အရေးပေါ်သန္ဓေတားဆေး (Emergency Contraceptive Pills) ဆိုသည်မှာ ကလေးယူရန်ဆန္ဒမရှိဘဲ အရေးပေါ်သန္ဓေတားရန် လိုအပ်လာသည့် အခြေအနေနှင့် ကြုံတွေ့လာရသည့်အခါ သုံးစွဲရသော သန္ဓေတားဆေးအမျိုးအစားဖြစ်သည်။ အရေးပေါ်သန္ဓေတားဆေးသည် သုံးစွဲသူ၏ မျိုးပွါးနိုင်စွမ်းကို ထိခိုက်ခြင်း၊ နှောင့်နှေးစေခြင်း မရှိပါ။
သုံးစွဲရန်လိုအပ်သော အခြေအနေများ
ကလေးယူရန်ဆန္ဒမရှိဘဲနှင့် အောက်ပါအခြေအနေများ ဖြစ်ပေါ်ခဲ့ပါက အရေးပေါ်သန္ဓေတားဆေးကို သုံးစွဲရန် လိုအပ်သည်။
- ကလေးယူရန်ဆန္ဒမရှိဘဲနှင့် အောက်ပါအခြေအနေများဖြစ်ပေါ်ခဲ့ပါက အရေးပေါ်သန္ဓေတားဆေးကို သုံးစွဲရန် လိုအပ်သည်။
- မည်သည့်သန္ဓေတားနည်းတစ်မျိုးမျိုးကိုမဆို သုံးစွဲထားခြင်းမရှိဘဲ အမျိုးသားတစ်ဦးနှင့် လိင်ဆက်ဆံမှုရှိခဲ့ခြင်း
- လိင်ဆက်ဆံစဥ် အသုံးပြုသော ကွန်ဒုံးပေါက်ပြဲခြင်း
- နေ့စဥ်သောက်သုံးနေကျ သန္ဓေတားဆေးသောက်သုံးရန် မေ့ခဲ့ခြင်း
- (၃) လခံ သန္ဓေတားဆေးကို ပုံမှန်ပြန်ထိုးရမည့်အချိန်တွင် မထိုးခဲ့မိခြင်း
- အလိုမတူဘဲ လိင်ဆက်ဆံမှုရှိခဲ့ခြင်း
သုံးစွဲရန်မသင့်သော အခြေအနေများ
အရေးပေါ်သန္ဓေတားဆေးသည် အရေးပေါ်အခြေအနေနှင့် ကြုံတွေ့လာရသည့်အခါ သုံးစွဲရန် ရည်ညွှန်းထားခြင်းဖြစ်သည့်အတွက် ပုံမှန်သန္ဓေတားဆေးအဖြစ် အသုံးပြုရန်မသင့်ပါ။
အရေးပေါ်သန္ဓေတားဆေးအမျိုးအစားများ
သန္ဓေတားဆေးများသည် အမျိုးသမီးများ သားဥကြွေခြင်းဖြစ်စဥ်ကို နှောင့်နှေးစေခြင်းဖြင့် ကိုယ်ဝန်မရအောင် တားဆီးပေးသည်။ အရေးပေါ်သန္ဓေတားဆေး (၂) မျိုးရှိသည်။
- လီဗိုနိုဂျက်စထွေး (levonorgestrel) ဟုခေါ်သော ပရိုဂျက်စတင် (Progestin) ဟော်မုန်း (၁.၅) မီလီဂရမ်ပါဝင်သော အရေးပေါ် သန္ဓေတားဆေး
- ယူလီပရစ်စတဲလ် (Ulipristal) (၃၀)မီလီဂရမ် ပါဝင်သော အရေးပေါ် သန္ဓေတားဆေး
အခြားသောအရေးပေါ်သန္ဓေတားနည်းများ
- ကြေးနီ (copper) ပါဝင်သော သားအိမ်ထဲထည့် သန္ဓေတားပစ္စည်း
- လီဗိုနိုဂျက်စထွေး (levonorgestrel) ဟော်မုန်းပါဝင်သော သားအိမ်ထဲထည့် သန္ဓေတားပစ္စည်း အစရှိသော သန္ဓေတားပစ္စည်းများကို အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုပြီးနောက် (၁၂၀) နာရီအတွင်း သားအိမ်ထဲထည့်သွင်းခြင်းဖြင့် ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်သည်။
သုံးစွဲပုံနည်းလမ်းများ
- လီဗိုနိုဂျက်စထွေး (levonorgestrel) (၁.၅) မီလီဂရမ် ပါဝင်သော အရေးပေါ်သန္ဓေတားဆေးကို အာနိသင်အပြည့်အဝရစေရန် အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုပြီးနောက် တတ်နိုင်သမျှ ဆောလျင်စွာ သောက်သုံးပေးရသည်၊ လိင်ဆက်ဆံမှုပြုပြီး (၇၂) နာရီကျော်လွန်မှ သောက်သုံးခြင်းမပြုရပါ၊ အကယ်၍ လီဗိုနိုဂျက်စထွေး (levonorgestrel) (၀.၇၅) မီလီဂရမ်ပါသော ဆေး (၂) လုံး ဖြစ်ပါက ပထမတစ်လုံးသောက်ပြီး (၁၂) နာရီကြာလျှင် နောက်တစ်လုံးကို သောက်သုံးပေးရသည်၊ သောက်သုံးပြီး (၂) နာရီအတွင်း အန်လျှင် နောက်တစ်ကြိမ် ထပ်သောက်ပေးရမည်၊ လိုအပ်ပါက အအန်သက်သာစေသည့်ဆေးနှင့် တွဲ၍သောက်သုံးနိုင်သည်
- ယူလီပရစ်စတဲလ် (Ulipristal) ပါဝင်သော အရေးပေါ် သန္ဓေတားဆေးကို အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုပြီးနောက် (၁၂၀) နာရီအတွင်း သောက်သုံးနိုင်သည်၊ ထို့နောက်မှ သောက်သုံးမိပါက ကိုယ်ဝန်မရအောင် ကာကွယ်နိုင်သောအာနိသင်များ လျော့နည်းနေမည်ကို သတိပြုသင့်သည်
- အကယ်၍ အထက်ပါဆေးများ အချိန်မီမရရှိနိုင်ပါက ပုံမှန်သောက်နေကျ ဟော်မုန်း (၂) မျိုး ပါဝင်သော ကိုယ်ဝန်တားဆေးကတ် (Combined birth control pills) ကို အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုပြီးနောက် (၁၂၀) နာရီအတွင်း အရေးပေါ်သန္ဓေတားဆေးအနေဖြင့် သုံးစွဲနိုင်သည်၊ ဟော်မုန်း (၂) မျိုး ပါဝင်သော ကိုယ်ဝန်တားဆေးကတ် (combined birth control pills) အမျိုးအစားများ အမျိုးမျိုးရှိသည့်အတွက်ကြောင့် ဆေးမည်မျှသောက်ရမည်ကို မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် တိုင်ပင်သင့်သည်
ဆေးသောက်ပြီးနောက် ပုံမှန်သားဆက်ခြားရန် ပြန်လည်စတင်ခြင်း
- အရေးပေါ်ဆေး သောက်ပြီးနောက် ပုံမှန်သားဆက်ခြားရန် သန္ဓေတားနည်း (နေ့စဉ်သောက်ဆေး၊ ထိုးဆေး၊ ထည့်သွင်းပစ္စည်းများ) ကို ပြန်လည်စတင်သည့်အခါ အောက်ပါအတိုင်း ဆောင်ရွက်သင့်သည်။
- Levonorgestrel (LNG) သောက်ပြီးပါက – ပုံမှန် ဟော်မုန်းပါဝင်သော သန္ဓေတားနည်းများကို ချက်ချင်းပြန်လည် စတင်နိုင်သည်
- Ulipristal Acetate (UPA) သောက်ပြီးပါက – UPA သည် အခြားဟော်မုန်းများကို ထိခိုက်စေနိုင်သောကြောင့် ဟော်မုန်းပါဝင်သော တားဆေးများကို (၅) ရက်ခန့် ကြာပြီးနောက်မှသာ ပြန်လည်စတင်ရန် အကြံပြုသည်။ ၎င်းကြားကာလတွင် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်း သို့မဟုတ် ကွန်ဒုံးအသုံးပြုသင့်သည်
နောက်ဆက်တွဲဆိုးကျိုးများ
အမျိုးသမီးအများစုသည် အရေးပေါ်သန္ဓေတားဆေး သောက်သုံးသည့်အခါ နောက်ဆက်တွဲ ဆိုးကျိုးများ ဆိုးဆိုးရွားရွား ခံစားရခြင်းမရှိပါ။
- ရာသီသွေးပေါ်မည့်ရက် ရွှေ့သွားခြင်း (ပုံမှန်ထက် စောခြင်း သို့မဟုတ် နောက်ကျခြင်း ရှိတတ်သည်)
- မိန်းမကိုယ်မှ သွေးအနည်းငယ်ဆင်းနိုင်ခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- နွမ်းနယ်ခြင်း
- ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း
- ရင်သားတင်းခြင်း အစရှိသော လက္ခဏာအနည်းငယ်သာ ခံစားရနိုင်သည်။
သတိပြုသင့်သည့်အချက်များ
- အရေးပေါ်သန္ဓေတားဆေးကို သောက်သုံးရန် အကြိမ်အရေအတွက် ကန့်သတ်ထားခြင်း မရှိသော်လည်း ပုံမှန်သန္ဓေတားရန်အတွက် အသုံးမပြုသင့်ပါ
- အရေးပေါ်သန္ဓေတားဆေးသည် ကလေးယူရန်ဆန္ဒမရှိဘဲ အရေးပေါ်သန္ဓေတားရန် လိုအပ်လာသည့် အခြေအနေနှင့် ကြုံတွေ့လာရသည့်အခါမှသာ သောက်သုံးသင့်သည်
- အရေးပေါ်သန္ဓေတားဆေးသည် သတ်မှတ်ထားသောအချိန်အတွင်း အသုံးပြုလျှင် ကိုယ်ဝန်မရအောင် ကာကွယ်နိုင်မှု အလွန်များသော်လည်း သုံးစွဲသည့်အချိန်နှင့် မိမိ၏ ရာသီစက်ဝန်း (menstrual cycle) ရောက်ရှိနေမှုပေါ်မူတည်ပြီး အာနိသင်လျော့တတ်သည်ကို သတိပြုရန် လိုအပ်သည်
- သို့ဖြစ်ပါ၍ မိမိမျှော်မှန်းထားသော ရာသီသွေးပေါ်ရက်ထက် တစ်ပတ်ကျော်လျှင် ကိုယ်ဝန် ရှိမရှိ စစ်ဆေးသင့်သည်
- အရေးပေါ်သန္ဓေတားဆေးသည် လိင်ဆက်ဆံခြင်းနှင့်ပတ်သက်၍ ကူးစက်နိုင်သောရောဂါများကို မကာကွယ်နိုင်ပါ
- ခန္ဓာကိုယ်အလေးချိန်ပုံမှန်ထက်များသောသူများ (Higher BMI) သည် အရေးပေါ်သန္ဓေတားရန် အရေးပေါ်သန္ဓေတားဆေး အသုံးပြုမည်ဆိုလျှင် ဆေး၏ အာနိသင်လျော့နိုင်သည်၊ ထိုသူများတွင် အရေးပေါ်တားဆေးအနေဖြင့် သားအိမ်ထဲထည့် ပစ္စည်းသုံးစွဲမည်ဆိုပါက ကိုယ်ဝန်မရအောင် ကာကွယ်နိုင်သည့်အာနိသင် အလွန်ထိရောက်သည်
References:
- Cleveland Clinic. (2024). Morning-after pill. Retrieved November 16, 2025, from https://my.clevelandclinic.org/health/treatments/23386-morning-after-pill
- World Health Organization. (2021). Emergency contraception [Fact sheet]. Retrieved November 16, 2025, from https://www.who.int/news-room/fact-sheets/detail/emergency-contraception
Published: 23 November 2024
Last updated: 9 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.