လူတိုင်း နှာစေး၊ နှာခေါင်းပိတ်ခြင်းကို ကြုံတွေ့ဖူးကြသည်။ ဓာတ်မတည့်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ လေထုညစ်ညမ်းမှု၊ ပတ်ဝန်းကျင် အပူချိန်ပြောင်းလဲမှုစသည့် အကြောင်းရင်းမျိုးစုံကြောင့် နှာခေါင်းအတွင်းရှိ တစ်ရှူးများ၊ သွေးကြောများ ရောင်ရမ်းခြင်း၊ အကျိအချွဲများထွက်ခြင်းကြောင့် နှာခေါင်းပိတ်၊ နှာစေးခြင်းဝေဒနာကို ခံစားရသည်။ ကလေးငယ်များတွင် ပို၍အဖြစ်များသည်။ ရောဂါလက္ခဏာအနေဖြင့် အလွန်အမင်း ပြင်းထန်လေ့မရှိသော်လည်း အထူးသဖြင့် အသက်တစ်နှစ်အောက်ကလေးများတွင် ဖြစ်ပွါးလျှင် မအီမသာဖြစ်ခြင်း၊ အသက်ရှူခက်ခြင်း၊ နို့ကောင်းစွာမစို့နိုင်ခြင်း၊ မအိပ်နိုင်ခြင်း၊ ဂျီကျခြင်း စသည်တို့ ခံစားရလေ့ရှိသည်။ ဤအခြေအနေတွင် နှာခေါင်းပိတ်ခြင်း အမြန်သက်သာစေရန် နှာခေါင်းတွင်းသို့ တိုက်ရိုက်ဆေးထည့်၊ ဆေးဖျန်းခြင်း ပြုလုပ်ကြသည်။
သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
နှာခေါင်းတွင်းထည့်ဆေးများကို အဓိကအားဖြင့် နှာစေး၊ နှာခေါင်းပိတ်ခြင်းတွင် အသုံးပြုသည်။ နှာခေါင်းခြောက်ခြင်း၊ နှာခေါင်းသွေးထွက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်းစသည့် အခြေအနေများတွင်လည်း အသုံးပြုသည်။
နှာခေါင်းတွင်း အစက်ချဆေး၊ ဖျန်းဆေး အမျိုးအစားများ
- ဆားရည် (Normal saline)
- ဟစ်စ်တမင်းဆန့်ကျင်ဆေး (Antihistamine)
- Cromolyn sodium ဖျန်းဆေး
- Ipratropium ဖျန်းဆေး
- နှာပွင့်ဆေး (Nasal decongestant)
- စတီးရွိုက်ဆေး (Steroid)
ဆားရည်အစက်ချဆေး၊ ဖျန်းဆေး (Normal saline nasal drops or sprays)
ရေနှင့် ဆားဓာတ်များ အချိုးကျပါဝင်သော ဓာတ်ဆားရည်တစ်မျိုးဖြစ်သည်။ နှာခေါင်းအတွင်း အစိုဓာတ်ပေးခြင်း၊ ပျစ်ခဲနေသော အကျိအချွဲများကို ကျဲစေခြင်း၊ လျော့ပါးစေခြင်း၊ ဓာတ်မတည့်မှု ဖြစ်စေသည့်အရာများ၊ ယားယံစေသည့်အရာများ၊ အချို့သောပိုးမွှားများကို ရှင်းထုတ်ပေးခြင်း၊ နှာခေါင်းတွင်းနံရံများကို ချောမွတ်စေခြင်းဖြင့် နှာစေး၊ နှာခေါင်းပိတ်ခြင်းကို သက်သာစေသည်။ အမျိုးမျိုးသော နှာစေး၊ နှာခေါင်းပိတ်ခြင်းများတွင် အသုံးပြုနိုင်သည့်အပြင် မျက်စိနီခြင်း၊ မျက်လုံးခြောက်ခြင်း၊ အနာသန့်စင်ခြင်းများတွင်ပါ အသုံးပြုနိုင်သည်။
ဆားရည်အစက်ချဆေး၊ ဖျန်းဆေးများကို ကလေး လူကြီး အသက်အရွယ်မရွေး အသုံးပြုနိုင်သည်။ ဆရာဝန်ဆေးညွှန်းမလိုအပ်ဘဲ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်သည်။ ဆားဓာတ် ပုံမှန်ပမာဏပါသော ဆေးရည်နှင့် ဆားဓာတ် အမြောက်အများပါသော ဆေးရည်ဟူ၍ရှိသည်။ ဆားဓာတ်များသော ဆေးရည်သည် ဝေဒနာကို ပို၍သက်သာစေနိုင်သော်လည်း ပူခြင်း၊ စပ်ခြင်း စသည့် လက္ခဏာများ ပိုမိုများပြားနိုင်သည်။ ထိုသို့ဖြစ်လျှင် ဆားဓာတ်ပါဝင်မှုနည်းသော နှာခေါင်းထည့်ဆေးကို အသုံးပြုရသည်။
နှာခေါင်းတွင်းထည့် ဆားရည်ကို အချိန်အခါမရွေးအသုံးပြုနိုင်ပြီး အခြားနှာခေါင်းထည့်ဆေးများ မထည့်မီ နှာခေါင်းအတွင်းရှိ အကျိအချွဲများကို ဖယ်ရှားရန်အတွက်လည်း ဆားရည်အစက်ချဆေးများကို ဦးစွာထည့်သွင်း အသုံးပြုတတ်သည်။
နှာခေါင်းအစက်ချဆားရည် သို့မဟုတ် ဖျန်းဆေးများသည် နောက်ဆက်တွဲဆိုးကျိုးဖြစ်မှု မရှိပါ။ အချို့တွင် တစ်ခါတစ်ရံ နှာခေါင်းစပ်ခြင်း၊ ပူခြင်း၊ ယားယံခြင်းများဖြစ်နိုင်ပြီး ဆက်လက်သုံးစွဲရာတွင် ပျောက်ကင်းသွားတတ်သည်။ အကယ်၍ လက္ခဏာ တစ်စုံတစ်ရာ ခံစားရလျှင် သို့မဟုတ် သံသယရှိလျှင် သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ပြသရမည်။
ဟစ်စ်တမင်းဆန့်ကျင်ဆေး ဖျန်းဆေး (Antihistamine nasal sprays)
ဤဖျန်းဆေးများသည် နှာခေါင်းတွင်း၌ ဟစ်စ်တမင်းဓာတ်၏ အာနိသင်ကို ပိတ်ဆို့ဆန့်ကျင်ခြင်းအားဖြင့် ရောင်ရမ်းခြင်း၊ အကျိအချွဲထွက်ခြင်းများကို လျော့ကျစေသည်။ ဓာတ်မတည့်ခြင်း သို့မဟုတ် အခြားသော အကြောင်းရင်းများကြောင့်ဖြစ်သော နှာခေါင်းယားခြင်း၊ နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ နှာခေါင်းပိတ်ခြင်းများတွင် အသုံးပြုသည်။ အဓိကအားဖြင့် Azelastine ပါသော ဖျန်းဆေးများကို အသုံးများသည်။ အခြားဟစ်စ်တမင်းဆန့်ကျင်ဆေး သောက်ဆေးများနှင့်ယှဥ်လျှင် ဤဖျန်းဆေးများသည် အိပ်ငိုက်ခြင်း၊ မှိန်းခြင်း အလွန်နည်းသော်လည်း အချို့တွင်မူ အနည်းငယ် အိပ်ငိုက်ခြင်း ဖြစ်နိုင်သည်။ နှာခေါင်းဖျန်းဆေးအနေဖြင့်သာ အသုံးပြုပြီး ပါးစပ်အတွင်း ဖြန်းမိခြင်း၊ မျိုချမိခြင်း၊ မျက်စိအတွင်းသို့ဝင်ခြင်း စသည်တို့ မဖြစ်စေရန် ဂရုပြုသင့်သည်။ ထို့ပြင် အသက် (၆) နှစ်အောက် ကလေးများတွင် အသုံးမပြုသင့်ကြောင်း ဖော်ပြထားသည်။
ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများမှာ_
- နှာခေါင်း ပူခြင်း၊ စပ်ခြင်း
- နှာချေခြင်း
- ပါးစပ်ခါးခြင်း၊ ခံတွင်းခြောက်ခြင်း
- လည်ပင်းနာခြင်း
- ပျို့ခြင်း၊ မူးခြင်း
- ဝမ်းဗိုက်မအီမသာဖြစ်ခြင်း စသည်တို့ဖြစ်သည်။
Cromolyn sodium ဖျန်းဆေး
ဤဖျန်းဆေးများသည် ခန္ဓာကိုယ်မှ ဟစ်စ်တမင်းထုတ်လွှတ်ခြင်းကို တားဆီးခြင်းဖြင့် နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်းပိတ်ခြင်းများကို သက်သာစေသည်။ ၎င်းတို့၏အာနိသင်ကို အချို့တွင် မိနစ် (၃၀) အတွင်းရရှိသော်လည်း အများစုတွင် အထိရောက်ဆုံး အာနိသင်ရရှိရန် (၂) ပတ်ကြာမျှ အသုံးပြုရသည်။ စတီးရွိုက်ဖျန်းဆေးများနှင့်ယှဥ်လျှင် အာနိသင် လျော့နည်းသည်။ ပန်းနာရင်ကျပ်ရောဂါ၊ ကျောက်ကပ်၊ အသည်းရောဂါများ၊ နှာခေါင်းတွင်း အဖုအကျိတ်များရှိခြင်း၊ ကိုယ်ဝန်ဆောင်နေခြင်း၊ မိခင်နို့တိုက်ကျွေးခြင်းများရှိလျှင် ဆေးအသုံးပြုပါက နောက်ဆက်တွဲဆိုးကျိုးများစွာ ရှိနိုင်သဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ သုံးစွဲသင့်သည်။ မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများအနေနှင့် နှာခေါင်းခြောက်ခြင်း၊ ယားယံခြင်း၊ နှာချေခြင်း၊ ပျို့ခြင်း၊ ခေါင်းကိုက်ခြင်းများ ဖြစ်နိုင်သည်။ ပါးစပ်နှင့် မျက်စိများအတွင်းသို့ မဖြန်းမိစေရန် သတိပြုသင့်ပြီး၊ အသက် (၅) နှစ်အထက် ကလေးများတွင်သာ အသုံးပြုသင့်ကြောင်း ဖော်ပြထားသည်။
Ipratropium ဖျန်းဆေး
ဤဖျန်းဆေးများသည် နှာခေါင်းတွင်း အကျိအချွဲများ လျော့ကျစေခြင်းဖြင့် နှာခေါင်းပိတ်ခြင်း သက်သာစေသည်။ သို့သော် နှာခေါင်းတွင်း ရောင်ရမ်းခြင်း၊ နှာချေခြင်းများကို များစွာသက်သာစေနိုင်ခြင်း မရှိပါ။ မျက်စိအတွင်းတိမ်ရောဂါ၊ ဆီးအိမ်နှင့် ဆီးကျိတ်ရောဂါများ ရှိလျှင် သို့မဟုတ် ကိုယ်ဝန်ဆောင်နေခြင်း၊ မိခင်နို့တိုက်ကျွေးနေခြင်းဖြစ်လျှင် သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ပြသပြီးမှသာ သုံးစွဲရမည်။ ပါးစပ်နှင့် မျက်စိများအတွင်းသို့ မဖြန်းမိစေရန်လည်း သတိပြုသင့်သည်။ ရာသီတုပ်ကွေးဖြစ်ပွါးပါက အများဆုံး (၄) ရက်ထိသာ အသုံးပြုသင့်ပြီး ဓာတ်မတည့်ခြင်းများအတွက် အသုံးပြုပါက (၃) ပတ်ခန့် အသုံးပြုနိုင်သည်။ Ipratropium 0.06% ပါဝင်သော ဆေးကို အသက် (၅) နှစ်အထက် ကလေးများတွင် အသုံးပြုသင့်ပြီး 0.03% ပါဝင်သော ဆေးကို အသက် (၆) နှစ်အထက်မှ စတင်အသုံးပြုသင့်သည်။
နှာပွင့်ဆေး (Nasal decongestant)
ပြင်ပမှ လှုံ့ဆော်မှု သို့မဟုတ် ပိုးမွှားများဝင်ရောက်မှု စသည်တို့ကို ခန္ဓာကိုယ်မှတုံ့ပြန်ရာတွင် နှာခေါင်းတွင်းရှိ သွေးကြောများ၊ တစ်ရှူးများ ရောင်ရမ်းဖောင်းကြွလာသည်။ နှာပွင့်ဆေးများသည် နှာခေါင်းအတွင်းရှိ သွေးကြောများကို ကျဥ်းစေခြင်းဖြင့် ရောင်ရမ်းခြင်းလျော့ကျစေကာ နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်းပိတ်ခြင်းများ သက်သာစေသည်။ နှာပွင့်ဆေးများကို ဆေးလုံး၊ ဆေးရည်၊ နှာခေါင်းအစက်ချဆေး၊ ဖျန်းဆေးစသည့် ပုံစံအမျိုးမျိုးဖြင့် သုံးစွဲနိုင်သည်။ နှာပွင့်အစက်ချဆေး၊ ဖျန်းဆေးများသည် ပိုမိုလျင်မြန်စွာ အာနိသင်ပြနိုင်သည်။ နှာပွင့်ဆေးများသည် ရောဂါလက္ခဏာများကို ယာယီသက်သာစေခြင်းဖြစ်ပြီး လုံးဝပျောက်ကင်းသွားစေခြင်း မဟုတ်ပါ။
Pseudoephedrineနှင့် Oxymetazoline ဆေးများကို အဓိကအားဖြင့် အများဆုံး အသုံးပြုသည်။ နှာပွင့်ဆေးအများစုသည် ကိုယ်ပူကျဆေး၊ ဟစ်စ်တမင်း ဆန့်ကျင်ဆေးများစသော ဆေးဝါးများနှင့် ပေါင်းစပ်ထုတ်လုပ်လေ့ရှိသည်။ ထို့ကြောင့် နာမည်မတူသော အဆိုပါပေါင်းစပ်ဆေးဝါးအမျိုးမျိုးကို အချိန်တိုအတွင်း များစွာသောက်သုံးမိလျှင် ခန္ဓာကိုယ်အတွင်း နှာပွင့်ဆေးများ ပမာဏ အလွန်များပြားစုဝေးလာပြီး ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည်။
နှာပွင့်ဆေးများမသုံးစွဲမီ မျက်စိအတွင်းတိမ်၊ ဆီးချို၊ နှလုံး၊ ဆီးကျိတ်၊ သိုင်းရွိုက်ရောဂါများရှိလျှင်၊ ကိုယ်ဝန်ဆောင်ခြင်း၊ မိခင်နို့တိုက်ကျွေးနေခြင်းများဖြစ်လျှင် သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်၍ အသုံးပြုရမည်။
နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ပျို့ခြင်း၊ မူးခြင်း၊ အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းမှသည် ရင်တုန်ခြင်း၊ သွေးပေါင်တက်ခြင်းများအထိ ဖြစ်နိုင်သည်။ အများအားဖြင့် သောက်ဆေးများတွင် ပိုမိုတွေ့ရှိရသည်။
နှာပွင့်ဆေး အစက်ချဆေး၊ ဖျန်းဆေးများကို ညွှန်ကြားထားသည့်ရက်နှင့် ပမာဏထက် (အများအားဖြင့် တစ်ပတ်ထက်) ကျော်လွန်၍ မသုံးစွဲသင့်ပါ။ ကြာရှည်စွာ သုံးစွဲလျှင် နှာခေါင်းပိတ်ခြင်း မသက်သာဘဲ နှာခေါင်းတွင်း ရောင်ရမ်းမှု ပြန်ကြွခြင်း (Rhinitis medicamentosa) ပြန်ဖြစ်နိုင်သည်။ ဤသို့နှာခေါင်းတွင်းထည့် နှာပွင့်ဆေးများ သုံးစွဲနေသော်လည်း မသက်သာလျှင်၊ ပိုဆိုးနေလျှင် သက်ဆိုင်ရာဆရာဝန်နှင့် ပြသကုသမှု ခံယူရမည်။ အထူးသဖြင့် ကလေးများတွင် နှာပွင့်ဆေး အစက်ချဆေး၊ ဖျန်းဆေးများကို မိမိဘာသာ အသုံးပြုပေးခြင်းများ ရှောင်ကြဉ်ရမည်။ အသက် (၆) နှစ်အောက် ကလေးများတွင် အသုံးမပြုသင့်သည့်အပြင် (၆)နှစ် မှ (၁၁) နှစ်အထိ ကလေးများတွင် ငါးရက်ထက်ပို၍ မသုံးစွဲသင့်ကြောင်း ဖော်ပြထားသည်။
စတီးရွိုက်ဆေး (Steroid)
စတီးရွိုက် နှာခေါင်းအစက်ချဆေး၊ ဖျန်းဆေးများကို ဓာတ်မတည့်ခြင်းကြောင့် သို့မဟုတ် အခြားအကြောင်းများကြောင့် ဖြစ်သော နှာချေခြင်း၊ နှာစေးခြင်း၊ နှာခေါင်း၊ မျက်စိယားယံခြင်း၊ မျက်ရည်ကျခြင်း၊ နှာရည်ကျခြင်းများတွင် ဆရာဝန်၏ညွှန်ကြားချက်အတိုင်း အသုံးပြုရသည်။ ပန်းဝတ်မှုန်ရင်ကျပ်ရောဂါ (Hay fever)၊ ထိပ်ကပ်နာ၊ နှာခေါင်းတွင်း အဖုအကျိတ်ဖြစ်ခြင်းစသည့် ရောဂါအခြေအနေများတွင်လည်း အသုံးပြုသည်။
အသုံးများသောဆေးများမှာ_
- Beclomethasone
- Budesonide
- Fluticasone
- Mometasone ဖျန်းဆေးများဖြစ်သည်။
စတီးရွိုက် နှာခေါင်းအစက်ချဆေး၊ ဖျန်းဆေးများကို နှာခေါင်းပိတ်၊ နှာစေးခြင်း အမြန်သက်သာစေရန်သာမက လိုအပ်လျှင် လပေါင်းများစွာကြာအောင် ရေရှည်သုံးစွဲရသည်။
အကယ်၍
- မျက်စိအတွင်းတိမ်နှင့် အမြင်အာရုံပြဿနာများ
- တီဘီ၊ ရေယုန်၊ မှိုစွဲခြင်းများ
- မကြာသေးမီက နှာခေါင်းနှင့် လေခိုအိတ်များတွင် ခွဲစိတ်မှု ပြုလုပ်ထားခြင်းများ
- ကိုယ်ဝန်ဆောင်ခြင်း၊ မိခင်နို့တိုက်နေခြင်းများရှိလျှင် သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်၍ အသုံးပြုရမည်
- ကလေးများတွင် အများအားဖြင့် အသက် (၄) နှစ်အထက်တွင်မှ စတင်သုံးစွဲရန် အကြံပြုထားသည်
ယေဘုယျအားဖြင့် စတီးရွိုက် နှာခေါင်းဖျန်းဆေးများသည် ၎င်းသောက်ဆေးများနှင့် နှိုင်းယှဥ်လျှင် ပြင်းထန်သည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွါးမှု နည်းပါးသည်။ ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများမှာ_
- နှာခေါင်း နာခြင်း၊ ပူခြင်း၊ စူးခြင်း
- နှာခေါင်း ခြောက်ခြင်း၊ အဖတ်အမြှေး ကွာခြင်း
- နှာခေါင်းယားခြင်း၊ နှာခေါင်းသွေးယိုခြင်း
- ပါးစပ်ထဲတွင် မကောင်းသော အရသာခံစားရခြင်း
- လည်ပင်းခြောက်ခြင်း၊ ယားယံခြင်း
- အသံပြောင်းခြင်း
- တစ်ခါတစ်ရံ မှိုစွဲခြင်းစသည်တို့ ဖြစ်သည်။ ဆေးပမာဏများများကို ရေရှည်သုံးစွဲလျှင် သောက်ဆေးများကဲ့သို့ ဘေးထွက်ဆိုးကျိုးအချို့ဖြစ်ပွါးနိုင်သည်။
အသုံးပြုပုံ
နှာခေါင်းတွင်းထည့်ဆေးရည် အစက်ချဆေး၊ ဖျန်းဆေးများ အသုံးပြုရာတွင် နှာခေါင်းတွင်း လမ်းကြောင်းပွင့်စေရန် အရည်၊ အကျိအချွဲများကို ရနိုင်သမျှ ညှစ်ထုတ်ခြင်း၊ လက်ကို သေချာစွာဆေးခြင်း၊ လိုအပ်ပါက ဆေးရည်ဘူးကို ကောင်းစွာလှုပ်ခါခြင်းများ ပြုလုပ်ရမည်။ ထိုင်လျက် သို့မဟုတ် အိပ်လျက်ဖြင့် နှာခေါင်းနောက်အထိ ဆေးရည်ဝင်ရောက်နိုင်မည့် အနေအထားတွင် ထည့်သွင်းသည်။
- ဆေးရည်ဘူးအဖုံးကိုချွတ်၍ ထည့်မည့်ဖက် နှာခေါင်းဝတွင် ဆေးဘူးအဝကို နှာခေါင်းအတွင်းပိုင်းသို့ ဦးတည်ကာ ထည့်သွင်းသည်
- အခြားနှာခေါင်းတစ်ဖက်ကို ပိတ်ထားပြီး ပုံမှန်အသက်ရှူလျက်အနေအထားဖြင့် ဆေးရည်ကို အစက်ချခြင်း၊ ဖျန်းခြင်း ပြုလုပ်သည်၊ ရှိုက်၍ရှူသွင်းခြင်း မပြုရပါ
- ထို့နောက် အခြားတစ်ဖက်ကိုလည်း အလားတူ ထည့်သွင်းသည်
- ထည့်သွင်းပြီးသည်နှင့် နှာညှစ်ထုတ်ခြင်းများ မပြုလုပ်ရပါ
ကလေးငယ်များတွင် ဆားရည်အစက်ချရာတွင်မူ လက်ဆေးခြင်း၊ နှာညှစ်ထုတ်ပေးခြင်းများအပြင်
- ကလေးကို ပက်လက် သို့မဟုတ် ဘေးအနည်းငယ်စောင်း၍ ထားနိုင်သည်၊ လိုအပ်ပါက နောက်တစ်ဦးမှ ကူညီ၍ ခေါင်းကိုထိန်းပေးရမည်
- ကလေးနှာခေါင်းနှင့် ဆေးဘူး တေ့ထိရန် မလိုအပ်ပါ
- တစ်ဖက်လျှင် (၂)စက် မှ (၅)စက်အထိ ထည့်ပေးနိုင်သည်
- ပြီးလျှင် အချိန်အနည်းငယ်စောင့်၍ ပျော်ထွက်လာသော နှာရည်အညစ်အကြေးများကို သန့်ရှင်းပေးရမည်၊ လိုအပ်ပါက စုပ်ပြွန် သို့မဟုတ် ဘောလုံးဖြင့် ညင်သာစွာ စုပ်ထုတ်ပေးနိုင်သည်
- နှာခေါင်းတစ်ဖက်စီကို ပြုလုပ်ပေးရမည်
ကလေးနို့မစို့ခင်၊ အစာမစားခင်၊ မအိပ်ခင်တွင် ပြုလုပ်ပေးသင့်သည်။ ပါးစပ်အတွင်းရောက်ရှိ၍ မျိုချမိလျှင်လည်း ပြဿနာတစ်စုံတစ်ခုမဖြစ်နိုင်ချေ။ တစ်ခါတစ်ရံတွင် ကလေးငယ်သည် ချောင်းအနည်းငယ် ဆိုးတတ်သည်၊ ထောင်လျက်ချီထားခြင်းဖြင့် သက်သာစေနိုင်သည်၊ စိုးရိမ်ရန်မလိုပါ။
ဆားရည်အစက်ချဆေး၊ ဖျန်းဆေးများမှလွဲ၍ ကျန်ဆေးများကို သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်သည်။
References:
- American Academy of Allergy, Asthma & Immunology. (n.d.). Nasal sprays. Retrieved November 5, 2025, from https://www.aaaai.org/tools-for-the-public/drug-guide/nasal-sprays
- Cleveland Clinic. (n.d.). Cromolyn nasal spray. Retrieved November 5, 2025, from https://my.clevelandclinic.org/health/drugs/18387-cromolyn-nasal-spray
- Cleveland Clinic. (n.d.). Ipratropium nasal spray. Retrieved November 5, 2025, from https://my.clevelandclinic.org/health/drugs/20227-ipratropium-nasal-spray
- Cleveland Clinic. (n.d.). Nasal decongestant. Retrieved November 5, 2025, from https://my.clevelandclinic.org/health/drugs/24923-nasal-decongestant
- MedlinePlus. (n.d.). Ipratropium bromide nasal. Retrieved November 5, 2025, from https://medlineplus.gov/druginfo/meds/a697014.html
- Mayo Clinic Health System. (n.d.). Nasal congestion treatment and conditions. Retrieved November 5, 2025, from https://www.mayoclinichealthsystem.org/locations/la-crosse/services-and-treatments/otorhinolaryngology/nose-conditions-and-treatment/nasal-congestion
- National Health Service (NHS). (n.d.). Steroids. Retrieved November 5, 2025, from https://www.nhs.uk/medicines/steroids/
- Patient.info. (n.d.). Steroid nasal sprays. Retrieved November 5, 2025, from https://patient.info/treatment-medication/steroids/steroid-nasal-sprays
- WebMD. (n.d.). Saline spray for allergies. Retrieved November 5, 2025, from https://www.webmd.com/allergies/saline-spray
Published: 23 November 2024
Last updated: 9 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.