Human papillomavirus vaccine (HPV vaccine) (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး)

Human papillomavirus vaccine (HPV vaccine) (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး)

လိင်မှတစ်ဆင့် ကူးစက်သော ရောဂါပိုးအမျိုးအစားများအနက် ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုး (Human Papillomavirus) သည် တစ်ခုအပါအဝင်ဖြစ်သည်။ ၎င်းသည် လိင်ဆက်ဆံခြင်း၊ အရေပြားအချင်းချင်း ထိတွေ့ခြင်းများမှ ကူးစက်နိုင်ပြီး အရေပြား၊ လိင်အင်္ဂါနှင့် လည်ချောင်းတို့တွင် ထိခိုက်နိုင်သည်။ လိင်မှတစ်ဆင့်ကူးစက်နိုင်သော ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုး မျိုးကွဲပေါင်း (၄၀) ခန့်ရှိသည်။ ကူးစက်ခံရသူများအနက် ကိုယ်ခံအားစနစ်ကောင်းမွန်သူများသည် ၎င်းဗိုင်းရပ်စ်ပိုးကို အလိုအလျောက်တိုက်ထုတ်နိုင်သော်လည်း အချို့တွင် မတိုက်ထုတ်နိုင်ဘဲ ကင်ဆာအဆင့်အထိ ဖြစ်ပွါးနိုင်သည်။ လိင်အင်္ဂါနှင့် စအိုတစ်ဝိုက်ရှိကင်ဆာများ (သားအိမ်ခေါင်း၊ မိန်းမကိုယ်လမ်းကြောင်း၊ ပြင်ပမိန်းမကိုယ်၊ လိင်တံနှင့် စအို)၊ လည်ချောင်းကင်ဆာ၊ ခံတွင်းကင်ဆာနှင့် လိင်အင်္ဂါကြွက်နို့ဖြစ်ခြင်းများသည် ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုးနှင့် ဆက်စပ်မှုရှိသည်။

လေ့လာတွေ့ရှိချက်များအရ ထိုဗိုင်းရပ်ပိုးကူးစက်မှုသည် အိတ်ချ်အိုင်ဗွီပိုးရှိသူအမျိုးသမီးများ၊ လိင်တူဆက်ဆံသူ အမျိုးသားများ၊ ကိုယ်ခံအားကျဆင်းနေသူများ (ဥပမာ _ ကိုယ်ခံအားနှိမ့်ချပေးသည့်ဆေးများ သောက်သုံးနေရသူများ)၊ အခြားသောလိင်မှတစ်ဆင့် ကူးစက်သောရောဂါရှိသူများနှင့် လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုခံရသည့် ကလေးများတွင် ပို၍မြင့်မားကြောင်း တွေ့ရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ (၂၀၁၉) ခုနှစ်တွင် ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုးသည် အမျိုးသမီး (၆၂၀၀၀၀) ခန့်နှင့် အမျိုးသား (၇၀၀၀၀) ခန့်၌ ကင်ဆာဖြစ်စေကြောင်း တွေ့ရသည်။ (၂၀၂၂) ခုနှစ်တွင် သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများတွင် ကမ္ဘာတစ်ဝန်း ကင်ဆာဖြစ်ပွါးမှုနှင့် ကင်ဆာကြောင့် သေဆုံးမှုများတွင် စတုတ္ထမြောက်အများဆုံးဖြစ်ပြီး ကင်ဆာဖြစ်ပွါးမှု (၆၆၀,၀၀၀) ခန့်နှင့် သေဆုံးမှု (၃၅၀,၀၀၀) ခန့်ရှိသည်။ အမျိုးသမီးများတွင် ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုးနှင့် ဆက်စပ်သော ကင်ဆာများ၏ (၉၀) ရာခိုင်နှုန်းကျော်သည် သားအိမ်ခေါင်းကင်ဆာများဖြစ်သည်။ ထို့အတွက်ကြောင့် ထိုရောဂါများဖြစ်ပွါးမှုများကို လျှော့ချရန်၊ ကင်ဆာကြောင့် သေဆုံးမှုများကို လျော့နည်းစေရန် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးရန် အရေးကြီးသည်။

ကာကွယ်ဆေးအမျိုးအစားများ

(၁၉၈၃) ခုနှစ်တွင် သုတေသနပညာရှင်များမှ ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုးနှင့် သားအိမ်ခေါင်းကင်ဆာ ဆက်စပ်မှုကို တွေ့ရှိခဲ့ကြပြီး ကာကွယ်ဆေးထုတ်လုပ်ရန်အတွက် သုတေသနလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။ (၂၀၀၆) ခုနှစ်တွင် ပိုးမျိုးကွဲလေးမျိုးကို ကာကွယ်နိုင်သော Gardasil ကို စတင်အသုံးပြုခဲ့ကြသည်။ ထို့နောက် (၂၀၀၉) ခုနှစ်တွင် ပိုးမျိုးကွဲနှစ်မျိုးကို ကာကွယ်နိုင်သော Cervarix ကို ထုတ်လုပ်ခဲ့ပြီး (၂၀၁၄) ခုနှစ်တွင် ပိုးမျိုးကွဲကိုးမျိုးအထိ ကာကွယ်နိုင်သော Gardasil 9 ကို ထုတ်လုပ်နိုင်ခဲ့သည်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အမျိုးအစား (၃) မျိုးရှိပြီး ကာကွယ်ဆေးတစ်ခုချင်းစီသည် ကာကွယ်နိုင်သည့် ပိုးအမျိုးအစား တူညီမှုမရှိပါ။ ကာကွယ်ဆေးအမျိုးအစားများကို မျိုးဗီဇပေါင်းစပ်ထုတ်လုပ်ခြင်းနည်းလမ်းဖြင့် ပြုလုပ်ထားသည်။

  1. ပိုးမျိုးကွဲကိုးမျိုး ကာကွယ်နိုင်သော သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (Gardasil 9)
    Gardasil 9 သည် အောက်ပါပိုးအမျိုးအစားများ ဝင်ရောက်ခြင်းကြောင့်ဖြစ်သော ရောဂါများကို ကာကွယ်နိုင်သည်။ အမျိုးသားများတွင်ပါ ထိုးနှံနိုင်သည်
    • HPV 16 and HPV 18 – (၇၀) ရာခိုင်နှုန်းသော သားအိမ်ခေါင်းကင်ဆာများ၊ (၉၀) ရာခိုင်နှုန်းသော စအိုကင်ဆာများ၊ လည်ချောင်းကင်ဆာများနှင့် မျိုးပွါးအင်္ဂါကင်ဆာများကို ဖြစ်စေသည်
    • HPV 31, 33, 45, 52 and 58 – ထိုပိုးအမျိုးအစားများသည် နောက်ထပ် (၂၀) ရာခိုင်နှုန်းသော သားအိမ်ခေါင်းကင်ဆာများကို ဖြစ်စေသည်
    • HPV 6 & HPV 11 – ထိုပိုးအမျိုးအစားများသည် (၉၀) ရာခိုင်နှုန်းသော လိင်အင်္ဂါကြွက်နို့များကို ဖြစ်စေသည်
  2. ပိုးမျိုးကွဲလေးမျိုး ကာကွယ်နိုင်သော သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး
    • Gardasil
    • Cervavac
      HPV 16 and HPV 18, HPV 6 & HPV 11 ပိုးအမျိုးအစားများ ဝင်ရောက်ခြင်းကြောင့်ဖြစ်သော ရောဂါများကို ကာကွယ်နိုင်သည်။
  3. ပိုးမျိုးကွဲနှစ်မျိုး ကာကွယ်နိုင်သော သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး
    • Cervarix
    • Walrinvax
    • Cecolin
      HPV 16 and HPV 18 ပိုးအမျိုးအစားများ ဝင်ရောက်ခြင်းကြောင့်ဖြစ်သော ရောဂါများကို ကာကွယ်နိုင်သည်။
ဆေးသယ်ဆောင်သိမ်းဆည်းပုံ

ကာကွယ်ဆေးများအား သေချာစွာ ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းသည် ကာကွယ်ဆေးများ၏ အာနိသင်အပြည့်အဝ ရရှိရေးအတွက် အလွန်အရေးကြီးသည်။ ယေဘုယျအားဖြင့်_

  • ကာကွယ်ဆေးများကို ဆေးဘူးပေါ်ရှိ သက်တမ်းကုန်ဆုံးရက်မတိုင်မီ အသုံးပြုရမည်
  • ကာကွယ်ဆေးကို ရေခဲသေတ္တာ အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်အတွင်း၌ သိမ်းဆည်းထားရမည်၊ အေးခဲထားခြင်း မပြုလုပ်ရပါ
  • ကာကွယ်ဆေးအား မူလထုပ်ပိုးမှုအတိုင်း သိမ်းဆည်းရမည်
  • အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် မထားရပါ
  • ကာကွယ်ဆေးများကို ဖျော်စပ်ရာတွင် မူလထုပ်ပိုးမှုတွင်ပါရှိသည့် ဆေးရည်ဖြင့်သာ ဖျော်ရမည်၊ အသုံးပြုရန် ညွှန်ကြားထားသော ပမာဏအတိုင်း ဖျော်စပ်ရမည်
  • ကာကွယ်ဆေးများကို ဖောက်ပြီး၊ ဖျော်စပ်ပြီးလျှင် ချက်ချင်း (သို့မဟုတ်) သတ်မှတ်အချိန်အတွင်း (အထူးသဖြင့် အကြိမ်များစွာ ထိုးနှံနိုင်သော Multidose အမျိုးအစားများအတွက်) အသုံးပြုရမည်၊ အသုံးပြုရာတွင် သတ်မှတ်ထားသော အပူချိန်အတွင်း ထားရှိအသုံးပြုရမည်
  • သက်တမ်းလွန်နေသော၊ သတ်မှတ်ချိန်ထက် ကျော်လွန်သွားသော၊ အေးခဲသွားသော၊ အနည်ကျနေသော၊ အရောင်ပြောင်းသွားသော ကာကွယ်ဆေးများကို လုံးဝအသုံးမပြုဘဲ စွန့်ပစ်ရမည်
  • ကာကွယ်ဆေး သိုလှောင်၊ သယ်ဆောင်၊ သုံးစွဲသည့် အဆင့်တိုင်းတွင် ရောဂါပိုးကူးစက်မှုကာကွယ်ခြင်းနည်းနာများကို အတိအကျ လိုက်နာကျင့်သုံးရမည်

ကာကွယ်ဆေးများကို ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် အထိရောက်ဆုံးကာကွယ်မှုရရှိစေရန် သက်ဆိုင်ရာကာကွယ်ဆေးအလိုက် ထုတ်လုပ်သူများ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာရမည်။

ဆေးမထိုးမီသိရမည့်အချက်များ
  • သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အခြားသောကာကွယ်ဆေးများနှင့် တစ်ပြိုင်နက်တည်း ထိုးနှံနိုင်သည်
  • ကာကွယ်ဆေးထိုးမည့်နေ့တွင် ဖျားနေပါက ဆေးမထိုးမီ မိသားစုဆရာဝန်နှင့် ဦးစွာတိုင်ပင်သင့်သည်
  • အဖျားအနည်းငယ်ရှိနေခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ မအီမသာဖြစ်နေခြင်း စသည့်အခြေအနေများသည် ကာကွယ်ဆေးထိုးနှံခြင်းကို မဖြစ်မနေရွှေ့ဆိုင်းရန် မလိုအပ်ပါ
  • သို့သော် အဖျားကြီးသော (အပူချိန် ၃၈.၅ ဒီဂရီစင်တီဂရိတ်အထက်) ကလေးများတွင်မူ အဖျားကောင်းစွာကျ၍ အလုံးစုံသက်သာလာချိန်အထိ ကာကွယ်ဆေးထိုးခြင်းကို ရွှေ့ဆိုင်းသင့်သည်၊ နဂိုနောက်ခံရောဂါရှိနေသော ကလေးများတွင်လည်း လတ်တလောပြင်းထန်ရောဂါလက္ခဏာများ ရှိပါက (ဥပမာ _ အတက်ရောဂါရှိသောကလေးတွင် ဆက်တိုက်တက်နေခြင်း၊ အသိစိတ်ချို့ယွင်းနေခြင်း စသည့် အခြေအနေများ ရှိပါက) ကာကွယ်ဆေးထိုးခြင်းကို ခေတ္တရွှေ့ဆိုင်းသင့်သည်။
သုံးစွဲပုံနည်းလမ်းများ

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို လက်မောင်းအပေါ်ပိုင်းရှိ ကြွက်သားနေရာ (သို့မဟုတ်) ပေါင်ရှိ ကြွက်သားနေရာများတွင် ထိုးနှံနိုင်သည်။ အကောင်းဆုံး ထိုးနှံသင့်သည့်နေရာမှာ လက်မောင်းအပေါ်ပိုင်းရှိ ကြွက်သားနေရာဖြစ်သည်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အကြောအတွင်းသွင်းခြင်း၊ အရေပြားအောက်ရှပ်၍ထိုးခြင်း၊ အရေပြားအောက်အဆီအလွှာအတွင်းထိုးခြင်းများ မပြုလုပ်ရပါ။

ကာကွယ်ဆေးထိုးသင့်သောသူများ

ကမ္ဘာပေါ်ရှိ ကျန်းမာရေးအဖွဲ့အစည်းများနှင့် ကျန်းမာရေးပညာရှင်များမှ အောက်ပါအခြေအနေများတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးရန်နှင့် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဥ်တွင် ထည့်သွင်းရန် သတ်မှတ်ထားသည်။

  • အသက် (၉)နှစ် မှ (၂၅)နှစ်အတွင်းရှိ ဆယ်ကျော်သက်များ၊ လူငယ်များ
  • ကိုယ်ခံအားကျဆင်းနေသူများ
  • လိင်တူဆက်ဆံသူအမျိုးသားများ
  1. ဆယ်ကျော်သက်များ (၉ – ၁၄ နှစ်)
    အသက် (၉) နှစ်မှစတင်၍ ထိုးနှံနိုင်သော်လည်း အဓိကထိုးနှံသင့်သည့် အသက်သည် (၁၁)နှစ် မှ (၁၂)နှစ်အတွင်းဖြစ်သည်။ စုစုပေါင်းထိုးနှံရမည့် အကြိမ်ရေမှာ နှစ်ကြိမ်ဖြစ်သည်။ ဒုတိယအကြိမ် ဆေးထိုးခြင်းကို ပထမအကြိမ်ပြီးနောက် (၆)လ မှ (၁၂)လအတွင်း ထိုးသင့်သည်။ သတိပြုရန်မှာ ကာကွယ်ဆေးနှစ်ကြိမ်ကြားကာလသည် (၅) လအောက် လျော့နည်းပါက တတိယတစ်ကြိမ် ထပ်မံထိုးနှံရန်လိုသည်။
    မြန်မာနိုင်ငံ ကာကွယ်ဆေးထိုးစီမံချက်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ကလေးအသက် (၉) နှစ်နှင့် (၁၀) နှစ်တွင် တစ်ကြိမ်စီ စုစုပေါင်း (၂) ကြိမ်ထိုးနှံပေးသည်။
  2. ဆယ်ကျော်သက်များနှင့် လူငယ်များ (၁၅ – ၂၆ နှစ်)
    အသက် (၁၅) နှစ်အထက်မှ ပထမအကြိမ် စတင်ထိုးနှံပါက စုစုပေါင်း သုံးကြိမ်ထိုးရန် လိုအပ်သည်။
    ဒုတိယအကြိမ်ဆေးထိုးခြင်းကို ပထမအကြိမ်ပြီးနောက် (၁-၂) လအကြာနှင့် တတိယအကြိမ်ဆေးထိုးခြင်းကို ပထမအကြိမ်ပြီးနောက် (၆) လအကြာတွင် ထိုးသင့်သည်။
    သတိပြုရန်မှာ အသက် (၉)နှစ် မှ (၂၆)နှစ်ကြားအတွင်းရှိ ကိုယ်ခံအားကျဆင်းနေသူများ (ဥပမာ _ အိတ်ချ်အိုင်ဗွီပိုးရှိသူများ) တွင် စုစုပေါင်း (၃) ကြိမ် ထိုးနှံသင့်သည်။
  3. လူကြီးများ (၂၇ – ၄၅ နှစ်)
    ယေဘုယျအားဖြင့် အသက် (၂၆) နှစ်အထက် လူကြီးများတွင် ပုံမှန်ကာကွယ်ဆေးထိုးရန် အကြံပြုထားခြင်းမရှိပါ။ သို့သော် မိမိ၏ကျန်းမာရေးအခြေအနေနှင့် ပိုးကူးနိုင်သည့်အခြေအနေပေါ် မူတည်၍ ဆရာဝန်နှင့် တိုင်ပင်၍ လိုအပ်ပါက ထိုးနိုင်သည်။
ကာကွယ်ဆေးမထိုးသင့်သောသူများ
  • ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်ဆေးနှင့် ပြင်းထန်ဓာတ်မတည့်ဖြစ်ဖူးသူများ
  • တဆေး (Yeast) နှင့် ဓာတ်မတည့်သူများ
  • ကိုယ်ဝန်ဆောင်သည်များ
ကာကွယ်ဆေး၏အကျိုးအာနိသင်

သားအိမ်‌ခေါင်းကင်ဆာကာကွယ်ဆေးသည် သတ်မှတ်သည့်အချိန်အတွင်း ထိုးနှံနိုင်ပါက အလွန်ထိရောက်မှုရှိသော ကာကွယ်ဆေးဖြစ်သည်။ ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုး (Human Papillomavirus) ကြောင့်ဖြစ်သော ကင်ဆာများ၏ (၉၀) ရာခိုင်နှုန်းကျော်ကို ကာကွယ်နိုင်စွမ်းရှိသည်။ ကာကွယ်ဆေးထိုးခြင်းကြောင့်

  • လိင်အင်္ဂါကြွက်နို့ဖြစ်ပွါးမှုနှုန်း နည်းလာခြင်း
  • အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် အခြေအနေများကို လျှော့ချနိုင်ခြင်း
  • ကာကွယ်ဆေး၏ ကာကွယ်နိုင်မှုသည် နှစ်ပေါင်းများစွာကြာသည်အထိ ရှိနေခြင်း စသည်တို့တွေ့ရသည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများကို စတင်အသုံးပြုပြီးနောက်ပိုင်းတွင် သားအိမ်ခေါင်းကင်ဆာနှင့် လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေသော ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုးဝင်ခြင်းများသည် အမျိုးသမီးများတွင် (၈၀) ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း တွေ့ရသည်။

ထို့အပြင် ကာကွယ်ဆေးထိုးထားသော အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ဖြစ်ပေါ်မှုကို (၄၀) ရာခိုင်နှုန်း ကျဆင်းသွားစေကြောင်း တွေ့ရသည်။

ဘေးထွက်ဆိုးကျိုးများ

ယေဘုယျအားဖြင့် ပြင်းထန်သောဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လေ့မရှိဘဲ ကာကွယ်ဆေးများ၏ သာမန်ဘေးထွက်ဆိုးကျိုးများသာ ဖြစ်နိုင်ပြီး အများအားဖြင့် (၂) ရက်အတွင်း သက်သာသွားနိုင်သည်။

ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများမှာ_

  • ကာကွယ်ဆေးထိုးထားသောနေရာတွင် နီခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း
  • ဖျားခြင်း၊ ချမ်းတုန်ခြင်း
  • မူးဝေခြင်း၊ မူးမေ့ခြင်း
  • ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း
  • ပျို့ခြင်း
  • ကြွက်သားနာကျင်ခြင်း၊ အရိုးအဆစ်နာကျင်ခြင်း အစရှိသည်တို့ဖြစ်နိုင်သည်။

မူးမေ့ခြင်း၊ မူးမေ့ခြင်းကြောင့်ဖြစ်နိုင်သော ဒဏ်ရာများရရှိခြင်းမှ ကာကွယ်ရန် ကာကွယ်ဆေးထိုးသည့်အချိန်တွင် လှဲလျောင်း၍ သို့မဟုတ် ထိုင်၍ ထိုးသင့်သည်။ ဆေးထိုးပြီးနောက် (၁၅) မိနစ်ခန့်ကြာသည်အထိ စောင့်ကြည့်သင့်သည်။

ကာကွယ်ဆေးထိုးပြီးနောက် နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်းများရှိပါက ဆရာဝန်နှင့် တိုင်ပင်၍ ပါရာစီတမောကဲ့သို့သော အကိုက်အခဲပျောက်ဆေးများပေးနိုင်သည်။ ကာကွယ်ဆေးထိုးထားသည့်နေရာတွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း သက်သာစေရန် အေး၍စိုစွတ်သောအဝတ်ဖြင့် ကပ်ပေးခြင်း၊ ရေခဲဝတ်ကပ်ပေးခြင်း စသည်တို့ ပြုလုပ်ပေးနိုင်သည်။ တစ်ခါကပ်လျှင် (၁၅) မိနစ်ခန့်ဖြင့် တစ်နေ့လျှင် (၃) ကြိမ်ခန့် ကပ်ပေးနိုင်သည်။ အဖျားကြီးခြင်း၊ ဆေးထိုးထားသည့်နေရာတွင် ပြည်ထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း မသက်သာပါက မိသားစုဆရာဝန်ဖြင့် ချက်ခြင်းပြသပါ။

References:

  1. Australian Government Department of Health and Aged Care. (n.d.). Human papillomavirus (HPV). In Australian Immunisation Handbook. Retrieved July 1, 2025, from https://immunisationhandbook.health.gov.au/contents/vaccine-preventable-diseases/human-papillomavirus-hpv
  2. American College of Obstetricians and Gynecologists. (2020). Human papillomavirus vaccination (Committee Opinion No. 809). Retrieved July 1, 2025, from https://www.acog.org/clinical/clinical-guidance/committee-opinion/articles/2020/08/human-papillomavirus-vaccination
  3. Centers for Disease Control and Prevention. (n.d.). HPV vaccines. Retrieved July 1, 2025, from https://www.cdc.gov/hpv/vaccines/index.html
  4. Cleveland Clinic. (n.d.). HPV vaccine. Retrieved July 1, 2025, from https://my.clevelandclinic.org/health/treatments/21613-hpv-vaccine
  5. Williamson, A. L. (2023). Recent developments in human papillomavirus (HPV) vaccinology. Viruses, 15(7), 1440. https://doi.org/10.3390/v15071440
  6. World Health Organization. (n.d.). Human papillomavirus vaccines (HPV). Retrieved July 1, 2025, from https://www.who.int/teams/immunization-vaccines-and-biologicals/diseases/human-papillomavirus-vaccines-(HPV)
  7. World Health Organization. (n.d.). Human papillomavirus (HPV) and cervical cancer. Retrieved July 1, 2025, from https://www.who.int/news-room/fact-sheets/detail/human-papilloma-virus-and-cancer

Published: 20 August 2025

Share

20 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.