ဓာတ်ဆားရည်တိုက်ကျွေးခြင်းသည် ဝမ်းပျက်ဝမ်းလျှောဖြစ်သည့် ကလေးများတွင် ရေဓာတ်ဆုံးရှုံးမှုကြောင့် ဆိုးရွားစွာဖြစ်ပေါ်လာမည့် နောက်ဆက်တွဲလက္ခဏာများကို ကာကွယ်ကုသခြင်း၏ အရေးကြီးသောကုသမှုတစ်ခုဖြစ်သည်။
သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
ဓာတ်ဆားရည်ကို သာမန်ဝမ်းပျက်ဝမ်းလျှောဖြစ်သော ကလေးများကို မိမိတို့နေအိမ်၌ပင် ပြုစုကုသရာတွင် အသုံးပြုသည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက ခန္ဓာကိုယ်အတွင်းမှ ရေများဆုံးရှုံးသည်သာမက ဆိုဒီယမ်၊ ပိုတက်ဆီယမ်နှင့် ကလိုရိုဒ်ကဲ့သို့ ဆားဓာတ်များပါ ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် ဓာတ်ဆားတိုက်ပေးခြင်းအပြင် လိုက်နာရန်လိုအပ်သော အခြားအချက်များမှာ_
- အစားအသောက်စားနိုင်သည့်အရွယ်ဖြစ်ပြီး အစားအသောက်စားချင်စိတ်ရှိလျှင် သန့်ရှင်းလတ်ဆတ်၍ အစာကြေလွယ်သည့် အစားအစာကို ဆက်လက်ကျွေးပါ၊ အစားအသောက်စားချင်စိတ် မရှိသည့်တိုင်အောင် အသင့်အတင့်ဝင်အောင် ချော့မော့ကျွေးပါ
- အရည်များများတိုက်ပါ
တိုက်သင့်သောအရည်များ
ကလေးများဝမ်းသွားလျှင် အရည်များများဝင်ရန် အရေးကြီးသည်။ မအန်လျှင်၊ ပိုသောက်လျှင် တိုး၍ တိုက်နိုင်သည်။ တိုက်သင့်သောအရည်များမှာ_
- ဓာတ်ဆား (အဓိကတိုက်ရန် လိုအပ်သည်)
- မိခင်နို့ (မိခင်နို့တိုက်နေသည့် ကလေးများ)
- စွပ်ပြုတ်၊ ဆန်ပြုတ်
- အုန်းရည်
- ရိုးရိုးရေ
- လတ်ဆတ်ပြီး အချိုဓာတ်နည်းသည့် သစ်သီးဖျော်ရည် စသည်တို့ဖြစ်သည်။
တိုက်သင့်သောအရည်ပမာဏ
အသက် (၂) နှစ်အောက် ကလေးများအတွက် ဝမ်းတစ်ခါသွားပြီးတိုင်း ဓာတ်ဆားအပါအဝင် စုစုပေါင်း အရည် (၅၀-၁၀၀) စီစီ (50-100 cc) ခန့် တိုက်ရန်လိုအပ်ပြီး အသက် (၂) နှစ်အထက် ကလေးများအတွက် ဝမ်းတစ်ခါသွားပြီးတိုင်း (၁၀၀-၂၀၀) စီစီ (100-200 cc) ခန့် ပြန်တိုက်ရန်လိုသည်။ ဓာတ်ဆားတိုက်ခြင်းသည် ဝမ်းသွားရပ်အောင် တိုက်ခြင်းမဟုတ်ဘဲ ဝမ်းသွား၍ဆုံးရှုံးသွားသည့် အရည်နှင့် အခြားဓာတ်များကို ပြန်ဖြည့်ခြင်းဖြစ်သည့်အတွက် သွားထားသောဝမ်းပမာဏပေါ်မူတည်ပြီး အနည်းအများတိုက်သင့်သည်။
သုံးစွဲပုံနည်းလမ်းများ
ဤသို့ ဖြည့်တင်းပေးရန်အတွက် Oral Rehydration Salt (ORS) ဟုခေါ်သော ဓာတ်ဆားသည် အရေးကြီးဆုံးဖြစ်သည်။ လက်သန်း၊ လက်ညှိုးအရွယ် အထုပ်အသေးလေးများသည် Probiotics ဟုခေါ်သော ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွင်သုံးသည့် ဆေးတစ်မျိုးသာဖြစ်ပြီး ဓာတ်ဆားမဟုတ်ပါ။
အချို့ဓာတ်ဆားများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည့် အချိုးအစားအတိုင်း ဖော်စပ်ထားခြင်းမဟုတ်ဘဲ အချိုဓာတ် (ဂလူးကို့စ်) အလွန်များတတ်သည်။ ထိုဓာတ်ဆားများကို သောက်လျှင် အရသာရှိသော်လည်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွင် အသုံးပြု၍မရပါ။ အခြားအချိုရည်များလည်း မတိုက်သင့်ပါ။ ဝမ်းပိုပျက်နိုင်သည်။
ဝမ်းပျက်ဝမ်းလျှောလျှင် တိုက်သင့်သည့် ဓာတ်ဆားဆိုသည်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (WHO) က သတ်မှတ်ထားသည့် အချိုးအစား (Formula) အတိုင်း ဖော်စပ်ထားသော ဓာတ်ဆားအမျိုးအစားများဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဓာတ်ဆားဖော်မြူလာတွင် အဟောင်းနှင့် အသစ်ဟူ၍ နှစ်မျိုးရှိသည်။ ဖော်မြူလာအသစ်တွင် ဆိုဒီယမ်ကလိုရိုဒ် (ဆားဓာတ်)နှင့် ဂလူးကို့စ် (အချိုဓာတ်)ကို လျှော့ချထားသည်။
| ဖော်မြူလာအဟောင်း | ဖော်မြူလာအသစ် | |
|---|---|---|
| ဆိုဒီယမ်ကလိုရိုဒ် (ဆားဓာတ်) | (၃.၅) ဂရမ် | (၂.၆) ဂရမ် |
| ဂလူးကို့စ် (အချိုဓာတ်) | (၂၀) ဂရမ် | (၁၃.၅) ဂရမ် |
ဓာတ်ဆားဖျော်စပ်နည်း
ဓာတ်ဆားထုပ်များတွင် ဖျော်ရန် ရေသန့် သို့မဟုတ် ရေကျက်အေးကိုသာ အသုံးပြုသင့်သည်။ ရေနွေးကြမ်း၊ အချိုရည်စသည်တို့နှင့် ရောစပ်ဖျော်ခြင်းမပြုရ။ ဖျော်ရမည့် ရေပမာဏကို ဓာတ်ဆားထုပ် အိတ်ခွံပေါ်တွင် (၁၀၀၀) စီစီ၊ (၂၀၀) စီစီ စသည်ဖြင့် တိတိကျကျရေးထားလေ့ရှိပြီး ဤအချိုးအဆအတိုင်း အတိအကျဖျော်ရန် လိုသည်။ အချိုးအဆမမှန်လျှင် ထိရောက်မှုမရှိသည့်အပြင် ဝမ်းပိုပျက်နိုင်ခြင်း၊ ဆားဓာတ်လွန်ကဲ၍ အသက်အန္တရာယ်ရှိနိုင်ခြင်းတို့ ဖြစ်တတ်သည်။ ဓာတ်ဆားထုပ်တစ်ထုပ်ကို ခွဲမဖျော်ဘဲ တစ်ထုပ်လုံးဖျော်ရန် အရေးကြီးသည်။ ဖျော်ပြီးဓာတ်ဆားရည်ကို (၂၄) နာရီအတွင်းတွင်သာ သုံးရမည်။
တိုက်ရန်လိုအပ်သည့်ပမာဏ
လိုအပ်သော အရည်ပမာဏကို ပုံသေပြော၍မရနိုင်ပါ။ ကလေးတွင် မျက်တွင်းချိုင့်ခြင်း၊ ရေမကြာခဏတောင်းခြင်း၊ ဆီးသွားနည်းခြင်း စသည့် ရေဓာတ်ခန်းခြောက်သည့်လက္ခဏာများ ရှိနေသေးသည်ဆိုလျှင် အရည်ပိုတိုက်ပါ။ အကယ်၍ ကလေး၏ မျက်နှာအမ်းပြီး ဖောင်းလာလျှင် ဓာတ်ဆားအဝင်များခြင်း ဖြစ်နိုင်သောကြောင့် ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများဆက်လက်မရှိတော့ပါက ဓာတ်ဆားတိုက်ခြင်းကို ခေတ္တရပ်ထားပါ။
ဓာတ်ဆားတိုက်နိုင်သော အသက်အရွယ်
ဓာတ်ဆားကို အသက်တစ်လအရွယ် နို့စို့ကလေးများမှစ၍ တိုက်နိုင်သည်။ အသက်တစ်နှစ်အောက် ကလေးများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဖော်မြူလာအသစ်နှင့် ထုတ်ထားသော ဓာတ်ဆားသည် ပို၍သင့်တော်သည်။
ဓာတ်ဆားတိုက်ပုံတိုက်နည်း
ဖျော်ပြီးဓာတ်ဆားကို ဖြစ်နိုင်လျှင် ခွက်၊ ဇွန်းစသည်တို့နှင့် တိုက်သင့်သည်။ သန့်ရှင်းဆေးကြောရန် လွယ်ကူ၍ဖြစ်သည်။ နို့ဘူးနှင့် မတိုက်သင့်ပါ။ အကယ်၍ ကလေးအန်လျှင် ငါးမိနစ်၊ ဆယ်မိနစ်ခန့်နားပြီး ပြန်တိုက်ပေးနိုင်သည်။ ပမာဏနည်းနည်းဖြင့် အကြိမ်အရေအတွက် တိုး၍တိုက်ကျွေးသင့်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
အထက်ပါ အကြံပြုချက်များအတိုင်း လိုက်နာလျှင် ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန် ဓာတ်ဆားတိုက်ခြင်းသည် အလွန်အကျိုးရှိပြီး နောက်ဆက်တွဲပြဿနာများ မဖြစ်နိုင်ပါ။ မတိုက်သင့်သော ဓာတ်ဆား အမျိုးအစားများတိုက်ခြင်း၊ ရေအချိုးအဆ မှန်ကန်စွာ မဖျော်ခြင်းတို့ကြောင့် ဝမ်းပိုပျက်နိုင်ခြင်း၊ ဆားဓာတ်လွန်ကဲပြီး အန္တရာယ်ရှိနိုင်ခြင်းတို့ ဖြစ်တတ်သည်။
အထက်ပါကုသမှုများပေးပြီးနောက် ရေဓာတ်ခန်းခြောက်ခြင်းနှင့် သွေးလန့်ခြင်း (ရှော့ခ်) လက္ခဏာမရှိလျှင် ကလေးကိုအိမ်၌ပင် ပြုစုစောင့်ရှောက်နိုင်သည်။ ကလေးတစ်ယောက် ဝမ်းပျက်လျှင် တစ်ရက်၊ နှစ်ရက်မှ တစ်ပတ်ခန့်အထိ ကြာတတ်သည်။ အစားပျက်တတ်သည်၊ ကိုယ်အနည်းငယ်ပူလာတတ်သည်။ ကလေးသည် လန်းဆန်းဆော့ကစားနိုင်ပြီး၊ နို့စို့နိုင်၊ အရည်ကောင်းစွာသောက်နိုင်၍ ဆီးကောင်းစွာသွားသည်ဆိုလျှင် စိုးရိမ်ရန်မလိုအပ်ပါ။ သို့သော် ကလေးများတွင် ရောဂါလက္ခဏာများသည် အပြောင်းအလဲမြန်သည့်အတွက် စောင့်ကြည့်ရန်အရေးကြီးသည်။
သတိပြုသင့်သည့်အချက်များ
ဆေးရုံ၊ ဆေးခန်းပြသရန်
အောက်ပါလက္ခဏာများ ပေါ်ပေါက်လာလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။
- ရေဓာတ်အလွန်ခန်းခြောက်သော လက္ခဏာများရှိသော ကလေးများ
- အစာ၊ အရည်လုံးဝမဝင်အောင် ဆက်တိုက်အန်နေသောကလေးများ
- မှိန်းနေသောကလေးများ
- ရောဂါအခံရှိနေသော ကလေးများ (ဥပမာ _ မွေးရာပါနှလုံးရောဂါ၊ AIDS ရောဂါရှိသော ကလေးများ)
- အထက်ဖော်ပြပါ ဝမ်းကိုက်ရောဂါနှင့် ကာလဝမ်းရောဂါလက္ခဏာ ရှိသောကလေးများ
- တစ်ပတ်ကျော်အထိ ဝမ်းဆက်သွားနေသော ကလေးများ
မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အကယ်၍ ရေဓာတ်ခန်းခြောက်ခြင်းအလွန်များပြီး ရှော့ခ်ရသည့်လက္ခဏာများဖြစ်သော ကလေးအရမ်းနုံးလာခြင်း၊ မှိန်းလာခြင်း၊ သတိလစ်ခြင်း၊ ခြေလက်များ အလွန်အေးစက်လာခြင်း၊ နှလုံးခုန်မြန်၍ အသက်ရှူမြန်လာခြင်း စသည်တို့ဖြစ်ခဲ့လျှင် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီ ပြသကုသမှု ခံယူရန်လိုသည်။
ဇင့်ဓာတ်ဖြည့်စွက်ဆေး (Zinc Supplementation)
ဝမ်းပျက်ဝမ်းလျှော ဖြစ်သော ကလေးတိုင်းကို ဓာတ်ဆား (ORS) တိုက်ကျွေးခြင်းအပြင် ဇင့်ဓာတ်ဖြည့်စွက်ဆေးကိုပါ တိုက်ကျွေးရန် လိုအပ်သည်။ ၎င်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကုသမှု စံနှုန်း ဖြစ်သည်။
- အကျိုးကျေးဇူး – ဇင့်ဓာတ်သည် ဝမ်းလျှောခြင်း၏ ကြာချိန်နှင့် ပြင်းထန်မှုကို လျှော့ချနိုင်သည်၊ ထို့အပြင် နောက်ထပ် ဝမ်းလျှောမှုများ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးသည်
- ဆေးပမာဏနှင့် ကြာချိန်
- အသက် (၆) လအောက် ကလေးများ – တစ်နေ့လျှင် (၁၀) မီလီဂရမ်နှုန်းဖြင့် (၁၀)ရက် မှ (၁၄)ရက်အထိ တိုက်ကျွေးသည်
- အသက် (၆) လနှင့်အထက် ကလေးများ – တစ်နေ့လျှင် (၂၀) မီလီဂရမ်နှုန်းဖြင့် (၁၀)ရက် မှ (၁၄)ရက်အထိ တိုက်ကျွေးသည်
- ဇင့်ဓာတ်ဖြည့်စွက်ဆေးကို ဝမ်းရပ်သွားပြီးသည့်တိုင်အောင် ရက်ပြည့်အောင် ဆက်လက်တိုက်ကျွေးရန် အရေးကြီးသည်။
References:
- Alder Hey Children’s NHS Foundation Trust. (2024). O.R.S oral hydration tablets. Retrieved July 10, 2025, from https://www.alderhey.nhs.uk/conditions/patient-information-leaflets/o-r-s-oral-hydration-tablets/
- WebMD. (2024). What is oral rehydration therapy for children? Retrieved July 10, 2025, from https://www.webmd.com/children/what-is-oral-rehydration-therapy-children
- World Health Organization. (2006). Oral rehydration salts: Production of the new ORS. Retrieved July 10, 2025, from https://www.who.int/publications/i/item/WHO-FCH-CAH-06.1
- World Health Organization. (2024). Diarrhoeal disease. Retrieved July 10, 2025, from https://www.who.int/news-room/fact-sheets/detail/diarrhoeal-disease
Published Date: 30 August 2024
Last updated: 29 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.