သန်ကောင်၊ တုတ်ကောင်တွယ်ခြင်းသည် အလွန်အဖြစ်များသော ကပ်ပါးရောဂါတစ်မျိုးဖြစ်သည်။ ကမ္ဘာ့လူဦးရေစုစုပေါင်း၏ (၂၄)% ခန့်၊ အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျသော ဒေသများတွင် အဆိုပါကပ်ပါးရောဂါပိုး ကူးစက်ခြင်းခံနေရသည်။
သန်ကောင်များသည် အဓိကအားဖြင့် ၄င်းတို့၏ဥများမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးထံသို့ အောက်ပါနည်းလမ်းများဖြင့် ကူးစက်သည်။
- မသန့်ရှင်းသောရေကို သောက်သုံးခြင်း
- လူ့အညစ်အကြေးများကို မြေသြဇာအဖြစ် သုံးစွဲထားသော ဟင်းသီးဟင်းရွက်များကို ကောင်းစွာ ဆေးကြောပြင်ဆင် ချက်ပြုတ်မှုမရှိခြင်း
- သန်ကောင်ဥများရှိနေသော မြေကြီးနှင့် ထိတွေ့ရခြင်း (အထူးသဖြင့် လက်များမှတစ်ဆင့် ကူးစက်ခြင်း) စသည်တို့မှ ကူးစက်နိုင်သည်။
သန်ကောင်တွယ်ခြင်း (Worm infestation) ကြောင့် ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ယားယံခြင်းများမှသည် အူပိတ်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ဖြစ်ပွါးခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ကြီးထွားမှုထိခိုက်ခြင်းအထိ ဖြစ်ပေါ်နိုင်သည်။ သန်ကောင်တွယ်ခြင်းလက္ခဏာများ ရှိလျှင် သို့မဟုတ် သံသယရှိလျှင် သန်ချဆေးသောက်သုံးခြင်းဖြင့် နောက်ဆက်တွဲလက္ခဏာများ မဖြစ်ပွါးစေရန် ကုသမှုပေးနိုင်သည်။ အသုံးများသော သန်ချဆေးများမှာ_
- Mebendazole
- Albendazole တို့ဖြစ်သည်။
သန်ချဆေးများသည် သန်ကောင်များ၏ သကြားဓာတ်သုံးစွဲမှု၊ အစာခြေစနစ်နှင့် မျိုးပွားမှုစနစ်များကို ပိတ်ပင်သည်။ ဤနည်းဖြင့် သန်ကောင်များ၏ လှုပ်ရှားမှု၊ ဥများ ဥချခြင်းများကို ဟန့်တားကာ သန်ကောင်များသေဆုံးခြင်းကို ဖြစ်စေသည်။
သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အဖြစ်များသော သန်လုံးကောင် (roundworms)၊ တုတ်ကောင် (pinworms)၊ ကြာပွတ်သန်ကောင် (whipworms)၊ ချိတ်သန်ကောင် (hookworms) တွယ်ကပ်ခြင်းများတွင် ၎င်းဆေးများကို အများဆုံးအသုံးပြုသည်။ အခြားသော သန်ကောင် သို့မဟုတ် ကပ်ပါးပိုးအမျိုးအစားများအတွက်လည်း ဆရာဝန်ညွှန်ကြားချက်အရ အသုံးပြုသည်။
သုံးစွဲရန်မသင့်သောအခြေအနေများ
Mebendazole၊ Albendazoleနှင့် အလားတူဆေးများကို ယခင်က ဓာတ်မတည့်ခြင်းများ ဖြစ်ပွါးဖူးလျှင် သောက်သုံးရန် မသင့်ပါ။
သတိပြုရမည့်အခြေအနေများ
အောက်ပါ အခြေအနေများရှိလျှင် သန်ချဆေးသောက်သုံးရန် သင့်မသင့်ကို မိသားစုဆရာဝန်နှင့် တိုင်ပင်ရမည်။
- ကိုယ်ဝန်ဆောင်နေသူများ
- နို့တိုက်မိခင်များ
- ပိုးသတ်ဆေးကဲ့သို့ အခြားဆေးဝါးများသောက်သုံးနေသူများ (ဥပမာ – Metronidazole)
- နောက်ခံရောဂါရှိသူများ (ဥပမာ _ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါရှိသူများ)
Albendazole ဆေးနှင့် ဓာတ်ပြုခြင်းရှိနိုင်သော ဆေးအချို့မှာ_
- အစာအိမ်ဆေး (Cimetidine)
- စတီးရွိုက်ဆေး (Dexamethasone)
- ငှက်ဖျားဆေး (Praziquantel)
- ရင်ကျပ်သက်သာဆေး (Theophylline) စသည်တို့ဖြစ်သောကြောင့် ထိုဆေးများသောက်နေပါကလည်း သန်ချဆေးသောက်ရန် သင့်မသင့် ဆရာဝန်နှင့် တိုင်ပင်ပါ
သုံးစွဲပုံနည်းလမ်းများ
သန်ချဆေးများ (Anthelmintics) ကို အလုံးလိုက် မျိုချခြင်းမပြုရပါ။ ကြေညက်အောင် ဝါးစားရမည်။ အကယ်၍ ကြိတ်ဝါးမျိုချရန်အခက်အခဲရှိလျှင် ဆေးလုံးကို ရေသန့် (၂) မီလီလီတာမျှတွင် (၂) မိနစ်ခန့်ကြာအောင် စိမ်ထားရမည်။ ထိုအခါ ဆေးပြားသည် ပျော့ပြောင်းသော အနှစ်အဖြစ်သို့ပြောင်းလဲသွားပြီး အလွယ်တကူ သောက်သုံးနိုင်သည်။ ကလေးများတွင် ဆေးရည် သို့မဟုတ် ဆေးခဲကို အမှုန့်ကြိတ်၍ တိုက်နိုင်သည်။ ဆေးဘူးပါ အညွှန်းများအရ ရေ သို့မဟုတ် သစ်သီးဖျော်ရည်အချို့နှင့် ရော၍တိုက်နိုင်သည်။
အထက်ပါသန်ချဆေးများကို အစာနှင့်တွဲ၍ တိုက်ကျွေးနိုင်သည်။ သန်ချဆေးတိုက်ပြီးနောက် ဝမ်းပျော့ဆေးတိုက်ရန်၊ ဝမ်းချူရန် မလိုအပ်ပါ။ ရာသီဥတုမရွေး၊ နေ့ညမရွေး သန်ချနိုင်သည်။ G6PD ဓာတ်ချို့တဲ့သူများသည်လည်း သန်ချနိုင်သည်။ သို့သော် ကလေးများတွင် ဖျားနာ၊ ဗိုက်အောင့်၊ ပျို့အန်၊ ဝမ်းပျက်ချိန်များတွင်မူ သန်ချဆေးမတိုက်ကျွေးသင့်ပါ။
သန်ကောင် တုတ်ကောင်များသည် လက္ခဏာများမသိသာဘဲ ဝင်ရောက်နေနိုင်ခြင်း၊ လျင်မြန်လွယ်ကူစွာ ကူးစက်နိုင်ခြင်းများကြောင့် အတူနေထိုင်သူ မိသားစုဝင်များကိုလည်း တစ်ပြိုင်နက်တည်း သန်ချရန် လိုအပ်သည်။
လူကြီးများသောက်သုံးသင့်သော ဆေးပမာဏ
အဖြစ်များသော သန်ကောင်အမျိုးအစားများအတွက် လူကြီးများတွင်
- Albendazole (၄၀၀) မီလီဂရမ် – (၁) လုံး – (၁) ကြိမ် – (၁) ရက် (သို့မဟုတ်)
- Mebendazole (၅၀၀) မီလီဂရမ် – (၁) လုံး – (၁) ကြိမ် – (၁) ရက် (သို့မဟုတ်)
- Mebendazole (၁၀၀) မီလီဂရမ် – (၁) လုံး – (၂) ကြိမ် – (၃) ရက် သောက်သုံး၍ သန်ချနိုင်သည်။
ကလေးများသောက်သုံးသင့်သော ဆေးပမာဏ
အသက် (၁) နှစ်အောက် ကလေးငယ်များကို သန်ချခြင်း ပြုလုပ်လေ့မရှိပေ။ သန်ကောင်ကာကွယ်ရေး အမူအကျင့်ကောင်းများကိုသာ အတိအကျလိုက်နာသင့်သည်။
- အသက် (၁) နှစ် မှ (၂) နှစ်အထိကလေးငယ်များအတွက်
- Albendazole (၄၀၀) မီလီဂရမ် – (၁) ခြမ်း – (၁) ကြိမ် – (၁) ရက်
- အသက် (၂) နှစ်အထက်ကလေးများကို လူကြီးများအတိုင်း
- Albendazole (၄၀၀) မီလီဂရမ် – (၁) လုံး – (၁) ကြိမ် – (၁) ရက် (သို့မဟုတ်)
- Mebendazole (၅၀၀) မီလီဂရမ် – (၁) လုံး – (၁) ကြိမ် – (၁) ရက် (သို့မဟုတ်)
- Mebendazole (၁၀၀) မီလီဂရမ် – (၁) လုံး – (၂) ကြိမ် – (၃) ရက် တိုက်ကျွေး၍ သန်ချနိုင်သည်။
တုတ်ကောင်များသည် ကျန်ရစ်သောဥများမှ အကောင်ပြန်ပေါက်ပြီး ပွါးများနိုင်သည့်အတွက် (၂) ပတ်အကြာတွင် ဒုတိယအကြိမ်ပြန်၍ သန်ချသင့်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သန်ကောင်တွယ်ခြင်းအန္တရာယ် များပြားသောဒေသများတွင် ပုံမှန်သန်ချရန် (တစ်နှစ်လျှင် နှစ်ကြိမ်) အကြံပြုထားသည်။
ကိုယ်ဝန်ဆောင်မိခင်များအတွက် သန်ချဆေး
မြေကြီးမှတစ်ဆင့် ကူးစက်သော ကြာပွတ်သန်ကောင် သို့မဟုတ် သံချိတ်သန်ကောင် ပျံ့နှံ့မှုများသောဒေသများနှင့် ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါ ပြင်းထန်သောဒေသများမှ ကိုယ်ဝန်ဆောင်မိခင်များအတွက် ကိုယ်ဝန်ဆောင်ခြင်း ပထမသုံးလပတ် နောက်ပိုင်း (After First Trimester) တွင် သန်ချဆေးတိုက်ကျွေးသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကအကြံပြုထားသည်။ Albendazole (400 mg) သို့မဟုတ် Mebendazole (500 mg) ဆေးကို အထက်ပါအတိုင်း (၁) လုံး – (၁) ကြိမ် – (၁) ရက် အသုံးပြုနိုင်သည်။
သန်ချဆေးများ၏ နောက်ဆက်တွဲဆိုးကျိုးများ
သန်ချဆေးများကြောင့် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်နိုင်ပါ။ အဓိကနောက်ဆက်တွဲဆိုးကျိုးမှာ ပျို့အန်ခြင်းဖြစ်သည်။ ဆေးတိုက်ပြီး (၃၀) မိနစ်အတွင်းအန်၍ ဆေးများပြန်ပါလျှင် ခဏနား၍ ဒုတိယအကြိမ် ပြန်တိုက်သင့်သည်။ မိနစ် (၃၀) ကျော်မှအန်လျှင် ပြန်တိုက်ရန်မလိုပါ။ အခြားလက္ခဏာများအနေဖြင့်
- လေပွခြင်း
- အနည်းငယ် ဗိုက်အောင့်ခြင်း
- နားအူခြင်းများလည်း ဖြစ်ပွါးနိုင်သည်။ အစာပျော့ပျော့စားခြင်း၊ ပူစပ်သော အစားအစာများရှောင်ခြင်း၊ အနားယူခြင်းဖြင့် လျင်မြန်စွာ သက်သာနိုင်သည်။
သန်ချဆေးများသောက်သုံးပြီးနောက်
- အရေပြားတွင် အင်ပြင်ကဲ့သို့ အနီကွက်များ၊ အဖုအပိန့်များ ထွက်ခြင်း
- တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း
- သွေးထွက်လွယ်ခြင်းစသည့် လက္ခဏာတစ်စုံတစ်ရာခံစားရလျှင် မိသားစုဆရာဝန်နှင့် ချက်ချင်း ပြသတိုင်ပင်ရမည်။
သန်ကောင်ကာကွယ်ရေး အမူအကျင့်ကောင်းများ
သန်ကောင်များ ကပ်ပါးတွယ်ကပ်ခြင်း၊ ပြန့်ပွါးခြင်းမှ ကာကွယ်ရန် သန်ကောင်ကာကွယ်ရေး အမူအကျင့်ကောင်းများကို လိုက်နာကျင့်သုံးရမည်။
- သန့်ရှင်းစိတ်ချရသောရေကို သောက်သုံးရန်
- အစားအစာ၊ အသီးအရွက်များကို သေချာစွာ ဆေးကြောရန်၊ ကောင်းစွာချက်ပြုတ်ရန်
- ကောင်းမွန်စွာ ဆေးကြောထားခြင်းမရှိသော အသီးအနှံ၊ မကျက်သော အသား၊ ငါးများမစားရန်
- မြေကြီးပေါ်တွင် ဖိနပ်မပါဘဲ လျှောက်သွားခြင်းမပြုရန်
- နေအိမ်ပြင်ပတွင် မစင်စွန့်ခြင်း ရှောင်ကြဥ်ရန်၊ လူ့မစင်များကို မြေသြဇာအဖြစ် အသုံးမပြုရန်
- အစားအစာများမကိုင်တွယ်မီ၊ အိမ်သာသွားပြီး၊ အညစ်အကြေးများ၊ ကိုင်တွယ်ပြီးချိန်တွင် လက်သေချာစွာ ဆေးရန်
- ညအိပ်လျှင် စအိုဝန်းကျင်တစ်ဝိုက် မကုတ်မိစေရန် ကလေးငယ်အား အတွင်းခံ၊ ဘောင်းဘီစသည်တို့ကို သေချာစွာဝတ်ပေး၍ မနက်လင်းသည်နှင့် ချွတ်၍လျှော်ရန်
- လိုအပ်ပါက ဘာမီတွန်ကဲ့သို့ ဟစ်စ်တမင်းဆန့်ကျင်ဆေးများ တိုက်ရန်
- ပုံမှန်ရေချိုးရန် (အထူးသဖြင့် မနက်အိပ်ရာထချိန်တွင် ရေချိုးရန်)
- လက်သည်း၊ ခြေသည်းများ ပုံမှန်ညှပ်ပေးရန်၊ လက်ကို ပါးစပ်ထဲမထည့်မိအောင် သတိထားရန်
- သန်ကောင်ဥများ ပျံ့နှံ့စေနိုင်သောကြောင့် အဝတ်အထည်၊ အိပ်ရာခင်း၊ စောင်၊ ခြေသုတ်ခုံစသော အသုံးအဆောင်များကို သန့်ရှင်းရာတွင် ခါထုတ်ခြင်းမပြုရန်၊ ရေနွေးပူပူဖြင့် ပြုတ်လျှော်ခြင်း၊ ဖုန်စုတ်စက်ဖြင့် စုတ်ခြင်းသာပြုရန် (အထူးသဖြင့် တစ်အိမ်သားလုံး သန်ချမည့်အချိန်တွင် သန်ကောင်ဥများမကျန်ရစ်စေရန် ပြုလုပ်သင့်သည်)
- ကစားစရာအရုပ်များ၊ နေအိမ်ရှိ သန်ကောင်ဥများတင်ရှိနိုင်သောနေရာများကို ပုံမှန်သန့်ရှင်းရေးလုပ်ရန် စသည်တို့ကို ပြုလုပ်သင့်သည်။
Reference:
- Centers for Disease Control and Prevention. (2025). Ascariasis. Retrieved November 3, 2025, from https://www.cdc.gov/sth/about/ascariasis.html
- Cleveland Clinic. (n.d.). Albendazole tablets. Retrieved November 3, 2025, from https://my.clevelandclinic.org/health/drugs/19867-albendazole-tablets
- Cleveland Clinic. (n.d.). Mebendazole tablets. Retrieved November 3, 2025, from https://my.clevelandclinic.org/health/drugs/20548-mebendazole-tablets
- Cleveland Clinic. (n.d.). Intestinal parasites. Retrieved November 3, 2025, from https://my.clevelandclinic.org/health/diseases/intestinal-parasites
- Mayo Clinic. (n.d.). Albendazole (oral route): Proper use. Retrieved November 3, 2025, from https://www.mayoclinic.org/drugs-supplements/albendazole-oral-route/proper-use/drg-20061505
- Mayo Clinic. (n.d.). Mebendazole (oral route): Proper use. Retrieved November 3, 2025, from https://www.mayoclinic.org/drugs-supplements/mebendazole-oral-route/proper-use/drg-20064631
- Pediatric Oncall. (n.d.). Albendazole. Retrieved November 3, 2025, from https://www.pediatriconcall.com/drugs/albendazole/232
- World Health Organization. (2025). Soil-transmitted helminth infections. Retrieved November 3, 2025, from https://www.who.int/news-room/fact-sheets/detail/soil-transmitted-helminth-infections
- Pediatric Oncall. (n.d.). Mebendazole. Retrieved November 3, 2025, from https://www.pediatriconcall.com/drugs/mebendazole/734
Published: 19 November 2024
Last updated: 9 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.