Vitamin B complex (ဗီတာမင် ဘီ အုပ်စု)

Vitamin B complex (ဗီတာမင် ဘီ အုပ်စု)

ဗီတာမင် ဘီ အုပ်စုသည် ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးသော လုပ်ငန်းများစွာကို လုပ်ဆောင်ပေးပြီး ကျန်းမာရေး ကောင်းမွန်စေရန် မရှိမဖြစ်လိုအပ်သော ဗီတာမင်ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ၏ လုပ်ငန်းတာဝန်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရန် ပြုလုပ်ပေးခြင်းဖြင့် သွေးဆဲလ်များ၊ ဦးနှောက်၊ နှလုံး၊ ခုခံအားစနစ်နှင့် ဇီဝကမ္မဖြစ်စဥ်များကို ထိန်းသိမ်းရာတွင်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ပေးသည်။

ဗီတာမင် ဘီ အုပ်စုတွင်

  • ဗီတာမင် B 1 (vitamin B1- Thiamine)
  • ဗီတာမင် B 2 (vitamin B2 – Riboflavin)
  • ဗီတာမင် B 3 (vitamin B3 – Niacin)
  • ဗီတာမင် B 5 (vitamin B5 – Pantothenic acid)
  • ဗီတာမင် B 6 (vitamin B6 – Pyridoxine)
  • ဗီတာမင် B 7 (vitamin B7 – Biotin)
  • ဗီတာမင် B 9 (vitamin B9 – folate)
  • ဗီတာမင် B 12 (vitamin B12 – Cobalamin) တို့ ပါဝင်သည်။

အဆိုပါ ဗီတာမင် ဘီများသည် အမျိုးမျိုးသော အစားအစာများတွင် ပါဝင်သောကြောင့် လူအများစုသည် နေ့စဥ်လိုအပ်သော ဗီတာမင် ဘီ ပမာဏကို အစားအသောက်များမှ ရရှိကြသည်။ ဗီတာမင် ဘီများသည် ရေတွင် ပျော်ဝင်နိုင်သော ဗီတာမင်အမျိုးအစား ဖြစ်သောကြောင့် ၄င်းတို့ကို ခန္ဓာကိုယ်ထဲတွင် သိုလှောင်သိမ်းဆည်းထားခြင်း မရှိပါ။ ထို့ကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သည့် ပမာဏများကို နေ့စဥ် စားသောက်သော အစားအသောက်များတွင် ပါဝင်အောင် ဖြည့်ဆည်းပေးရန် လိုအပ်သည်။

ဗီတာမင်ဘီ ဓာတ်ပါဝင်မှု မြင့်မားသော အစားအစာများမှာ_

  • နွားနို့
  • ချိစ်
  • ကြက်ဥ
  • ကလီစာများ (ဥပမာ _ အသည်းနှင့် ကျောက်ကပ်)
  • အနီရောင်ရှိသောအသားများ (ဥပမာ _ အမဲသား၊ ကြက်သား)
  • ငါး အမျိုးမျိုး (ဥပမာ _ တူနာငါး၊ မက်ကရယ်ငါး၊ ဆယ်လမွန်ငါး)
  • ခရုကောင်၊ ကမာကောင် ကဲ့သို့သော အခွံမာငါးများ
  • အစိမ်း‌ရောင်ရှိသော အရွက်များ
  • ဟင်းသီးဟင်းရွက်များ (ဥပမာ _ ထောပတ်သီး၊ အာလူး)
  • ပဲအမျိုးမျိုး
  • အစေ့အဆန်များ
  • သစ်သီးများ (ဥပမာ _ ငှက်ပျောသီး၊ ဖရဲသီး) တို့ဖြစ်ကြသည်။
ဗီတာမင် ဘီ လုပ်ငန်းတာဝန်များ

ဗီတာမင် ဘီ များသည် အစားအစာကို စွမ်းအင်အဖြစ် ပြောင်းလဲပေးကာ ဆဲလ်များကြီးထွားဖွံ့ဖြိုးပြီး လုပ်ငန်းဆောင်တာများကောင်းမွန်စွာ လုပ်‌ဆောင်နိုင်ရန် ကူညီပေးသည်။ ထို့အပြင် ဗီတာမင် ဘီ တစ်မျိုးချင်းစီတွင် အောက်ဖော်ပြပါအတိုင်း ကိုယ်ပိုင်လုပ်ငန်းတာဝန်များလည်း ရှိကြသည်။

  • ဗီတာမင် B1
    ဗီတာမင် B 1 သည် ဦးနှောက်အာရုံကြောစနစ် ကောင်းမွန်ကျန်းမာနေစေရန် ကူညီလုပ်ဆောင်ပေးသည်။ ဗီတာမင် B 1 အကြွယ်ဝဆုံးအစားအစာများမှာ ဝက်သား၊ နေကြာစေ့နှင့် ဂျုံတို့ဖြစ်ကြသည်။
  • ဗီတာမင် B2
    ဗီတာမင် B 2 သည် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တစ်မျိုးဖြစ်ပြီး ဖရီးရယ်ဒီကယ် (Free radicals) ဟုခေါ်သော မော်လီကျူးများကြောင့် ဆဲလ်များကို ပျက်စီး၍ ရောဂါဖြစ်စေခြင်းမှ ကာကွယ်ပေးသည်။ ဗီတာမင် B 2 အဓိက ပါဝင်သော အစားအစာများမှာ ကလီစာများ၊ အနီရောင်ရှိသော အသားများ၊ မှိုများဖြစ်သည်။
  • ဗီတာမင် B3
    ဗီတာမင် B 3 သည် အစာခြေစနစ်၊ အရေပြားနှင့် အာရုံကြောဆိုင်ရာ လုပ်ငန်းများ ကောင်းစွာ အလုပ်လုပ်နိုင်စေရန် ကူညီပေးသည်။ ဗီတာမင် B 3 ကြွယ်ဝသော အစားအစာများမှာ ကြက်သား၊ တူနာငါးနှင့် ပဲများ ဖြစ်ကြသည်။
  • ဗီတာမင် B5
    ဗီတာမင် B 5 သည် စားသုံးလိုက်သော အစားအစာများတွင် ပါဝင်သည့် အဆီများကို ခန္ဓာကိုယ်မှ ထုတ်လုပ်ခြင်းနှင့် ဖြိုခွဲခြင်းတို့အတွက် ကူညီပေးသည်။ ထို့အပြင် သွေးနီဥဆဲလ်များ ထုတ်လုပ်ရာတွင်လည်း ပါဝင်လုပ်ဆောင်ပေးသည့်အပြင် အက်ဒရီနယ်ဂလင်းမှ ထုတ်သော အမျိုးသား/အမျိုးသမီး ဟော်မုန်းများနှင့် စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းများကို ထိန်းညှိပေးသောကြောင့် စိတ်ဖိစီးမှု လျော့ကျစေသော ဗီတာမင် (Anti-stress vitamin) ဟုခေါ်သည်။ အသည်း၊ ငါး၊ ဒိန်ချဥ်၊ ထောပတ်တို့တွင် ဗီတာမင် B 5 ကြွယ်ဝစွာ ပါဝင်သည်။
  • ဗီတာမင် B6
    ဗီတာမင် B 6 သည် ဦးနှောက်၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် လုပ်ဆောင်ချက်တို့အတွက် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ဦးနှောက်သို့သတင်းပေးပို့သည့် ဆဲလ်များနှင့် ဟော်မုန်းများ (ဥပမာ – Serotonin၊ Norepinephrine) ထုတ်လုပ်ရာတွင် အထောက်အကူပြုသည်။ ထို့ပြင် ကျန်းမာသန်စွမ်းသော ကိုယ်ခံအားစနစ်အတွက် အရေးကြီးသော သွေးဖြူဥဆဲလ်များ ထုတ်လုပ်ရာတွင် ကူညီပေးသည်။ ဗီတာမင် B 6 ပါဝင်မှုများသော အစားအစာများမှာ ပဲလုံးစေ့၊ ဆယ်လမွန်၊ အာလူးတို့ ဖြစ်ကြသည်။
  • ဗီတာမင် B7
    ဗီတာမင် B 7 သည် ခန္ဓာကိုယ်အတွက် လောင်စာအဖြစ်ထုတ်လုပ်ပေးသော ဖက်တီးအက်ဆစ်နှင့် ဂလူးကို့စ်ဓာတ်တို့ ထုတ်လုပ်ရာတွင် ကူညီပေးသည်။ ဗီတာမင် B 7 ဓာတ်ကြွယ်ဝသော အစားအစာများမှာ တစေး၊ ဥ၊ ဆယ်လမွန်၊ ချိစ်နှင့် အသည်းတို့ဖြစ်ကြသည်။
  • ဗီတာမင် B9
    ဗီတာမင် B 9 သည် ဆဲလ်များကြီးထွားမှု၊ အမိုင်နိုအက်ဆစ် ဇီဝဖြစ်စဥ်နှင့် သွေးဖြူဥ၊သွေးနီဥ ထုတ်လုပ်ရာတွင် ပါဝင်ပြီး အစိမ်းရောင်ရှိသော အရွက်များ၊ အသည်းနှင့် ပဲများအစရှိသော အစားအစာများတွင် အဓိကတွေ့ရသည်။
  • ဗီတာမင် B12
    ဗီတာမင် ဘီ အုပ်စုတွင် လူသိအများဆုံး ဗီတာမင်ဖြစ်ပြီး အာရုံကြောဆိုင်ရာ လုပ်ငန်းများ၊ ဒီအင်န်အေ (DNA) ထုတ်လုပ်မှုနှင့် သွေးနီဥ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အလွန်အရေးကြီးသော ဗီတာမင်ဖြစ်သည်။ ဗီတာမင် B 12 ကို အသားများ၊ ဥ၊ ပင်လယ်စာနှင့် နို့ထွက်ပစ္စည်းများကဲ့သို့သော တိရစ္ဆာန်ထွက် အစားအစာအရင်းမြစ်များတွင် သဘာဝအတိုင်း တွေ့ရှိရသည်။
ဗီတာမင် ဘီ ချို့တဲ့ခြင်း၏ ရောဂါလက္ခဏာများ

ဗီတာမင် ဘီ အုပ်စု ချို့တဲ့ခြင်းကြောင့် အဖြစ်များသော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ပင်ပန်းနွမ်းနယ်ခြင်း
  • အရေပြား ပြဿနာများ (ဖြူဖျော့ခြင်း၊ အနီကွက်ထခြင်း၊ ရောင်ရမ်းခြင်း)
  • ပါးစပ်နှင့် လျှာ ပြဿနာများ (အနာဖြစ်ခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း)
  • အာရုံကြောဆိုင်ရာ ပြဿနာများ (ထုံကျဥ်ခြင်း၊ ခြေလက်ကိုက်ခဲခြင်း)
  • သွေးအားနည်းခြင်းကြောင့် အသက်ရှူမဝခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း
  • အစာစားချင်စိတ် လျော့နည်းခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာများ (စိတ်ဓာတ်ကျခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ မှတ်ဉာဏ်လျော့နည်းခြင်း)

ဗီတာမင် ဘီ တစ်မျိုးချင်းစီအလိုက် အတွေ့ရများသော လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဗီတာမင် B 1 ချို့တဲ့ခြင်း (Beri Beri)
    • ခြေထောက်တွင် ပူစပ်ပူလောင်ခံစားရခြင်း (အထူးသဖြင့် ညဘက်တွင်ခံစားရခြင်း)၊ ကြွက်တက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ အမြင်အာရုံပြောင်းခြင်း၊ မှတ်ဉာဏ်လျော့နည်းခြင်း
  • ဗီတာမင် B 2 ချို့တဲ့ခြင်း
    • နှုတ်ခမ်းနှင့် နှုတ်ခမ်းထောင့်များ ကွဲခြင်း၊ ပါးစပ်အတွင်းနှင့် လျှာပေါ်တွင် အနာများထွက်ခြင်း၊ လျှာအရောင်မှာ ပန်းခရမ်းရောင်ပြောင်းလာခြင်း (Magenta-colored tongue)၊ နှာခေါင်း၊ နှုတ်ခမ်း၊ နား၊ မျက်ခွံနှင့် လိင်အင်္ဂါတို့တွင် နီရဲစိုစွတ်နေသော အနာဖတ်များ ဖြစ်‌ပေါ်ခြင်း
  • ဗီတာမင် B 3 ချို့တဲ့ခြင်း (Pellagra)
    • နေနှင့်ထိတွေ့နေသော အရေပြားပေါ်တွင် နေလောင်သကဲ့သို့ အကွက်များထွက်ခြင်း၊ အရေပြားရောင်ရမ်းခြင်း (dermatitis)၊ ဝမ်းလျှောခြင်း (diarrhea)၊ အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်း (dementia)၊ အိပ်မပျော်ခြင်း ၊ ကယောင်ကတမ်းဖြစ်ခြင်း၊ လှုံ့ဆော်မှုမဲ့အာရုံမှားများ ခံစားရခြင်း
  • ဗီတာမင် B 5 ချို့တဲ့ခြင်း
    • ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း
  • ဗီတာမင် B 6 ချို့တဲ့ခြင်း
    • အရေပြားတွင် အနီကွက်များထွက်ခြင်း၊ ခြေလက်ထုံကျဥ်ခြင်း၊ လျှာနာကျင်နီရဲခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်း
  • ဗီတာမင် B 7 ချို့တဲ့ခြင်း
    • ဆံပင်ကျွတ်ခြင်း၊ အ‌ရေပြား ခြောက်ခြင်း၊ မျက်လုံးခြောက်ခြင်း၊ အစားအသောက်ပျက်ခြင်း
  • ဗီတာမင် B 9 ချို့တဲ့ခြင်း
    • သွေးအားနည်းခြင်း၊ အရသာခံစားမှု လျော့နည်းခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ ကြွက်သားအားနည်းခြင်း
    • ကိုယ်ဝန်ဆောင်မိခင်များတွင် ချို့တဲ့ပါက မွေးလာမည့်ကလေးတွင် မွေးရာပါ အာရုံကြောပြွန် ချို့ယွင်းချက် (Neural Tube defects) ဖြစ်နိုင်ခြေများခြင်း
  • ဗီတာမင် B 12 ချို့တဲ့ခြင်း
    • အာရုံကြောစနစ် ထိခိုက်ခြင်းကြောင့် ခြေဖဝါး၊ လက်ဖဝါးများတွင် ထုံကျဥ်ခြင်း၊ အပ်စူးသကဲ့သို့ ခံစားရခြင်း၊ လှုပ်ရှားမှုနှင့် ဟန်ချက်ထိန်းသိမ်းနိုင်မှု အားနည်းခြင်းကြောင့် ခန္ဓာကိုယ်ဟန်ချက်ညီအောင် မထိန်းသိမ်းနိုင်ခြင်း၊ လမ်းလျှောက်ရန် ခက်ခဲခြင်း၊ သွေးအားနည်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မှတ်ဉာဏ်လျော့နည်းလာခြင်း
သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

ဗီတာမင် ဘီ အုပ်စုသည် အစားအစာများစွာတွင် ပါဝင်သောကြောင့် သင့်တင့်မျှတပြည့်စုံသော အစားအသောက်များကို စားသုံးနေသမျှ ကာလပတ်လုံး ခန္ဓာကိုယ်တွင် ဗီတာမင် ဘီ ဓာတ်ချို့ယွင်းမှု ဖြစ်နိုင်ခြေအလွန်နည်းပါးသည်။ သို့ရာတွင် အောက်ဖော်ပြပါ အခြေအနေများတွင်မူ ခန္ဓာကိုယ်၏ ဗီတာမင် ဘီ လိုအပ်ချက်မြင့်တက်လာခြင်းကြောင့် ဗီတာမင်ဘီကို အားဖြည့်ဆေးဝါးများအနေဖြင့် သောက်သုံးရန် လိုအပ်သည်။

  • ကိုယ်ဝန်ဆောင်သူများ
  • မိခင်နို့တိုက်ကျွေးသူများ
  • သက်ကြီးရွယ်အိုများ
  • ရောဂါအခံများရှိသူများ
    • Gluten ပရိုတင်းနှင့် ဓာတ်မတည့်သော ရောဂါ
    • နာတာရှည် အူရောင်ရမ်းနာ ရောဂါ
    • သိုင်းရွိုက်ဟော်မုန်း ချို့တဲ့သော ရောဂါ
    • အိတ်ချ်အိုင်ဗွီရောဂါ
    • ကျောက်ကပ်ရောဂါများ
    • သွေးလေးဘက်နာရောဂါ
  • အစာအိမ်၊ အူလမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူထားသူများ
  • အရက်သောက်သူများ
  • သားသတ်လွတ်စားသူများ
  • အချို့သော ဆေးဝါးများကို ကာလကြာရှည်စွာ သောက်သုံးနေရသူများ [ဥပမာ – Metformin, Proton pump inhibitor (PPI), တီဘီဆေးများ (isoniazid)]

အထက်ဖော်ပြပါ ရောဂါအခြေအနေများအပြင် မိမိ နေ့စဥ် စားသုံးသော အစားအစာများမှ ဗီတာမင် ဘီ နေ့စဥ်လိုအပ်ချက် ပမာဏကို မရရှိနိုင်ပါက ဗီတာမင် ဘီ အုပ်စုမျိုးစုံ ပါဝင်သော အားဖြည့်ဆေးဝါးများ သောက်သုံးရန် လိုအပ်နိုင်သည်။

ဗီတာမင် ဘီ အားဖြည့်ဆေးဝါးများတွင် အဓိကအားဖြင့် ဗီတာမင် ဘီ (၈) မျိုးစလုံးကို ဆေးလုံးတစ်လုံးထဲတွင် ပါဝင်အောင် ပြုလုပ်ထားသော ဗီတာမင် ဘီ ကွန်ပေါင်းစု (Vitamin B complex) ရှိသကဲ့သို့ ဗီတာမင် ဘီ တစ်မျိုးချင်းစီကို သီးသန့်ထုတ်လုပ်ထားခြင်း မျိုးလည်း ရှိသည်။ ထိုဗီတာမင် ဘီ အားဖြည့်ဆေးဝါးများကို သောက်ဆေး (သို့မဟုတ်) ထိုးဆေးများအနေဖြင့် အသုံးပြုနိုင်သည်။ သောက်ဆေးအနေဖြင့် အသုံးပြုပါက အစာနှင့်တွဲဖက်၍သော်လည်းကောင်း၊ အစာမပါဘဲသော်လည်းကောင်း သောက်သုံးနိုင်သည်။ ဆေးသောက်သုံးပြီး ဗိုက်‌အောင့်ဗိုက်နာဖြစ်ပါက အစာနှင့်အတူ ဆေးကို သောက်သုံးသင့်သည်။ ဆေးသောက်သုံးရန် သတိမေ့သွားပါက သတိရသည့်အချိန်တွင် ချက်ချင်းသောက်သုံးနိုင်သည်။ သို့သော် နောက်‌တစ်ကြိမ် ဆေးသောက်ရမည့်အချိန်နှင့် နီးကပ်သွားပါက နောက်တစ်ကြိမ်အတွက် သတ်မှတ်ထားသော ဆေးပမာဏကို တစ်ကြိမ်တည်းသာ သောက်ပါ။ ‌ဆေးပမာဏကို နှစ်ဆတိုး၍ မသောက်ရပါ။

ဗီတာမင်ဘီ နေ့စဥ် လိုအပ်သည့် သတ်မှတ်ပမာဏ (Recommended dosage)

ဗီတာမင် ဘီ တစ်မျိုးစီတွင် နေ့စဥ်လိုအပ်သော သတ်မှတ်ပမာဏများ ရှိပြီး ၄င်းတို့သည် အသက်အရွယ်၊ ကျား၊ မ နှင့် ကိုယ်ဝန်ဆောင်ခြင်း အစရှိသည့် အခြေအနေများပေါ်မူတည်၍ ကွဲပြားနိုင်သည်။ ဥပမာအားဖြင့် ဆယ်ကျော်သက်တစ်ဦး၊ သက်ကြီးရွယ်အိုတစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတို့ အတွက် လိုအပ်သော ဗီတာမင် ဘီ ပမာဏသည် တစ်ဦးနှင့် တစ်ဦး တူညီမည်မဟုတ်ပါ။

ဗီတာမင် ဘီအမျိုးသားများအမျိုးသမီးများကိုယ်ဝန်ဆောင်စဥ်နို့တိုက်ကျွေးစဥ်
ဗီတာမင် B 1၁.၂ မီလီဂရမ် (mg)၁.၁ မီလီဂရမ် (mg)၁.၄ မီလီဂရမ် (mg)၁.၄ မီလီဂရမ် (mg)
ဗီတာမင် B 2၁.၃ မီလီဂရမ် (mg)၁.၁ မီလီဂရမ် (mg)၁.၄ မီလီဂရမ် (mg)၁.၆ မီလီဂရမ် (mg)
ဗီတာမင် B 3၁၆ မီလီဂရမ် (mg)၁၄ မီလီဂရမ် (mg)၁၈ မီလီဂရမ် (mg)၁၇ မီလီဂရမ် (mg)
ဗီတာမင် B 5၅ မီလီဂရမ် (mg)၅ မီလီဂရမ် (mg)၆ မီလီဂရမ် (mg)၇ မီလီဂရမ် (mg)
ဗီတာမင် B 6၁.၃ မီလီဂရမ် (mg)၁.၃ မီလီဂရမ် (mg)၁.၉ မီလီဂရမ် (mg)၂.၀ မီလီဂရမ် (mg)
ဗီတာမင် B 7၃၀ မိုက်ခရိုဂရမ် (mcg)၃၀ မိုက်ခရိုဂရမ် (mcg)၃၀ မိုက်ခရိုဂရမ် (mcg)၃၅ မိုက်ခရိုဂရမ် (mcg)
ဗီတာမင် B 9၄၀၀ မိုက်ခရိုဂရမ် (mcg)၄၀၀ မိုက်ခရိုဂရမ် (mcg)၆၀၀ မိုက်ခရိုဂရမ် (mcg)၅၀၀ မိုက်ခရိုဂရမ် (mcg)
ဗီတာမင် B 12၂.၄ မိုက်ခရိုဂရမ် (mcg)၂.၄ မိုက်ခရိုဂရမ် (mcg)၂.၆ မိုက်ခရိုဂရမ် (mcg)၂.၈ မိုက်ခရိုဂရမ် (mcg)

အကယ်၍ ဗီတာမင် ဘီ ချို့တဲ့မှု ရှိနေပါက၊ ထိုချို့တဲ့မှုကို ထိရောက်စွာ ကုသနိုင်ရန်အတွက် ပုံမှန်ထက် မြင့်မားသော ဆေးပမာဏကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း ဖြည့်စွက်သောက်သုံးရန် လိုအပ်သည်။ ဗီတာမင် ဘီ ဖြည့်စွက်‌ဆေးဝါးများကို ရွေးချယ်ရာတွင် လူတစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိရန် အလွန်အရေးကြီးသည်။ ဆိုလိုသည်မှာ လူတစ်ဦးချင်းစီ၏ ကျန်းမာရေး အခြေအနေ၊ အသက်အရွယ်နှင့် ဗီတာမင် ဘီ တစ်မျိုးချင်းစီအတွက် တိကျသော လိုအပ်ချက်ပေါ် မူတည်၍ ဆရာဝန်မှ သင့်တော်သော ဗီတာမင်အမျိုးအစားနှင့် ပမာဏကို ညွှန်ကြားပေးမည် ဖြစ်သဖြင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးရန် လိုအပ်သည်။

သောက်သုံးရခြင်း၏ အကျိုးကျေးဇူးများ

ဗီတာမင် ဘီ သည် ကျန်းမာပြည့်စုံသော ခန္ဓာကိုယ်အတွက် အခြေခံအကျဆုံးအရာ ဖြစ်သောကြောင့် ဦးနှောက်လုပ်ငန်းများ၊ စွမ်းအင် နှင့် ဆဲလ်များ၏ ဇီဝကမ္မဖြစ်စဥ်များအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိသည်။ ဗီတာမင် ဘီ ကွန်ပေါင်းစုသည် ရောဂါပိုးမွှားများ ဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ပြီး အောက်ပါတို့ကို ပံ့ပိုးကူညီပေးနိုင်သည်။

  • ဦးနှောက်နှင့် အာရုံကြောလုပ်ငန်းများ လုပ်ဆောင်မှုကို မြှင့်တင်ပေးနိုင်ခြင်း
  • စိတ်အခြေအနေကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်ခြင်း
  • ဆဲလ်များ၏ ဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးကို ထောက်ပံ့ပေးခြင်း
  • ကိုယ်အလေးချိန် ထိန်းသိမ်းပေးခြင်း
  • နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
  • ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးခြင်း
  • ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း
  • အူလမ်းကြောင်း ကျန်းမာရေးကို ကာကွယ်ပေးနိုင်ခြင်း
  • ကိုယ်ဝန်ဆောင် မိခင်ကျန်းမာရေး ကောင်းမွန်စေရုံသာမက ကလေးကြီးထွားဖွံ့ဖြိုးမှုကိုလည်း အားပေးခြင်း၊ မွေးရာပါ ချို့ယွင်းချက်များကို ကာကွယ်ပေးနိုင်ခြင်းတို့ ဖြစ်ကြသည်။
ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများ

ဗီတာမင် ဘီ သည် ရေတွင် ပျော်ဝင်နိုင်သော ဗီတာမင်များ ဖြစ်သောကြောင့် ဗီတာမင် ဘီ ပါဝင်သော အစားအသောက်များ အလွန်အကျွံ စားသုံးမိခြင်း သို့မဟုတ် ဗီတာမင် ဘီ အားဖြည့်ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးခြင်းဖြင့် ဗီတာမင် ဘီ ဓာတ် အလွန်အမင်း များပြားသွားနိုင်ခြေ နည်းပါးသည်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်သည် လိုအပ်သည်ထက် ပိုလျှံသွားသော ဗီတာမင် ဘီ များကို ဆီးအဖြစ် ပုံမှန်စွန့်ထုတ်လိုက်သောကြောင့် ဆီးအရောင်မှာ အဝါရောင်ရင့်ရင့် ဖြစ်နေနိုင်သည်။ သို့သော် ဗီတာမင် ဘီ ပမာဏကို အလွန်အကျွံ မလိုအပ်ဘဲ သောက်သုံးမိပါက အောက်ဖော်ပြပါ ပြင်းထန်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။

  • ဗီတာမင် B 3 ကို အလွန်အကျွံသောက်သုံးမိပါက အရေပြားတွင် အနီကွက်များ ဖြစ်ပေါ်လာနိုင်ပြီး အချိန်ကာလကြာရှည်စွာ အလွန်အကျွံသောက်သုံးပါက အသည်းထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ် နိုင်သည်။ တစ်နေ့လျှင် ၁၅၀၀ မီလီဂရမ် (mg) သို့မဟုတ် ထို့ထက်ပို၍ သောက်သုံးခြင်းသည် သွေးတွင်းသကြားဓာတ် (blood sugar levels) ကို မြင့်တက်စေနိုင်ပြီး ဆီးချိုဆေးများ၏ အာနိသင်ကို အနှောင့်အယှက်ပေးနိုင်သည်။ တစ်နေ့လျှင် ၃၀၀၀ မီလီဂရမ် (mg) ထက်ပို၍ သောက်သုံးပါက အသည်းပျက်စီးခြင်းနှင့် အော့အန်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
  • ဗီတာမင် B 6 ကို တစ်ရက်လျှင် ၂၀၀ မီလီဂရမ်နှင့် အထက် သောက်သုံးပါက ခြေလက်များ ထုံကျဥ်ခြင်း (peripheral neuropathy) ဖြစ်ပေါ်နိုင်သည်။ ဆေးရပ်လိုက်ပါက ပြန်လည်ကောင်းမွန်နိုင် သော်လည်း ထိုပမာဏကို လအနည်းငယ်အကြာ သောက်သုံးမိပါက ခံစားရသော လက္ခဏာများ ပြန်လည်ပေါ်ပေါက်လာနိုင်သည်။
  • ဗီတာမင် B 9 (ဖောလိတ်) ကို တစ်ရက်လျှင် ၁၀၀၀ မိုက်ခရိုဂရမ် (၁ မီလီဂရမ်) ထက်ပိုမိုသောက်သုံးပါက ဗီတာမင် B 12 ဓာတ် ချို့ယွင်းသည့် လက္ခဏာများကို ဖုံးကွယ်လိုက်သဖြင့် ဗီတာမင် B 12 ချို့တဲ့မှုကို စောစီးစွာ သတိမပြုမိဘဲ ဗီတာမင် B 12 ဓာတ် နှစ်ရှည်လများ ချို့တဲ့နေကာ အာရုံကြောထိခိုက်ပျက်စီးမှုများ ဖြစ်‌ပေါ်လာနိုင်သည်။

ကျန်ရှိနေသော ဗီတာမင် ဘီ အမျိုးအစားများတွင်မူ အလွန်အကျွံသောက်သုံးမိခြင်းနှင့် ဆက်စပ်သော ဘေးထွက်ဆိုးကျိုးများ မရှိသလောက်ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် ဗီတာမင် ဘီ အုပ်စုသည် ခန္ဓာကိုယ် ကျန်းမာ‌ရေးနှင့် ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်များဖြစ်သည်။ သင့်တင့်မျှတသော အစာအာဟာရများကို နေ့စဥ်ပုံမှန်စားသုံးခြင်းဖြင့် ဗီတာမင် ဘီ ဓာတ် လုံလောက်အောင် ရရှိနိုင်သော်လည်း ခန္ဓာကိုယ်မှ ပိုမိုလိုအပ်နိုင်သည့် အခြေအနေများတွင် အားဖြည့်ဆေးဝါးများဖြင့် ဖြည့်ဆည်းပေးရန် လိုအပ်သည်။ ဗီတာမင် ဘီ ဓာတ်ချို့ယွင်းသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်များနှင့် တိုင်ပင်၍ လိုအပ်သည့် စမ်းသပ်စစ်‌‌ဆေးမှုများ ပြုလုပ်ကာ စောစီးစွာ ကုသမှုခံယူရန် လိုအပ်သည်။

References:

  1. Healthline. (n.d.). Vitamin B complex: Benefits and uses. Retrieved September 27, 2025, from https://www.healthline.com/health/food-nutrition/vitamin-b-complex#benefits
  2. Cleveland Clinic. (n.d.). Vitamin B complex tablets or capsules. Retrieved September 27, 2025, from https://my.clevelandclinic.org/health/drugs/23803-vitamin-b-complex-tablets-or-capsules
  3. WebMD. (n.d.). Health benefits of B-complex vitamins. Retrieved September 27, 2025, from https://www.webmd.com/diet/health-benefits-b-complex
  4. Healthline. (n.d.). Vitamin B complex: What you need to know. Retrieved September 27, 2025, from https://www.healthline.com/nutrition/vitamin-b-complex
  5. NHS. (n.d.). Vitamins and minerals: Vitamin B. Retrieved September 27, 2025, from https://www.nhs.uk/conditions/vitamins-and-minerals/vitamin-b/
  6. Medical News Today. (n.d.). What is vitamin B complex?. Retrieved September 27, 2025, from https://www.medicalnewstoday.com/articles/324856

Published: 27 November 2025

Share

27 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Oxytocin (အောက်စီတိုစင်)
Oct 10, 2025
Drugs and Supplements

Oxytocin (အောက်စီတိုစင်)

အောက်စီတိုစင် (Oxytocin) သည် ကိုယ်ခန္ဓာ၏ ဇီဝကမ္မဖြစ်စဉ်များအပြင်...

Hepatitis A Vaccine (အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး)
Sep 23, 2025
Drugs and Supplements

Hepatitis A Vaccine (အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး)

အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်ရန် အန္တရာယ်ကင်းစေသော စားသောက်ခြင်း...

HIV Treatment (ART) [အိတ်ချ်အိုင်ဗွီရောဂါပိုးထိန်းဆေးဖြင့် ကုသခြင်း (အေအာတီ)]
Sep 12, 2025
Drugs and Supplements

HIV Treatment (ART) [အိတ်ချ်အိုင်ဗွီရောဂါပိုးထိန်းဆေးဖြင့် ကုသခြင်း (အေအာတီ)]

အိတ်ချ်အိုင်ဗွီရောဂါ ကုသရာတွင် ထိရောက်သည့်ကုထုံးဖြစ်ပြီး မှန်ကန်စွာ...