Hepatitis A Vaccine (အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး)

Hepatitis A Vaccine (အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး)

အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးသည် HAV ဗိုင်းရပ်ပိုး (Hepatitis A virus) ကြောင့်ဖြစ်ပွါးသော အသည်းရောင်အသားဝါ အေ ရောဂါအတွက် ထိရောက်သော ကာကွယ်ဆေးဖြစ်သည်။

အသည်းရောင်အသားဝါ အေ ရောဂါသည် အသည်းရောင်ခြင်းနှင့် အသည်းထိခိုက်ပျက်စီးစေခြင်းတို့ကို ဖြစ်စေနိုင်သော ရောဂါဖြစ်သည်။ HAV ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသူ၏ အညစ်အကြေးများနှင့် ထိတွေ့ထားသော မသန့်ရှင်းသည့် သောက်သုံးရေနှင့် အစားအသောက်များ စားသုံးမိခြင်း သို့မဟုတ် ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့မှုရှိခြင်းတို့ကြောင့် ကူးစက်နိုင်သည်။ HAV ဗိုင်းရပ်စ်ပိုး ဝင်ရောက်ပြီးနောက် (၁၄) ရက် မှ (၂၈) ရက်အတွင်း လက္ခဏာပြလေ့ရှိသည်။ အတွေ့ရများသော ရောဂါလက္ခဏာများမှာ_

  • အလွန်ပင်ပန်းနွမ်းနယ်ခြင်း
  • ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • ဗိုက်နာခြင်း
  • အစားအသောက်အလွန်ပျက်ခြင်း
  • ဆီးအရောင်ရင့်ရင့်သွားခြင်း
  • ကိုယ်လက်အဆစ်အမြစ်များနာကျင်ခြင်းနှင့်
  • အရေပြားဝါခြင်း၊ မျက်လုံးဝါခြင်းတို့ ဖြစ်ကြသည်။

အချို့တွင် လက္ခဏာများပြင်းထန်နိုင်ပြီး ကလေးငယ်များတွင် လက္ခဏာများမသိသာဘဲ ဖြစ်တတ်သည်။

အသည်းရောင်အသားဝါ အေ ရောဂါခံစားရသူများမှ အများစု (၉၉ %) သည် အလိုအလျောက် ပြန်လည်သက်သာ ကောင်းမွန်လာနိုင်သည်။ သို့သော်လည်း လူနည်းစု (အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားနည်းသူများနှင့် နာတာရှည်အသည်း‌ရောဂါရှိသူများ) တွင် ပြင်းထန်သော အသည်းရောင်ခြင်းမှတစ်ဆင့် လတ်တလော အသည်းလုပ်ငန်းပျက်စီးခြင်း (Acute liver failure) ရှားရှားပါးပါး ဖြစ်ပေါ်တတ်ပြီး အသက်သေဆုံးနိုင်သည်။ အသည်းရောင်အသားဝါ အေ ရောဂါကို တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအသောက်နှင့်ရေ သန့်ရှင်းမှုရှိအောင် နေထိုင်စားသောက်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး စတင်တီထွင်မှု

အသည်းရောင်အသားဝါ အေ ရောဂါကို ရှေးခေတ် ရောမ၊ ဂရိနှင့် အီဂျစ်နိုင်ငံများတွင် လူအများအပြားထံ ကပ်ရောဂါသဖွယ် ကူးစက်ပျံ့နှံ့စေသော အသားဝါရောဂါ (Epidemic jaundice) အဖြစ် သိရှိခဲ့ကြသော်လည်း ဖြစ်စေသောရောဂါပိုးကို အတိအကျ မဖော်ထုတ်နိုင်ခဲ့ကြပေ။ ထို့နောက် (၁၉၇၀) ခုနှစ်ဝန်းကျင်၌ အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ပိုးကို စတင်ရှာဖွေသိရှိခဲ့သည်။ ထိုနောက်ပိုင်းတွင် အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ပိုးအတွက် ကာကွယ်ဆေးကို ထုတ်လုပ်ရန် ကြိုးပမ်းခဲ့ပြီး (၁၉၉၅ – ၁၉၉၆) ခုနှစ်မှစ၍ ကာကွယ်ဆေးများ ပထမဆုံး စတင်ထိုးနှံနိုင်ခဲ့သည်။ (၂၀၀၆) ခုနှစ်မှစ၍ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကလေးများ၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဥ်၌ အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးများ (Havrix, Vaqta) ကို ထည့်သွင်းထိုးနှံခဲ့သည်။ (၁၉၉၇) ခုနှစ်တွင် အသည်းရောင်အသားဝါ အေ နှင့် ဘီကို ပေါင်းစပ်ထုတ်လုပ်ထားသော ကာကွယ်ဆေး (Twinrix) လည်း ပေါ်ပေါက်လာပြီး စတင်အသုံးပြုခဲ့သည်။

အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးအမျိုးအစားများ

အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ဆဲလ်အသေ၏ အစိတ်အပိုင်းများကို အသုံးပြု၍ ဓာတ်ခွဲခန်းတွင် တီထွင်ထုတ်လုပ်ထားသော ကာကွယ်ဆေး (Inactivated vaccines) အမျိုးအစားဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ တရားဝင်အသိအမှတ်ပြုထားသော အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးများမှာ _

  • အသည်းရောင် အသားဝါ အေ တစ်မျိုးတည်းပါဝင်သော Single-antigen ကာကွယ်ဆေး (HAVRIX, VAQTA)
  • အသည်းရောင်အသားဝါ အေ နှင့် ဘီကို ပေါင်းစပ်ထုတ်လုပ်ထားသော ကာကွယ်ဆေး (TWINRIX) တို့ဖြစ်ကြသည်။
ကာကွယ်ဆေးသယ်ဆောင်သိမ်းဆည်းပုံ

ကာကွယ်ဆေးများအား သေချာစွာ ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းသည် ကာကွယ်ဆေးများ၏ အာနိသင်အပြည့်အဝ ရရှိရေးအတွက် အလွန်အရေးကြီးသည်။ ယေဘုယျအားဖြင့်_

  • ကာကွယ်ဆေးများကို ဆေးဘူးပေါ်ရှိ သက်တမ်းကုန်ဆုံးရက်မတိုင်မီ အသုံးပြုရမည်
  • ကာကွယ်ဆေးကို ရေခဲသေတ္တာ အပူချိန် (၂ – ၈) ဒီဂရီစင်တီဂရိတ်အတွင်း၌ သိမ်းဆည်းထားရမည်၊ အေးခဲထားခြင်း မပြုလုပ်ရပါ
  • ကာကွယ်ဆေးအား မူလထုပ်ပိုးမှုအတိုင်း သိမ်းဆည်းရမည်
  • အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် မထားရပါ
  • ကာကွယ်ဆေးများကို ဖျော်စပ်ရာတွင် မူလထုပ်ပိုးမှုတွင်ပါရှိသည့် ဆေးရည်ဖြင့်သာ ဖျော်ရမည်၊ အသုံးပြုရန် ညွှန်ကြားထားသော ပမာဏအတိုင်း ဖျော်စပ်ရမည်ကာကွယ်ဆေးများကို ဖောက်ပြီး၊ ဖျော်စပ်ပြီးလျှင် ချက်ချင်း (သို့မဟုတ်) သတ်မှတ်အချိန်အတွင်း (အထူးသဖြင့် အကြိမ်များစွာ ထိုးနှံနိုင်သော Multidose အမျိုးအစားများအတွက်) အသုံးပြုရမည်၊ အသုံးပြုရာတွင် သတ်မှတ်ထားသော အပူချိန်အတွင်း ထားရှိအသုံးပြုရမည်
  • သက်တမ်းလွန်နေသော၊ သတ်မှတ်ချိန်ထက် ကျော်လွန်သွားသော၊ အေးခဲသွားသော၊ အနည်ကျနေသော၊ အရောင်ပြောင်းသွားသော ကာကွယ်ဆေးများကို လုံးဝအသုံးမပြုဘဲ စွန့်ပစ်ရမည်။

ကာကွယ်ဆေးများကို ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် အထိရောက်ဆုံး ကာကွယ်မှု ရရှိစေရန် သက်ဆိုင်ရာ ကာကွယ်ဆေးအလိုက် ထုတ်လုပ်သူများ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာရမည်။

ဆေးထိုးရန်လိုအပ်သည့် အခြေအနေများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် အသက် (၁၂) လနှင့်အထက် ကလေးများအတွက် အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးကို နိုင်ငံများ၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဥ်များတွင် ထည့်သွင်းရန် အကြံပြုထားသည်။ အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဌာနမှလည်း အောက်ပါအခြေအနေများတွင် ကာကွယ်ဆေးထိုးသင့်ကြောင်း လမ်းညွှန်ထားသည်။

  1. ကလေးများနှင့် ဆယ်ကျော်သက်များ
    • ပုံမှန် ကလေးကာကွယ်ဆေးထိုးအစီအစဉ်အနေဖြင့် အသက် (၁၂ – ၂၃) လအရွယ် ကလေးများအားလုံး
    • အသက် (၂ – ၁၈) နှစ်ကြားအရွယ်ဖြစ်ပြီး အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးကို ယခင်က မထိုးနှံဖူးသော ကလေးများနှင့် ဆယ်ကျော်သက်များအားလုံး ကာကွယ်ဆေးထိုးသင့်သည်
  2. အသည်းရောင်အသားဝါ အေ ရောဂါဖြစ်နိုင်ခြေများသူများ
    အသည်းရောင်အသားဝါ အေ ရောဂါဖြစ်နိုင်ခြေပိုများသော အောက်ပါအခြေအနေများတွင် ကာကွယ်ဆေးကို ပို၍ ဦးစားပေးထိုးနှံသင့်သည်။ ၎င်းတို့မှာ_
    • နိုင်ငံတကာအနှံ့ ခရီးသွားလာနေကြသူများ
    • အသည်းရောင်အသားဝါ အေ ရောဂါဖြစ်နှုန်း မြင့်မားသည့် ဒေသများတွင် နေထိုင်သူများ သို့မဟုတ် ခရီးသွားလာသူများ
    • အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ပိုးကို ကိုင်တွယ်စမ်းသပ်နေသော ဓာတ်ခွဲခန်းဝန်ထမ်းများ၊ ပညာရှင်များ
    • လူဝံ၊ မျောက်ဝံစသည့် မျောက်မျိုးနွယ်တိရစ္ဆာန်များကို ကိုင်တွယ်စမ်းသပ်နေသူများ
    • နေ့ကလေးထိန်းဌာန၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး‌‌ဂေဟာများတွင် နေထိုင်သူများနှင့် အလုပ်လုပ်ကိုင်သူများ
    • အိမ်ခြေရာမဲ့များ
    • အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ
    • အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူများ
    • သွေးကြောအတွင်း မူးယစ်ဆေးဝါး ထိုးသွင်းသူများ
  3. အသည်းရောင်အသားဝါ အေ ကူးစက်ခံရပါက ပိုမိုပြင်းထန်နိုင်ခြေရှိသူများ
    အချို့လူများတွင် အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက ပြင်းထန်ဖြစ်နိုင်ခြေရှိသောကြောင့် ကာကွယ်ဆေးထိုးရန် ထည့်သွင်းစဉ်းစားသင့်သည်။ ၎င်းတို့မှာ_
    • နာတာရှည်အသည်းရောဂါရှိသူများ (အသည်းရောင်အသားဝါ ဘီ နှင့် စီ အပါအဝင်)
    • အိတ်ချ်အိုင်ဗီ (HIV) ပိုးရှိသူများ
    • ကိုယ်ဝန်ဆောင်အမျိုးသမီးများ
ဆေးထိုးရန်မသင့်သော အခြေအနေများ

ယခင်က အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးထိုးဖူးပြီး ဓာတ်မတည့်ခြင်း ဖြစ်ခဲ့ဖူးပါက သို့မဟုတ် ကာကွယ်ဆေး၏ပါဝင်ပစ္စည်းများအနက် တစ်ခုခုနှင့် ဓာတ်မတည့်ပါက ကာကွယ်ဆေးထိုးရန် မသင့်တော်ပါ။

ကာကွယ်ဆေးမထိုးမီ၊ မသောက်သုံးမီ ပုံမှန်စွဲသောက်နေသော ဆေးဝါးများရှိပါက မိသားစုဆရာဝန်အား ဦးစွာပြောပြသင့်သည်။ အအေးမိခြင်းကဲ့သို့ သာမန်ဖျားနာသူများသည် ကာကွယ်ဆေးထိုးနိုင်သော်လည်း အပြင်းအထန် ဖျားနာသူများအနေဖြင့် အများအားဖြင့် သက်သာသည်အထိ စောင့်ဆိုင်းပြီးမှ ကာကွယ်ဆေးထိုးသင့်သည်။

ဆေးထိုးရမည့်အချိန်နှင့် အသက်အရွယ်

အသည်းရောင် အသားဝါ အေ တစ်မျိုးတည်းပါဝင်သော Single-antigen ကာကွယ်ဆေးသည် အသည်းရောင်အသားဝါ အေ ကိုသာ ကာကွယ်ပေးပြီး ပေါင်းစပ်ကာကွယ်ဆေးသည် အသည်းရောင်အသားဝါ အေ နှင့် ဘီ နှစ်မျိုးလုံးကို ကာကွယ်ပေးသည်။ အသက် ၁၈ နှစ်နှင့်အထက်မှသာ ပေါင်းစပ်ကာကွယ်ဆေးကို ထိုးနှံနိုင်သည်။

ကာကွယ်ဆေးအမျိုးအစားဆေးထိုးရမည့် အကြိမ်အရေအတွက်ဆေးထိုးရမည့် အကြိမ်အရေအတွက်
အသည်းရောင် အသားဝါ အေ တစ်မျိုးတည်းပါဝင်သော Single-antigen ကာကွယ်ဆေး (ကလေးအသက်တစ်နှစ်မှစ၍)၂ ကြိမ်တစ်ကြိမ်နှင့်တစ်ကြိမ် အနည်းဆုံး (၆) လခြား၍ ထိုးရန်လိုသည်။
အသည်းရောင်အသားဝါ အေ နှင့် ဘီကို ပေါင်းစပ်ထုတ်လုပ်ထားသော ကာကွယ်ဆေး (အသက် ၁၈ နှစ်နှင့် အထက် ဆယ်ကျော်သက်များနှင့် လူကြီးများအတွက်)၃ ကြိမ်(၀ – ၁ – ၆) အချိန်ဇယားအတိုင်း ပထမအကြိမ်မှ တစ်လခြား၍ ဒုတိယအကြိမ်၊ ခြောက်လခြား၍ တတိယအကြိမ် ထိုးရန်လိုသည်။

သတ်မှတ်ထားသည့်အချိန်ဇယားအတိုင်း ထိုးရန်အရေးကြီးသော်လည်း အကယ်၍ ပထမဆုံးအကြိမ် ဆေးထိုးသည့်ရက်မှ (၆) လကျော်သွားပါကလည်း ဒုတိယအကြိမ်ကို ဆက်လက်ထိုးနှံနိုင်သည်။ ပထမအကြိမ်မှ ပြန်စ၍ ထိုးရန်မလိုပါ။

ဆေး၏အကျိုးအာနိသင်

အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးသည် အများအားဖြင့် ထိရောက်သော ကာကွယ်မှုကိုပေးနိုင်ပြီး ကိုယ်ခံအားကျဆင်းနေသူများအတွက်ပါ အသုံးပြုနိုင်သောဆေးဖြစ်သည်။ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားအပြည့်ထိုးထားပါက အသည်းရောင်အသားဝါ အေ ရောဂါကို (၉၄) ရာခိုင်နှုန်းထိ ကာကွယ်နိုင်သည့်အပြင် ကာကွယ်ဆေးထိုးခြင်းကြောင့် ရရှိသော ပဋိပစ္စည်း (anti-HAV antibody) သည် ခန္ဓာကိုယ်အတွင်း နှစ်ပေါင်းများစွာ ကျန်ရှိနေနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။

သုံးစွဲပုံနည်းလမ်းများ
အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးကို ကလေး၏အသက်အရွယ်အပေါ်တွင် မူတည်၍ လက်မောင်း (သို့မဟုတ်) ပေါင်ရှိ ကြွက်သားနေရာများတွင် ၀.၅ စီစီ (0.5 ml) နှစ်ကြိမ် ထိုးနှံနိုင်သည်။ အသက် (၁၈) နှစ်အထက် လူငယ်များနှင့် လူကြီးများတွင်မူ ၁ စီစီ (1 ml) ကို လက်မောင်းကြွက်သားနေရာတွင် နှစ်ကြိမ် ထိုးနှံရမည်ဖြစ်သည်။ အသည်းရောင်အသားဝါ အေ နှင့် ဘီကို ပေါင်းစပ်ထုတ်လုပ်ထားသော ကာကွယ်ဆေးကိုလည်း ထိုနည်းတူ ၁ စီစီ (1 ml) သုံးကြိမ် ထိုးနှံရမည်ဖြစ်သည်။

ဘေးထွက်ဆိုးကျိုးများ

အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးကြောင့် ယေဘုယျအားဖြင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမရှိဘဲ ကာကွယ်ဆေးများ၏ သာမန်ဘေးထွက်ဆိုးကျိုးများသာ ဖြစ်ပေါ်နိုင်ပြီး အများအားဖြင့် (၂) ရက်အတွင်း သက်သာသွားနိုင်သည်။ ဖြစ်ပေါ်နိုင်သောဘေးထွက်ဆိုးကျိုးများမှာ_

  • ဆေးထိုးသည့်နေရာတစ်ဝိုက်တွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း
  • အဖျားငွေ့ငွေ့ဖျားခြင်း
  • မအီမသာဖြစ်ခြင်း
  • ပျို့ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ခေါင်းကိုက်ခြင်း စသည်တို့ဖြစ်သည်။

ကာကွယ်ဆေးထိုးပြီးနောက် ဓာတ်မတည့်ခြင်းလက္ခဏာများ ပေါ်လာပါက အရေးပေါ်ကုသမှုများ အမြန်ဆုံးပေး၍ အနီးဆုံးဆေးရုံသို့ ပို့ဆောင်ရမည်။ ကာကွယ်ဆေးထိုးထားသည့်နေရာတွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းများရှိပါက အေး၍စိုစွတ်သောအဝတ်ဖြင့် ကပ်ပေးခြင်း၊ ရေခဲဝတ်ကပ်ပေးခြင်း စသည်တို့ ပြုလုပ်ပေးနိုင်သည်။ တစ်ခါကပ်လျှင် (၁၅) မိနစ်ခန့်ဖြင့် တစ်နေ့လျှင် (၃) ကြိမ်ခန့် ကပ်ပေးနိုင်သည်။ ကလေးတွင် နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်းများရှိပါက ဆရာဝန်နှင့် တိုင်ပင်၍ ပါရာစီတမောကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ ပေးနိုင်သည်။ မသက်သာပါက မိသားစုဆရာဝန်ဖြင့် ချက်ခြင်းပြသပါ။

လိုက်နာလုပ်ဆောင်ရန်

အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးသည် ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သော်လည်း ရောဂါကို (၁၀၀%) ကာကွယ်နိုင်ခြင်း မရှိသောကြောင့် ကာကွယ်ဆေး ထိုးခြင်းအပြင် အန္တရာယ်ကင်းစေသော စားသောက်ခြင်း အလေ့အထများ (Safe Eating and Drinking Habits) ကိုလည်း လိုက်နာဆောင်ရွက်ရန်လိုသည်။

  • လက်ဆေးခြင်း
    • အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးလျှင် လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျ စင်ကြယ်စွာ ဆေးကြောပါ
    • အစားအစာချက်ပြုတ်သူများအနေဖြင့် အစားအစာများမကိုင်ခင် လက်ကို ဆပ်ပြာဖြင့် စနစ်တကျ သေချာစွာ ဆေးကြောပါ
    • ဆပ်ပြာနှင့်ရေ အလွယ်တကူမရနိုင်သောနေရာများတွင် အရက်ပြန်ပါသော လက်သန့်ဆေးရည်ဖြင့် ဆေးကြောရန် လိုအပ်သည်
  • အစားအသောက်များကို သတိထား၍ ထိန်းသိမ်းပြင်ဆင်စားသောက်ခြင်း
    • သန့်ရှင်းသော အစားအစာနှင့် သောက်ရေသန့်ကိုသာ သောက်သုံးပါ
    • အစားအစာများကို ကျက်အောင်ချက်ပြုတ်၍ စားသောက်ပါ၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို အစိမ်းစားခြင်းမှ ရှောင်ကြဥ်ပါ၊ အသီးအနှံများကို စင်ကြယ်အောင် ဆေးကြော၍ အခွံခွာပြီး စားသောက်ပါ
    • အစားအစာများကို တတ်နိုင်သမျှ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး စားသုံးပါ

References:

  1. World Health Organization. (n.d.). Vaccines for hepatitis A, B, and E. Retrieved August 29, 2025, from https://www.who.int/teams/immunization-vaccines-and-biologicals/diseases/hepatitis World Health Organization
  2. Centers for Disease Control and Prevention. (n.d.). Hepatitis A vaccine safety. Retrieved August 29, 2025, from https://www.cdc.gov/vaccine-safety/vaccines/hepatitis-a.html CDC
  3. Mayo Clinic. (n.d.). Hepatitis A vaccine (intramuscular route): Description. Retrieved August 29, 2025, from https://www.mayoclinic.org/drugs-supplements/hepatitis-a-vaccine-intramuscular-route/description/drg-20067499
  4. Merck Manuals. (n.d.). Hepatitis A vaccine. Retrieved August 29, 2025, from https://www.msdmanuals.com/professional/infectious-diseases/immunization/hepatitis-a-hepa-vaccine
  5. History of Vaccines. (n.d.). Hepatitis and hepatitis B. Retrieved August 29, 2025, from https://historyofvaccines.org/diseases/hepatitis-and-hepatitis-b/

Published: 23 September 2025

Share

23 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

More articles
Oxytocin (အောက်စီတိုစင်)
Oct 10, 2025
Drugs and Supplements

Oxytocin (အောက်စီတိုစင်)

အောက်စီတိုစင် (Oxytocin) သည် ကိုယ်ခန္ဓာ၏ ဇီဝကမ္မဖြစ်စဉ်များအပြင်...

HIV Treatment (ART) [အိတ်ချ်အိုင်ဗွီရောဂါပိုးထိန်းဆေးဖြင့် ကုသခြင်း (အေအာတီ)]
Sep 12, 2025
Drugs and Supplements

HIV Treatment (ART) [အိတ်ချ်အိုင်ဗွီရောဂါပိုးထိန်းဆေးဖြင့် ကုသခြင်း (အေအာတီ)]

အိတ်ချ်အိုင်ဗွီရောဂါ ကုသရာတွင် ထိရောက်သည့်ကုထုံးဖြစ်ပြီး မှန်ကန်စွာ...

Typhoid Vaccine (အူရောင်ငန်းဖျားရောဂါကာကွယ်ဆေး)
Sep 11, 2025
Drugs and Supplements

Typhoid Vaccine (အူရောင်ငန်းဖျားရောဂါကာကွယ်ဆေး)

အန္တရာယ်ကင်းသော စားသောက်မှုအလေ့အထများ ကျင့်သုံးခြင်းအပြင်...