ရိုတာဗိုင်းရပ်စ် (Rotavirus) သည် အသက် (၂)နှစ်အောက် ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါကို ဖြစ်စေသော အဓိကပိုးဖြစ်ပြီး မသန့်ရှင်းသော ရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် သာမန်အားဖြင့် တစ်ပတ်အတွင်း သက်သာပျောက်ကင်းနိုင်သော်လည်း အချို့ကလေးများတွင် ရေဓာတ်ဆုံးရှုံး၍ အသက်အန္တရာယ်ဖြစ်သည်အထိ ပြင်းထန်နိုင်သည်။ ဝမ်းပျက်နေစဉ်ကာလတွင် အတက်လက္ခဏာလည်းရှိနိုင်သည်။ ထို့ကြောင့် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးကို တိုက်ကျွေးခြင်းဖြင့် ရောဂါဖြစ်ပွါးမှုနှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ပေးနိုင်သည်။
ကာကွယ်ဆေးအမျိုးအစားများ
ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး အမျိုးအစား (၃) မျိုးရှိသည်။
- RotaShield®
- ယခုလက်ရှိတွင် အသုံးပြုခြင်းမရှိတော့သော ကာကွယ်ဆေးဖြစ်သည်၊ ကာကွယ်ဆေးတိုက်ပြီးချိန်တွင် နောက်ဆက်တွဲပြဿနာအဖြစ် အူစွပ်ခြင်းကို ပို၍တွေ့ရသောကြောင့် စျေးကွက်ထဲမှ ရုတ်သိမ်းခဲ့သည်
- RV5 (RotaTeq) – ၂၀၀၆ ခုနှစ်တွင် စတင်အသုံးပြုသည်
- ဆေးအရည် အဆင်သင့်ပါရှိသော အဖုံးပါသည့် ပလတ်စတစ်ပြွန်အပျော့ပုံစံဖြစ်သည်၊ ကာကွယ်ဆေးကို အနည်းဆုံး (၄-၁၀) ပတ်ခြား၍ (၃) ကြိမ်တိုက်ကျွေးရသည်
- RV1 (Rotarix) – ၂၀၀၈ ခုနှစ်တွင် စတင်အသုံးပြုသည်
- ဆေးအရည် အဆင်သင့်ပါရှိသော ဆေးထိုးပြွန်ပုံစံဖြစ်သည်၊ ကာကွယ်ဆေးကို အနည်းဆုံး (၄) ပတ်ခြား၍ (၂) ကြိမ်တိုက်ကျွေးရသည်
RV5 (RotaTeq) နှင့် RV1 (Rotarix) ဆေး နှစ်မျိုးသည် အူစွပ်ခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာ ဖြစ်ပွါးမှု အလွန်ရှားပါးသည်။
ဆေးသယ်ဆောင်သိမ်းဆည်းပုံ
ကာကွယ်ဆေးများအား သေချာစွာထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်ခြင်းသည် ကာကွယ်ဆေး၏ အာနိသင်အပြည့်အဝ ရရှိရေးအတွက် အလွန်အရေးကြီးသည်။ RV5 (RotaTeq) နှင့် RV1 (Rotarix) ကာကွယ်ဆေးနှစ်မျိုးလုံးကို ရေခဲသေတ္တာအပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်အတွင်း၌ သိမ်းဆည်းထားရမည်။ အေးခဲထားခြင်း မပြုလုပ်ရပါ။ ကာကွယ်ဆေးအား မူလထုပ်ပိုးမှုအတိုင်း သိမ်းဆည်းရမည်။ အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် မထားရပါ။
ကာကွယ်ဆေးများကို ဆေးဘူးပေါ်ရှိ သက်တမ်းကုန်ဆုံးရက်မတိုင်မီ အသုံးပြုရမည်။ ဆေးကိုဖျော်စပ်ရာတွင် မူလထုပ်ပိုးမှုတွင်ပါရှိသည့် ဆေးရည်ဖြင့်သာ ညွှန်ကြားချက်အတိုင်း ရောစပ်ရမည်ဖြစ်သည်။ ဖျော်ပြီးဆေးကို ချက်ချင်း (သို့မဟုတ်) သတ်မှတ်ချိန်အတွင်း အသုံးပြုပါ။ သတ်မှတ်ချိန်ထက်ကျော်လွန်ပါက ဖျော်ပြီးဆေးများကို စွန့်ပစ်ရမည်
ဆေးမတိုက်မီသိရမည့်အချက်များ
ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး ပထမအကြိမ်ကို ကလေးအသက် (၁၅) ပတ်မတိုင်ခင် တိုက်ကျွေးရန် လိုအပ်သည်။ ထို့ပြင် ကာကွယ်ဆေး အကြိမ်အားလုံးကို ကလေးအသက် (၈) လမတိုင်ခင် တိုက်ကျွေးရန် လိုသည်။ ကလေးအသက် (၈) လကျော်မှ တိုက်ကျွေးပါက အူစွပ်ခြင်းကိုပို၍ ဖြစ်ပေါ်စေနိုင်သည်။
သုံးစွဲပုံနည်းလမ်းများ
ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး အမျိုးအစား (၂) မျိုးလုံးသည် အရည်ပုံစံဖြစ်ပြီး ပါးစပ်ထဲသို့ အစက်ချ၍ တိုက်ကျွေးရသော ကာကွယ်ဆေးဖြစ်သည်။ ဗိုးရပ်စ်ပိုးအရှင်၏ အစိတ်အပိုင်းအချို့ကို ပြုပြင်ပြောင်းလဲ၍ ထုတ်လုပ်ထားသော ကာကွယ်ဆေးဖြစ်သည်။
ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်း
ကာကွယ်ဆေးများ ပုံမှန်တိုက်ကျွေးသင့်သော အချိန်ကာလများမှာ_
RV5 (RotaTeq) ဆေးကို
- ကလေးအသက် (၂) လ – ပထမအကြိမ်
- ကလေးအသက် (၄) လ – ဒုတိယအကြိမ်
- ကလေးအသက် (၆) လ – တတိယအကြိမ်
RV1 (Rotarix) ဆေးကို
- ကလေးအသက် (၂) လ – ပထမအကြိမ်
- ကလေးအသက် (၄) လ – ဒုတိယအကြိမ် တိုက်ကျွေးရန် သတ်မှတ်လမ်းညွှန်ထားသည်။
မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဥ်တွင် Rotarix ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေးကို အသက် (၂) လနှင့် (၄) လတွင် အစက်ချတိုက်ကျွေးသည်။
ကာကွယ်ဆေးတိုက်ကျွေးသင့်သောသူများ
အသက် (၁) လခွဲ [၆ ပတ်]မှ အသက် (၆) လ [၂၄ ပတ်] ကြားကလေးများတွင် ကာကွယ်ဆေးတိုက်ကျွေးရန် လိုသည်။ အခြား ကာကွယ်ဆေးထိုးဆေး သို့မဟုတ် သောက်ဆေးများနှင့် တစ်ချိန်တည်း ထိုးနှံတိုက်ကျွေးနိုင်သည်။
ကာကွယ်ဆေးမတိုက်ကျွေးသင့်သောသူများ
- ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေးတစ်ကြိမ်သောက်၍ ပြင်းထန်ဓာတ်မတည့်မှုဖြစ်ဖူးသူများ
- Latex ကဲ့သို့ ရာဘာနှင့် ဓာတ်မတည့်သူများတွင် RV1 (Rotarix) ကိုမသောက်သုံးသင့်ပါ
- RV1 (Rotarix) ဆေး၏ ပါဝင်ပစ္စည်းတွင် Latex ရာဘာပါဝင်ပြီး RV5 (RotaTeq) ဆေးတွင် Latex မပါဝင်ပါ။ မွေးရာပါ ကျောရိုးကွင်းပုံမှန်မဆက်သော ကလေးများ (Spina bifida) နှင့် မွေးရာပါ ဆီးအိမ် ဝမ်းဗိုက်မှ တစ်ပိုင်းတစ်စ အပြင်ထွက်နေသော ကလေးများ (Bladder exstrophy) တွင် Latex ရာဘာနှင့် ဓာတ်မတည့်ခြင်းဖြစ်နိုင်ခြေများသောကြောင့် ထိုကလေးမျိုးတွင် RV5 (RotaTeq) ဆေးကိုသာတိုက်ရန် အကြံပြုထားသည်။
- မွေးရာပါပြင်းထန်ကိုယ်ခံအားနည်းရောဂါရှိသူများ
- အူစွပ်ခြင်းလက္ခဏာဖြစ်ခဲ့သော ရာဇဝင်ရှိသူများ
အောက်ပါအခြေအနေရှိသောကလေးများတွင် ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ ကာကွယ်ဆေးကို တိုက်သင့်သည်။
- စတီးရွိုက်ဆေးဖြင့် ဆေးကုသမှုခံယူနေသောကလေးများ
- ကင်ဆာဆေး သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့် ဆေးကုသမှုခံယူနေသော ကင်ဆာကလေးများ
- လတ်တလော ဝမ်းပျက်ဝမ်းလျှောဖြစ်နေသောကလေးများ၊ အန်နေသောကလေးများ
ကာကွယ်ဆေး၏အကျိုးအာနိသင်
ကလေးအသက်တစ်နှစ်အောက်တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေးကို အကြိမ်ပြည့်တိုက်ကျွေးခြင်းဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် ဆေးရုံတက်ကုသခြင်းကို (၈၅%) မှ (၉၈%) ထိကာကွယ်ပေးသည်။ ထို့ပြင် ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်သော မည်သည့်ရောဂါလက္ခဏာ ပြင်းထန်မှုကိုမဆို (၇၄%) မှ (၈၇%) ထိကာကွယ်ပေးနိုင်သည်။
ဘေးထွက်ဆိုးကျိုးများ
ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး တိုက်ကျွေးပြီးချိန်တွင် ကလေးငယ်တွင်
- မအီမသာဖြစ်ခြင်း
- အန်ခြင်း
- ဝမ်းသွားခြင်း စသည့် မပြင်းထန်သော သာမန်လက္ခဏာများခံစားရတတ်သည်။
သို့သော် အလွန်ရှားပါးသည့် နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်သော အူစွပ်ခြင်းကို ပထမအကြိမ် သို့မဟုတ် ဒုတိယအကြိမ် ကာကွယ်ဆေးတိုက်ကျွေးပြီးနောက် တစ်ပတ်အကြာတွင် ပို၍တွေ့ရတတ်သည်။ ထို့ကြောင့် ဆေးတိုက်ပြီးနောက်ပိုင်း ကလေးသည် ဆက်တိုက်အန်ခြင်း၊ ဆက်တိုက်ညှစ်ငိုခြင်း၊ ဖြူဖျော့သွားခြင်းနှင့် ဝမ်းထဲတွင်သွေးပါခြင်းစသည့် လက္ခဏာများဖြစ်ပေါ်ပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးပြသရန်လိုသည်။
References:
- Rotavirus vaccine recommendations. (2024). Rotavirus. Retrieved November 13, 2024, from https://www.cdc.gov/rotavirus/hcp/vaccine-considerations/index.html
- Rotavirus vaccination. (2024). Rotavirus. Retrieved November 13, 2024, from https://www.cdc.gov/rotavirus/vaccines/index.html#cdc_vaccine_basics_what_avai-available-vaccines
- Storage and handling information for Merck vaccine products. (2024). MerckVaccines.com. Retrieved November 13, 2024, from https://www.merckvaccines.com/help/vaccine-storage-handling/
- Rotarix | European Medicines Agency (EMA). (2009). European Medicines Agency (EMA). Retrieved November 13, 2024, from https://www.ema.europa.eu/en/medicines/human/EPAR/rotarix
Published: 24 April 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.