သယ်ဆောင်၊ သုံးစွဲသည့် အဆင့်တိုင်းတွင် ရောဂါပိုးကူးစက်မှုကာကွယ်ခြင်းနည်းနာများကို အတိအကျ လိုက်နာကျင့်သုံးရမည်
ကာကွယ်ဆေးများကို ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် အထိရောက်ဆုံးကာကွယ်မှုရရှိစေရန် သက်ဆိုင်ရာကာကွယ်ဆေးအလိုက် ထုတ်လုပ်သူများ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာရမည်။
ဆေး၏အကျိုးအာနိသင်
ဆုံဆို့နာနှင့် မေးခိုင်ရောဂါ ကာကွယ်ဆေး
ဆုံဆို့နာနှင့် မေးခိုင်ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားပါက
- မေးခိုင်ရောဂါအတွက် အကျိုးအာနိသင် ထိရောက်မှုသည် ၁၀၀% နီးပါး ရှိသည်
- ဆုံဆို့နာရောဂါအတွက် အကျိုးအာနိသင် ထိရောက်မှုသည် ၉၇% ရှိသည်
ကြက်ညှာရောဂါကာကွယ်ဆေး
DTaP ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားပါသော ကလေးများသည် ကြက်ညှာချောင်းဆိုးရောဂါကို
- နောက်ဆုံးအကြိမ်ထိုးပြီး တစ်နှစ်အတွင်း ကလေးများ၏ ၉၈% ခန့်
- DTaP နောက်ဆုံးအကြိမ်ထိုးပြီး (၅) နှစ်အကြာတွင် ကလေးများ၏ ၇၁% ခန့်ကို ကာကွယ်ပေးနိုင်သည်
ဆယ်ကျော်သက်များနှင့် လူကြီးများ Tdap ကာကွယ်ဆေး ထိုးသောအခါ
- ကာကွယ်ဆေးထိုးပြီး ပထမတစ်နှစ်အတွင်း ဆယ်ကျော်သက်များ၏ ၇၃% ခန့်
- ကာကွယ်ဆေးထိုးပြီး (၄) နှစ်အကြာတွင် လူကြီးများ၏ ၃၄% ခန့် ကာကွယ်ပေးနိုင်သည်
ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးများ Tdap ထိုးနှံသောအခါ
- အသက် (၂) လအောက် ကလေးငယ်များတွင် ကြက်ညှာချောင်းဆိုးရောဂါ ဖြစ်ပွားမှု၏ ၇၈% ခန့်
- အသက် (၂) လအောက် ကြက်ညှာချောင်းဆိုးရောဂါ ရှိသော ကလေးငယ်များ ဆေးရုံတက်ရခြင်း၏ ၉၀% ခန့် ကို ကာကွယ်မှုပေးနိုင်သည်
ဆေးထိုးရန်လိုအပ်သည့် အခြေအနေများ
DTaP ကာကွယ်ဆေးကို မွေးကင်းစကလေးများနှင့် အသက် (၇) နှစ်အောက် ကလေးငယ်များတွင် ထိုးနှံနိုင်ပြီး စုစုပေါင်း (၅) ကြိမ် ထိုးရန်လိုသည်။
Tdap သို့မဟုတ် Td ကာကွယ်ဆေးကို အသက် (၇) နှစ်အထက်နှင့် အောက်ပါအခြေအနေများတွင် ထိုးနှံရန် လိုအပ်သည်။
- ဆယ်ကျော်သက်အရွယ် သို့မဟုတ် လူပျို၊ အပျိုပေါက်အရွယ်များ
- ကိုယ်ဝန်ဆောင် အမျိုးသမီးများ
- (၁၀) နှစ်တစ်ကြိမ် အပိုထပ်ဆောင်း အားဖြည့်ကာကွယ်ဆေး (booster) အနေဖြင့် ထိုးခြင်း (Td ကာကွယ်ဆေးကို အပိုထပ်ဆောင်းဆေးအနေဖြင့် ရွေးချယ်နိုင်သည်)
- ကာကွယ်ဆေးလုံးဝမထိုးဖူးသူများအတွက် (၃) ကြိမ်ထိုးရမည့် တစ်စိတ်တစ်ပိုင်းအနေဖြင့် ထိုးခြင်း
- လိုအပ်ပါက ကလေးဘဝတွင် ကာကွယ်ဆေးအကြိမ်ရေ ပြည့်စေရန် ထိုးခြင်း
- အချို့အခြေအနေများတွင် ဒဏ်ရာများကို ကုသမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုးခြင်း
ရှားပါးသည့် နောက်ဆက်တွဲပြဿနာဖြစ်သော ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေး၏ အစိတ်အပိုင်းနှင့် ဓာတ်မတည့်မှုရှိသူများတွင် Td ကာကွယ်ဆေးကို ထိုးနိုင်သည်။ ထို့ပြင် ကာကွယ်ဆေးမထိုးရသေးသော သို့မဟုတ် အပြည့်မထိုးနှံရသေးသော ကလေးများသည် ဆရာဝန်နှင့်တိုင်ပင်၍ ညွှန်ကြားချက်အတိုင်း ထပ်ဖြည့်ထိုးနှံခြင်း (Catch-up Immunisations) ပြုလုပ်ရန် လိုအပ်သည်။ Tdap ကာကွယ်ဆေးထိုးပြီးနောက် ကြက်ညှာချောင်းဆိုးရောဂါကို ခုခံကာကွယ်နိုင်စွမ်းသည် နှစ်အနည်းငယ်ကြာပါက လျော့ကျသွားသော်လည်း ခုခံအားကို ဆက်လက်ထိန်းသိမ်းရန် အပိုထပ်ဆောင်း အားဖြည့်ကာကွယ်ဆေးထိုးရန် အကြုံပြုထားခြင်း မရှိပါ။ ထို့ကြောင့် လူကြီးများတွင် မေးခိုင်နှင့် ဆုံဆို့နာရောဂါကို ခုခံအားကို ဆက်လက်ထိန်းသိမ်းရန် (၁၀) နှစ်လျှင် တစ်ကြိမ် အပိုထပ်ဆောင်း အားဖြည့်ကာကွယ်ဆေးထိုးရန် လိုအပ်သည်။
ဆေးထိုးရန်မသင့်သော အခြေအနေများ
DTaP၊ Tdap နှင့် Td ကာကွယ်ဆေးများအတွက်
- ပထမအကြိမ်ထိုး၍ ပြင်းထန်ဓာတ်မတည့်မှု ဖြစ်ဖူးသူများ
- ကာကွယ်ဆေးတွင် ပါဝင်သော ဓာတုပစ္စည်း တစ်မျိုးမျိုးနှင့် ပြင်းထန်ဓာတ်မတည့်မှု ဖြစ်ဖူးသူများ
DTaPနှင့် Tdap ကာကွယ်ဆေးများအတွက်
- ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး (၇) ရက်အတွင်းတွင် အကြောင်းရင်းရှာမရဘဲ ဦးနှောက်ထိခိုက်ခြင်း (Encephalopathy) လက္ခဏာများဖြစ်သော အချိန်ကြာမြင့်စွာတက်ခြင်း၊ သတိလစ်မေ့မြောခြင်းနှင့် ပြန်လည်နိုးထရန် ခက်ခဲသော သတိလစ်ခြင်း စသည့်တို့ ဖြစ်ပေါ်သူများ
ဆေးထိုးရမည့် အချိန်နှင့်အသက်အရွယ်
- ကလေးငယ်များအတွက်
- အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) မှ အသက် (၇) နှစ်အောက် ကလေးငယ်များအတွက် DTaP ကာကွယ်ဆေးကို ထိုးရန် အကြံပြုထားသည်။ အကယ်၍ ကြက်ညှာချောင်းဆိုးရောဂါ အစိတ်အပိုင်း ပါဝင်သော ကာကွယ်ဆေးနှင့် ဓာတ်မတည့်မှုရှိပါက ဤအသက်အုပ်စုတွင် Td ကာကွယ်ဆေးကို အသုံးပြုနိုင်သည်။ ပုံမှန်ကာကွယ်ဆေးထိုးရမည့် အသက်အရွယ်မှာ_
- (၂)လ
- (၄) လ
- (၆) လ
- (၁၅)လ မှ (၁၈)လအတွင်း
- (၄)နှစ် မှ (၆)နှစ်အတွင်း ဖြစ်ပြီး စုစုပေါင်း (၅) ကြိမ်ထိုးနှံရမည်။
- စတုတ္ထအကြိမ်ထိုးသော DTaP ကာကွယ်ဆေးကို တတိယအကြိမ်ထိုးပြီး အနည်းဆုံး (၆) လခြား၍ ထိုးနှံရမည်၊ သို့သော် တတိယအကြိမ် ကာကွယ်ဆေး ထိုးရန် နောက်ကျ၍ စတုတ္တအကြိမ်နှင့် အနည်းဆုံး (၄) လသာ ခြားပါက စတုတ္ထအကြိမ်ကို ထပ်မံထိုးနှံရန် မလိုအပ်ပါ
- စတုတ္ထအကြိမ် DTaP ကာကွယ်ဆေးကို အသက်တစ်နှစ်အောက် ကလေးများတွင် လုံးဝမထိုးရပါ၊ အစောဆုံးအနေဖြင့် အသက်တစ်နှစ်ပြည့်ပြီးနောက် (၁၂)လ မှ (၁၅)လကြားတွင် ထိုးလိုပါက ထိုးနိုင်သည်
- စတုတ္ထအကြိမ် DTaP ကာကွယ်ဆေးကို ကလေးအသက် (၁၅)လ မှ (၁၈)လအတွင်း၌ မထိုးဖြစ်ခဲ့ဘဲ အသက် (၄) နှစ် သို့မဟုတ် (၄) နှစ် နောက်ပိုင်းတွင် ထိုးနှံခဲ့ပါက ပဉ္စမအကြိမ်ကာကွယ်ဆေးကို ထိုးရန် မလိုအပ်ပါ
- မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဥ်တွင် DTaP ကာကွယ်ဆေးကို အသက် (၂) လ၊ (၄) လ၊ (၆) လနှင့် တစ်နှစ်ခွဲတွင် တစ်ကြိမ်စီနှင့် စုစုပေါင်း (၄) ကြိမ်ထိုးနှံပေးသည်။
- အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) မှ အသက် (၇) နှစ်အောက် ကလေးငယ်များအတွက် DTaP ကာကွယ်ဆေးကို ထိုးရန် အကြံပြုထားသည်။ အကယ်၍ ကြက်ညှာချောင်းဆိုးရောဂါ အစိတ်အပိုင်း ပါဝင်သော ကာကွယ်ဆေးနှင့် ဓာတ်မတည့်မှုရှိပါက ဤအသက်အုပ်စုတွင် Td ကာကွယ်ဆေးကို အသုံးပြုနိုင်သည်။ ပုံမှန်ကာကွယ်ဆေးထိုးရမည့် အသက်အရွယ်မှာ_
- ဆယ်ကျော်များအတွက်
အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) မှ ဆယ်ကျော်သက်များအတွက် Tdap ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဥ်တွင် တစ်ကြိမ်ထိုးနှံရန် အကြံပြုထားသည်။- ဆယ်ကျော်သက်များအတွက် Tdap ကာကွယ်ဆေးထိုးနှံရမည့် အသက်မှာ (၁၁) နှစ်မှ (၁၂) နှစ် ဖြစ်သည်
- အသက် (၁၁) နှစ်နှင့် (၁၂) နှစ်အတွင်း ထိုးနှံခြင်းမရှိခဲ့သော အသက် (၁၃) နှစ်မှ (၁၈) နှစ် ဆယ်ကျော်သက်များသည် သိလျှင်သိချင်း ထိုးနှံရန်လိုသည်
- နောက်ဆုံးအကြိမ်ထိုးခဲ့သော မေးခိုင်နှင့် ဆုံဆို့နာကာကွယ်ဆေး အချိန်ကာလ မည်မျှကြာမြင့်သည်ဖြစ်စေ Tdap ကာကွယ်ဆေးကို ထိုးနှံနိုင်သည်
- ကိုယ်ဝန်ဆောင်မိခင်များ
အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) မှ ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် Tdap ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံရန် အကြံပြုထားသည်။- ကိုယ်ဝန်ဆောင်စဉ် Tdap ထိုးနှံရန် လိုအပ်သောအချိန်သည် ကိုယ်ဝန် (၂၇) ပတ် မှ (၃၆) ပတ် ကြားကာလ၏ အစောပိုင်းဖြစ်သည်
- ကိုယ်ဝန်ဆောင် အစောပိုင်းကာလတွင် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် လူအများ အစုလိုက် ကြက်ညှာချောင်းဆိုးရောဂါ ဖြစ်ပွါးခြင်း အခြေအနေများတွင် Tdap ကာကွယ်ဆေးကို ဘေးကင်းစွာ ထိုးနိုင်သည်၊ ထိုသို့ ကိုယ်ဝန်ဆောင် အစောပိုင်းကာလတွင် Tdap ကာကွယ်ဆေး ထိုးပြီးပါက ကိုယ်ဝန် (၂၇) ပတ်မှ (၃၆) ပတ်ကြားတွင် ထပ်မံ၍ ထိုးနှံရန် မလိုပါ၊ Tdap ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်ချိန်တိုင်းတွင် တစ်ကြိမ်သာ ထိုးရန် လိုသည်
- နောက်ဆုံးအကြိမ်ထိုးခဲ့သော မေးခိုင်နှင့် ဆုံဆို့နာကာကွယ်ဆေး အချိန်ကာလ မည်မျှကြာမြင့်သည်ဖြစ်စေ Tdap ကာကွယ်ဆေးကို ထိုးနှံနိုင်သည်
- Tdap ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်ကာလ မတိုင်မီ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပေး၍မရပါ
- ကိုယ်ဝန်ဆောင်မိခင်သည် ယခင်ကိုယ်ဝန် သို့မဟုတ် လက်ရှိကိုယ်ဝန်နှင့် ဆယ်ကျော်သက် အရွယ်တွင် Tdap ကာကွယ်ဆေးကို ထိုးနှံထားခြင်းမရှိပါက ကလေးမွေးဖွားပြီးပြီးချင်း မိခင်ကို Tdap ကာကွယ်ဆေးထိုးရန် လိုသည်၊ သို့သော် ကိုယ်ဝန်ဆောင်မိခင်သည် Tdap ကာကွယ်ဆေးကို လက်ရှိကိုယ်ဝန်ဆောင်ကာလတွင် မထိုးနှံခဲ့သော်လည်း ယခင်က ထိုးနှံခဲ့ဖူးပါက ကလေးမွေးပြီးနောက် မိခင်ကို Tdapကာကွယ်ဆေးထပ်မံထိုးရန် မလိုပါ
- လူကြီးများ
အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) မှTdap ကာကွယ်ဆေးကို တစ်ကြိမ်မျှ ထိုးနှံခြင်းမရှိသော လူကြီးများသည် တစ်ကြိမ် ထိုးရန် လိုအပ်သည်။- တတ်နိုင်သမျှ အမြန်ဆုံး ထိုးရန်လိုသည်
- နောက်ဆုံးအကြိမ်ထိုးခဲ့သော မေးခိုင်နှင့် ဆုံဆို့နာကာကွယ်ဆေး အချိန်ကာလ မည်မျှကြာမြင့်သည်ဖြစ်စေ Tdap ကာကွယ်ဆေးကို ထိုးနှံနိုင်သည်
- တတ်နိုင်ပါက အသက် (၆၅) နှစ်နှင့် အထက် လူကြီးများသည်လည်း Tdap ကာကွယ်ဆေး (Boostrix®) ကို တစ်ကြိမ်ထိုးရန် လိုအပ်သည်
- ကျန်းမာရေးဝန်ထမ်းများ
- အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) ၏အကြံပြုချက်အရ လူနာများနှင့် တိုက်ရိုက်ထိတွေ့မှုရှိပြီး Tdap ကာကွယ်ဆေးကို တစ်ခါမျှ ထိုးနှံခြင်းမရှိသော ကျန်းမာရေးဝန်ထမ်းများအား Tdapကာကွယ်ဆေးကို တစ်ကြိမ် ထိုးနှံသင့်သည်ဟုဆိုသည်
- နောက်ဆုံးအကြိမ်ထိုးခဲ့သော မေးခိုင်နှင့် ဆုံဆို့နာကာကွယ်ဆေး အချိန်ကာလ မည်မျှကြာမြင့်သည်ဖြစ်စေ Tdap ကာကွယ်ဆေးကို ထိုးနှံနိုင်သည်
- Tdap ကာကွယ်ဆေး ထိုးနှံပြီးနောက် လူကြီးများသည် ပုံမှန်အားဖြင့် (၁၀) နှစ်လျှင် တစ်ကြိမ် အပိုထပ်ဆောင်း အားဖြည့်ကာကွယ်ဆေး အနေဖြင့် Td သို့မဟုတ် Tdap ကာကွယ်ဆေးကို ထိုးနှံရန်လိုသည်
- အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) ၏အကြံပြုချက်အရ လူနာများနှင့် တိုက်ရိုက်ထိတွေ့မှုရှိပြီး Tdap ကာကွယ်ဆေးကို တစ်ခါမျှ ထိုးနှံခြင်းမရှိသော ကျန်းမာရေးဝန်ထမ်းများအား Tdapကာကွယ်ဆေးကို တစ်ကြိမ် ထိုးနှံသင့်သည်ဟုဆိုသည်
ဆေးမထိုးမီ သိရမည့်အချက်များ
အဖျားအနည်းငယ်ရှိခြင်း၊ နှာစေးချောင်းဆိုးခြင်းနှင့် မအီမသာဖြစ်ခြင်း စသည့်လက္ခဏာများသည် ကာကွယ်ဆေးထိုးခြင်းကို မဖြစ်မနေ ရွှေ့ဆိုင်းရန် မလိုအပ်သော်လည်း အချို့သော အခြေအနေများရှိပါက ကာကွယ်ဆေးထိုးခြင်းကို ရွှေ့ဆိုင်းရန် လိုအပ်နိုင်သည်။ ထို့ကြောင့် မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကု ဆရာဝန်များနှင့် ကြိုတင်တိုင်ပင်ရန် လိုအပ်နိုင်သည်။
- ယခင် မေးခိုင်ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီး (၆) လအတွင်း ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်မှုကြောင့် ရုတ်တရက် လမ်းမလျှောက်နိုင်သော Guillain-Barré syndrome ဖြစ်ခဲ့ဖူးခြင်း ရှိပါက ရွှေ့ဆိုင်းရန်လိုသည်
- အာရုံကြောဆိုင်ရာ ပြဿနာများဖြစ်သော တစ်နှစ်အောက်ကလေးများတွင် တစ်ကိုယ်လုံးကွေးကောက်တက်ခြင်း (Infantile spasm)၊ ကောင်းစွာ ထိန်းချုပ်မှု မရသေးသော အတက်ရောဂါ၊ ပြင်းထန်သော ဦးနှောက်ထိခိုက်ခြင်း (Encephalopathy) စသည့်တို့တွင် DTaP ကာကွယ်ဆေးထိုးခြင်းကို ရောဂါအခြေအနေ ပြန်လည်ကောင်းမွန်သည်အထိ ရွှေ့ဆိုင်းရန်လိုသည်
- ယခင် ဆုံဆို့ သို့မဟုတ် မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးပြီးနောက် ပြင်းထန်သောအရေပြား ဓာတ်မတည့်ခြင်း (Arthus-type hypersensitivity reaction) ဖြစ်ဖူးသောသူများတွင် နောက်ဆုံးကာကွယ်ဆေးထိုးပြီး အနည်းဆုံး (၁၀) နှစ်ကြာမှသာ ဆေးပြန်ထိုးသင့်သည်
- အဖျားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြင်းထန်သော ရောဂါလက္ခဏာများ ပေါ်နေပါက ကာကွယ်ဆေးထိုးခြင်းကို ရွှေ့ဆိုင်းရန် လိုအပ်သည်
သုံးစွဲပုံနည်းလမ်းများ
ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါ ကာကွယ်ဆေးများ အားလုံး (DTaP, Td, နှင့် Tdap) သည် (၀.၅) မီလီလီတာပါဝင်ပြီး ကြွက်သားအတွင်း ထိုးနှံရမည်။ ကလေးငယ်များကို ထိုးနှံရာတွင် ပေါင်ဘေးဘက် အရှေ့မျက်နှာပြင် ကြွက်သားနေရာတွင် ထိုးနှံရန် လိုအပ်သည်။ ကလေးကြီးများနှင့် လူကြီးများတွင်မူ လက်မောင်းပေါ်ပိုင်းရှိ ကြွက်သားနေရာတွင် ထိုးနှံရသည်။ အခြားကာကွယ်ဆေးများနှင့်လည်း အတူတကွ ထိုးနှံနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
DTaP၊ Tdap နှင့် Td ကာကွယ်ဆေးများကြောင့် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများသည် အနည်းငယ်မှ အသင့်အတင့်သာရှိပြီး၊ (၁) ရက်မှ (၃) ရက်အထိ ကြာမြင့်နိုင်ကာ အများအားဖြင့် သူ့အလိုလို ပျောက်ကွယ်သွားလေ့ရှိသည်။ သို့သော် တစ်ခါတစ်ရံ ရှားပါးသော်လည်း ပြင်းထန်သော နောက်ဆက်တွဲပြဿနာများလည်း ဖြစ်နိုင်ခြေရှိသည်။ သာမန်တွေ့ရလေ့ရှိသော နောက်ဆက်တွဲပြဿနာများမှာ_
- ဆေးထိုးသည့်နေရာ၌ နာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
- ကိုယ်အနည်းငယ်ပူခြင်း
- ကလေးဂျီကျခြင်း
- မောပန်းနွမ်းနယ်သကဲ့သို့ ခံစားရခြင်း
- အစားအသောက်ပျက်ခြင်း
- ခေါင်းကိုက်ခြင်း
- ပျို့အန်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း စသည့်လက္ခဏာများ တွေ့ရသည်။
ရှားပါးသော်လည်း ပြင်းထန်သော နောက်ဆက်တွဲပြဿနာများမှာ_
- (၇) ရက်အတွင်း ဦးနှောက်ထိခိုက်ခြင်း (Encephalopathy)
- (၃) ရက်အတွင်း တက်ခြင်း
- အချိန် (၃) နာရီနှင့်အထက် မရပ်မနား ငိုခြင်း
- ကိုယ်အပူချိန် အလွန်ကြီးခြင်း (၁၀၅°F သို့မဟုတ် ၄၀.၅°C ထက်ကျော်လွန်ခြင်း)
- (၄၈) နာရီအတွင်း သတိလစ်မေ့မြောခြင်း စသည်တို့ဖြစ်သည်။
အဆိုပါ ပြင်းထန်သော လက္ခဏာများမှာ ကြက်ညှာချောင်းဆိုး ပါဝင်သော အစိတ်အပိုင်းကြောင့်ဖြစ်သည်ဟု ယူဆသည်။ ကြက်ညှာချောင်းဆိုး ကာကွယ်ဆေးထိုးရန် မသင့်တော်ပါက ကြက်ညှာချောင်းဆိုး အစိတ်အပိုင်းမပါသော ပေါင်းစပ်ထားသည့် မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေး (Td) ကို ထိုးနှံနိုင်သည်။
References:
- KidsHealth. (n.d.). DtaP vaccine. Retrieved November 10, 2025, from https://kidshealth.org/en/parents/dtap-vaccine.html
- Immunize.org. (n.d.). DtaP vaccine Information Statement (VIS). Retrieved November 10, 2025, from https://www.immunize.org/wp-content/uploads/vis/dtap.pdf
- PediatricOnCall. (n.d.). DPT vaccine: Patient education. Retrieved November 10, 2025, from https://www.pediatriconcall.com/articles/vaccinology/dpt-vaccine/dpt-vaccine-patient-education
- Immunize.org. (n.d.). DPT vaccine patient information. Retrieved November 10, 2025, from https://www.immunize.org/wp-content/uploads/catg.d/p2055.pdf
- Merck Manual Professional Version. (n.d.). Diphtheria, tetanus, pertussis vaccine. Retrieved November 10, 2025, from https://www.msdmanuals.com/professional/infectious-diseases/immunization/diphtheria-tetanus-pertussis-vaccine
- Cleveland Clinic. (n.d.). Tdap vaccine. Retrieved November 10, 2025, from https://my.clevelandclinic.org/health/treatments/22654-tdap-vaccine
- Centers for Disease Control and Prevention. (n.d.). About vaccines for diphtheria, tetanus, and pertussis (DTaP, Tdap, Td). Retrieved November 10, 2025, from https://www.cdc.gov/vaccines/vpd/dtap-tdap-td/hcp/about-vaccine.html
- Centers for Disease Control and Prevention. (n.d.). Types of diphtheria vaccines. Retrieved November 10, 2025, from https://www.cdc.gov/diphtheria/vaccines/types.html
- Centers for Disease Control and Prevention. (n.d.). Vaccine recommendations for diphtheria. Retrieved November 10, 2025, from https://www.cdc.gov/diphtheria/hcp/vaccine-recommendations/index.html
- Centers for Disease Control and Prevention. (n.d.). DTaP and Tdap vaccine safety. Retrieved November 10, 2025, from https://www.cdc.gov/vaccine-safety/vaccines/dtap-tdap.html
- Centers for Disease Control and Prevention. (n.d.). Tdap: Current Vaccine Information Statement (VIS). Retrieved November 10, 2025, from https://www.cdc.gov/vaccines/hcp/current-vis/tdap.html
- Centers for Disease Control and Prevention. (1992). Prevention of tetanus, diphtheria, and pertussis among infants, children, and adolescents — recommendations of the Advisory Committee on Immunization Practices (ACIP). MMWR. Morbidity and Mortality Weekly Report, 41(RR-10), 1–25. https://www.cdc.gov/mmwr/preview/mmwrhtml/00048610.htm
- Centers for Disease Control and Prevention. (n.d.). Contraindications and precautions. Retrieved November 10, 2025, from https://www.cdc.gov/vaccines/hcp/imz-best-practices/contraindications-precaution
- Ogden, S. A., Ludlow, J. T., & Alsayouri, K. (2022). Diphtheria tetanus pertussis (DTaP) vaccine. In StatPearls. StatPearls Publishing. Retrieved November 10, 2025, from https://www.ncbi.nlm.nih.gov/books/NBK545173/
- Centers for Disease Control and Prevention. (n.d.). DTaP vaccine: Immunization schedule job aid. Retrieved November 10, 2025, from https://www.cdc.gov/vaccines/schedules/downloads/child/job-aids/dtap.pdf
- Centers for Disease Control and Prevention. (n.d.). Administering diphtheria, tetanus, and pertussis (DTaP/Tdap/Td) vaccines. Retrieved November 10, 2025, from https://www.cdc.gov/vaccines/vpd/dtap-tdap-td/hcp/administering-vaccine.html
Published: 3 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
