Paracetamol (ပါရာစီတမော)

Paracetamol (ပါရာစီတမော)

ပါရာစီတမော (Paracetamol) နှင့် အက်စီတာမီနိုဖဲင် (Acetaminophen) ဆေးများသည် ဓာတ်သဘာဝချင်း တူညီသောဆေးများဖြစ်သည်။ အမေရိကန်နှင့် ဂျပန်နိုင်ငံများတွင် အက်စီတာမီနိုဖဲင် ဟုခေါ် ပြီး ဥရောပနှင့်အခြားနိုင်ငံများတွင် ပါရာစီတမော ဟုခေါ်သည်။ သာမန်အားဖြင့် ကိုယ်ပူကျရန်နှင့် သာမန်နာကျင်ကိုက်ခဲမှုများ သက်သာရန် အသုံးပြုသည်။

သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

ကလေးကိုယ်ပူခြင်းသည် ကိုယ်ခန္ဓာတုံ့ပြန်မှုတစ်ခုဖြစ်၍ အနည်းငယ်ကိုယ်နွေးရုံမျှဖြင့် ပါရာစီတမော တိုက်ရန် မလိုပါ။ သို့သော် ကိုယ်အပူချိန်အလွန်တက်ပြီး ကလေး နုံးနေ၊ မှိန်းနေ၊ ဂျီကျနေမည် ဆိုလျှင် ကိုယ်အပူချိန်ကျစေရန် ပါရာစီတမောတိုက်နိုင်သည်။ တချို့ကလေးများသည် ဖျားနေသော်လည်း လန်းနေ၊ ဆော့နေလျှင် ဆေးတိုက်ရန်မလိုပါ။ ဖျားမည်စိုး၍ ဆေးကြိုတိုက်ခြင်းမျိုး၊ (၄) နာရီခြားတိုင်း ဆေးတိုက် နေခြင်းမျိုးကိုလည်း ရှောင်ကြဉ်သင့်သည်။ (၄)နာရီ – (၆) နာရီခြားသာ တိုက်သင့်သည်။ တစ်ရက်တာ သို့မဟုတ် (၂၄) နာရီအတွင်း အများဆုံး (၅) ကြိမ်ထက် ပို၍မတိုက်သင့်ပါ။ ပါရာစီတမောကြောင့် အဖျားလုံးဝ အမြစ်ပြတ်သွားခြင်း မဟုတ်ဘဲ ကလေး အဖျားယာယီသက်သာရန်သာ ဆေးတိုက်ခြင်းဖြစ်သည့်အတွက် အဖျားကျနေပြီး သက်သာနေသောကလေးကို ဆေးတိုက်ရန် မလိုအပ်ပါ။

ပါရာစီတမော အမျိုးအစားနှင့် ဆေးပါဝင်မှု

ဆေးရည်ပါဝင်မှု (Concentration)
ပါရာစီတမော အရည်တိုင်းကို ပုံသေပါဝင်သည်ဟု ထင်မှတ်ပြီး ပမာဏအတူတူ မတိုက်ကျွေးသင့်ပါ။

  • ညှစ်၍ အစက်ချတိုက်ရသော အမျိုးအစား (Drops) – တစ်မီလီလီတာ (1 ml) တွင် (၁၀၀) မီလီဂရမ် (100mg) ပါဝင်သည်။
  • အခြားဆေးရည် ပုလင်းကြီးများ – (၅) မီလီလီတာ (5 ml) တွင် (၁၂၅) မီလီဂရမ် (125mg/5 ml) မှ (၂၅၀) မီလီဂရမ် (250mg/5 ml) စသည်ဖြင့် ဆေးပါဝင်မှုအား မျိုးစုံပါရှိသည်။
    • 125/5 ml ဆိုသည်မှာ ဆေးရည် (၅) မီလီလီတာတွင် ဆေးပမာဏ (၁၂၅) မီလီဂရမ် (တစ်မီလီလီတာတွင် ၂၅ မီလီဂရမ်) ပါရှိသည်
    • 250/5 ml ဆိုသည်မှာ (၅) မီလီလီတာတွင် (၂၅၀) မီလီဂရမ် (တစ်မီလီလီတာတွင် ၅၀ မီလီဂရမ်) ပါဝင်သည်။
  • ပါရာစီတမော ပါဝင်မှုကို စစ်ဆေးရုံသာမက သက်ဆိုင်ရာ ဆေးဘူးအတွင်းပါလာသော ဇွန်း သို့မဟုတ် ဆေးပိုက်များကိုသာ အသုံးပြု၍ ဆေးတိုက်သင့်သည်
  • ဆေးခဲတိုက်မည်ဆိုပါက ရေနှင့်တွဲ၍ မျိုချသောက်သုံး ရမည်၊ ဖြစ်နိုင်လျှင်ဆေးခဲကို ဝါးမစားရပါ
သုံးစွဲပုံနည်းလမ်းများ

ပါရာစီတမော တိုက်မည်ဆိုလျှင် ပါဝင်သည့် ဆေးပမာဏ (Concentration)၊ ဆေးဘူး သက်တမ်းကုန်ဆုံးရက်နှင့် ကလေးအား အခြားတိုက်လက်စဆေးဝါးတွင် ပါရာစီတမော ပါမပါ စစ်ဆေးရမည်။ ပါရာစီတမောပမာဏကို ကလေးကိုယ်အလေးချိန်နှင့် ချိန်ဆတိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အောက်ပါဇယားတွင် ကလေးကိုယ်အလေးချိန်၊ ပါရာစီတမော အမျိုးအစားနှင့် တိုက်သင့်သောပမာဏများ ပူးတွဲဖော်ပြထားသည်။

၁ – ၂ နှစ် အောက်ကလေး တိုက်ရမည့် ပါရာစီတမော ပမာဏ (၁ ရက် ၄ ကြိမ်ထက် မပိုရ)
ကိုယ်အလေးချိန်ပါရာစီတမော အစက်ချဆေး (100mg/1ml)ပါရာစီတမော – ၁၂၀/၁၂၅အား (120mg/5ml or 125mg/5ml)
3 kg/ ၆-၇ ပေါင်0.4ml2ml
4 kg/ ၈-၉ ပေါင်0.6ml2.5ml
5 kg/ ၁၀-၁၁ ပေါင်0.7ml3ml
6 kg/ ၁၂-၁၄ ပေါင်0.9ml3.5ml
7 kg/ ၁၅-၁၆ ပေါင်1ml4ml
8 kg/ ၁၇-၁၈ ပေါင်1.2ml5ml
9 kg/ ၁၉-၂၀ ပေါင်1.3ml5ml
10 kg/ ၂၁-၂၂ ပေါင်1.5ml5ml
ကလေးအကြီး တိုက်ရမည့် ပါရာစီတမော ပမာဏ (၁ ရက် ၄ ကြိမ်ထက် မပိုရ)
ကိုယ်အလေးချိန်ပါရာစီတမော – ၁၂၀/၁၂၅အား (120mg/5ml or 125mg/5ml)ပါရာစီတမော – ၂၅၀အား (250mg/5ml)ပါရာစီတမောအခဲ (၅၀၀အား)
8-10 kg/ ၁၇-၂၃‌ပေါင်5ml2.5ml၄ ပုံ ၁ ပုံ
11-16 kg/ ၂၄-၃၆ပေါင်7.5ml3.75ml၃ ပုံ ၁ ပုံ
17-22 kg/ ၃၇-၄၉ ပေါင်10ml5mlတစ်ခြမ်း
23-30 kg/ ၅၀-၆၆ ပေါင်15ml7.5ml၄ ပုံ ၃ ပုံ
30 kg/ ၆၆ ပေါင်အထက်20ml10mlတစ်လုံး
နောက်ဆက်တွဲဆိုးကျိုးများ

သတ်မှတ်ထားသော ဆေးပမာဏနှင့် အကြိမ်အရေအတွက်အတိုင်း မှန်ကန်စွာတိုက်လျှင် ပါရာစီတမောသည် သာမန်အားဖြင့် ဘေးအန္တရာယ်ကင်းသော ဆေးတစ်မျိုးဖြစ်သည်။

  • ဆေးမတည့်ခြင်း
    • ဆေးမတည့်ခြင်းဖြစ်ပါက အနီစက်၊ အနီကွက်ထွက်ခြင်း၊ အင်ပျဉ်ထွက်ခြင်းများ ဖြစ်ပေါ်နိုင်သည်၊ ထိုအချိန်တွင် ဆေးကို ဆက်မသောက်သင့်ဘဲ ဆေးရုံ၊ ဆေးခန်းများသို့ အရေးပေါ် ပြသသင့်သည်
  • အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်ခြင်း
    • ဆေးဘူးများကို ကလေးများ လက်လှမ်းမမီသော နေရာများတွင်ထားရမည်
    • မိဘများမှ သတ်မှတ်ထားသော အကြိမ်နှင့် ဆေးပမာဏထက် ပိုမိုများပြားစွာ မတော်တဆ မှားတိုက်မိလျှင် သို့မဟုတ် ကလေးမှ မတော်တဆ သောက်မိလျှင် အသည်းနှင့် ကျောက်ကပ်ကို ဆိုးဝါးစွာ ထိခိုက်နိုင်ပြီး အသက်အန္တရာယ် ရှိသည်
    • အသည်းရောဂါအခံ ရှိသူများသည် ဆေးသောက်ရာတွင် ပိုမိုဂရုစိုက်သင့်သည်

ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက်
ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များတွင် ဖျားနာကိုက်ခဲပါက ပါရာစီတမောကို ပုံမှန်ဆေးပမာဏအတိုင်း သောက်သုံးပါက ကလေးအတွက် ဘေးအန္တရာယ်မရှိသောကြောင့် အကိုက်အခဲပျောက်ဆေးအဖြစ် စိတ်ချစွာသုံးစွဲနိုင်သည်။

အော်တစ်ဇင် (Autism) နှင့် ဆက်စပ်မှုဆိုင်ရာ လွဲမှားသောယုံကြည်မှု
ပါရာစီတမော သောက်သုံးခြင်းနှင့် အော်တစ်ဇင် (Autism) ဖြစ်ပွါးခြင်းတို့ကြား တိုက်ရိုက်ဆက်စပ်မှု ရှိသည်ဟူသော တိကျသေချာသည့် သိပ္ပံနည်းကျ အထောက်အထားများ ယခုအချိန်အထိ မတွေ့ရှိပါ။ သို့ဖြစ်၍ အဖျားကျရန် လိုအပ်သည့်အခါတွင်ဖြစ်စေ၊ နာကျင်ကိုက်ခဲခြင်းကို သက်သာရန်ဖြစ်စေ ဆေးညွှန်းအတိုင်း စနစ်တကျသုံးစွဲပါက အခြားအန္တရာယ်များကို စိုးရိမ်ရန်မလိုပါ။

References:

  1. Ahlqvist, V. H., Sjöqvist, H., Dalman, C., Karlsson, H., Stephansson, O., Johansson, S., Magnusson, C., Gardner, R. M., & Lee, B. K. (2024). Acetaminophen use during pregnancy and children’s risk of autism, ADHD, and intellectual disability. JAMA, 331(14), 1205. https://doi.org/10.1001/jama.2024.3172
  2. American Academy of Pediatrics. (n.d.). Acetaminophen is safe for children when taken as directed — No link to autism. Retrieved July 9, 2025, from https://www.aap.org/en/news-room/fact-checked/acetaminophen-is-safe-for-children-when-taken-as-directed-no-link-to-autism/?srsltid=AfmBOormL96jZYd-gPLMKzT08awUOLEsDcTrzuGNjQQlEgePBUzHw9nP
  3. Fédération Internationale de Gynécologie et d’Obstétrique (FIGO). (n.d.). Paracetamol (acetaminophen) use during pregnancy and autism risk: Evidence does not support causal association. Retrieved July 9, 2025, from https://www.figo.org/paracetamol-acetaminophen-use-during-pregnancy-and-autism-risk-evidence-does-not-support-causal
  4. KidsHealth. (n.d.). Acetaminophen [Parent article]. Retrieved July 9, 2025, from https://kidshealth.org/en/parents/acetaminophen.html
  5. National Health Service (NHS). (n.d.). Paracetamol for children: Medicine for pain and high temperature. Retrieved July 9, 2025, from https://www.nhs.uk/medicines/paracetamol-for-children/
  6. The Royal Children’s Hospital Melbourne. (n.d.). Pain relief for children — Paracetamol and ibuprofen [Fact sheet]. Retrieved July 9, 2025, from https://www.rch.org.au/kidsinfo/fact_sheets/Pain_relief_for_children/
  7. World Health Organization. (2025). WHO statement on autism-related issues. Retrieved July 9, 2025, from https://www.who.int/news/item/24-09-2025-who-statement-on-autism-related-issues

Published: 30 August 2024

Last updated: 27 October 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.