တောက်ဆိုပလာစမာရောဂါ (Toxoplasmosis) သည် Toxoplasma gondii ဟုခေါ်သော မျက်စိဖြင့် မမြင်နိုင်သည့် အဏုဇီဝကပ်ပါးပိုး (Protozoan parasite) ကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် အဖြစ်များသော ကပ်ပါးရောဂါများအနက် တစ်ခုဖြစ်သည်။ ကျန်းမာသောလူအများစုတွင် ရောဂါလက္ခဏာမပြဘဲ ရှိတတ်ပြီး လက္ခဏာပြပါက ပြန်ရည်ကျိတ်ရောင်ခြင်း၊ သာမန်အဖျား၊ အားနည်းခြင်းစသည်တို့သာ ဖြစ်ပေါ်တတ်သည်။ သို့သော် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ပထမဆုံးအကြိမ် တောက်ဆိုပလာစမာပိုး ကူးစက်ခံရပါက ရောဂါပိုးသည် အချင်း (Placenta) ကို ဖြတ်သန်း၍ သန္ဓေသားထံ ကူးစက်နိုင်ပြီး မွေးရာပါ တောက်ဆိုပလာစမာရောဂါ (Congenital toxoplasmosis) ကို ဖြစ်ပွားစေနိုင်သည်။ ထိုရောဂါသည် သန္ဓေသား၏ ဦးနှောက်၊ မျက်စိနှင့် အခြားကိုယ်တွင်းအင်္ဂါများကို ထိခိုက်ပျက်စီးစေနိုင်သကဲ့သို့ အခြေအနေပြင်းထန်ပါက အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးသတိပြုရမည့် ရောဂါတစ်ခုဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကြောင်နှင့် ကြောင်မျိုးနွယ်ဝင်တိရစ္ဆာန်များ (Feline family) ဖြစ်သော တောကြောင်၊ ကျား၊ ခြင်္သေ့၊ ကျားသစ် စသည်တို့သည် Toxoplasma gondii ကပ်ပါးပိုး၏ အဓိကမျိုးပွားရာ ပင်မအသိုက်အမြုံ လက်ခံကောင်များ (Definitive hosts) ဖြစ်ကြသည်။ လူများတွင် ရောဂါပိုးကူးစက်မှုမှာ အများအားဖြင့် အိမ်မွေးကြောင်၏ မစင်မှတစ်ဆင့် ဖြစ်ပွားလေ့ရှိသည်။
လူများတွင် ရောဂါပိုးကူးစက်မှုသည် အများအားဖြင့် အောက်ပါနည်းလမ်းများဖြင့် ဖြစ်ပွားသည်။
- အစားအစာနှင့် သောက်ရေမှတစ်ဆင့် ကူးစက်ခြင်း
ကပ်ပါးပိုးဥ (Oocysts) များ ကပ်တွယ်နေသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို သေချာမဆေးကြောဘဲ စားသုံးခြင်း သို့မဟုတ် ကပ်ပါးပိုးအိတ် (Tissue cysts) များ ပါဝင်နိုင်သော မကျက်တကျက်အသားများ (အထူးသဖြင့် ဝက်သား၊ သိုးသားနှင့် ဆိတ်သားတို့ကို) စားသုံးခြင်းကြောင့် ကူးစက်နိုင်သည်။ - ကြောင်မစင်နှင့် ထိတွေ့ခြင်း
ရောဂါပိုးပါဝင်သော ကြောင်မစင်၊ ကြောင်အိမ်သာ၊ ကြောင်ချေးပုံများ သို့မဟုတ် ကြောင်မစင်များ ညစ်ညမ်းနေသော မြေကြီး၊ သဲတို့ကို ကိုင်တွယ်ပြီးနောက် လက်ကို သေချာမဆေးကြောဘဲ အစားအစာကို ကိုင်တွယ်ခြင်း သို့မဟုတ် စားသုံးခြင်းကြောင့် ကူးစက်နိုင်သည်။
ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးစက်နိုင်သည့် နည်းလမ်း
- အချင်းမှတစ်ဆင့် ကူးစက်ခြင်း (Vertical transmission)
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မိခင်တွင် ပထမဆုံးအကြိမ် တောက်ဆိုပလာစမာပိုး ကူးစက်ခံရပါက ရောဂါပိုးသည် အချင်းကို ဖြတ်သန်း၍ သန္ဓေသားထံ ကူးစက်နိုင်သည်။
ယေဘုယျအားဖြင့် ကိုယ်ဝန်သက်တမ်း ရင့်လာလေလေ မိခင်မှ သန္ဓေသားသို့ ရောဂါပိုးကူးစက်နိုင်ခြေ ပိုမိုမြင့်မားလာလေလေ ဖြစ်သည်။ သို့သော် ကိုယ်ဝန်အစောပိုင်း (ပထမသုံးလပတ်) တွင် ရောဂါပိုးကူးစက်ခံရပါက သန္ဓေသားထံ ကူးစက်နိုင်ခြေ နည်းသော်လည်း ကူးစက်ခဲ့ပါက မွေးရာပါချို့ယွင်းချက်များနှင့် နောက်ဆက်တွဲပြဿနာများ ပိုမိုပြင်းထန်တတ်သည်။ ကိုယ်ဝန်နှောင်းပိုင်းတွင် ကူးစက်ခံရပါက သန္ဓေသားထံ ကူးစက်နိုင်ခြေ ပိုများသော်လည်း မွေးရာပါရောဂါ၏ ပြင်းထန်မှုမှာ အများအားဖြင့် ပိုမိုနည်းပါးတတ်သည်။
ရောဂါလက္ခဏာများ
မိခင်တွင် တွေ့ရမည့် လက္ခဏာများ – တောက်ဆိုပလာစမာပိုး ကူးစက်ခံရသော ကိုယ်ဝန်ဆောင်မိခင် အများစု (၈၀ – ၉၀ ရာခိုင်နှုန်း) သည် မည်သည့် ထင်ရှားသောလက္ခဏာမျှ ပြသလေ့မရှိပါ။ သို့သော် လက္ခဏာပြပါက အောက်ပါအတိုင်း တွေ့ရတတ်သည်။
- အပျော့စားတုပ်ကွေးကဲ့သို့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- လည်ပင်း သို့မဟုတ် အခြားနေရာများတွင် နာကျင်မှုမရှိဘဲ ပြန်ရည်ကျိတ်များ ရောင်ရမ်းကြီးထွားခြင်း (Lymphadenopathy)
- နုံးချည့်ခြင်းနှင့် လည်ချောင်းနာခြင်း
သန္ဓေသားနှင့် မွေးကင်းစကလေးတွင် ဖြစ်နိုင်သည့် လက္ခဏာများ – မွေးကင်းစကလေး အများစုသည် မွေးစတွင် လက္ခဏာမပြတတ်သော်လည်း ပြင်းထန်ပါက သို့မဟုတ် အချိန်ကြာလာပါက အောက်ပါ လက္ခဏာသုံးရပ် (Classic Triad) နှင့် အခြားလက္ခဏာများ ပြသတတ်သည်။
- မျက်စိအတွင်း မြင်လွှာနှင့် သွေးကြောလွှာ ရောင်ရမ်းခြင်း (Chorioretinitis) – အမြင်အာရုံကို ထိခိုက်စေသည်
- ဦးနှောက်အတွင်း အရည်စု၍ ခေါင်းကြီးလာခြင်း (Hydrocephalus)
- ဦးနှောက်အတွင်း ကယ်လ်စီယမ်ဓာတ် စုပုံကျောက်တည်ခြင်း (Intracranial calcifications)
- အခြားလက္ခဏာများအနေဖြင့် အသားဝါခြင်း (Jaundice)၊ အသည်းနှင့် ဘေလုံးကြီးခြင်း (Hepatosplenomegaly)၊ တက်ခြင်း (Seizures) နှင့် အရေပြားတွင် အနီစက်များ ထွက်ခြင်း
နောက်ဆက်တွဲပြဿနာများ
မိခင်တွင် ဖြစ်ပွားနိုင်သော နောက်ဆက်တွဲပြဿနာများ (Maternal Complications)
- စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုလွန်ကဲခြင်း – မွေးရာပါချို့ယွင်းချက်ပါရှိသော ကလေးအဖြစ် မွေးဖွားလာမည်ကို စိုးရိမ်ရသည့်အတွက် စိတ်ဖိစီးမှု မြင့်မားခြင်း
- ကိုယ်ခံအားကျဆင်းသူများတွင် ပြင်းထန်ခြင်း – အကယ်၍ မိခင်သည် HIV ပိုးရှိသူ သို့မဟုတ် ကိုယ်ခံအားအလွန်ကျဆင်းနေသူ ဖြစ်ပါက ဦးနှောက်ရောင်ခြင်း (Toxoplasmic encephalitis) ကဲ့သို့ ပြင်းထန်သော နောက်ဆက်တွဲဝေဒနာများ ခံစားရနိုင်သည်
သန္ဓေသားနှင့် မွေးကင်းစကလေးတွင် ဖြစ်ပွားနိုင်သော နောက်ဆက်တွဲပြဿနာများ (Fetal and Neonatal Complications)
- ကိုယ်ဝန်ပျက်ကျခြင်းနှင့် ကလေးအသေမွေးခြင်း (Miscarriage and Stillbirth) – ကိုယ်ဝန်အစောပိုင်းတွင် မိခင်၌ ပြင်းထန်စွာ ပိုးဝင်ပါက သန္ဓေသား သေဆုံးပျက်ကျနိုင်သည်
- ရေရှည် အာရုံကြောနှင့် ဉာဏ်ရည်ပိုင်း ထိခိုက်မှုများ – မွေးစတွင် လက္ခဏာမပြသော်လည်း ကလေးအသက်ကြီးလာသည့်အခါ (ကလေးဘဝ သို့မဟုတ် လူပျိုအပျိုဖော်ဝင်ချိန်) တွင်မှ စာသင်ကြားရခက်ခဲခြင်း (Learning difficulties)၊ ဉာဏ်ရည်မသန်စွမ်းခြင်း (Intellectual disability)၊ ကာယပိုင်းဖွံ့ဖြိုးမှု နောက်ကျခြင်းနှင့် အတက်ရောဂါ ဖြစ်ခြင်း
- အမြင်အာရုံ ဆုံးရှုံးခြင်း – မျက်စိမြင်လွှာရောင်ရမ်းမှုကြောင့် အသက်ကြီးလာချိန်တွင် မျက်စိကွယ်ခြင်း (Blindness) အထိ ဖြစ်ပွားနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
တောက်ဆိုပလာစမာရောဂါသည် ကျန်းမာသော လူအများစုတွင် ရောဂါလက္ခဏာ မပြဘဲ ဖြစ်နိုင်သော်လည်း ကိုယ်ဝန်ဆောင်မိခင်များတွင် သန္ဓေသားထံသို့ ရောဂါပိုးကူးစက်နိုင်သဖြင့် အချိန်မီ စစ်ဆေးကုသရန် အရေးကြီးသည်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေဖြင့် အောက်ပါအခြေအနေများရှိပါက သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်သင့်သည်။
- တောက်ဆိုပလာစမာရောဂါ ကူးစက်နိုင်ခြေရှိသော မကျက်တကျက်အသားများ စားသုံးမိခြင်း သို့မဟုတ် ကြောင်မစင်နှင့် ထိတွေ့မိခြင်းစသည့် ရောဂါပိုးထိတွေ့နိုင်သော အခြေအနေများ ရှိခဲ့ခြင်း
- အကြောင်းရင်းမရှိဘဲ လည်ပင်းပြန်ရည်ကျိတ်များ ကြီးလာခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်းကဲ့သို့ တုပ်ကွေးနှင့်ဆင်တူသော ရောဂါလက္ခဏာများ ဖြစ်ပေါ်လာခြင်း
- ကိုယ်ဝန်ဆောင်စဉ် သွေးစစ်ဆေးမှုတွင် တောက်ဆိုပလာစမာပိုး ကူးစက်ထားနိုင်သည်ဟု သံသယရှိခြင်း သို့မဟုတ် သန္ဓေသားတွင် ရောဂါပိုးကူးစက်နိုင်သည်ဟု သံသယဖြစ်စေသော အာထရာဆောင်း (USG) အဖြေများ တွေ့ရှိခြင်း
ထိုအခြေအနေများတွင် သွေးစစ်ဆေးမှုများနှင့် လိုအပ်သော နောက်ဆက်တွဲစစ်ဆေးမှုများကို အချိန်မီပြုလုပ်၍ ရောဂါကို အတည်ပြုနိုင်သကဲ့သို့ သန္ဓေသားထံ ရောဂါပိုးကူးစက်နိုင်ခြေကို လျှော့ချရန် သင့်လျော်သောကုသမှုကိုလည်း စောစီးစွာ စတင်နိုင်သည်။
ရောဂါရှာဖွေခြင်း
ကိုယ်ဝန်ဆောင်မိခင်တွင် တောက်ဆိုပလာစမာရောဂါ ကူးစက်သည်ဟု သံသယရှိပါက သားဖွားမီးယပ်အထူးကုဆရာဝန်က ရောဂါရာဇဝင် မေးမြန်းခြင်း၊ ကိုယ်ဝန်သက်တမ်းနှင့် ရောဂါပိုးထိတွေ့နိုင်သည့် အခြေအနေများကို အကဲဖြတ်ပြီး လိုအပ်သော စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
- မိခင်၏ သွေးစစ်ဆေးခြင်း (Maternal serology)
- သွေးအတွင်းရှိ Toxoplasma IgG နှင့် IgM antibodies များကို စစ်ဆေး၍ လက်ရှိကူးစက်မှုနှင့် ယခင်ကကူးစက်ဖူးမှုကို ခွဲခြားသတ်မှတ်နိုင်သည်
- IgM positive ဖြစ်ပါက ရောဂါပိုးသည် မကြာသေးမီက ဝင်ရောက်ထားခြင်း ဟုတ်မဟုတ်ကို သိရှိနိုင်ရန် IgG avidity test ကို ထပ်မံစစ်ဆေးနိုင်သည်
- သန္ဓေသား အာထရာဆောင်းစစ်ဆေးခြင်း (Fetal ultrasound)
- သန္ဓေသားတွင် ဦးနှောက်အတွင်း အရည်စုခြင်း (Ventriculomegaly)၊ ဦးနှောက်နှင့် အသည်းအတွင်း ကယ်လ်စီယမ်ဓာတ် စုပုံခြင်း (Intracranial and hepatic calcifications)၊ သရက်ရွက် သို့မဟုတ် အသည်းကြီးခြင်း၊ ရေမွှာရည်ပမာဏ မူမမှန်ခြင်း စသည့် မွေးရာပါ တောက်ဆိုပလာစမာရောဂါ၏ လက္ခဏာများ ရှိမရှိကို စစ်ဆေးသည်
- ရေမြွှာရည် စစ်ဆေးခြင်း (Amniocentesis with PCR)
- သန္ဓေသားထံ ရောဂါပိုး ကူးစက်ထားခြင်း ရှိမရှိကို အတည်ပြုရန် ကိုယ်ဝန် (၁၈) ပတ်နောက်ပိုင်းတွင် ရေမြွှာရည်နမူနာယူပြီး Polymerase Chain Reaction (PCR) ဖြင့် Toxoplasma gondii ၏ DNA ကို စစ်ဆေးနိုင်သည်
ကုသခြင်း
ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ မိခင်မှ သန္ဓေသားထံ ရောဂါပိုးကူးစက်မှုကို လျှော့ချရန်နှင့် သန္ဓေသား ကူးစက်ခံထားရပါက ရောဂါပြင်းထန်မှုကို လျှော့ချရန်ဖြစ်သည်။
- သန္ဓေသားထံ မကူးစက်သေးသည့် အခြေအနေ (Maternal infection without confirmed fetal infection) – မိခင်တွင် ရောဂါပိုး ကူးစက်ထားသော်လည်း သန္ဓေသားထံ ကူးစက်ထားကြောင်း အထောက်အထား မတွေ့ရှိသေးပါက Spiramycin ကို ပေး၍ အချင်းမှတစ်ဆင့် ရောဂါပိုးကူးစက်နိုင်ခြေကို လျှော့ချရန် ကုသလေ့ရှိသည်
- သန္ဓေသားထံ ကူးစက်ထားကြောင်း အတည်ပြုထားသည့် အခြေအနေ (Confirmed fetal infection) – ရေမြွှာရည် PCR စစ်ဆေးမှုဖြင့် သန္ဓေသားထံ ရောဂါပိုး ကူးစက်ထားကြောင်း အတည်ပြုပါက Pyrimethamine, Sulfadiazine နှင့် Folinic acid (Leucovorin) တို့ကို သင့်လျော်သော ကိုယ်ဝန်သက်တမ်းအလိုက် အသုံးပြု၍ ကုသပေးသည်
- မွေးကင်းစကလေးအား ကုသခြင်း – မွေးဖွားလာသော ကလေးတွင် မွေးရာပါ တောက်ဆိုပလာစမာရောဂါ အတည်ပြုပါက ကလေးအထူးကုဆရာဝန်၏ ကြီးကြပ်မှုဖြင့် Pyrimethamine, Sulfadiazine နှင့် Folinic acid တို့ကို အများအားဖြင့် (၁) နှစ်ခန့် ဆက်လက်ကုသပေးရပြီး မျက်စိ၊ အကြားအာရုံနှင့် အာရုံကြောဖွံ့ဖြိုးမှုတို့ကို ရေရှည်စောင့်ကြည့်ရန် လိုအပ်သည်
ကာကွယ်ခြင်း
ကိုယ်ဝန်ဆောင်စဉ် တောက်ဆိုပလာစမာရောဂါ ကူးစက်မှုကို လျှော့ချနိုင်ရန် အောက်ပါအချက်များကို လိုက်နာသင့်သည်။
- အစားအစာကို ဘေးကင်းစွာ ပြင်ဆင်စားသုံးပါ
- အသားများကို အတွင်းပိုင်းအထိ ကျက်အောင် သေချာချက်ပြုတ်စားသုံးပါ
- မကျက်တကျက်အသားများကို ရှောင်ကြဉ်ပြီး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို မစားသုံးမီ စင်ကြယ်အောင် သေချာဆေးကြောပါ
- အသားများကို အချိန်အတိုင်းအတာတစ်ခုအထိ အေးခဲထားခြင်း (Freezing) သည် ကပ်ပါးပိုးအချို့၏ ကူးစက်နိုင်စွမ်းကို လျော့နည်းစေနိုင်သော်လည်း ကျက်အောင်ချက်ပြုတ်ခြင်းကို အစားမထိုးနိုင်ပါ
- မီးဖိုချောင် သန့်ရှင်းရေးကို ဂရုစိုက်ပါ
- အသားစိမ်းများကို ကိုင်တွယ်ပြီးနောက် ဓား၊ စဉ်းတီတုံးနှင့် မီးဖိုချောင်သုံးပစ္စည်းများကို ဆပ်ပြာနှင့် ရေနွေးဖြင့် သေချာဆေးကြောပါ
- အသားစိမ်းနှင့် အဆင်သင့်စား အစားအစာများကို သီးခြားထား၍ ကိုင်တွယ်ပါ
- ကြောင်မစင်နှင့် ထိတွေ့မှုကို ရှောင်ကြဉ်ပါ
- ကိုယ်ဝန်ဆောင်စဉ် ကြောင်အိမ်သာ သို့မဟုတ် ကြောင်ချေးပုံများကို သန့်ရှင်းရေးလုပ်ခြင်းကို ရှောင်ကြဉ်သင့်သည်
- မဖြစ်မနေ ပြုလုပ်ရပါက လက်အိတ်ဝတ်ဆင်ပြီး ပြီးဆုံးသည်နှင့် လက်ကို ဆပ်ပြာနှင့်ရေဖြင့် သေချာဆေးကြောပါ
- ထို့အပြင် ကြောင်များကိုလည်း အသားစိမ်း မကျွေးသင့်ပါ
- မြေကြီးနှင့် သဲများကို ကိုင်တွယ်ရာတွင် သတိပြုပါ
- ဥယျာဉ်စိုက်ပျိုးခြင်း၊ မြေကြီး သို့မဟုတ် သဲများကို ကိုင်တွယ်ခြင်း ပြုလုပ်ရပါက လက်အိတ်ဝတ်ဆင်ပြီး လုပ်ဆောင်ကာ လုပ်ငန်းပြီးဆုံးပါက လက်ကို ဆပ်ပြာနှင့် ရေဖြင့် စင်ကြယ်စွာ ဆေးကြောပါ
References:
- American College of Obstetricians and Gynecologists. (2015). Cytomegalovirus, parvovirus B19, varicella zoster, and toxoplasmosis in pregnancy. Retrieved August 5, 2026, from https://www.acog.org/clinical/clinical-guidance/practice-bulletin/articles/2015/06/cytomegalovirus-parvovirus-b19-varicella-zoster-and-toxoplasmosis-in-pregnancy
- Montoya, J. G. (2018). Systematic screening and treatment of toxoplasmosis during pregnancy: Is the glass half full or half empty? American Journal of Obstetrics & Gynecology, 219(4), 315–319. https://doi.org/10.1016/j.ajog.2018.08.001
- Royal College of Obstetricians and Gynaecologists. (2023). Recurrent miscarriage (Green-top Guideline No. 17). Retrieved August 5, 2026, from https://www.rcog.org.uk/guidance/browse-all-guidance/green-top-guidelines/recurrent-miscarriage-green-top-guideline-no-17/
- Schneider, M. O., Faschingbauer, F., Kagan, K. O., Groß, U., Enders, M., & Kehl, S.; AGG Section Maternal Diseases. (2023). Toxoplasma gondii infection in pregnancy—Recommendations of the Working Group on Obstetrics and Prenatal Medicine (AGG—Section on Maternal Disorders). Geburtshilfe und Frauenheilkunde, 83(12), 1431–1445. https://doi.org/10.1055/a-2111-7394
- Paquet, C., & Yudin, M. H. (2018). No. 285—Toxoplasmosis in pregnancy: Prevention, screening, and treatment. Journal of Obstetrics and Gynaecology Canada, 40(8), e687–e693. https://doi.org/10.1016/j.jogc.2018.05.036
Published: 30 August 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.