Non-steroidal anti-inflammatory drug – NSAID (စတီးရွိုက်မဟုတ်သော ‌ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေး)

Non-steroidal anti-inflammatory drug – NSAID (စတီးရွိုက်မဟုတ်သော ‌ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေး)

စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးဆိုသည်မှာ အဖျားကျစေရန်၊ အနာသက်သာစေရန်နှင့် ရောင်ရမ်းမှုကို လျော့ကျစေရန်အတွက် အသုံးပြုသောဆေးဖြစ်သည်။

စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေး (NSAID) ၏ အလုပ်လုပ်ပုံ

စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးများ (NSAID) သည် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု၊ နာကျင်မှုနှင့် ဖျားနာမှုကို ဖြစ်စေသော Prostaglandin ဟုခေါ်သည့် ဓာတုပစ္စည်းများကို လျှော့ချပေးသည်။ Prostaglandin များကို Cyclooxygenase (COX) ခေါ် အင်ဇိုင်းတစ်မျိုး၏ အကူအညီဖြင့် ခန္ဓာကိုယ်ဆဲလ်များအတွင်း၌ ထုတ်လုပ်သည်။ NSAID ဆေးများသည် ထို COX အင်ဇိုင်းကို တားဆီးခြင်းဖြင့် Prostaglandin ထုတ်လုပ်မှုကို လျှော့ချကာ ရောင်ရမ်းခြင်း၊ အပူချိန်မြင့်တက်ခြင်းနှင့် နာကျင်ခြင်းတို့ကို သက်သာစေသည်။

သို့သော် Prostaglandin သည် ကောင်းကျိုးဖြစ်စေသော လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးသည်။ ဥပမာ _ သွေးဥမွှားများ၏ သွေးခဲလုပ်ငန်းကို ထောက်ပံ့ပေးခြင်းနှင့် အစာအိမ်ကို အက်ဆစ်ဒဏ်မှ ကာကွယ်ပေးခြင်းတို့ဖြစ်သည်။ ထို့ကြောင့် NSAID ဆေးများသည် အချို့သော ကောင်းကျိုးများကိုပါ တားဆီးလိုက်ပြီး အောက်ပါနောက်ဆက်တွဲသက်ရောက်မှုများကို ဖြစ်စေနိုင်သည်။

  • သွေးကျဲခြင်း
    NSAID ဆေးများသည် သွေးဥမွှား၏ သွေးခဲလုပ်ငန်းကို တားဆီးနိုင်သောကြောင့် Aspirin ကဲ့သို့သော ဆေးအချို့ကို နှလုံးသွေးကြောပိတ်ခြင်းနှင့် လေဖြတ်ခြင်းတို့တွင် ကုသမှုအတွက် အသုံးပြုနိုင်သည်။ သို့သော် အလွန်အကျွံ သောက်သုံးပါက သွေးထွက်လွန်ခြင်းကို ဖြစ်စေနိုင်သည်။
  • အစာအိမ်ပြဿနာ
    NSAID များသည် အစာအိမ်ကို အက်ဆစ်ဒဏ်မှ ကာကွယ်ပေးသည့် Prostaglandin လုပ်ငန်းကို တားဆီးသဖြင့် အစာအိမ်အနာများ ဖြစ်ပေါ်စေနိုင်သောကြောင့် သတိပြုရန်လိုသည်။
သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
  • အပြင်းအထန်ဖျားနာခြင်း
  • အကိုက်အခဲအမျိုးမျိုး _ ခေါင်းကိုက်ခြင်း၊ အဆစ်‌ရောင်ရမ်း နာကျင်ခြင်း၊ ထိခိုက်ဒဏ်ရာရ၍ ရောင်ရမ်းနာကျင်ခြင်း၊ ကြွက်သားနာခြင်း၊ ခါးနာခြင်း၊ သွားနာခြင်း၊ ရာသီလာစဥ် ဗိုက်နာခြင်း၊ တုပ်ကွေးမိ၍ ကိုယ်လက်နာကျင်ခြင်း
  • အချို့သော ခုခံအားဆိုင်ရာရောဂါများတွင် ခုခံအားစနစ်မှ တိုက်ခိုက်သောကြောင့် ‌ရောင်‌ရမ်းခြင်း (ဥပမာ_လေးဘက်နာရောဂါ) အစရှိသော အခြေအနေများတွင် စတီးရွိုက်မဟုတ်သော ‌ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးကို အသုံးပြုနိုင်သည်

သို့သော် စတီးရွိုက်မဟုတ်သော ‌ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးများကို ရေရှည်သောက်ပါက အန္တရာယ်ရှိသော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သောကြောင့် မိမိသဘောနှင့်သောက်ပါက အဖျားအတွက် (၃) ရက်နှင့် နာကျင်မှုအတွက် (၁၀) ရက်ထက်ပို၍ မသောက်သုံးရပါ။ မသက်သာလျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးပြီး ဖြစ်ပေါ်တတ်သော ဘေးထွက်ဆိုးကျိုးများကိုလည်း မှတ်သားထားရမည်။ အကိုက်အခဲပျောက်ဆေးသောက်ပြီး ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်ခဲ့လျှင်လည်း ဆရာဝန်ကို ချက်ချင်းအသိပေးရမည်။

ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ သတိထား၍သောက်သုံးသင့်သူများ

အောက်တွင်ဖော်ပြထားသောသူများသည် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်နိုင်ခြေ များသောကြောင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်သည်။

  • အသက် (၆၅) နှစ်နှင့်အထက်
  • နို့တိုက်မိခင်များ
  • ရင်ကျပ်ရောဂါရှိသူများ
  • အရက်သောက်သူများ
  • ယခင်က အစာအိမ်အနာဖြစ်ဖူးသူများ
  • နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ အူ‌ရောင်‌ရောဂါ ရှိသူများ
  • အခြားသောဆေးများ သောက်သုံးနေရသူများ (ဥပမာ_သွေးကျဲဆေး၊ သွေးမခဲဆေး၊ စတီးရွိုက်၊ ဆီးဆေး၊ Beta blocker၊ အေစီအီးအိုင် (ACEI)၊ အေအာဘီ (ARB)၊ ကိုယ်ခံအားချသောဆေးများ၊ စိတ်ပိုင်းဆိုင်ရာရောဂါများတွင် အသုံးပြုသောဆေးများ) အစရှိသော ဆေးများသောက်သုံးနေရပါက စတီးရွိုက်မဟုတ်သော ‌ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးများနှင့် ဓာတ်ပြုပြီး မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သဖြင့် ဆရာဝန်ကို ကြိုတင်အသိပေးရန် လိုအပ်သည်

အထက်ဖော်ပြပါအခြေအနေများတွင် စတီးရွိုက်မဟုတ်သော ‌ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးပေးရန် မသင့်တော်ပါက ဆရာဝန်များမှ အနာသက်သာစေရန် ပါရာစီတမောကဲ့သို့သော ဆေးများပေးခြင်း၊ လိမ်းဆေးများကို ‌အစားထိုးပေးခြင်းများ ပြုလုပ်ပေးလိမ့်မည်။

မသောက်သုံးသင့်သည့် အခြေအနေများ
  • အစာအိမ်အနာ သို့မဟုတ် အစာအိမ်သွေးကြောပေါက်ခြင်း
  • သွေးရောဂါများ (Bleeding Disorders)
  • စတီးရွိုက်မဟုတ်သော ‌ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးနှင့် ဓာတ်မတည့်ခြင်း
  • ကိုယ်ဝန်ဆောင်များ သို့မဟုတ် ကလေးယူရန်ကြိုးစားနေသူများ
  • ထိန်းရခက်သော သွေးတိုး‌ရောဂါ အစရှိသော အခြေအနေများတွင် စတီးရွိုက်မဟုတ်သော ‌ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေး မသောက်သုံးသင့်ပါ
သုံးစွဲပုံနည်းလမ်းများ
စတီးရွိုက်မဟုတ်သော ‌ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးကို အသုံးပြုနိုင်သော ပုံစံများ
  • ဆေးအလုံး (tablets or capsules)
  • ဆေးအရည် (liquids)
  • လိမ်းဆေး (creams or gels)
  • ထိုးဆေး (injections)
  • စအိုထဲ ထည့်သည့်ဆေးပုံစံ (suppositories) အနေဖြင့် အသုံးပြုနိုင်သည်
အသုံးများသော စတီးရွိုက်မဟုတ်သော ‌ရောင်ရမ်းကျအကိုက်အခဲပျောက်ဆေးများ
  • Ibuprofen
  • Naproxen
  • Diclofenac
  • Celecoxib
  • Mefenamic acid
  • Etoricoxib
  • Indomethacin
  • Aspirin တို့ ဖြစ်ကြသည်။
နောက်ဆက်တွဲဆိုးကျိုးများ
  • အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ခြင်း
  • အစာအိမ်အနာဖြစ်ခြင်း
  • အစာအိမ်သွေးကြောပေါက်ခြင်း (ကော်ဖီ‌ရောင်အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း)
  • ဝမ်းလျှောခြင်း
  • ခေါင်းမူးခြင်း
  • ခေါင်းကိုက်ခြင်း
  • နားအူခြင်း
  • ဓာတ်မတည့်ခြင်း (အနီကွက်ထွက်ခြင်း၊ အသက်ရှူလျှင် အသံမြည်ခြင်း၊ အသက်ရှူကျပ်ခြင်း)
  • အရည်များစုမိပြီး ဖောရောင်လာခြင်း
  • သွေးပေါင်တက်ခြင်း
  • အသည်းအင်ဇိုင်းတက်ခြင်း
  • ကျောက်ကပ်ထိခိုက်ခြင်း (ဆီးနည်းသွားခြင်း၊ ဆီးထဲတွင် အနည်ပါခြင်း)
  • နှလုံးအမောဖောက်ခြင်း (Heart attack)
  • လေဖြတ်ခြင်း အစရှိသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။
သတိပြုသင့်သည့်အချက်များ

အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများသည် အကိုက်အခဲပျောက်ဆေးများကို ကာလကြာရှည်စွာ ပမာဏများများ သောက်သုံးသူများ၊ အသက်ကြီးသူများနှင့် ရောဂါအခံရှိသူများတွင် ပိုမိုအဖြစ်များသည်။ အချို့ဆိုးကျိုးများမှာ သာမန်သာဖြစ်ပြီး ဆေးလျှော့သောက်လိုက်လျှင် သို့မဟုတ် သူ့အလိုလို သက်သာသွားနိုင်သော်လည်း အချို့မှာ ပြင်းထန်နိုင်သောကြောင့် ဆေးကုသမှု ခံယူရန် လိုအပ်သည်။

ထို့ကြောင့် ဘေးထွက်ဆိုးကျိုးများ နည်းစေရန်အတွက် အောက်ပါအချက်များကို ရှောင်ရှားသင့်သည်။

  • NSAID ဆေးအများအပြားကို တစ်ပြိုင်နက် သောက်သုံးခြင်း
  • သတ်မှတ်ထားသော ဆေးပမာဏထက် ပို၍သောက်ခြင်း
  • ဆရာဝန် ညွှန်ကြားထားသည့် ဆေးအပြင် အခြား NSAID ဆေးများကို မိမိသဘောနှင့် ထပ်ပေါင်းသောက်ခြင်း
  • ကာလကြာရှည်စွာ ဆက်တိုက်သောက်သုံးခြင်း
  • အစာအိမ်နှင့် ပတ်သက်သော ဘေးထွက်ဆိုးကျိုးများ သက်သာစေရန် ဆေးကို အစာနှင့်တွဲ၍ သောက်ခြင်း (သို့မဟုတ်) အစာအိမ်အက်ဆစ်ဓာတ်လျော့နည်းစေသောဆေးများ တွဲသောက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Non-steroidal anti-inflammatory medicines (NSAIDs). Retrieved September 10, 2025, from https://my.clevelandclinic.org/health/treatments/11086-non-steroidal-anti-inflammatory-medicines-nsaids#:~:text=NSAIDs%20(nonsteroidal%20anti%2Dinflammatory%20drugs)%20can%20reduce%20pain%
  2. NHS. (n.d.). NSAIDs. Retrieved September 10, 2025, from https://www.nhs.uk/conditions/nsaids/
  3. Better Health Victoria. (n.d.). Non-steroidal anti-inflammatory drugs. Retrieved September 10, 2025, from https://www.betterhealth.vic.gov.au/health/conditionsandtreatments/medications-non-steroidal-anti-inflammatory-drugs
  4. WebMD. (n.d.). Anti-inflammatory drugs. Retrieved September 10, 2025, from https://www.webmd.com/arthritis/anti-inflammatory-drugs

Published: 30 August 2024

Last updated: 25 November 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.