ချောင်းဆိုးခြင်းသည် ခန္ဓာကိုယ်၏ ကာကွယ်တုံ့ပြန်မှုတစ်မျိုးဖြစ်ပြီး အဆုတ်တွင်းမှ ပိုးမွှား၊ ဓာတ်ပစ္စည်း၊ အဆိပ်အတောက်များကို ပြန်လည်စွန့်ထုတ်ပေးသော ပုံမှန်ကျန်းမာသည့် လက္ခဏာတစ်ခု ဖြစ်သည်။ ချောင်းဆိုးတိုင်း ချောင်းဆိုးပျောက်ဆေး အမြဲတမ်း တိုက်ကျွေးရန် မလိုအပ်ပါ။
ချောင်းဆိုးပျောက်ဆေးများ သုံးစွဲရန်လမ်းညွှန်ချက်
- အသက် (၄) နှစ်အောက် ကလေးများ
- လုံးဝ မတိုက်သင့်ပါ၊ ငယ်ရွယ်သော ကလေးများတွင် ဘေးထွက်ဆိုးကျိုးများ အန္တရာယ် ပိုမိုမြင့်မားသည်
- အချို့သော ကျန်းမာရေးလမ်းညွှန်ချက်များအရ အသက် (၆) နှစ်အောက် ကလေးများအတွက်ပါ ချောင်းဆိုးပျောက်ဆေးများကို မတိုက်ရန် အထူးအလေးထား အကြံပြုထားသည်
- အသက် (၄)နှစ် မှ (၆) နှစ်ကြား ကလေးများ
- ချောင်းဆိုးခြင်းကြောင့် ကလေး၏ အအိပ်၊ အစား၊ အနေအထိုင် စသည်တို့ကို သိသိသာသာ ထိခိုက်မှသာ ဆေးတိုက်ရန် စဉ်းးစားသင့်သည်
- မည်သို့ပင်ဖြစ်စေ ဆရာဝန်၏ ညွှန်ကြားချက်ရှိမှသာ တိုက်ရမည်
- အသက် (၆) နှစ်အထက် ကလေးများ
- စိတ်ချစွာ တိုက်နိုင်သည်ဟု ဆိုသော်လည်း ချောင်းဆိုးတိုင်း တိုက်ရန်မလိုဘဲ လိုအပ်မှသာ မှန်ကန်သောပမာဏဖြင့် တိုက်ကျွေးသင့်သည်
- မှတ်သားရန်
- ကလေးများတွင် နှာစေးချောင်းဆိုးအများစုသည် ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပြီး (၁-၂) ပတ်အတွင်း အလိုလို သက်သာလေ့ရှိသည်
- ချောင်းဆိုးပျောက်ဆေးများသည် ရောဂါကို ပျောက်စေခြင်း သို့မဟုတ် ရောဂါဖြစ်သည့် သက်တမ်းကို တိုစေခြင်း မရှိပါ
- ဗိုင်းရပ်စ်ကြောင့်ဖြစ်လျှင် ပဋိဇီဝပိုးသတ်ဆေးများ (Antibiotics) ပေးရန် မလိုပါ
- ချောင်းဆိုးစေသောရောဂါသည် ကုသရန်လိုသောရောဂါမျိုးဖြစ်လျှင် ဥပမာ_တီဘီ၊ ရင်ကျပ်ပန်းနာ၊ အဆုတ်ရောင်ရောဂါ စသည်တို့ရှိနေလျှင် ထိုရောဂါများကို ကုသရသည်
နောက်ဆက်တွဲဆိုးကျိုးများနှင့် ရှောင်ကြဉ်ရမည့်ဆေးဝါးများ
ချောင်းဆိုးပျောက်ဆေးများကြောင့် အထူးသဖြင့် ငယ်ရွယ်သူများတွင် အောက်ပါဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။
- နှလုံးခုန်မြန်လာခြင်း၊ အသက်ရှူနှုန်း နှေးသွားခြင်း သို့မဟုတ် အသက်ရှူကျပ်ခြင်း
- အန်ခြင်း၊ အတက်လက္ခဏာများ ပေါ်လာခြင်း
- သာမန်ထက်ပို၍ အိပ်ခြင်း၊ မှိန်းခြင်း၊ ရုတ်တရက် အမူအကျင့်ပြောင်းလဲသွားခြင်း
- ရှောင်ကြဉ်ရမည့် ဆေးများ
- Codeine (ကိုဒင်း) သို့မဟုတ် Hydrocodone (Opioid အမျိုးအစား) ပါဝင်သော ဆေးများသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ အန္တရာယ်ကြောင့် အသက် (၁၂) နှစ်အောက် ကလေးများအတွက် လုံးဝ တိုက်ကျွေးခြင်း မပြုရ
- ဓာတ်ပစ္စည်းတစ်မျိုးထက်ပို၍ ပေါင်းစပ်ထားသော ချောင်းဆိုးပျောက်ဆေးများ (Multi-ingredient Syrups) ကို ရှောင်ကြဉ်သင့်သည် (ဆေးပမာဏများပြားပြီး နောက်ဆက်တွဲဆိုးကျိုးများ ပိုမိုဖြစ်ပေါ်လာနိုင်သောကြောင့်ဖြစ်သည်)
ချောင်းဆိုးပျောက်ဆေးများမပါဘဲ ကုသနိုင်သော နည်းလမ်းများ
ကလေးများ ချောင်းဆိုးလျှင် အောက်ပါနည်းလမ်းများကို ဦးစားပေး လုပ်ဆောင်သင့်သည်။
- အရည်များများ တိုက်ပေးခြင်း
- ချွဲသလိပ်များ ပျော်စေရန် ပူနွေးသောအရည်များ (ဥပမာ_ရေနွေး) ကို တိုက်ပေးပါ
- အသက် (၁) နှစ်အထက် ကလေးများအတွက် ချောင်းဆိုးသက်သာစေရန် ပျားရည်ကို တိုက်ကျွေးပါ (၁ နှစ်အောက် မတိုက်ရ)
- နှာခေါင်းပိတ်ခြင်းကို သက်သာစေခြင်း
- နှာခေါင်းတွင်း ဆားရည်အစက်ချဆေး (Saline Drops) ထည့်ပေးပါ
- ပတ်ဝန်းကျင်
- အသက်ရှူလမ်းကြောင်းကို လှုံ့ဆော်နိုင်သည့် ဖုန်၊ အမှုန်၊ စူးရှသောအနံ့၊ ဆေးလိပ်ငွေ့ စသည်တို့ကို ရှောင်သင့်သည်
- အအေးငွေ့ပေးစက် (Cool-mist Humidifier) ကို အသုံးပြုပါ
- အနားယူစေခြင်း
- ကလေးကို ကျောင်းမလွှတ်ဘဲ အိမ်တွင် အနားယူသင့်သည်
ချောင်းဆိုးပျောက်ဆေး ရွေးချယ်ခြင်း
ချောင်းဆိုးပျောက်ဆေး တိုက်ရန် လိုအပ်သည်ဟု ဆုံးဖြတ်ပါက ချောင်းဆိုးရသည့် အကြောင်းရင်းနှင့် ရောဂါအခံပေါ် မူတည်ပြီး ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ ဆေးရွေးချယ်သင့်သည်။
- နှာရည်ကျခြင်း/ဓာတ်မတည့်ခြင်းနှင့်တွဲ၍ ချောင်းဆိုးခြင်း _ ဟစ်စ်တမင်း ဆန့်ကျင်ဆေး (Antihistamine) ပါသော ဆေးမျိုး
- ရင်ကျပ်ခြင်းနှင့်တွဲ၍ ချောင်းဆိုးခြင်း (အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း) _ လေပြွန်ကျယ်စေသောဆေး (Bronchodilator) ပါသော ဆေးမျိုး သို့မဟုတ် ရှူဆေး
- ချွဲသလိပ်များခြင်း ကြောင့် ချောင်းဆိုးခြင်း _ သလိပ်ပျော်ဆေး (Expectorant) ပါသော ဆေးမျိုး
- ချောင်းခြောက်တအားဆိုးခြင်း (အအိပ်ပျက်သည်အထိ ဆိုးရွားခြင်း) _ ချောင်းမဆိုးအောင် ထိန်းသောဆေး (Cough Suppressant/Dextromethorphan) ပါသော ဆေးမျိုး
ဆေးရုံ၊ ဆေးခန်း ချက်ချင်းပြသရန် လိုအပ်သော အခြေအနေများ
အောက်ပါလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင် ချက်ချင်းပြသရန် လိုအပ်သည်။
- ကိုယ်အပူချိန် (၁၀၂) ဒီဂရီဖာရင်ဟိုက် (39∘C) ထက် များလျှင်
- အသက်ရှူမြန်လျှင် သို့မဟုတ် ရင်ဘတ်အောက်ပိုင်း ချိုင့်ဝင်အောင် အသက်ရှူနေလျှင်
- အသက်ရှူသွင်း၊ ရှူထုတ်ချိန်များတွင် တရွှီရွှီမြည်သံ သို့မဟုတ် အခြားဆူညံသံများ ကြားလာလျှင်
- ကလေး၏ နှုတ်ခမ်းနှင့်လျှာ ပြာလာလျှင်
- အစားအသောက် သိသိသာသာ လျော့သွားလျှင် သို့မဟုတ် နို့ကောင်းကောင်း မစို့လျှင်
- အိပ်ချိန် သာမန်ထက် သိသိသာသာ ပိုများနေလျှင် (မှိန်းနေလျှင်)
- အအိပ်အစား ပျက်လောက်အောင် နေ့ရောညပါ ဆက်တိုက်ချောင်းဆိုးနေလျှင်
- တစ်ရက်ထက်တစ်ရက် ချောင်းပိုဆိုးလာလျှင်
အချုပ်ဆိုရလျှင် ချောင်းဆိုးသည်နှင့် ရရာချောင်းဆိုးပျောက်ဆေးများ အလွယ်မတိုက်သင့်ဘဲ၊ အထူးသဖြင့် အသက် (၄) နှစ်အောက် ကလေးများအတွက် လုံးဝရှောင်ကြဉ်သင့်ကာ အိမ်တွင်းကုထုံးများဖြင့်သာ ကုသသင့်သည်။ လိုအပ်သော အခြေအနေများတွင် ဆရာဝန်နှင့် တိုင်ပင်၍ ကုသမှုခံယူရန် အရေးကြီးဆုံးဖြစ်သည်။
References:
- U.S. Food and Drug Administration. (n.d.). Should you give kids medicine for coughs and colds? Retrieved July 11, 2025, from https://www.fda.gov/consumers/consumer-updates/should-you-give-kids-medicine-coughs-and-colds U.S. Food and Drug Administration
- Newsonair. (2025). Health ministry advises cough syrups should not be prescribed or dispensed to children below two years. Retrieved July 11, 2025, from https://www.newsonair.gov.in/health-ministry-advises-cough-syrups-should-not-be-prescribed-or-dispensed-to-children-below-two-years/
- India Today. (2025). Doctor breaks down cough syrup prescription age-wise: What is safe for kids and adults. Retrieved July 11, 2025, from https://www.indiatoday.in/health/story/doctor-breaks-down-cough-syrup-prescription-age-wise-what-is-safe-for-kids-and-adults-2797956-2025-10-05
- Mayo Clinic. (n.d.). Cold medicines for kids: What’s the risk? Retrieved July 11, 2025, from https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/cold-medicines/art-20047855
- Times of India. (2025). Cough meds have minimal proven benefit, significant risks: Health dept’s new protocol. Retrieved July 11, 2025, from https://timesofindia.indiatimes.com/city/jaipur/cough-meds-have-minimal-proven-benefit-significant-risks-health-depts-new-protocol/articleshow/124371118.cms
- Texas Health and Human Services. (2024). DURB Agenda Item 7O. Retrieved July 11, 2025, from https://www.hhs.texas.gov/sites/default/files/documents/apr-2024-durb-agenda-item7o.pdf
- Cleveland Clinic. (n.d.). Kids’ medicine for cough and cold. Retrieved July 11, 2025, from https://health.clevelandclinic.org/kids-medicine-for-cough-and-cold
- Royal Children’s Hospital Melbourne. (n.d.). Cough (fact sheet). Retrieved July 11, 2025, from https://www.rch.org.au/kidsinfo/fact_sheets/cough/
Published: 30 August 2024
Last updated: 12 November 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.