Typhoid Vaccine (အူရောင်ငန်းဖျားရောဂါကာကွယ်ဆေး)

Typhoid Vaccine (အူရောင်ငန်းဖျားရောဂါကာကွယ်ဆေး)

အူရောင်ငန်းဖျားရောဂါကာကွယ်ဆေးသည် Salmonella Typhi ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော အူရောင်ငန်းဖျားရောဂါ (Typhoid fever) ကို ကာကွယ်ရန်အတွက် အသုံးပြုသော ကာကွယ်ဆေးဖြစ်ပြီး ထိုးဆေးနှင့် ပါးစပ်အစက်ချဆေးဟူ၍ အမျိုးအစားနှစ်မျိုးရှိသည်။

အူရောင်ငန်းဖျားရောဂါလက္ခဏာ ခံစားနေရသူများသာမက ရောဂါကုသမှုခံယူပြီး လက္ခဏာများ ပျောက်ကင်းသွားသော်လည်း ခန္ဓာကိုယ်အတွင်း ဘက်တီးရီးယားပိုးကို ဆက်လက်သယ်ဆောင်ထားသူများ (Chronic carriers) သည် အူရောင်ငန်းဖျားပိုးကို အခြားသူများထံ ကူးစက်ပြန့်ပွါးစေနိုင်သည်။ ရောဂါပိုးပါရှိသော အစားအစာ သို့မဟုတ် ရေကို စားသောက်မိပါက ဘက်တီးရီးယားပိုးများသည် သွေးကြောထဲသို့ ပျံ့နှံ့ကာ အူရောင်ငန်းဖျားရောဂါကို ဖြစ်စေနိုင်သည်။ အူရောင်ငန်းဖျားရောဂါသည် အသက်အန္တရာယ်ရှိသော ရောဂါဖြစ်ပြီး၊ အဖြစ်များသောရောဂါလက္ခဏာများမှာ အဖျားကြီးခြင်း၊ ဗိုက်နာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း၊ ချောင်းဆိုးခြင်း၊ နုံးချည့်ခြင်းနှင့် အစားအသောက်ပျက်ခြင်းတို့ဖြစ်သည်။

(၂၀) ရာစုအစောပိုင်းတွင် နယူးယောက်မြို့မှ အစားအသောက်ပြင်ဆင်ချက်ပြုတ်သည့် Mary Mallon ဆိုသူအမျိုးသမီးသည် ရောဂါလက္ခဏာများမရှိသော်လည်း နာတာရှည်ဘက်တီးရီးယားပိုး သယ်ဆောင်သူ (Chronic carrier) ဖြစ်ခဲ့သောကြောင့် သူမထံမှတစ်ဆင့် ရောဂါကူးစက်ခံရသူများ အလွန်များပြားခဲ့ပြီး ကပ်‌ရောဂါအသွင်အထိ ပြင်းထန်ဆိုးရွားစေခဲ့ကာ“တိုက်ဖွိုက်မေရီ” (Typhoid Mary) ရောဂါဟုပင် ကျော်ကြားခဲ့သည်။ သူမကိုလည်း ကျွန်းပေါ်သို့ တစ်ဦးတည်းသွားရောက်နေထိုင်စေရန် အပြစ်ပေးခံခဲ့ရသည်ဟု မှတ်တမ်းများအရ သိရှိရသည်။

အူရောင်ငန်းဖျားရောဂါသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အဖြစ်နည်းသော်လည်း အရှေ့တောင်အာရှ၊ အာဖရိက၊ ကာရေဘီယံအလယ်ပိုင်းနှင့် လက်တင်အမေရိက အပါအဝင် ဖွံ့ဖြိုးမှုနည်းသော ကမ္ဘာ့ဒေသအများအပြားတွင် အဖြစ်များသည်။ အူရောင်ငန်းဖျားရောဂါကို ထိရောက်စွာ ကုသမှုမရရှိသူများသည် ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်းများစွာ အဖျားဆက်ရှိနေနိုင်သည်။ ထိရောက်သော ကုသမှုမရရှိသူများ၏ (၃၀%) ခန့်သည် အူရောင်ငန်းဖျားရောဂါ၏ နောက်ဆက်တွဲပြဿနာများ ပြင်းထန်သောကြောင့် အသက်သေဆုံးနိုင်သည်။ ကမ္ဘာ့နေရာအများအပြားတွင် ဆေးယဉ်ပါးသော အူရောင်ငန်းဖျားဘက်တီးရီးယားများ ပိုမိုများပြားလာသည်နှင့်အမျှ ထိရောက်စွာကုသရန် ပဋိဇီဝပိုးသတ်ဆေးများလည်း နည်းပါးလာသည်။ ရောဂါဖြစ်ပွါးချိန်တွင် သေဆုံးနိုင်ခြင်းနှင့် ပဋိဇီဝပိုးသတ်ဆေးယဥ်ပါးမှု များပြားလာခြင်းကြောင့် ကာကွယ်ဆေးများ ပိုမိုလိုအပ်လာကြောင်း အကြံပြုလာကြသည်။

အူရောင်ငန်းဖျားရောဂါ ကာကွယ်ဆေးစတင်တီထွင်မှု

ပထမဆုံးသော အူရောင်ငန်းဖျားကာကွယ်ဆေးကို ၁၈၉၆ ခုနှစ်တွင် ဗြိတိန်နှင့် ဂျာမန် သိပ္ပံပညာရှင်များဖြစ်ကြသော Almroth Edward Wright, Richard Pfeiffer နှင့် Wilhelm Kolle တို့မှ တီထွင်ခဲ့ကြသည်။ အပူစွမ်းအင်အသုံးပြု၍ သတ်ထားသော ဘက်တီးရီးယားပိုး၏ ဆဲလ်အသေတစ်ခုလုံးကို အသုံးပြု၍ ထုတ်လုပ်ခဲ့သော ကာကွယ်ဆေးဖြစ်သည်။ ထို့နောက် စစ်ပွဲများကြောင့် ကူးစက်ရောဂါများ ပိုမိုများပြားလာချိန်တွင် ထိုကာကွယ်ဆေးကို ၁၉၁၁ ခုနှစ်မှစ၍ တွင်ကျယ်စွာအသုံးပြုခဲ့ကြသည်။ ထိုမှတစ်ဆင့် ဆေးပညာဖွံ့ဖြိုးလာသည်နှင့်အမျှ ကာကွယ်ဆေးတီထွင်ထုတ်လုပ်သည့်နည်းလမ်းများလည်း တိုးတက်လာပြီး ယခုအခါ အူရောင်ငန်းဖျားကာကွယ်ဆေးအမျိုးအစားများစွာ ရှိနေပြီဖြစ်သည်။

(၂၀၀၈) ခုနှစ်မှစတင်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အသိအမှတ်ပြု ကာကွယ်ဆေးအမျိုးအစား နှစ်မျိုးရှိသည်။ ၎င်းတို့မှာ အသက်နှစ်နှစ်အထက် ကလေးများမှ စတင်ထိုးနှံနိုင်သော ထိုးဆေးနှင့် အသက်ငါးနှစ်အထက် ကလေးများမှ စတင်တိုက်ကျွေးနိုင်သော သောက်ဆေးတို့ဖြစ်သည်။ သို့သော် ၎င်းကာကွယ်ဆေးနှစ်မျိုးစလုံးကို အသက်နှစ်နှစ်အောက် ကလေးများတွင် အသုံးမပြုနိုင်သည့်အပြင် ရေရှည်ခံသော ကိုယ်ခံစွမ်းအားကိုလည်း မပေးနိုင်ပေ။ ထိုးဆေးသည် နှစ်နှစ်အကြာတွင် ထပ်မံထိုးရန် လိုအပ်ပြီး သောက်ဆေးသည် ငါးနှစ်အကြာတွင် ထပ်မံသောက်ရန် လိုအပ်သည်။ ထို့ကြောင့် ကာကွယ်ဆေး အသုံးပြုမှုနှုန်း နည်းပါးခဲ့သည်။

ထို့နောက် (၂၀၁၇) ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ရေရှည်ခံသည့် ကိုယ်ခံစွမ်းအားကို ပေးရုံသာမကဘဲ အသက်ခြောက်လအရွယ်မှစတင်၍ ထိုးနှံနိုင်သော အူရောင်ငန်းဖျား ကာကွယ်ဆေးအသစ် (TCV) ကို စစ်ဆေးအသိအမှတ်ပြုခဲ့သည်။ ထို့နောက် ကာကွယ်ဆေးမဟာမိတ်အဖွဲ့အစည်း (GAVI) သည် အူရောင်ငန်းဖျားရောဂါဖြစ်နှုန်း မြင့်မားသော နိုင်ငံများနှင့် ပိုးသတ်ဆေးယဥ်ပါးလာသော အူရောင်ငန်းဖျားရောဂါ ပျံ့နှံ့သည့် နိုင်ငံများတွင် TCV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်များတွင် ထည့်သွင်းရန်အတွက် ငွေကြေးထောက်ပံ့ခဲ့ပြီး အသက် ၁၅ နှစ်အထိ ကလေးများအား ကာကွယ်ဆေး ထပ်မံထိုးနှံပေးသည့် စီမံချက်ကိုလည်း ဆောင်ရွက်ခဲ့သည်။

အူရောင်ငန်းဖျားကာကွယ်ဆေး အမျိုးအစားများ

လက်ရှိတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ တရားဝင်အသိအမှတ်ပြုထားသော ကာကွယ်ဆေး (၃) မျိုးရှိသည်။

  1. ဘက်တီးရီးယားပိုးအရှင်၏ အစိတ်အပိုင်းမှ ပြုပြင်ထုတ်လုပ်ထားသော ကာကွယ်ဆေး သောက်ဆေး (Live, attenuated vaccine or Ty21a – Vivotif®)
  2. ဘက်တီးရီးယားပိုးအသေ၏ သကြားမော်လီကျူးများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ကာကွယ်ဆေး ထိုးဆေး (Vi capsular polysaccharide vaccines or ViCPS – Typhim Vi®, Typherix®)
  3. ဘက်တီးရီးယားပိုးအသေ၏ သကြားမော်လီကျူးများကို နောက်ထပ်ပရိုတင်းတစ်ခုဖြင့် ထပ်မံချိတ်ဆက်ပြီး ခန္ဓာကိုယ်ခုခံစွမ်းအားကို အချိန်ကြာကြာဖြင့် ပိုမိုအားကောင်းစေသော ကာကွယ်ဆေး ထိုးဆေး (Typhoid conjugate vaccines or TCV – Typbar TCV®)

ထိုကာကွယ်ဆေး သုံးမျိုးအနက် ပထမနှင့် ဒုတိယအမျိုးအစား ကာကွယ်ဆေးများကို (၂၀၀၈) ခုနှစ်မှစ၍ စတင်အသုံးပြု၍ တတိယအမျိုးအစားကာကွယ်ဆေးကို (၂၀၁၇) ခုနှစ်မှစ၍ ထိုးနှံအသုံးပြုနိုင်ရန် အသိအမှတ်ပြုထားသည်။

ကာကွယ်ဆေးသယ်ဆောင်သိမ်းဆည်းပုံ

ကာကွယ်ဆေးများအား သေချာစွာ ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းသည် ကာကွယ်ဆေးများ၏ အာနိသင်အပြည့်အဝ ရရှိရေးအတွက် အလွန်အရေးကြီးသည်။ ယေဘုယျအားဖြင့်_

  • ကာကွယ်ဆေးများကို ဆေးဘူးပေါ်ရှိ သက်တမ်းကုန်ဆုံးရက်မတိုင်မီ အသုံးပြုရမည်
  • ကာကွယ်ဆေးကို ရေခဲသေတ္တာ အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်အတွင်း၌ သိမ်းဆည်းထားရမည်၊ အေးခဲထားခြင်း မပြုလုပ်ရပါ
  • ကာကွယ်ဆေးအား မူလထုပ်ပိုးမှုအတိုင်း သိမ်းဆည်းရမည်
  • အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် မထားရပါ
  • ကာကွယ်ဆေးများကို ဖျော်စပ်ရာတွင် မူလထုပ်ပိုးမှုတွင်ပါရှိသည့် ဆေးရည်ဖြင့်သာ ဖျော်ရမည်၊ အသုံးပြုရန် ညွှန်ကြားထားသော ပမာဏအတိုင်း ဖျော်စပ်ရမည်
  • ကာကွယ်ဆေးများကို ဖောက်ပြီး၊ ဖျော်စပ်ပြီးလျှင် ချက်ချင်း (သို့မဟုတ်) သတ်မှတ်အချိန်အတွင်း (အထူးသဖြင့် အကြိမ်များစွာ ထိုးနှံနိုင်သော Multidose အမျိုးအစားများအတွက်) အသုံးပြုရမည်၊ အသုံးပြုရာတွင် သတ်မှတ်ထားသော အပူချိန်အတွင်း ထားရှိအသုံးပြုရမည်
  • သက်တမ်းလွန်နေသော၊ သတ်မှတ်ချိန်ထက် ကျော်လွန်သွားသော၊ အေးခဲသွားသော၊ အနည်ကျနေသော၊ အရောင်ပြောင်းသွားသော ကာကွယ်ဆေးများကို လုံးဝအသုံးမပြုဘဲ စွန့်ပစ်ရမည်

ကာကွယ်ဆေးများကို ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် အထိရောက်ဆုံးကာကွယ်မှုရရှိစေရန် သက်ဆိုင်ရာကာကွယ်ဆေးအလိုက် ထုတ်လုပ်သူများ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာရမည်။

ဆေးထိုးရန်လိုအပ်သည့် အခြေအနေများ

အူရောင်ငန်းဖျားရောဂါကာကွယ်ဆေးသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပုံမှန်ကာကွယ်ဆေးထိုးစီမံချက်များတွင် မပါဝင်သော်လည်း အူရောင်ငန်းဖျားအဖြစ်များသော ဒေသများတွင် နေထိုင်သူများနှင့် ထိုဒေသများသို့ ခရီးသွားလာမည့်သူများသည် ကာကွယ်ဆေးကို ပုံမှန်ထိုးနှံသင့်သည်။ အောက်ပါအခြေအနေများတွင် အူရောင်ငန်းဖျား ကာကွယ်ဆေးထိုးရန် အကြံပြုထားသည်။

  • အူရောင်ငန်းဖျား အဖြစ်များသော ကမ္ဘာ့ဒေသများသို့ ခရီးသွားလာမည့်သူများ
  • အူရောင်ငန်းဖျားပိုးသယ်ဆောင်သူနှင့် အနီးကပ်ထိတွေ့မှုရှိသူများ
  • Salmonella Typhi ဘက်တီးရီးယားပိုးကို ကိုင်တွယ်လုပ်ဆောင်နေရသော ဓာတ်ခွဲခန်းပညာရှင်များနှင့် ဝန်ထမ်းများ
ဆေးထိုးရန်မသင့်သော အခြေအနေများ

ကာကွယ်ဆေးမထိုးမီ၊ မသောက်သုံးမီ ပုံမှန်စွဲသောက်နေသော ဆေးဝါးများရှိပါက မိသားစုဆရာဝန်အား ဦးစွာပြောပြသင့်သည်။ အအေးမိခြင်းကဲ့သို့ သာမန်ဖျားနာသူများသည် ကာကွယ်ဆေးထိုးနိုင်သော်လည်း အပြင်းအထန် ဖျားနာသူများ၊ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသူများအနေဖြင့် အများအားဖြင့် သက်သာသည်အထိ စောင့်ဆိုင်းပြီးမှ ကာကွယ်ဆေးထိုးသင့်သည်။ အောက်ပါအခြေအနေများရှိပါကလည်း ကာကွယ်ဆေးထိုးရန် အန္တရာယ်ရှိနိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးမှ ကာကွယ်ဆေးထိုးသင့်သည်။

  • ပြင်းထန်သော၊ အသက်အန္တရာယ်ရှိသော ဓာတ်မတည့်မှု ရှိသူများ
  • ယခင်အူရောင်ငန်းဖျား ကာကွယ်ဆေးထိုးပြီးနောက် ဓာတ်မတည့်မှုဖြစ်ဖူးသူများ
  • ကိုယ်ခံအားစနစ် အားနည်းသူများ (ဥပမာ – HIV ရောဂါရှိသူများ)
  • ကိုယ်ဝန်ဆောင်မိခင်များ သို့မဟုတ် နို့တိုက်မိခင်များ
  • ပဋိဇီဝပိုးသတ်ဆေးများ သို့မဟုတ် ငှက်ဖျားဆေးများကို လက်ရှိ သို့မဟုတ် မကြာသေးမီက သောက်ထားသူများ

ကာကွယ်ဆေး၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းရှိပါက ထိုကာကွယ်ဆေးများကို လုံးဝရှောင်ကြဥ်သင့်သည်။ ကိုယ်ခံအားစနစ် အားနည်းသူများ (ဥပမာ _ HIV လူနာများ)၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များတွင် ပိုးအရှင်မှ ထုတ်လုပ်ထားသော ကာကွယ်ဆေးသောက်ဆေးကို အသုံးမပြုသင့်ပါ။ အမှန်တကယ်လိုအပ်လာသောအချိန် သို့မဟုတ် ခရီးသွားလာရန် အကြောင်းကိစ္စများရှိလာချိန်တွင် ပိုးအသေမှ ထုတ်လုပ်ထားသော ကာကွယ်ဆေးထိုးဆေးကို ထိုးပေးနိုင်သည်။ ပဋိဇီဝပိုးသတ်ဆေးအချို့နှင့် ငှက်ဖျားဆေးအချို့ သောက်သုံးထားသူများတွင် ဆေးရပ်ပြီးနောက် အနည်းဆုံး (၃) ရက်ခြားပြီးမှသာ ကာကွယ်ဆေးကို ထိုးသင့်၊ သောက်သင့်သည်။

ဆေးထိုးရမည့်အချိန်နှင့် အသက်အရွယ်

Live, attenuated vaccine or Ty21a ပိုးအရှင်အမျိုးအစား အူရောင်ငန်းဖျား ကာကွယ်ဆေးကို ကလေးအသက် (၆) နှစ်နှင့်အထက်မှစ၍ လူကြီးများအထိ ပါးစပ်မှ သောက်ဆေးအဖြစ် တိုက်ကျွေးနိုင်သည်။ အဖြစ်များသောနေရာများတွင် နေထိုင်သူများနှင့် ထိုဒေသများသို့ ခရီးမကြာခဏသွားသူများသည် ရောဂါဖြစ်ပွါးနိုင်ခြေပိုများသဖြင့် အပိုထပ်ဆောင်းအနေဖြင့် (၅) နှစ်တစ်ကြိမ် ကာကွယ်ဆေးကို ထပ်မံ သောက်သုံးသင့်သည်။

Vi capsular polysaccharide vaccines or ViCPS ကာကွယ်ဆေးထိုးဆေးကို ကလေးများ၌ အသက် (၂) နှစ်မှစ၍ ထိုးနှံနိုင်ပြီး လူကြီးများအထိ ထိုးပေးနိုင်သည်။ ခရီးမသွားမီ အနည်းဆုံး (၂) ပတ်အလိုတွင်ထိုးရန် အကြံပြုထားသည်။ ရောဂါဖြစ်ပွါးနိုင်ခြေများသူများတွင် အပိုထပ်ဆောင်းအနေဖြင့် (၂) နှစ်တစ်ကြိမ် ကာကွယ်ဆေးထပ်မံထိုးနှံသင့်သည်။

Typhoid conjugate vaccines or TCV ကာကွယ်ဆေး ထိုးဆေးကို အသက် (၆) လအထက် ကလေးများမှ အသက် (၄၅) နှစ်အရွယ် လူကြီးများအထိ ထိုးပေးနိုင်သည်။ ခရီးမသွားမီ အနည်းဆုံး (၂) ပတ်အလိုတွင်ထိုးရန် အကြံပြုထားသည်။ ရောဂါဖြစ်ပွါးနိုင်ခြေများသူများတွင် အပိုထပ်ဆောင်းအနေဖြင့် (၃) နှစ်တစ်ကြိမ် ကာကွယ်ဆေးထပ်မံထိုးနှံသင့်သည်။

ဆေး၏အကျိုးအာနိသင်

Live, attenuated vaccine or Ty21a ပိုးအရှင်အမျိုးအစား အူရောင်ငန်းဖျား ကာကွယ်ဆေးကို အကြိမ်ရေအပြည့်သောက်ထားပါက သို့မဟုတ် Vi capsular polysaccharide vaccines or ViCPS ကာကွယ်ဆေးထိုးဆေးတစ်ကြိမ်ထိုးထားပါက အူရောင်ငန်းဖျားရောဂါကို (၅၀ – ၈၀) ရာခိုင်နှုန်းအထိ ကာကွယ်နိုင်သည်။ သောက်ဆေးအာနိသင်သည် (၅ – ၇) နှစ်အထိ ကြာရှည်ခံသောကြောင့် (၅) နှစ်လျှင် တစ်ကြိမ် ကာကွယ်ဆေး ထပ်ဆောင်းသောက်သုံးသင့်သည်။ ထိုးဆေးအာနိသင်သည် (၂) နှစ်ထိသာ ကြာရှည်ခံသောကြောင့် (၂) နှစ်လျှင် တစ်ကြိမ် ကာကွယ်ဆေး ထပ်ဆောင်းထိုးရမည်။

Typhoid conjugate vaccines or TCV ကာကွယ်ဆေးထိုးဆေးတစ်ကြိမ်သည် ရောဂါကာကွယ်နှုန်း (၈၅) ရာခိုင်နှုန်းထိ ရှိနိုင်ပြီး အာနိသင်သည် (၃ – ၄) နှစ်ခန့်အထိ ကြာရှည်ခံသောကြောင့် (၃) နှစ်လျှင် တစ်ကြိမ် ကာကွယ်ဆေး ထပ်ဆောင်းထိုးသင့်သည်။

သုံးစွဲပုံနည်းလမ်းများ

အူရောင်ငန်းဖျား ကာကွယ်ဆေး ထိုးဆေးနှင့် သောက်ဆေးများကို အခြားကာကွယ်ဆေးများနှင့် တစ်ချိန်တည်းတွင် ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းပြုလုပ်နိုင်သည်။

ပိုးအသေအမျိုးအစား ကာကွယ်ဆေးထိုးဆေးများကို ထိုးလျှင် တစ်ကြိမ်သာထိုးရန်လိုသည်။ ကလေး၏အသက်အရွယ်အပေါ်တွင် မူတည်၍ လက်မောင်း (သို့မဟုတ်) ပေါင်ရှိ ကြွက်သားနေရာများတွင် ၀.၅ စီစီ (0.5 ml) ထိုးနှံနိုင်သည်။ ခရီးမသွားမီ အနည်းဆုံး (၂) ပတ်အလိုတွင် ထိုးသင့်သည်။

ပိုးအရှင်အမျိုးအစား ကာကွယ်ဆေးသောက်ဆေးကို တစ်ရက်ခြားလျှင် ဆေးတောင့် (Capsule) တစ်လုံးစီ စုစုပေါင်း (၄) လုံး သောက်ရမည်ဖြစ်သည်။ ဖြစ်နိုင်လျှင် နောက်ဆုံးသောက်ဆေးကို ခရီးမသွားမီ အနည်းဆုံး (၁) ပတ်အလိုတွင် သောက်သင့်သည်။ ဆေးကို ကြိတ်ဝါးစားခြင်းမပြုလုပ်ရပါ။ အစာမစားမီ တစ်နာရီခန့်အလိုတွင် ရေအေး (သို့မဟုတ်) ရေနွေးနွေးဖြင့် ဆေးလုံးလိုက် မျိုချသောက်ရမည်ဖြစ်သည်။

နောက်ဆက်တွဲပြဿနာများ

ယေဘုယျအားဖြင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမရှိဘဲ ကာကွယ်ဆေးများ၏ သာမန်ဘေးထွက်ဆိုးကျိုးများသာ ဖြစ်ပေါ်နိုင်ပြီး အများအားဖြင့် (၂) ရက်အတွင်း သက်သာသွားနိုင်သည်။ ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများမှာ_

ပိုးအသေအမျိုးအစား ကာကွယ်ဆေးထိုးပြီးနောက်တွင်

  • ထိုးသည့်နေရာတွင် နာကျင်ခြင်း၊ နီခြင်း၊ ရောင်ရမ်းခြင်း
  • ဖျားခြင်း
  • ခေါင်းကိုက်ခြင်းနှင့်
  • ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ ခံစားရနိုင်သည်။

ပိုးအရှင်အမျိုးအစား ကာကွယ်ဆေးသောက်ပြီးနောက်တွင်

  • ဖျားခြင်း
  • ခေါင်းကိုက်ခြင်း
  • ဗိုက်နာခြင်း
  • ဝမ်းလျှောခြင်း
  • ပျို့အန်ခြင်းတို့ ဖြစ်ပွါးနိုင်သည်။

ကာကွယ်ဆေးထိုးပြီးနောက် ဓာတ်မတည့်ခြင်းလက္ခဏာများ ပေါ်လာပါက အရေးပေါ်ကုသမှုများ အမြန်ဆုံးပေး၍ အနီးဆုံးဆေးရုံသို့ ပို့ဆောင်ရမည်။ ကာကွယ်ဆေးထိုးထားသည့်နေရာတွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းများရှိပါက အေး၍စိုစွတ်သောအဝတ်ဖြင့် ကပ်ပေးခြင်း၊ ရေခဲဝတ်ကပ်ပေးခြင်း စသည်တို့ ပြုလုပ်ပေးနိုင်သည်။ တစ်ခါကပ်လျှင် (၁၅) မိနစ်ခန့်ဖြင့် တစ်နေ့လျှင် (၃) ကြိမ်ခန့် ကပ်ပေးနိုင်သည်။ ကလေးတွင် နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်းများရှိပါက ဆရာဝန်နှင့် တိုင်ပင်၍ ပါရာစီတမောကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ ပေးနိုင်သည်။ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းများ ရှိပါက ဓာတ်ဆားတိုက်ခြင်း၊ အအန်ပျောက်ဆေးတိုက်ခြင်း စသည်တို့ဖြင့် ကုသနိုင်သည်။ မသက်သာပါက မိသားစုဆရာဝန်ဖြင့် ချက်ခြင်းပြသပါ။

သတိပြုသင့်သည့်အချက်များ
လိုက်နာဆောင်ရွက်ရန်အချက်များ

အူရောင်ငန်းဖျား ကာကွယ်ဆေးများသည် ရောဂါကို ၁၀၀% ကာကွယ်နိုင်ခြင်း မရှိသောကြောင့် ကာကွယ်ဆေး ထိုးခြင်း၊ သောက်ခြင်းအပြင် အန္တရာယ်ကင်းစေသော စားသောက်ခြင်း အလေ့အထများ (Safe Eating and Drinking Habits) ကိုလည်း လိုက်နာဆောင်ရွက်ရန်လိုသည်။

  • လက်ဆေးခြင်း
    • အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးလျှင် လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် အနည်းဆုံး စက္ကန့် (၃၀) ကြာအောင် စနစ်တကျ စင်ကြယ်စွာ ဆေးကြောပါ
    • အစားအစာချက်ပြုတ်သူများအနေဖြင့် အစားအစာများမကိုင်ခင် လက်ကို ဆပ်ပြာဖြင့် စနစ်တကျ သေချာစွာ ဆေးကြောပါ
    • ဆပ်ပြာနှင့် ရေ အလွယ်တကူမရနိုင်သောနေရာများတွင် အရက်ပြန်ပါသော လက်သန့်ဆေးရည်ဖြင့် ဆေးကြောရန် လိုအပ်သည်။
  • အစားအသောက်များကို သတိထား၍ ထိန်းသိမ်းပြင်ဆင်စားသောက်ခြင်း
    • သန့်ရှင်းသော အစားအစာနှင့် သောက်ရေသန့်ကိုသာ သောက်သုံးပါ
    • အစားအစာများကို ကျက်အောင်ချက်ပြုတ်၍ စားသောက်ပါ၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို အစိမ်းစားခြင်းမှ ရှောင်ကြဥ်ပါ၊ အသီးအနှံများကို စင်ကြယ်အောင် ဆေးကြော၍ အခွံခွာပြီး စားသောက်ပါ
    • အစားအစာများကို တတ်နိုင်သမျှ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး စားသုံးပါ

References:

  1. Centers for Disease Control and Prevention. (2019). Typhoid vaccine: What you need to know (Vaccine Information Statement). U.S. Department of Health & Human Services. Retrieved August 6, 2025, from https://www.cdc.gov/vaccines/hcp/current-vis/typhoid.html
  2. Jackson, B. R., Iqbal, S., Mahon, B., & Centers for Disease Control and Prevention. (2015). Updated recommendations for the use of typhoid vaccine — Advisory Committee on Immunization Practices, United States, 2015. Morbidity and Mortality Weekly Report, 64(11), 305–308. Retrieved August 6, 2025, from https://www.cdc.gov/mmwr/preview/mmwrhtml/mm6411a4.htm
  3. Centers for Disease Control and Prevention. (2025). Preventing typhoid fever and paratyphoid fever. U.S. Department of Health & Human Services. Retrieved August 6, 2025, from https://www.cdc.gov/typhoid-fever/prevention/index.html#cdc_prevention_method-vaccination
  4. Mayo Clinic. (n.d.). Typhoid vaccine (intramuscular route): Description. Retrieved August 6, 2025, from https://www.mayoclinic.org/drugs-supplements/typhoid-vaccine-intramuscular-route/description/drg-20066585
  5. Mayo Clinic. (n.d.). Typhoid vaccine, live (oral route): Description. Retrieved August 6, 2025, from https://www.mayoclinic.org/drugs-supplements/typhoid-vaccine-live-oral-route/description/drg-20066578
  6. World Health Organization. (2018). Typhoid vaccines: WHO position paper. Weekly Epidemiological Record, 93(13), 153–172. Retrieved August 6, 2025, from https://iris.who.int/bitstream/handle/10665/272272/WER9313.pdf?sequence=1
  7. World Health Organization. (n.d.). Typhoid vaccines. Global Advisory Committee on Vaccine Safety. Retrieved August 6, 2025, from https://www.who.int/groups/global-advisory-committee-on-vaccine-safety/topics/typhoid-vaccines
  8. Gavi, the Vaccine Alliance. (n.d.). Vaccine profiles: Typhoid. Retrieved August 6, 2025, from https://www.gavi.org/vaccineswork/routine-vaccines-extraordinary-impact-typhoid
  9. Coalition Against Typhoid. (n.d.). Typhoid vaccines. Retrieved August 6, 2025, from https://www.coalitionagainsttyphoid.org/the-issues/typhoid-vaccines/

Published: 11 September 2025

Share

11 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.