Mak-ka-laung (မက်ကလောင်)

Mak-ka-laung (မက်ကလောင်)

မက်ကလောင်ဖောက်ခြင်း သို့မဟုတ် ခြစ်ခြင်း (ရှားခြစ်ခြင်း) ဓလေ့စရိုက်သည် ကလေးများ အဖျားကြီးလျှင် သို့မဟုတ် အဖျားမကျဘဲ ရက်ရှည်ဖျားလျှင် လူကြီးမိဘများမှ ပြုလုပ်ပေးလေ့ရှိသော အလေ့အထတစ်ခုဖြစ်သည်။ ကလေးများသာမက လူကြီးများပါ မက်ကလောင်ဖောက်ခြင်း၊ ရှားခြစ်ခြင်းကို ပြုလုပ်လေ့ရှိပြီး မြို့ပြကျေးလက်‌‌‌ ဒေသမရွေး ပြုလုပ်ကြသည်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရိုးရာဓလေ့အနေနှင့် ပြုလုပ်မှုကို ပိုမိုတွေ့ရှိရသည်။

မက်ကလောင် ပြုလုပ်လေ့ရှိသော အခြေအနေများ

ရှေးယခင် တရုတ်ရိုးရာ တိုင်းရင်းသမားတော်များ၏ ကုသမှုတစ်မျိုးဟု အယူအဆရှိကြသည်။ မက်ကလောင်ဖောက်ခြင်း သို့မဟုတ် ခြစ်ခြင်းဖြင့် အဖျားအမြန်ကျ၍ သက်သာသွားနိုင်သည်ဟု ‌ယုံကြည်ကြပြီး ထိုဓလေ့ထုံးစံကို လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်သည်။ လူကြီးများတွင်မူ ဖျားနာခြင်းအပြင် ကြွက်သားများနာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ရောင်ရမ်းခြင်း၊ စိတ်လှုပ်ရှားခြင်း စသည့် လက္ခဏာများအတွက်လည်း ရှားခြစ်လေ့ရှိကြသည်။

ပြုလုပ်ပုံနည်းလမ်းများ

မက်ကလောင်ဖောက်ခြင်း ဆိုသည်မှာ ခြေချောင်း၊ လက်ချောင်းများကို ကြိုး၊ သားရေကွင်း စသည်တို့ဖြင့်စည်း၍ ခြေထိပ်၊ လက်ထိပ်များ ဖောင်းတင်းလာသောအခါ အပ် (သို့မဟုတ်) ဆူးကိုသုံးကာ သွေးဖောက်ထုတ်ခြင်းမျိုးဖြစ်သည်။ တစ်ခါတစ်ရံ ခြေလက်များအပြင် ကြွက်သားနေရာများ၊ စအိုပတ်လည်နေရာများတွင်လည်း သွေးဖောက်ထုတ်တတ်သည်။ ထိုသို့ပြုလုပ်ရာမှ သွေးမည်း၊ သွေးညစ်များထွက်လာလျှင် အဆိပ်အတောက်များ ကင်းစင်သွားပြီး အဖျားကျသွားနိုင်သည်ဟု လွဲမှားစွာ ယုံကြည်သောကြောင့်ဖြစ်သည်။

ပုံမှန်အားဖြင့် သွေးပြန်ကြောများစုစည်းနေသော စအိုအနီးတစ်ဝိုက်နှင့် ညှစ်ထားသော လက်ချောင်း၊ ခြေချောင်းတို့ကို သွေးဖောက်လျှင် အရောင်ရင့်သောသွေးများသာ ထွက်မည်ဖြစ်ပြီး အဖျားကျခြင်းနှင့် ဆက်စပ်မှုမရှိပါ။

မက်ကလောင်ခြစ်ခြင်း (ရှားခြစ်ခြင်း) ဆိုသည်မှာ ကျောက်တုံး၊ ကျောက်ပြား၊ ကြွေဇွန်း၊ စတီးဇွန်း၊ သံဘူး အခွံ၊ ခရုခွံ စသည်တို့ဖြင့် ကျောကုန်း၊ ရင်ဘတ်၊ လည်ကုပ်၊ လက်ဖျံ၊ ခြေသလုံး စသည့်နေရာများရှိ အ‌‌ရေပြားကို အစင်းကြောင်းများ၊ သွေးခြည်ဥခြင်းများ ဖြစ်သည်အထိ အကြိမ်ကြိမ်ခြစ်ခြင်းဖြစ်သည်။ ရှားမခြစ်မီ အဆီတစ်မျိုးမျိုး လိမ်းပေးလေ့လည်းရှိသည်။

မက်ကလောင်ပြုလုပ်ခြင်းကြောင့် အဖျားသက်သာနိုင်သည်ဆိုသော သီအိုရီများ ရှိကြသော်လည်း သုတေသနအရ ခိုင်မာစွာသက်သေပြထားခြင်း မရှိပါ။ မက်ကလောင်ပြုလုပ်စဉ် နာကျင်သောအခါ အဖျားကြောင့်ဖြစ်ပေါ်နေသော ကိုက်ခဲနာကျင်မှုများ ယာယီအားဖြင့် သက်သာသွားသည်။ ထိုသို့ဖြစ်ရခြင်း အကြောင်းရင်းမှာ “ဦးနှောက်မှ နာကျင်ခြင်း အာရုံပြောင်းလဲခြင်း” ဟု ယူဆကြသည်။ အဖျားသည်လည်း သာမန်ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပြီး အချိန်တစ်ခုရောက်သည့်အခါ သူ့အလိုအလျောက် သက်သာသွားကြသည်ကို မက်ကလောင် ပြုလုပ်ခြင်းကြောင့် သက်သာသည်ဟု ထင်မြင်မိကြခြင်းဖြစ်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

မက်ကလောင်ဖောက်ခြင်း၊ ရှားခြစ်ခြင်းတို့သည် ကလေးများအတွက် ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ မက်ကလောင်ဖောက်ရာ ခြစ်ရာတွင် မသန့်ရှင်းသောအပ်များ၊ ဆူးများ၊ ဇွန်း၊ သံပြား၊ ကျောက်ပြား စသည်တို့ဖြင့် ဖောက်သောကြောင့် မေးခိုင်ပိုးဝင်ခြင်း၊ သွေးဆိပ်တက်ခြင်းများဖြစ်တတ်ပြီး အသက်ဆုံးရှုံးရသည်အထိ ပြင်းထန်တတ်သည်။

ထို့အပြင် အသည်းရောင်အသားဝါ ဘီပိုး နှင့် စီပိုး ကဲ့သို့ သွေးမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများလည်း ကူးစက်နိုင်သည်။ သွေးလွန်တုပ်‌ကွေး ရောဂါရှိသောကလေးများတွင် သွေးမတိတ်ခြင်း၊ သွေးဆိပ်တက်ခြင်းများ ပို၍ဖြစ်ပွါးနိုင်သည်။

ပြင်းထန်စွာရှားခြစ်ခြင်းကြောင့် အရေပြားများလန်ခြင်း၊ နီရဲခြင်း၊ သွေးခြည်ဥခြင်း၊ သွေးထွက်ခြင်းများလည်း ဖြစ်တတ်သည်။ ထိုမှတစ်ဆင့် ရောဂါပိုးများ အလွယ်တကူဝင်ရောက်နိုင်သည်။ ဒဏ်ရာဒဏ်ချက်များကြောင့် ကလေးကို နှိပ်စက်ထားသည်ဟု အထင်အမြင်လွဲနိုင်သည်။

လူကြီးများတွင်မူ

  • ဆီးချိုရောဂါရှိသူများ
  • ကိုယ်ဝန်ဆောင်မိခင်များ
  • သွေးကျဲဆေး၊ သွေးမခဲဆေး သောက်သုံးနေရသူများ
  • သွေးခြေဥလွယ်သူများ၊ သွေးမတိတ်ရောဂါရှိသူများ
  • အရေပြားရောဂါ (ဥပမာ _ Psoriasis, Rosacea) ရှိသူများတွင် ရှားခြစ်ခြင်း၊ မက်ကလောင်ဖောက်ခြင်းတို့ကို ရှောင်ကြဥ်သင့်သည်။
သတိပြုသင့်သည့် အချက်များ

အချုပ်အားဖြင့်

  1. ကလေးဖျားလျှင် အဖျားကျစေရန် ပါရာစီတမောတိုက်ခြင်း၊ ရေဖတ်တိုက်ခြင်း၊ အခန်းအေးအောင် ထားခြင်း၊ လေဝင်လေထွက် ကောင်းအောင်ထားခြင်း စသည်တို့ပြုလုပ်ပါ၊ မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ပါ
  2. မသန့်ရှင်းသော ပစ္စည်းများသုံး၍ ပြုလုပ်သည့် အသက်အန္တရာယ်အထိရှိနိုင်သော မက်ကလောင်ဖောက်ခြင်း သို့မဟုတ် ခြစ်ခြင်း (ရှားခြစ်ခြင်း) များကို ရှောင်ကြဉ်ပါ

References:

  1. WebMD. (2021). Gua sha: Benefits, risks and techniques. Retrieved July 10, 2025, from https://www.webmd.com/balance/what-is-gua-sha
  2. Healthline. (2025). Gua sha: What it is and what it’s used for. Retrieved July 10, 2025, from https://www.healthline.com/health/gua-sha#:~:text=Benefits.%20Side%20effects.%20Takeaway.%20Gua%20sha%20is%20an
  3. China Culture. (2013). Gua sha: Traditional Chinese scraping therapy practice. Retrieved July 10, 2025, from https://en.chinaculture.org/info/2013-04/25/content_456628_2.htm
  4. Medical News Today. (2024). Gua sha: Uses, benefits, and side effects. Retrieved July 10, 2025, from https://www.medicalnewstoday.com/articles/320397

Published Date: 30 August 2024

Last updated: 27 October 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.