Malaria in pregnancy (ကိုယ်ဝန်ဆောင်မိခင် နှင့် ငှက်ဖျား‌ရောဂါ)

Malaria in pregnancy (ကိုယ်ဝန်ဆောင်မိခင် နှင့် ငှက်ဖျား‌ရောဂါ)

ငှက်ဖျားရောဂါ (Malaria) ကို အပူပိုင်းဇုံဒေသများတွင် အဓိကတွေ့ရသည်။ ငှက်ဖျားရောဂါသည် စနစ်တကျ ကုသလျှင် ပျောက်ကင်းနိုင်ပြီး ကာကွယ်၍ရသော ရောဂါလည်းဖြစ်သည်။ လူတစ်ဦးမှတစ်ဦးသို့ တိုက်ရိုက်မကူးစက်နိုင်ဘဲ ရောဂါပိုးရှိသည့် ခြင်အကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်သော ရောဂါဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင်များသည် သာမန်အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက ငှက်ဖျားရောဂါပိုး ကူးစက်ခံရရန် အခွင့်အလမ်း ပိုမိုများပြားပြီး၊ ရောဂါဖြစ်ပွားပါက မိခင်နှင့် သန္ဓေသားအတွက် အသက်အန္တရာယ်စိုးရိမ်ရသည့် ပြင်းထန်သော နောက်ဆက်တွဲပြသနာများ ပိုမိုခံစားရလေ့ရှိသည်။ စောစီးစွာ သိရှိ၍ ကုသမှုခံယူပါက ‌ရောဂါပျောက်ကင်းနိုင်ပြီး မိခင်နှင့်ကလေးတွင် ကောင်းမွန်သောရလဒ်များ ရရှိနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ငှက်ဖျား‌ရောဂါကို ဖြစ်ပေါ်စေနိုင်သော ငှက်ဖျားပိုးမျိုးစိတ် (၅) မျိုးရှိသည်။ ၎င်းတို့မှာ Plasmodium falciparum, Plasmodium vivax, Plasmodium ovale, Plasmodium malariae, Plasmodium knowlesi တို့ဖြစ်ကြသည်။ ၎င်းတို့အနက် Plasmodium falciparum အမျိုးအစားသည် အသက်အန္တရာယ် ဖြစ်စေနိုင်သည့် အပြင်းထန်ဆုံးသော မျိုးစိတ်ဖြစ်သည်။ ခြင်မျိုးစိတ် အနော်ဖလစ် (Anopheles) ခြင်သည် ငှက်ဖျားပိုးရှိနေသောလူကို ကိုက်သောအခါ ထိုခြင်၌ ငှက်ဖျားပိုးကူးစက်ခြင်း ခံရသည်။ ထိုငှက်ဖျားပိုး သယ်ဆောင်ထားသော ခြင်သည် နောက်လူတစ်ယောက်ကို ထပ်မံကိုက်လိုက်သည့်အခါ ထိုငှက်ဖျားပိုးသည် ခြင်၏တံတွေးမှတစ်ဆင့် လူ့ခန္ဓာကိုယ်၏ သွေးကြောထဲသို့ ‌ရောက်ရှိသွားသည်။

ငှက်ဖျားပိုးသည် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ပြီးနောက် အသည်းသို့ ရောက်ရှိကာ သားလောင်းအဆင့်မှ ကြီးရင့်လာကြသည်။ ထိုမှတစ်ဆင့် ရက်ပေါင်းများစွာကြာပြီးနောက် သွေးကြောထဲသို့ ဝင်ရောက်ပြီး သွေးနီဥများကို စတင်တိုက်ခိုက်သည်။ (၄၈)နာရီ မှ (၇၂)နာရီအတွင်း ငှက်ဖျားပိုးများသည် သွေးနီဥဆဲလ်များအတွင်း ပွားများလာပြီး ပေါက်ကွဲထွက်ကာ ရောဂါလက္ခဏာများ ဖြစ်ပေါ်စေသည်။ ခြင်မှတစ်ဆင့် ကူးစက်ခြင်းအပြင် ငှက်ဖျားရောဂါပိုးရှိသောသူ၏ သွေးနှင့်ထိတွေ့မိခြင်းအားဖြင့် ကူးစက်နိုင်သည့် အခြားနည်းလမ်းများမှာ_

  • ငှက်ဖျားရောဂါပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့ ကူးစက်ခြင်း
  • ငှက်ဖျားရောဂါပိုးရှိသော သွေးသွင်းမိခြင်း
  • ငှက်ဖျားရောဂါရှိသူနှင့် ဆေးထိုးအပ်များကို မျှဝေသုံးစွဲခြင်း
  • ကိုယ်တွင်းအင်္ဂါ အစားထိုးကုသခြင်း စသည်တို့ဖြစ်သည်။

စမ်းရေသောက်ခြင်း၊ ငှက်ပျောသီးစားခြင်းတို့ကြောင့် ငှက်ဖျားရောဂါမဖြစ်ပါ။

ငှက်ဖျားရောဂါ ကူးစက်နိုင်ခြေများသူများ

ကူးစက်နိုင်ခြေများသောသူများမှာ ပူနွေးသောရာသီဥတုရှိသည့် တိုင်းပြည်များ (ဥပမာ – အာဖရိက၊ အ‌ရှေ့တောင်အာရှ၊ အမေရိကတောင်ပိုင်း) တွင် နေထိုင်သူများ ဖြစ်ကြသည်။ ငှက်ဖျားရောဂါပိုး ကူးစက်ခံရလျှင် ‌ရောဂါပြင်းထန်နိုင်ခြေများသူများမှာ_

  • ကလေးငယ်များ
  • အိတ်ချ်အိုင်ဗွီ သို့မဟုတ် အေအိုင်ဒီအက်စ် ရောဂါရှိသူများ
  • ကိုယ်ဝန်ဆောင်များ
  • ငှက်ဖျားကင်းစင်သောဒေသမှ လာသောခရီးသွားများ ဖြစ်ကြသည်။
ကိုယ်ဝန်ဆောင်များတွင် ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားရခြင်း အကြောင်းရင်းများ
  • ကိုယ်ဝန်ဆောင်ချိန် ကိုယ်ခံအားစနစ် ပြောင်းလဲသွားခြင်း (Immunological Changes)
    • အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားကို မိခင်ခန္ဓာကိုယ်မှ တိုက်ထုတ်ခြင်း မပြုရန်အတွက် ကိုယ်ခံအားစနစ်သည် အလိုအလျောက် ပြောင်းလဲလျှော့ချလေ့ရှိသည်
    • ထို့ကြောင့် ငှက်ဖျားပိုး (Plasmodium) ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အခါ ထိရောက်စွာ တိုက်ထုတ်နိုင်ခြင်းမရှိတော့ဘဲ ရောဂါကူးစက်မှု အလွယ်တကူ ခံရသည်
    • အထူးသဖြင့် သားဦးကိုယ်ဝန်ဆောင်မိခင်များတွင် သွေးတွင်းပဋိပစ္စည်း မရှိသေးသောကြောင့် ရောဂါလက္ခဏာများ ပိုမိုဆိုးရွားစွာ ခံစားရလေ့ရှိသည်
  • အချင်းတွင် ငှက်ဖျားပိုးများ စုဝေးနေခြင်း (Placental Sequestration)
    • ငှက်ဖျားပိုးကူးစက်ခံထားရသော သွေးနီဥများသည် အချင်း (Placenta) တွင် စုဝေး၍ တွယ်ကပ်နေတတ်ခြင်းကြောင့် မိခင်ကိုယ်ခံအားစနစ်၏ တိုက်ခိုက်မှုကို ရှောင်ကွင်းနိုင်သည်၊ မိခင်သွေးထဲတွင် လှည့်ပတ်မနေသောကြောင့် သွေးစစ်ချိန်၌ပင် မတွေ့ရဘဲ ရှိတတ်သည်
    • အကျိုးဆက်အနေဖြင့် သန္ဓေသားထံ သွေးနှင့် အာဟာရစီးဆင်းမှုကို လျော့နည်းစေပြီး မိခင်နှင့်ကလေးအတွက် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်စေသည်
  • ခြင်ကို ပိုမိုဆွဲဆောင်နိုင်ခြင်း (Increased Attractiveness to Mosquitoes)
    ကိုယ်ဝန်ဆောင်ချိန် အောက်ပါဇီဝကမ္မဖြစ်စဥ် ပြောင်းလဲမှုများကြောင့် ကိုယ်ဝန်ဆောင်မိခင်များသည် သာမန်လူများထက် အနော်ဖလစ် (Anopheles) ခြင်ကို ပိုမိုဆွဲဆောင်နိုင်စွမ်း ရှိကြသည်။
    • ကာဗွန်ဒိုင်အောက်ဆိုက် ပိုမိုထုတ်လွှတ်ခြင်း – ကိုယ်ဝန်ဆောင်စဉ်မှာ အသက်ရှူနှုန်း ပိုမြန်လာပြီး ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ကို သာမန်ထက် ပိုမိုထုတ်လွှတ်သောကြောင့် ခြင်များကို အဝေးကနေ ဆွဲဆောင်သလို ဖြစ်စေသည်
    • ခန္ဓာကိုယ်အပူချိန် မြင့်မားခြင်း – ကိုယ်ဝန်ဆောင်စဥ် ခန္ဓာကိုယ်အပူချိန်သည် သာမန်ထက် (၀.၇ ဒီဂရီစင်တီဂရိတ်ခန့်) ပိုမိုပူနွေးပြီး အရေပြားမှ ချွေးနှင့် အငွေ့ပျံလွယ်သော အော်ဂဲနစ်ဓာတ်ပေါင်းများ ပိုမိုထွက်ရှိသောကြောင့် ခြင်အကိုက်ခံရရန် အခွင့်အလမ်း ပိုများစေသည်
ရောဂါလက္ခဏာများ

ငှက်ဖျားရောဂါလက္ခဏာများသည် သာမန်တုပ်ကွေးနှင့် ဆင်တူသောကြောင့် သတိပြုရန် လိုအပ်သည်။ ငှက်ဖျားရောဂါ၏ ရောဂါလက္ခဏာများမှာ ငှက်ဖျားပိုး ခန္ဓာကိုယ်ထဲသို့ ဝင်‌ရောက်ပြီးနောက် (၁၀)ရက် မှ (၄)ပတ်အတွင်း စတင်ဖြစ်ပေါ်လေ့ရှိသည်။ အချို့မှာ လပေါင်းများစွာ ကြာသည့်တိုင်အောင် ရောဂါလက္ခဏာ မပြသူများလည်းရှိသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ_

  • ချမ်းတုန်၍ အဖျားကြီးခြင်း
  • ချွေးထွက်ခြင်း၊ နုံးချည့်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း
  • ကြွက်သားများ နာကျင်ခြင်း
  • အသည်းကြီးပြီး အသားဝါခြင်း
  • အသက်ရှူမြန်ခြင်းတို့ ဖြစ်ကြသည်။

ပြင်းထန်ငှက်ဖျားအဆင့် သတ်မှတ်ခြင်း
ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်ပွားသော ငှက်ဖျားရောဂါသည် မိခင်ရော သန္ဓေသားအတွက်ပါ အသက် အန္တရာယ်ရှိနိုင်သော အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ပြင်းထန်ငှက်ဖျားရောဂါ (Severe Malaria) ကို အောက်ပါ ရောဂါလက္ခဏာများ သို့မဟုတ် ဓာတ်ခွဲစစ်ဆေးချက်များထဲမှ တစ်ချက်ချက်ရှိနေလျှင် ပြင်းထန်အဆင့်အဖြစ် သတ်မှတ်သည်။

  1. ရောဂါလက္ခဏာများအရ သတ်မှတ်ချက်များ (Clinical Criteria)
    • ငှက်ဖျားပိုး ဦးနှောက်တွင်းသို့‌ရောက်ရှိပြီး ဦးနှောက်ရောင်ရမ်းခြင်း (Cerebral Malaria) – မိခင်သည် ပုံမှန်မဟုတ်ဘဲ အလွန်အမင်း မှိန်းနေခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း သို့မဟုတ် သတိလစ်မေ့မြောသွားခြင်း
    • အလွန်အမင်း အားနည်းခြင်း (Prostration) – အကူအညီမပါဘဲ ထိုင်ခြင်း၊ လမ်းလျှောက်ခြင်း မလုပ်နိုင်လောက်အောင် အားအင်ကုန်ခမ်းနေခြင်း
    • တက်ခြင်း ( Convulsions) – ၂၄ နာရီအတွင်း နှစ်ကြိမ်နှင့်အထက် တက်ခြင်း
    • အသက်ရှူရခက်ခဲခြင်း (Respiratory Distress) – အသက်ရှူမြန်ခြင်း၊ မောပန်းခြင်းနှင့် အသက်ရှူမဝခြင်း
    • သွေးပေါင်ကျခြင်းနှင့် သွေးလန့်ခြင်း (Shock) – သွေးလှည့်ပတ်မှုစနစ် ချို့ယွင်းကာ သွေးပေါင်ချိန် အလွန်အမင်း ကျဆင်းသွားပြီး ခြေလက်များ အေးစက်လာခြင်း
    • အသားဝါခြင်း (Jaundice) – အသည်းလုပ်ငန်းဆောင်တာများ ချို့ယွင်းလာပြီး မျက်လုံးနှင့်အသား ဝါလာခြင်း
    • ပုံမှန်မဟုတ်ဘဲ သွေးယိုစိမ့်ခြင်း (Abnormal Bleeding) – သွားဖုံး၊ နှာခေါင်းစသည်တို့မှ သွေးထွက်ခြင်း သို့မဟုတ် အစာအိမ်နှင့် အူလမ်းကြောင်းမှ သွေးယိုခြင်း
  2. ဓာတ်ခွဲစစ်ဆေးချက်အရ သတ်မှတ်ချက်များ (Laboratory Criteria)
    ဓာတ်ခွဲစမ်းသပ်မှုအရ အောက်ပါအချက်များကို တွေ့ရှိရပါက ပြင်းထန်အဆင့်ဖြစ်သည်။
    • သကြားဓာတ် အလွန်အမင်းကျဆင်းခြင်း (Hypoglycemia) – သွေးတွင်းသကြားဓာတ်သည် 40 mg/dL အောက်သို့ ရုတ်တရက် ကျဆင်းသွားခြင်း
    • ပြင်းထန် သွေးအားနည်းရောဂါ (Severe Anemia) – ဟီမိုဂလိုဘင်ဓာတ် (Hemoglobin) အလွန်အမင်း ကျဆင်းသွားပြီး အသက်ရှူမဝခြင်း၊ နှလုံးခုန်မြန်ခြင်းများ ဖြစ်ပေါ်ခြင်း
    • ကျောက်ကပ်လုပ်ငန်းဆောင်တာ ချို့ယွင်းခြင်း (Acute Kidney Injury) – ဆီးသွားသည့် ပမာဏ အလွန်နည်းသွားခြင်း သို့မဟုတ် ဆီးလုံးဝ မထွက်တော့ခြင်း
    • သွေးတွင်း ငှက်ဖျားပိုး အလွန်များပြားခြင်း (Hyperparasitaemia) – ကိုယ်ဝန်ဆောင်မိခင်များတွင် အချင်း၌ ငှက်ဖျားပိုးများ စုပြုံပုန်းအောင်းနေတတ်သောကြောင့် သွေးစစ်ဆေးရာတွင် သွေးနီဥ ထိခိုက်မှုပမာဏ အနည်းငယ် (ဥပမာ – ၂ ရာခိုင်နှုန်းနှင့်အထက်) ရှိရုံဖြင့်ပင် အရေးကြီးသော ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေနိုင်သည်
    • သွေးတွင်း အက်ဆစ်ဓာတ်များခြင်း (Acidosis) – ခန္ဓာကိုယ်အတွင်း အက်ဆစ်နှင့် ဘေ့စ်ဓာတ်များ ညီမျှမှု ပျက်ပြားကာ သွေးတွင်း အက်ဆစ်ဓာတ် မြင့်မားနေခြင်း
နောက်ဆက်တွဲပြဿနာများ

ကိုယ်ဝန်ဆောင်မိခင်သည် ငှက်ဖျားရောဂါပိုးကူးစက်ခံရပါက မိခင်နှင့်ကလေးတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်သည်။

  • မိခင်နှင့်သက်ဆိုင်သော နောက်ဆက်တွဲပြဿနာများ
    • သွေးအား အလွန်နည်းခြင်း (severe anaemia) – ငှက်ဖျားပိုးသည် မိခင်၏ သွေးနီဥများကို ဖျက်ဆီးပစ်သောကြောင့် သွေးအားအလွန်နည်းပြီး မီးဖွားချိန်တွင် သွေးသွန်ပါက အသက်အန္တရာယ် စိုးရိမ်ရသည်
    • ပြင်းထန်ငှက်ဖျားရောဂါ ဖြစ်ခြင်း (severe malaria)
    • သွေးတွင်း သကြားဓာတ် ကျဆင်းခြင်း (hypoglycemia) – ကိုယ်ဝန်ဆောင်ဇီဝကမ္မအပြောင်းအလဲနှင့် ငှက်ဖျားဆေးအချို့ကြောင့် ရုတ်တရက် သွေးချိုကျဆင်းနိုင်ခြေ အလွန်မြင့်မားသည်
    • အဆုတ်‌ရေဝင်ခြင်း (pulmonary oedema) – အဆုတ်တွင် ‌ရေများစုမိပြီး အမောဖောက်ခြင်း
    • အချင်းအတွင်း ငှက်ဖျားရောဂါပိုးစုဝေးခြင်း (placental malaria) – ငှက်ဖျားပိုးများသည် အချင်းတွင် စုဝေးနေနိုင်ပြီး ကလေးထံသို့ အောက်ဆီဂျင်နှင့် အာဟာရ ရောက်ရှိမှုကို ထိခိုက်စေနိုင်သည်
    • ကိုယ်ဝန်ပျက်ကျခြင်း (miscarriage)
  • ကလေးနှင့်သက်ဆိုင်သော နောက်ဆက်တွဲ ပြဿနာများ
    • ကလေးအသေမွေးခြင်း (stillbirth)
    • လမစေ့ဘဲ မွေးဖွားခြင်း (preterm birth)
    • မွေးဖွားချိန် ကလေးပေါင်မပြည့်ခြင်း (low birth weight)
    • သန္ဓေသားကြီးထွားမှု ‌နှောင့်နှေးခြင်း (Fetal Growth Restriction)
    • မွေးရာပါငှက်ဖျားရောဂါ (congenital malaria) – ငှက်ဖျားပိုးသည် အချင်းမှတစ်ဆင့် ကလေးဆီသို့ ငှက်ဖျားရောဂါပိုးကူးစက်ပြီး မွေးရာပါ ငှက်ဖျားရောဂါ ဖြစ်တတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ငှက်ဖျားရောဂါ အဖြစ်များသောဒေသတွင် နေထိုင်သူများ သို့မဟုတ် ထိုဒေသများသို့ ခရီးသွားရောက်ခဲ့သူများသည် ဖျားနာလာပါက မပေါ့ဆဘဲ မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသပြီး ငှက်ဖျားရောဂါပိုး ရှိမရှိ စစ်ဆေးပြီး စောစီးစွာ ကုသမှုခံယူသင့်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ် ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း စသည့်လက္ခဏာများ ခံစားရလျှင် နီးစပ်ရာ ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသ၍ စစ်ဆေးမှုခံယူရန် လိုအပ်သည်။ ပြင်းထန်သော ရောဂါ လက္ခဏာများ သို့မဟုတ် နောက်ဆက်တွဲပြဿနာများ ဖြစ်လျှင် မိခင်နှင့် သန္ဓေသား၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်း သွားရောက်ကုသမှုခံယူရန် အရေးကြီးသည်။

ရောဂါရှာဖွေခြင်း

ငှက်ဖျားရောဂါကို ရှာဖွေရန် ရောဂါရာဇဝင်များကို သေချာစွာမေးမြန်းခြင်း၊ လတ်တလော ငှက်ဖျားရောဂါ အဖြစ်များသော အပူပိုင်းဇုံဒေသများသို့ ခရီးထွက်ခြင်း ရှိမရှိ မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီး၊ သွေးစစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။

သွေးစစ်ဆေးခြင်း

  • ငှက်ဖျား‌ရောဂါပိုးဝင်လျှင် ထွက်ပေါ်သော ပဋိလှုံ့ပစ္စည်း (‌Antigen) ကို စစ်ဆေးခြင်းဖြင့် (၁၅) မိနစ်အတွင်း ငှက်ဖျားပိုးရှိကြောင်း သိရှိနိုင်သော်လည်း ထိုသို့စစ်ဆေးခြင်းသည် ပိုးအကောင် အရေအတွက်နှင့် ပိုးမျိုးစိတ် အမျိုးအစားအသေးစိတ်ကို မသိရှိနိုင်ပါ
  • ထိုကြောင့် ပိုးအကောင်အရေအတွက်နှင့်၊ ငှက်ဖျားပိုး မျိုးစိတ်ကို သိရှိရန် မှန်ဘီလူးဖြင့် သွေးစစ်ဆေးခြင်း (Microscopic examination) ဆက်လက်ပြုလုပ်ရသည်
  • နောက်ဆက်တွဲပြဿနာများကို သိရှိရန် ဟီမိုဂလိုဘင်ဓာတ် စစ်ဆေးခြင်း၊ အသည်းလုပ်ငန်းစစ်ဆေးခြင်း၊ ကျောက်ကပ်လုပ်ငန်းစစ်ဆေးခြင်း၊ သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်းတို့ကို စစ်ဆေးရသည်
ကုသခြင်း

ကိုယ်ဝန်ဆောင်စဥ် ငှက်ဖျားရောဂါဖြစ်ပါက စောစီးစွာ ရောဂါရှာဖွေကုသရန် အရေးကြီးသည်။ ငှက်ဖျားပိုးသတ်ဆေးဖြင့် ဖြစ်နိုင်လျှင် အမြန်ဆုံး ကုသမှုခံယူရသည်။‌ ငှက်ဖျားပိုးအမျိုးအစား၊ ရောဂါပြင်းထန်မှုနှင့် ကိုယ်ဝန်သက်ပေါ်မူတည်၍ အသုံးပြုမည့် ငှက်ဖျားပိုးသတ်ဆေး အမျိုးအစားနှင့် အချိန်ကာလကို နားလည်တတ်ကျွမ်းသော ဆရာဝန်များ ညွှန်ကြားသည့်အတိုင်း သောက်သုံးရန် လိုအပ်သည်။

  1. သာမန်ငှက်ဖျား (uncomplicated malaria)
    • Plasmodium falciparum ငှက်ဖျားပိုးအမျိုးအစားဖြစ်ပါက
      • Artemisinin-based Combination Treatments – ACTs အုပ်စုဝင်ဆေးများကို ကိုယ်ဝန်ပထမ (၃) လပတ်မှစ၍ ကိုယ်ဝန်သက်တမ်းတစ်လျှောက်လုံးတွင် ဘေးကင်းစွာ အသုံးပြုနိုင်သည်
    • Plasmodium vivax ငှက်ဖျားပိုးအမျိုးအစားဖြစ်ပါက
      • Chloroquine ဆေးကို မည်သည့်ကိုယ်ဝန်ပတ်တွင်မဆို ပေးနိုင်သည်
      • အသည်းတွင် ကျန်ရှိနေသော P. vivax ပိုးကို အမြစ်ပြတ်သတ်ရန်အတွက် Primaquine ဆေးကို ပေးလေ့ရှိသော်လည်း၊ ကိုယ်ဝန်ဆောင်စဉ်တွင် သန္ဓေသားအား ထိခိုက်နိုင်သဖြင့် သုံးစွဲရန် မသင့်ပါ
      • ထို့ကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်း ရောဂါပြန်လည်မဖြစ်ပွားစေရန် Chloroquine ကို အပတ်စဉ် ကြိုတင်ကာကွယ်ဆေးအဖြစ် ကလေးမွေးဖွားသည်အထိ ဆက်လက် သောက်သုံးရမည်
      • ကလေးမွေးဖွားပြီးနောက် မိခင်နှင့် ကလေးတွင် G6PD အင်ဇိုင်းချို့တဲ့မှု ရှိမရှိ သွေးစစ်ဆေးပြီးမှသာ Primaquine ဆေးကို ဆက်လက်တိုက်ကျွေးရသည်
  2. ပြင်းထန်ငှက်ဖျား (Severe malaria)
    • ပြင်းထန်ငှက်ဖျားဖြစ်ပါက ဆေးရုံတက်၍ Artesunate ထိုးဆေးကို သွေးပြန်ကြောအတွင်း သို့မဟုတ် ကြွက်သားအတွင်းသို့ ထိုး၍ ကုသရန်လိုအပ်သည်
    • လိုအပ်ပါက အောက်ဆီဂျင်ပေးခြင်း၊ သွေးသွင်းရခြင်း၊ သွေးတွင်းသကြားဓာတ် နှင့် အရည်ဓာတ် ထိန်းညှိကုသခြင်းများ ပြုလုပ်ကုသရနိုင်သည်

Primaquine‌ နှင့် Doxycycline ကဲ့သို့သော ဆေးဝါးတစ်ချို့သည် ကိုယ်ဝန်ဆောင်စဥ် သုံးစွဲရန် မသင့်သောကြောင့် မိမိသဘောဖြင့် မသောက်သုံးသင့်ပါ။ သက်ဆိုင်ရာဆရာဝန်များနှင့် တိုင်ပင်၍ ကုသမှုခံယူသင့်သည်။

ကုသပြီးနောက်တွင်လည်း ကလေးကြီးထွားမှု၊ ကလေးလှုပ်ရှားမှုနှင့် မိခင်၏ကျန်းမာရေးကို ပုံမှန် ဆက်လက်စောင့်ကြည့်စစ်ဆေးရန် လိုအပ်သည်။ သန္ဓေသား ကြီးထွားဖွံ့ဖြိုးမှုကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုနိုင်ရန် ကိုယ်ဝန်ဆောင်စဥ် တစ်လျှောက် အာထရာဆောင်းကို သာမန်ထက်ပိုရိုက်၍ စစ်ဆေးရန် လိုအပ်သည်။ ထို့အပြင် လိုအပ်ပါက အချင်းနှင့် ချက်ကြိုးရှိ သွေးကြောများအတွင်း သွေးစီးဆင်းမှု အခြေအနေကို သိရှိနိုင်ရန် Doppler အာထရာဆောင်းဖြင့်လည်း စောင့်ကြည့်စစ်ဆေးရနိုင်သည်။

ရောဂါလက္ခဏာများ သက်သာသွားသည့်အချိန်၌လည်း ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း ဆေးပတ်လည်အောင် သောက်သုံးရန် အလွန်အရေးကြီးသည်။

ငှက်ဖျားပိုးသတ်ဆေးများ၏ ဖြစ်ပေါ်တတ်‌သော ဘေးထွက်ဆိုးကျိုးအချို့မှာ_

  • ပျို့အန်ခြင်း
  • ဝမ်းသွားခြင်း
  • ခေါင်းကိုက်ခြင်း
  • အိပ်မပျော်ခြင်း
  • အိပ်မက်ဆိုးများ မက်ခြင်း
  • နားအူခြင်း
  • တက်ခြင်း
  • သွေးအားနည်းခြင်း
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ခံစားရခြင်းတို့ ဖြစ်ကြသည်။

မွေးဖွားမည့်အချိန် (Timing of Delivery)
ကိုယ်ဝန်ဆောင်စဉ် ငှက်ဖျားရောဂါ ကူးစက်ခံထားရသော မိခင်များတွင် မွေးဖွားမည့် အချိန်နှင့် နည်းလမ်းကို မိခင်နှင့် သန္ဓေသား၏ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ စနစ်တကျ ဆုံးဖြတ်ရသည်။ ငှက်ဖျားရောဂါကို စောစီးစွာ သိရှိကုသမှု ခံယူထားပြီးသော မိခင်နှင့် ကလေး ကျန်းမာရေး ကောင်းမွန်လျှင် သတ်မှတ်ရက်အထိ ကလေးမွေးဖွားရန် စောင့်နိုင်သည်။ သို့သော် ပြင်းထန်သော ငှက်ဖျားရောဂါ၊ သွေးအား အလွန်နည်းခြင်း၊ သန္ဓေသား ကြီးထွားမှု နှေးကွေးခြင်း သို့မဟုတ် ကလေးထံ အောက်ဆီဂျင်ရောက်ရှိမှု နည်းပါးသော လက္ခဏာများ ရှိပါက လမစေ့သော်လည်း မွေးဖွားရန် လိုအပ်နိုင်သည်။

မွေးဖွားမည့်နည်းလမ်း (Mode of Delivery)
မိခင်နှင့် ကလေး အခြေအနေ ကောင်းမွန်ပါက သဘာဝအတိုင်း မွေးဖွားနိုင်သည်။ သို့သော် မိခင်တွင် ပြင်းထန်သော ငှက်ဖျားရောဂါ လက္ခဏာများ ရှိခြင်း၊ ကလေး၏ အသက်အန္တရာယ် စိုးရိမ်ရခြင်း သို့မဟုတ် အရေးပေါ် ကျန်းမာရေးအခြေအနေများ ဖြစ်ပေါ်လာပါက ခွဲစိတ်မွေးဖွားရနိုင်သည်။

မွေးဖွားပြီးကာလ
မွေးဖွားပြီးနောက် အချင်းကို ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် မွေးကင်းစကလေး၏သွေးကို စစ်ဆေးခြင်းဖြင့် မွေးရာပါ ငှက်ဖျားရောဂါ ရှိမရှိ အတည်ပြုရပြီး လိုအပ်လျှင် ငှက်ဖျားဆေးဖြင့် ကုသရသည်။ မွေးဖွားပြီးသော်လည်း မိခင်နှင့် ကလေး၏ ကျန်းမာရေးကို ပုံမှန် ဆက်လက်စောင့်ကြည့်ရန် အရေးကြီးသည်။ အထူးသဖြင့် မွေးကင်းစကလေးငယ်တွင် ပေါင်မပြည့်ခြင်း၊ သွေးတွင်းသကြားဓာတ် ကျဆင်းခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွါးနိုင်သဖြင့် လိုအပ်ပါက အထူးကြပ်မတ်စောင့်ရှောက်ကုသမှု ပေးရန် လိုအပ်နိုင်သည်။

ကာကွယ်ခြင်း

ငှက်ဖျားရောဂါသည် ခြင်မှကူးစက်သောကြောင့် ခြင်ကိုက်မခံရအောင် ကာကွယ်ခြင်းသည် အဓိကအကျဆုံးဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ရောဂါအဖြစ်များသောဒေသသို့ ခရီးသွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ရှားသင့်သည်။ မဖြစ်မနေသွားရမည်ဆိုပါက မိသားစုဆရာဝန် သို့မဟုတ် အထူးကုဆရာဝန်နှင့်တိုင်ပင်၍ ငှက်ဖျားကြိုတင်ကာကွယ်ဆေး သောက်သုံးရမည်။

ခြင်ကိုက်မခံရအောင် ကာကွယ်နည်းများ
ကိုယ်ဝန်ဆောင်စဥ် ခြင်ကိုက်မခံရစေရန် တံခါးနှင့် ပြတင်းပေါက်များတွင် ခြင်လုံစကာများ တပ်ဆင်ခြင်း၊ ခြင်ပြေးလိမ်းဆေးများ (Mosquito repellents) လိမ်းခြင်း၊ ခြင်ထောင်ထောင်၍ အိပ်ခြင်းနှင့် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်၍ နေထိုင်သင့်သည်။

ငှက်ဖျားဆေးဝါးများဖြင့် ကြိုတင်ကာကွယ်ခြင်း (Chemoprophylaxis)
ငှက်ဖျားရောဂါ ဖြစ်ပွါးမှုများသော ဒေသများတွင် နေထိုင်သူများ သို့မဟုတ် ခရီးသွားလာမည့် ကိုယ်ဝန်ဆောင်မိခင်များကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ကြိုတင်ဆေးဝါးသောက်သုံးခြင်းဖြင့် ရောဂါကူးစက်နိုင်ခြေကို များစွာ လျှော့ချပေးနိုင်သည်။

  • ငှက်ဖျားဖြစ်ပွါးမှုများသောဒေသခံများသည် Sulfadoxine-Pyrimethamineကို ကိုယ်ဝန် ဒုတိယသုံးလပတ်မှစ၍ မွေးဖွားသည်အထိ တစ်လ တစ်ကြိမ်၊ အနည်းဆုံး (၃) ကြိမ် သောက်သုံးရန် ညွှန်ကြားသည်၊ ဆာလ်ဖာနှင့်မတည့်သူများ သောက်သုံးရန် မသင့်ပါ
  • ငှက်ဖျားကင်းစင်သောဒေသမှ ရောဂါဖြစ်ပွါးမှုများသည့်ဒေသသို့ ခရီးသွားမည့် ကိုယ်ဝန်ဆောင်မိခင်များသည် mefloquine ဆေးကို ခရီးမသွားမီ ၁ ပတ်မှစ၍ ခရီးမှပြန်ရောက်ပြီး (၄) ပတ်အထိ သောက်သုံးခြင်းဖြင့် ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်သည်၊ Mefloquine ကို ကိုယ်ဝန်ဆောင်ချိန် မည်သည့်အချိန်တွင်မဆို သုံးစွဲနိုင်သော်လည်း၊ ပထမသုံးလပတ်အတွင်း သုံးစွဲမည်ဆိုပါက အထူးကုဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်သည်

ငှက်ဖျားကာကွယ်ဆေး (Malaria Vaccine)
ရောဂါဖြစ်ပွားမှုများသော ဒေသများရှိ ကလေးငယ်များ (အသက် ၅ လနှင့်အထက်) ကို ပြင်းထန်ငှက်ဖျားပိုး Plasmodium falciparum မှ ကာကွယ်ရန် တစ်လခြားစီ တစ်ကြိမ်နှင့် စုစုပေါင်း ၄ ကြိမ် ကာကွယ်ဆေးထိုးနှံရန် ကမ္ဘာကျန်းမာရေးအဖွဲ့မှ ညွှန်ကြားထားသော်လည်း ကိုယ်ဝန်ဆောင်မိခင်များတွင် အသုံးပြုရန် အတည်ပြုထားသည့် ငှက်ဖျားကာကွယ်ဆေး မရှိသေးပါ။

ထို့ကြောင့် ငှက်ဖျားအဖြစ်များသည့် ဒေသတွင် နေထိုင်သူ သို့မဟုတ် ခရီးသွားလာသူများသည် ခြင်ကိုက်မခံရအောင် စနစ်တကျ ကာကွယ်ခြင်းနှင့် စောစီးစွာ ကုသမှုခံယူခြင်းတို့ဖြင့် ထိရောက်စွာ ကာကွယ်နိုင်ပြီး မိခင်နှင့်သန္ဓေသားအန္တရာယ်ကင်း၍ ကျန်းမာသောကလေးများကို မွေးဖွားနိုင်မည်ဖြစ်သည်။

References:

  1. Centers for Disease Control and Prevention. (n.d.). Alternatives for pregnant women. Retrieved July 3, 2026, from https://www.cdc.gov/malaria/hcp/clinical-guidance/pregnant-women-alternatives.html?CDC_AA_refVal=https%3A%2F%2Fwww.cdc.gov%2Fmalaria%2Fhcp%2Fclinical-guidance%2Fpregnant-women.html
  2. McKinney, K. L., Wu, H. M., Tan, K. R., & Gutman, J. R. (2020). Malaria in the pregnant traveler. Journal of Travel Medicine, 27(4), taaa074. https://doi.org/10.1093/jtm/taaa074
  3. National Center for Biotechnology Information. (2023). Malaria. In StatPearls. StatPearls Publishing. Retrieved July 3, 2026, from https://www.ncbi.nlm.nih.gov/books/NBK588130/pdf/Bookshelf_NBK588130.pdf
  4. Royal College of Obstetricians and Gynaecologists. (2026). Malaria in pregnancy. Retrieved July 3, 2026, from https://www.rcog.org.uk/media/etin3dmd/malaria-pil-2026.pdf
  5. Schantz-Dunn, J., & Nour, N. M. (2009). Malaria and pregnancy: A global health perspective. Reviews in Obstetrics & Gynecology, 2(3), 186–192. https://pmc.ncbi.nlm.nih.gov/articles/PMC2760896/
  6. Takem, E. N., & D’Alessandro, U. (2013). Malaria in pregnancy. Mediterranean Journal of Hematology and Infectious Diseases, 5(1), e2013010. https://doi.org/10.4084/MJHID.2013.010
  7. WebMD. (n.d.). Malaria. Retrieved July 3, 2026, from https://www.webmd.com/a-to-z-guides/malaria

Published: 22 July 2026

Share

22 July 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.