ရင်ကျပ်ရောဂါကု ဆေးရှူကိရိယာများသည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကုသရန်အတွက် လိုအပ်သော ရှူဆေးများကို အဆုတ်ထဲသို့ တိုက်ရိုက်ပို့ဆောင်ပေးသည့် ကိရိယာငယ်များဖြစ်သည်။ ၎င်းတို့သည် ရင်ကျပ်ဝေဒနာရှင်များအတွက် မရှိမဖြစ် လိုအပ်ပြီး လက်ဖြင့် အလွယ်တကူ ကိုင်တွယ်အသုံးပြုနိုင်သော ပစ္စည်းများဖြစ်သည်။
ဆေးဝါးကို ရှူသွင်းခြင်းကြောင့် ဆေးများသည် အသက်ရှူလမ်းကြောင်းထဲသို့ မြန်မြန်ဆန်ဆန် ရောက်ရှိပြီး ပိုမိုထိရောက်မှု ရှိစေကာ ဘေးထွက်ဆိုးကျိုး နည်းစေသည်။ သို့သော် ဆေးရှူနည်းမှန်မှန်ဖြင့် စနစ်တကျရှူမှသာ ရောဂါလက္ခဏာ သက်သာပျောက်ကင်းနိုင်သည်။
သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
ရင်ကျပ်ရောဂါကု ဆေးရှူကိရိယာများမှ ဆေးရည် သို့မဟုတ် ဆေးမှုန့်များသည် အမှုန်အမွှား သို့မဟုတ် အခိုးအငွေ့ပုံစံဖြင့် ပါးစပ်မှတစ်ဆင့် ရှူသွင်းပြီး အဆုတ်ထဲသို့ရောက်ရှိကာ ရင်ကျပ်ခြင်းကို သက်သာစေသည်။ ထို့ကြောင့် အောက်ပါ ရောဂါများတွင် ရောဂါလက္ခဏာများကို ထိန်းချုပ်ရန် သုံးစွဲသည်။
- ပန်းနာရင်ကျပ်ရောဂါ (Asthma)
- နာတာရှည်လေပြွန်ကျဉ်း အဆုတ်ပွရောဂါ (Chronic Obstructive Pulmonary Disease – COPD)
- အခြားသော အဆုတ်လေပြွန်ရောဂါများ
ရင်ကျပ်ကုသသည့် ဆေးဝါးအမျိုးအစားများ
ရောဂါပြင်းထန်မှုပေါ် မူတည်၍ ရင်ကျပ်ရှူဆေးများကို နေ့စဉ် သို့မဟုတ် လိုအပ်သည့်အခါမှသာ ရှူရန်လိုသည်။ အဆိုပါဆေးဝါးများကို အဓိကအားဖြင့် နှစ်မျိုး ခွဲခြားနိုင်သည်။
- လက္ခဏာ အမြန်သက်သာစေသော ဆေးများ (Relievers)
- ကာကွယ်ထိန်းချုပ်သော ဆေးများ (Preventers/Controllers)
လက္ခဏာ အမြန်သက်သာစေသော ဆေးများ (Relievers)
- သုံးစွဲပုံအခြေအနေ
ရောဂါမပြင်းထန်လျှင်၊ ရင်ကျပ်သည့်အကြိမ် အရေအတွက် မများလျှင် သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်မှသာ ရောဂါလက္ခဏာ ခံစားရလျှင် ဤဆေးမျိုးကို သုံးရန် လိုအပ်သည်။ - ဆေးအမျိုးအစား
၎င်းဆေးများတွင် လေပြွန်ကျယ်စေသည့် Short Acting Beta2-Agonists (SABAs) နှင့် Short Acting Anticholinergics ဆေးများ ပါဝင်သည်။ - ဆေးဘူးအရောင် (ယေဘုယျ)
အများအားဖြင့် Short Acting Beta2-Agonists (SABAs) ရှူဆေးဘူးများ၏အရောင်ကို အပြာရောင်အဖြစ် သတ်မှတ်ထုတ်လုပ်လေ့ရှိသည်။

ကာကွယ်ထိန်းချုပ်သော ဆေးများ (Preventers/Controllers)
- သုံးစွဲပုံအခြေအနေ
ရောဂါလက္ခဏာများ တဖြည်းဖြည်း လျော့နည်းအောင် ထိန်းချုပ်ရန်နှင့် ရုတ်တရက် ပြန်ဖြစ်ခြင်းကို ကာကွယ်ရန်အတွက် နေ့စဉ် ပုံမှန်အသုံးပြုရန် လိုအပ်သော ဆေးဝါးများဖြစ်သည်။ - ဆေးအမျိုးအစား
လေပြွန်ရောင်ရမ်းမှုကို လျှော့ချနိုင်သည့် စတီးရွိုက်ရှူဆေးများ (Inhaled Steroids)၊ Leukotriene modifiers နှင့် Long-Acting Beta2-Agonists (LABAs) စသည်တို့ ပါဝင်သည်။ - ဆေးဘူးအရောင် (ယေဘုယျအားဖြင့်)
- စတီးရွိုက်ရှူဆေးများ (Steroid Inhalers) ကို အညိုရောင် သို့မဟုတ် လိမ္မော်ရောင်
- နှစ်မျိုးပေါင်းဆေး (Steroid + LABA) များကို အနီရောင်၊ ပန်းရောင်၊ ခရမ်းရောင် များဖြင့် ထုတ်လုပ်လေ့ရှိသည်

ဆေးရှူကိရိယာအမျိုးမျိုး
အသုံးများသော ရှူဆေးကိရိယာအမျိုးအစားများမှာ_
- Metered Dose Inhaler (MDI)
- ပုံသဏ္ဌာန်
ဂေါက်တံပါသော ဆေးရှူဘူး အမျိုးအစားဖြစ်သည်။ အတွေ့ရများပြီး အသုံးများသည်။ ဆေးရည်ကို ဖိအားဖြင့် ထည့်သွင်းထားပြီး ဆေးတစ်ခါရှူရန် ညှစ်ပါက ထွက်ရမည့် ပမာဏကို သတ်မှတ်ထားသည်။ - အသုံးပြုပုံ
ဆေးဘူးကို ညှစ်ထုတ်သည့်အချိန်နှင့် ပါးစပ်ဖြင့် ဖြေးညင်းစွာ ရှူသွင်းချိန်သည် ကိုက်ညီမှုရှိရန် အရေးကြီးသည်။ - အသက် (၄) နှစ်နှင့် (၄) နှစ်အောက် ကလေးများတွင် ဆေးရှူပြောင်း (Spacer) နှင့် တွဲဖက်သုံးရန် လိုအပ်သည်
- ပုံသဏ္ဌာန်
- Dry Powder Inhaler (DPI)
ဆေးမှုန့်များ ထည့်သွင်းထားသော ဆေးရှူဘူး အမျိုးအစားဖြစ်သည်။ ဆေးဘူးကို ဖိညှစ်ရန် မလိုဘဲ၊ ပါးစပ်မှတစ်ဆင့် ဆေးမှုန့်များကို အဆုတ်အတွင်းသို့ ခပ်ပြင်းပြင်းနှင့် မြန်မြန် ရှူသွင်းရသည်။ ဤဆေးဘူးကို ဆေးရှူပြောင်း (Spacer) ခံ၍ အသုံးမပြုရ။
ဆေးရှူပြောင်း (Spacer) အသုံးပြုခြင်း
ဆေးရှူပြောင်းဆိုသည်မှာ ရှူဆေးဘူးနှင့် တွဲဖက်တပ်ဆင်ရန် ပလတ်စတစ်အကြည်ဖြင့် ပြုလုပ်ထားသည့် ပြွန်ကဲ့သို့သော ပစ္စည်းဖြစ်သည်။ ဆေးရှူပြောင်း အသုံးပြုခြင်းဖြင့် ရှူဆေးများကို အဆုတ်အတွင်းသို့ ပိုမိုရောက်ရှိစေပြီး ဆေးအာနိသင်ကို အကောင်းဆုံး ရရှိစေသည်။ အသက် (၄) နှစ်နှင့် (၄) နှစ်အောက် ကလေးများအတွက်မူ ဆေးရှူပြောင်းများ၏ ပါးစပ်နှင့်တေ့၍ ရှူရသောအပိုင်းတွင် မျက်နှာဖုံး (mask) တပ်ဆင်၍ အသုံးပြုခြင်းသည် ပိုမိုလွယ်ကူထိရောက်စွာ သုံးစွဲနိုင်စေသည်။ မျက်နှာဖုံးသည် ကလေး၏ ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာ ဖုံးအုပ်ထားရန် လိုအပ်သည်။
ဆေးရှူပုံနည်းလမ်းများ

Metered Dose Inhaler (MDI) သုံးစွဲပုံ
- လက်ကို စင်ကြယ်စွာ ဆေးကြောပါ
- ဆေးဘူးကို (၄-၅) ချက် အပေါ်အောက် လှုပ်ပေးပါ
- လေကို တတ်နိုင်သမျှ အရင်ရှူထုတ် ပေးပါ
- ဆေးဘူးကို ပါးစပ်အဝသို့ တေ့ထည့်ပါ
- လေကို ပါးစပ်ဖြင့် ဖြေးညင်းစွာ ရှူသွင်းပြီး ဆေးဘူးကို တစ်ပြိုင်နက် ဖိညှစ်ပါ (ဆေးရည်ထွက်ချိန်နှင့် ရှူသွင်းချိန် ကိုက်ညီရန် အရေးကြီးသည်)
- (၁၀) စက္ကန့်ခန့် သို့မဟုတ် (၁) မှ (၁၀) အထိ မှတ်၍ အသက်ရှူအောင့်ထားပါ
- စက္ကန့် (၃၀) ခန့် ခေတ္တနားပြီး လိုအပ်ပါက ထပ်မံ ရှူသွင်းပါ
- ဆေးရှူပြီးပါက သန့်စင်သောရေဖြင့် ပလုတ်ကျင်း ပေးပါ (အထူးသဖြင့် စတီးရွိုက်ရှူဆေးများ ရှူပြီးနောက်)

Dry Powder Inhaler (DPI) သုံးစွဲပုံ
- လက်ကို စင်ကြယ်စွာ ဆေးကြောပါ
- ရှူမည့် ဆေးပမာဏကို ညွှန်ကြားချက်အတိုင်း ဖြည့်ဆည်းပါ
- ဆေးဘူးကို ခေါက်ခြင်း၊ လှုပ်ခြင်းများ မလုပ်ရ
- တတ်နိုင်သမျှ လေကို အရင်ရှူထုတ် ပေးပါ
- ဆေးရှူမည့်နေရာကို ပါးစပ်အတွင်းသို့ ထည့်သွင်းပါ
- ဆေးရှူရန် အသက်ကို ပြင်းပြင်းနှင့် မြန်မြန် ရှူသွင်းပါ
- (၁၀) စက္ကန့်ခန့် သို့မဟုတ် (၁) မှ (၁၀) အထိ မှတ်၍ အသက်ရှူအောင့်ထားပါ
- ဆေးဘူးကို ပါးစပ်မှ ထုတ်၍ ဖြေးညှင်းစွာ လေကို ရှူထုတ်ပါ
- ဆေးရှူပြီးပါက သန့်စင်သောရေဖြင့် ပလုတ်ကျင်း ပေးပါ
နောက်ဆက်တွဲဆိုးကျိုးများနှင့် သတိပြုသင့်သည့်အချက်များ
နောက်ဆက်တွဲဆိုးကျိုးများ
ရင်ကျပ်ရောဂါကု ရှူဆေးအများစုတွင် နောက်ဆက်တွဲဆိုးကျိုးများ တွေ့လေ့မရှိသော်လည်း တစ်ခါတစ်ရံ အောက်ပါတို့ ဖြစ်ပွားနိုင်သည်။
- အနီပြင်များ ထွက်ခြင်း
- ပါးစပ်တွင် မှက္ခရု (Oral Thrush) ပေါက်ခြင်း (စတီးရွိုက်ဆေးရှူပြီး ပလုတ်မကျင်းပါက ဖြစ်နိုင်သည်)
- နှလုံးခုန်နှုန်းမြန်ခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- ခေါင်းကိုက်ခြင်း
နောက်ဆက်တွဲလက္ခဏာများ ပြင်းထန်လျှင် ရှူဆေးရှူခြင်းကို ခေတ္တရပ်နားပြီး သက်ဆိုင်ရာဆရာဝန်နှင့် ချက်ချင်းပြန်ပြရန် လိုအပ်သည်။
ဆေးရှူကိရိယာထိန်းသိမ်းခြင်း (Spacer အပါအဝင်)
- သိုလှောင်သိမ်းဆည်းပုံ – Dry Powder Inhaler ကို ခြောက်သွေ့သောနေရာ၊ အခန်းအပူချိန်တွင် သိမ်းဆည်းပါ
- DPI/ ဆေးမှုန့်ရှူဘူး – ရေမထိစေရန် သေချာစွာ သိမ်းဆည်းပါ၊ ဆေးဘူးကို မလှုပ်ရ
- ဆေးရှူပြောင်း (Spacer) သန့်ရှင်းရေးပြုလုပ်ခြင်း
- နူးညံ့သော ပန်းကန်ဆေးဆပ်ပြာဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ဆေးကြောပါ
- ဆေးကြောပြီးနောက် အဝတ်ဖြင့် သုတ်ခြင်း၊ ပွတ်တိုက်ခြင်း၊ နေပူလှန်းခြင်း မပြုရ
- သန့်စင်သော အဝတ်ခြောက်ပေါ်တွင် မှောက်၍ လေဖြင့် အခြောက်ခံပါ (Air dry)
- ကလေးများအတွက် Spacer ကို တစ်နှစ်လျှင် တစ်ကြိမ် အသစ်လဲလှယ်ရန် လိုအပ်သည်
- မျက်နှာဖုံးသန့်ရှင်းရေးပြုလုပ်ခြင်း – မျက်နှာဖုံးအသုံးပြု၍ ကာကွယ်ဆေးရှူဆေး ရှူသောကလေးများ ဖြစ်ပါက ဆေးရှူပြီးနောက် မျက်နှာသေချာ ဆေးကြောပေးရန် လိုအပ်သည်
References:
- Cleveland Clinic. (2023). Inhalers: Overview, types, dosing & how to use. Retrieved July 11, 2025, from https://my.clevelandclinic.org/health/treatments/8694-inhalers Cleveland Clinic
- American Lung Association. (n.d.). How to use a metered‐dose inhaler. Retrieved July 11, 2025, from https://www.lung.org/lung-health-diseases/lung-disease-lookup/asthma/treatment/devices/metered-dose-inhaler
- NHS Greater Glasgow & Clyde. (2013). Respiratory inhaler identification guide: Version 2. Retrieved July 11, 2025, from https://www.nhsggc.org.uk/media/245983/respiratory-inhaler-tech-guide-final-1606.pdf
- National Asthma Council Australia. (n.d.). Spacer use and care. Retrieved July 11, 2025, from https://www.nationalasthma.org.au/living-with-asthma/resources/patients-carers/factsheets/spacer-use-and-care
- Children’s Hospital Colorado. (n.d.). MDI inhaler (English). Retrieved July 11, 2025, from https://www.childrenscolorado.org/globalassets/departments/breathing/mdi-inhaler-english.pdf
- KidsHealth New Zealand. (n.d.). Spacers for asthma inhalers. Retrieved July 11, 2025, from https://www.kidshealth.org.nz/asthma/spacers-for-asthma-inhalers
- HealthHub Singapore. (n.d.). Metered dose inhalers. Retrieved July 11, 2025, from https://www.healthhub.sg/medication-devices-and-treatment/medications/metered-dose-inhalers
- Primary Care Respiratory Society UK. (n.d.). Inhaler devices. Retrieved July 11, 2025, from https://www.pcrs-uk.org/resource/current/inhaler-devices
Published: 30 August 2024
Last updated: 12 November 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.