တောက်ဆိုပလပ်စ်မာကပ်ပါးပိုး ကူးစက်ရောဂါ (Toxoplasmosis) သည် Toxoplasma gondii (T. gondii) ဟုခေါ်သော ဆဲလ်တစ်ခုတည်းရှိသည့် တောက်ဆိုပလပ်စ်မာ ကပ်ပါးပိုးကြောင့် ဖြစ်ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ဤကပ်ပါးပိုးသည် လူနှင့် တိရစ္ဆာန်များ၏ ခန္ဓာကိုယ်ထဲတွင် ကာလရှည်ကြာစွာ (တစ်သက်လုံးနီးပါး) ခိုအောင်းနေနိုင်ပြီး ကူးစက်ရောဂါ ဖြစ်စေနိုင်သည်။ အထူးသဖြင့် ဤရောဂါသည် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ခံအားစနစ် အားနည်းသူများအတွက် အန္တရာယ်အရှိဆုံးဖြစ်သည်။ ကူးစက်မှုသည် များသောအားဖြင့် မကျက်တကျက် အသားများကို စားမိခြင်း၊ ကြောင်မစင်နှင့် ထိတွေ့မိခြင်းတို့ကြောင့် ဖြစ်နိုင်သည့်အပြင် ကိုယ်ဝန်ဆောင်စဉ်အတွင်း ပိုးရှိသော မိခင်မှတစ်ဆင့် သန္ဓေသားထံသို့လည်း ကူးစက်သွားနိုင်သည်။ လူအများစုတွင် ရောဂါလက္ခဏာ မပြတတ်သော်လည်း အချို့တွင် တုပ်ကွေးကဲ့သို့ လက္ခဏာအပျော့စားများ ပြတတ်သည်။ ပြင်းထန်သော ရောဂါအခြေအနေများကိုမူ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစကလေးများနှင့် ကိုယ်ခံအားစနစ် အားနည်းသူများတွင် တွေ့ရတတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဤရောဂါသည် တိရစ္ဆာန်များနှင့် ငှက်အများစုကို ကူးစက်နိုင်သော ဆဲလ်တစ်ခုတည်းရှိသည့် တောက်ဆိုပလပ်စ်မာ ကပ်ပါးပိုး (Toxoplasma gondii) ဖြစ်ပွားသည်။ ဤကပ်ပါးပိုးသည် ပူနွေးစိုစွတ်ပြီး အမြင့်ပေနိမ့်သောဒေသများတွင် ပိုမိုရှင်သန်နိုင်သောကြောင့် ထိုဒေသမျိုးတွင် ရောဂါကူးစက်မှုနှုန်း အမြင့်မားဆုံးဖြစ်လေ့ရှိသည်။
၎င်းကပ်ပါးပိုးသည် အိမ်မွေးကြောင်များနှင့် တောရိုင်းကြောင်များ၏ ခန္ဓာကိုယ်ထဲတွင် မျိုးပွားခြင်းစက်ဝန်း သံသရာတစ်ခုလုံးကို အပြည့်အဝ ဖြတ်သန်းနိုင်သည်။ ထို့ကြောင့် ကြောင်များသည် ဤကပ်ပါးပိုးအတွက် အဓိကလက်ခံကောင် (Definitive/Main hosts) များ ဖြစ်ကြသည်။ မျိုးပွားမှုအဆင့်တစ်ခုဖြစ်သော မရင့်မှည့်သေးသည့် ကပ်ပါးပိုးဥ (Oocysts) များသည် ကြောင်၏မစင်တွင် ပါလာလေ့ရှိပြီး၊ ထိုဥများမှတစ်ဆင့် ကပ်ပါးပိုးသည် မြေဆီလွှာနှင့် ရေထု၊ အပင်များ၊ အခြားတိရစ္ဆာန်များနှင့် လူသားများထံသို့ ကူးစက်ပျံ့နှံ့သွားကာ လက်ခံကောင်အသစ်ထံ ရောက်ရှိသည်နှင့် မျိုးပွားခြင်းစက်ဝန်း သံသရာကို ဆက်လက်လုပ်ဆောင်ပြီး ရောဂါကူးစက်မှုကို ဖြစ်ပွားစေသည်။
ကျန်းမာရေးကောင်းမွန်သူများတွင် ကိုယ်ခံအားစနစ်က ဤကပ်ပါးပိုးများကို ထိန်းချုပ်နိုင်သောကြောင့် ခန္ဓာကိုယ်ထဲ ရောက်ရှိသော်လည်း ရောဂါလက္ခဏာမပြဘဲ ငြိမ်နေလေ့ရှိသည်။ တစ်ခါတစ်ရံ ဖျားနာခြင်းနှင့် လက္ခဏာအပျော့စားများသာ ပြတတ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်လည်ပျောက်ကင်းသွားသည်။ ဤသို့ဖြစ်ပွားပြီးလျှင် ထိုသူတွင် ကပ်ပါးပိုးအတွက် တစ်သက်တာကိုယ်ခံစွမ်းအား (Immunity) ကို ရရှိသွားလေ့ရှိသည်။
သို့သော် အကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်စေ၊ အသက်အရွယ်ကြီးရင့်လာချိန်တွင်ဖြစ်စေ ကိုယ်ခံအားစနစ် အားနည်းသွားပါက ခိုအောင်းနေသော ကပ်ပါးပိုးများ ပြန်လည်ထကြွလာနိုင်သည်။ ထိုအခါ ပြင်းထန်သော ရောဂါလက္ခဏာအသစ်များနှင့်အတူ နောက်ဆက်တွဲပြဿနာများကိုပါ ကြုံတွေ့ရစေနိုင်သည်။
တောက်ဆိုပလပ်စ်မာ ကပ်ပါးပိုးသည် လူတစ်ဦးမှတစ်ဦးသို့ တိုက်ရိုက်ကူးစက်ခြင်း မရှိပါ။ သို့သော် ခြွင်းချက်အနေဖြင့် ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် ကလေးမွေးဖွားစဉ် မိခင်မှသန္ဓေသားသို့ ကူးစက်ခြင်း၊ သွေးသွင်းခြင်း သို့မဟုတ် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အစားထိုးကုသခြင်းတို့မှတစ်ဆင့်သာ လူအချင်းချင်း ကူးစက်နိုင်သည်။
အောက်ပါနည်းလမ်းများဖြင့် တောက်ဆိုပလပ်စ်မာကပ်ပါးပိုးသည် လူသို့ အဓိကကူးစက်ပြန့်ပွားနိုင်သည်။
- မသန့်ရှင်းသော အစားအစာများမှတစ်ဆင့် ကူးစက်ခြင်း (Foodborne transmission)
- ကပ်ပါးပိုးတွယ်ကပ်နေသော အသားများ (ဥပမာ – ဝက်သား၊ ကြက်သား၊ အမဲသား၊ သိုးသား၊ ဆတ်သားစသည်) သို့မဟုတ် အခွံမာရေသတ္တဝါများ (ဥပမာ – ကမာ၊ ယောက်သွား၊ ဂုံးစသည်) ကို သေချာကျက်အောင်၊ နူးအောင် ချက်ပြုတ်ထားခြင်း မရှိဘဲ စားသုံးမိခြင်း
- ကပ်ပါးပိုးတွယ်ကပ်နေသော အသားများ သို့မဟုတ် အခွံမာရေသတ္တဝါများကို ကိုင်တွယ်ပြီးနောက် လက်ကို စင်ကြယ်စွာ မဆေးဘဲ အစားအစာ စားသုံးမိခြင်း
- ကပ်ပါးပိုးတွယ်ကပ်နေသော အသားအစိမ်းများ သို့မဟုတ် အခွံမာရေသတ္တဝါအစိမ်းများ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ထိတွေ့ထားသော ဓားများ၊ အသုံးအဆောင်ပစ္စည်းများ၊ စဉ်းတီတုံးများနှင့် အခြားအစားအစာများမှတစ်ဆင့် ထိကပ်မှုရှိသွားသည့် အစားအစာများကို စားသုံးမိခြင်း
- ကပ်ပါးပိုးတွယ်ကပ်နေသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို မဆေးကြောဘဲ စားသုံးမိခြင်း
- ကပ်ပါးပိုးတွယ်ကပ်နေသော ရေကို သောက်သုံးမိခြင်း
- ပိုးသတ်ထားခြင်းမရှိသော (unpasteurized) ဆိတ်နို့ကို သောက်သုံးမိခြင်း
- တိရစ္ဆာန်မှ လူသို့ ကူးစက်ခြင်း (Animal-to-human / zoonotic transmission)
- တောက်ဆိုပလပ်စ်မာ ကပ်ပါးပိုး ကူးစက်ပြန့်ပွားမှုတွင် ကြောင်များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်
- ကြောင်များသည် ရောဂါပိုးရှိသော ကြွက်၊ ငှက် သို့မဟုတ် အခြားတိရစ္ဆာန်ငယ်များကို စားမိခြင်းဖြင့် ရောဂါပိုး ကူးစက်ခံရပြီးနောက် ကြောင်မစင်ထဲတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော ကပ်ပါးပိုးများ ပါလာတတ်သည်
- ကြောင်ပေါက်လေးများတွင် ရောဂါပိုးကူးစက်ခံရပြီးနောက် ၃ ပတ်ခန့်ကြာသည်အထိ မစင်ထဲတွင် ကပ်ပါးပိုးသန်းပေါင်းများစွာကို စွန့်ထုတ်နိုင်သည်၊ ယခင် ကပ်ပါးပိုးကူးစက်ခံရဖူးသော အရွယ်ရောက်ပြီးသား ကြောင်ကြီးများတွင်မူ ကပ်ပါးပိုး ပြန်လည်စွန့်ထုတ်နိုင်ခြေ နည်းပါးသည်
- ကပ်ပါးပိုးရှိသော ကြောင်များ၏မစင်သည် အညစ်အကြေးဗန်း (litter box) ကို ညစ်ညမ်းစေနိုင်သကဲ့သို့ အပြင်ထွက်၍ အလေးစွန့်တတ်သော ကြောင်များ၏ မစင်သည် မြေဆီလွှာ သို့မဟုတ် ရေထုကိုလည်း ညစ်ညမ်းစေနိုင်သည်
- ထိုသို့ကပ်ပါးပိုးရှိသောကြောင်မှ စွန့်ထုတ်ထားသည့် အညစ်အကြေးဗန်းကို သန့်ရှင်းရေးလုပ်ပြီးနောက် လက်ကို သေချာမဆေးဘဲ အစားအသောက်စားမိခြင်းကြောင့် မတော်တဆ ကပ်ပါးပိုးကို မျိုချမိခြင်း
- ကြောင်မစင်နှင့် ထိတွေ့ထားသော မည်သည့်အရာကိုမဆို မတော်တဆ စားသုံးမိခြင်း
- ကပ်ပါးပိုး ပါရှိသော မြေဆီလွှာကို မတော်တဆ မျိုချမိခြင်း (ဥပမာ – ဥယျာဉ်ခြံမြေ စိုက်ပျိုးပြီးနောက် လက်မဆေးခြင်း သို့မဟုတ် ဥယျာဉ်ထဲမှ ခူးဆွတ်ထားသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို မဆေးဘဲ စားမိခြင်း) စသည်တို့ဖြင့် ကြောင်မှတစ်ဆင့် လူသို့ ကူးစက်နိုင်သည်။
- မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း (Mother-to-child / congenital transmission)
- အမျိုးသမီးများတွင် ကိုယ်ဝန်မဆောင်မီလေးတွင် ဖြစ်စေ၊ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းတွင်ဖြစ်စေ တောက်ဆိုပလပ်စ်မာ ကပ်ပါးပိုး ကူးစက်ခံရပါက သန္ဓေသားထံသို့ အချင်းမှတစ်ဆင့် ရောဂါပိုး လက်ဆင့်ကမ်း ကူးစက်စေနိုင်သည်
- ကိုယ်ဝန်ဆောင်မိခင်တွင် ရောဂါပိုးကူးစက်ခံရသော်လည်း လက္ခဏာများမှာ သိသာလေ့မရှိသောကြောင့် အလွယ်တကူ မသိရှိနိုင်ပါ
- ရောဂါပိုးပါလာသော ကလေးအများစုသည် မွေးဖွားစအချိန်တွင် လက္ခဏာမပြတတ်သော်လည်း ကြီးပြင်းလာသည့်အခါမှ မျက်စိကွယ်ခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျခြင်းနှင့် ဉာဏ်ရည်ချို့တဲ့ခြင်းကဲ့သို့ ပြင်းထန်သည့် လက္ခဏာများ ဖြစ်လာနိုင်သည်
- ရံဖန်ရံခါတွင် ရောဂါပိုးပါလာသော မွေးကင်းစကလေးငယ်များသည် မွေးဖွားချိန်၌ပင် ပြင်းထန်သော မျက်စိရောဂါ သို့မဟုတ် ဦးနှောက်ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ရနိုင်သည်
- ရှားပါးသော အခြားအခြေအနေများတွင် ကူးစက်ခြင်း (Rare instances transmission)
- ကပ်ပါးပိုးရှိသူ (Toxoplasma-positive) မှ လှူဒါန်းသော အင်္ဂါအစိတ်အပိုင်းကို လက်ခံရရှိသည့် အစားထိုးကုသမှုခံယူသူများတွင် ရောဂါပိုး ကူးစက်ခံရနိုင်သည်
- အလွန်ဖြစ်ခဲသော်လည်း ရောဂါပိုးရှိသောသွေးကို သွင်းမိခြင်းကြောင့်လည်း ကူးစက်နိုင်သည်
- ထို့အပြင် သွေးနမူနာများကို ကိုင်တွယ်ရသော ဓာတ်ခွဲခန်းဝန်ထမ်းများသည်လည်း မတော်တဆ ထိတွေ့မိရာမှတစ်ဆင့် ရောဂါပိုး ကူးစက်ခံရနိုင်ခြေရှိသည်
ရောဂါလက္ခဏာများ
- ကျန်းမာသန်စွမ်းသူများတွင် ဖြစ်တတ်သော လက္ခဏာများ
ပုံမှန်အားဖြင့် ကျန်းမာရေးကောင်းမွန်သူများတွင် တောက်ဆိုပလပ်စ်မာ ကပ်ပါးပိုး ကူးစက်ခံရပါက မည်သည့်လက္ခဏာမျှ ပြလေ့မရှိသဖြင့် မိမိကိုယ်တိုင် ရောဂါပိုးကူးစက်ခံထားရမှန်းပင် မသိရှိကြပါ။ သို့သော် အချို့သောသူများတွင်မူ အောက်ပါအတိုင်း တုပ်ကွေးကဲ့သို့ လက္ခဏာအပျော့စားများ ပြသတတ်သည်။- ဖျားခြင်း
- ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း (အပတ်ပေါင်းများစွာအထိ ကြာမြင့်နိုင်သည်)
- ခေါင်းကိုက်ခြင်း
- ကြွက်သားများ ကိုက်ခဲနာကျင်ခြင်း
- အရေပြားပေါ်တွင် အနီကွက်များထွက်ခြင်း
- မျက်လုံးတွင် တွေ့ရတတ်သော လက္ခဏာများ (Symptoms of Eye Disease)
တောက်ဆိုပလပ်စ်မာ ကပ်ပါးပိုးသည် မျက်လုံးအတွင်းပိုင်းရှိ တစ်ရှူးများကို ထိခိုက်ပျက်စီးစေနိုင်သည်။ ဤကဲ့သို့ မျက်လုံးတွင် ကပ်ပါးပိုးကူးစက်ခြင်းကို Ocular Toxoplasmosis ဟု ခေါ်ဆိုသည်။ ၎င်းသည် ကိုယ်ခံအားကောင်းမွန်သူများတွင် ဖြစ်ပွားနိုင်သကဲ့သို့ ကိုယ်ခံအားစနစ် အားနည်းသူများတွင် ကူးစက်ခံရပါက ပိုမိုပြင်းထန်တတ်သည်။ မျက်လုံးတွင်ဖြစ်ပွားသော လက္ခဏာများကို စနစ်တကျ မကုသဘဲ ပစ်ထားပါက ရေရှည်တွင် မျက်စိကွယ်သည်အထိ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရနိုင်သည်။ တွေ့ရှိနိုင်သော လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။- မျက်လုံးအောင့်ခြင်း၊ နာကျင်ခြင်း
- အမြင်အာရုံ ဝေဝါးခြင်း သို့မဟုတ် အမြင်အာရုံ အားနည်းလာခြင်း
- မျက်ရည်ကျခြင်း
- မျက်စိမြင်ကွင်းတွင် အစက်အပျောက်များ (Floaters) တွေ့ရခြင်း
- ကိုယ်ခံအားစနစ် အားနည်းသူများတွင် တွေ့ရသော လက္ခဏာများ (Effect on Weakened Immune Systems)
- ကိုယ်ခံအားစနစ် အားနည်းသူများသည် တောက်ဆိုပလပ်စ်မာ ကပ်ပါးပိုးကြောင့် ပြင်းထန်သောလက္ခဏာများကို ပိုမိုခံစားရနိုင်ခြေ ရှိသည့်အပြင် ယခင်က ခန္ဓာကိုယ်ထဲတွင် ခိုအောင်းနေခဲ့သော ကပ်ပါးပိုးများ ပြန်လည်ထကြွလာခြင်း (Reactivation) လည်း ဖြစ်ပွားနိုင်သည်
- အန္တရာယ်ရှိနိုင်ခြေ ပိုမြင့်မားသော အခြေအနေများ
- HIV/AIDS ပိုးကူးစက်ခံထားရသူများ
- ကင်ဆာရောဂါအတွက် ဓာတုကုထုံး (Chemotherapy) ခံယူနေရသူများ
- စတီးရွိုက်ဆေးဝါးများ (Steroids) ကို ပမာဏများစွာ ရက်ရှည်သောက်သုံးနေရသူများ
- မကြာသေးမီက ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း အစားထိုးကုသမှု ခံယူထားသူများ
- အန္တရာယ်ရှိနိုင်ခြေ ပိုမြင့်မားသော အခြေအနေများ
- ဤကဲ့သို့ ကိုယ်ခံအားနည်းသူများတွင် ပြင်းထန်သော မျက်စိရောဂါအပြင်၊ အဆုတ်နှင့် ဦးနှောက်အာရုံကြောပိုင်းဆိုင်ရာ ပြင်းထန်သောရောဂါများပါ ဖြစ်ပွားနိုင်သည်၊ အလွန်ရှားပါးသော်လည်း ခန္ဓာကိုယ်အနှံ့ရှိ အခြားတစ်ရှူးများသို့ပါ ပိုးပျံ့နှံ့သွားတတ်သည်
- အဆုတ်ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သော လက္ခဏာများ
- ဖျားခြင်း
- ချောင်းဆိုးခြင်း
- ရင်ကျပ်ခြင်း
- အသက်ရှူရ ခက်ခဲခြင်း
- ဦးနှောက်ရောင်ခြင်း (Encephalitis) ကြောင့် ဖြစ်နိုင်သော လက္ခဏာများ
- စိတ်အာရုံထွေပြားခြင်း၊ ဝေခွဲမရဖြစ်ခြင်း
- ခန္ဓာကိုယ် ဟန်ချက်မထိန်းနိုင်ခြင်း
- ကြွက်သားများ အားနည်းခြင်း
- အတက်ရောဂါဖြစ်ခြင်း
- ခေါင်းကိုက်ခြင်းနှင့် ပျို့အန်ခြင်း
- မှိန်းခြင်း၊ သတိလစ်ခြင်း
- ကိုယ်ခံအားစနစ် အားနည်းသူများသည် တောက်ဆိုပလပ်စ်မာ ကပ်ပါးပိုးကြောင့် ပြင်းထန်သောလက္ခဏာများကို ပိုမိုခံစားရနိုင်ခြေ ရှိသည့်အပြင် ယခင်က ခန္ဓာကိုယ်ထဲတွင် ခိုအောင်းနေခဲ့သော ကပ်ပါးပိုးများ ပြန်လည်ထကြွလာခြင်း (Reactivation) လည်း ဖြစ်ပွားနိုင်သည်
- သန္ဓေသား သို့မဟုတ် မွေးကင်းစကလေးငယ်အပေါ် သက်ရောက်မှု (Congenital Toxoplasmosis)
ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် သန္ဓေသားထံသို့ ကပ်ပါးပိုး ကူးစက်ခြင်းကို မွေးရာပါ တောက်ဆိုပလက်စ်မိုးဆစ် ရောဂါ (Congenital Toxoplasmosis) ဟုခေါ်သည်။ ကိုယ်ဝန်ပထမသုံးလပတ် (First trimester) အတွင်း ကူးစက်ခံရပါက ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ကလေးအသေမွေးခြင်းတို့ ဖြစ်ပွားနိုင်သည်။
မွေးစအချိန်/ မွေးကင်းစအရွယ်တွင် တွေ့ရနိုင်သော ပြင်းထန်လက္ခဏာများ
အချို့ကလေးငယ်များတွင် မွေးဖွားချိန်၌ပင် အောက်ပါပြင်းထန်သည့် လက္ခဏာများကို တွေ့ရှိရတတ်သည်။
- Hydrocephalus – ဦးနှောက်အခန်းငယ်များအတွင်း အရည်များစုပြီး ခေါင်းကြီးလာခြင်း
- ဦးနှောက်တစ်ရှူးများ ပုံမှန်ဖွံ့ဖြိုးမှုမရှိခြင်း
- ပြင်းထန်သော မျက်စိပိုးဝင်ခြင်း
- အသည်း သို့မဟုတ် ဘေလုံးကြီးခြင်း
- အသားဝါခြင်းနှင့် အရေပြားပေါ်တွင် သွေးခြည်ဥခြင်းကဲ့သို့ အနီကွက်များထွက်ခြင်း
ရောဂါပြင်းထန်မှုအပေါ် မူတည်၍ တွဲဖက်တွေ့ရနိုင်သော ပြဿနာများ
- ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာစွမ်းရည် (Motor skills)
- ဉာဏ်ရည်ဉာဏ်သွေး ချို့တဲ့ခြင်း
- မျက်စိကွယ်ခြင်း
- အကြားအာရုံ ချို့တဲ့ခြင်း
- အတက်ရောဂါနှင့် နှလုံးရောဂါဖြစ်ခြင်း
ကလေးကြီးဘဝ သို့မဟုတ် ဆယ်ကျော်သက်အရွယ်မှ ပေါ်လာတတ်သော လက္ခဏာများ
တောက်ဆိုပလပ်စ်မာ ကပ်ပါးပိုးပါလာသော အချို့ကလေးများသည် မွေးစ၌ လက္ခဏာမပြတတ်ဘဲ ကြီးပြင်းလာသည့်အခါမှသာ အောက်ပါပြဿနာများ ပေါ်ပေါက်လာတတ်သည်။
- မျက်လုံးဆိုင်ရာ လက္ခဏာများ ပြန်လည်ဖြစ်ပွားလာခြင်း (မျက်စိကွယ်သည်အထိ ဖြစ်နိုင်သည်)
- ကိုယ်လက်လှုပ်ရှားမှုစွမ်းရည် (Motor skill) ဖွံ့ဖြိုးမှု နောက်ကျခြင်း
- အတွေးအခေါ်နှင့် သင်ယူလေ့လာမှုပိုင်းတွင် အခက်အခဲရှိခြင်း (ဉာဏ်ရည်ချို့တဲ့ခြင်း)
- အကြားအာရုံ ဆုံးရှုံးခြင်း
- ခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးခြင်း
- အရွယ်မတိုင်မီ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း
နောက်ဆက်တွဲပြဿနာများ
ကိုယ်ခံအားစနစ် အားနည်းနေသူများတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာ ဖြစ်နိုင်ခြေ ပိုများသည်။ အချို့သော နောက်ဆက်တွဲပြဿနာများသည် အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်သည်။
- အသည်းနှင့်ဘေလုံး အလွန်ကြီးလာပြီး လုပ်ဆောင်ချက်များထိခိုက်ခြင်း
- ဦးနှောက်ရောင်ရမ်းခြင်း (Encephalitis) သို့မဟုတ် ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း (Meningitis)
- နှလုံးကြွက်သား ရောင်ရမ်းခြင်း (Myocarditis) သို့မဟုတ် နှလုံးကို ဖုံးအုပ်ထားသော အမြှေးပါးရောင်ရမ်းခြင်း (Pericarditis)
- အဆုတ်ရောင်ရောဂါ (Pneumonia) ပြင်းထန်ခြင်း
- အသက်ရှူလမ်းကြောင်းလုပ်ငန်း ပျက်စီးခြင်း (Respiratory failure)
- ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်း (Organ damage) စသည်တို့ ဖြစ်ပေါ်နိုင်သည်။
ကိုယ်ဝန်ဆောင်စဉ်အတွင်း ကူးစက်ခံရပါက ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ကလေးအသေမွေးခြင်းတို့ကို ဖြစ်စေနိုင်သည်။ မွေးရာပါ တောက်ဆိုပလက်စ်မိုးဆစ်ရောဂါ (Congenital Toxoplasmosis) ပါလာသည့် ကလေးငယ်များတွင်
- အမြင်အာရုံဆိုင်ရာ ပြဿနာများဖြစ်ခြင်း၊ မျက်စိကွယ်ခြင်း
- ဖွံ့ဖြိုးမှု နောက်ကျခြင်း
- ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် သင်ယူမှုစွမ်းရည် ကွာဟခြင်း၊ အားနည်းခြင်းစသည့် နောက်ဆက်တွဲပြဿနာများ တွေ့ရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကျန်းမာနေသူများတွင် ရောဂါကူးစက်ခံရပါက သိသာထင်ရှားသော လက္ခဏာများ မတွေ့ရခြင်းကြောင့် ရောဂါအမည်တပ်သိရှိရန် ခက်ခဲနိုင်သည်။ သို့သော် ကိုယ်ခံအားစနစ် အားနည်းနေသူများ သို့မဟုတ် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အထက်ပါ ရောဂါလက္ခဏာတစ်မျိုးမျိုးကို သတိထားမိပါက သို့မဟုတ် သံသယရှိပါက မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုဆရာဝန်ထံ ချက်ချင်းဆက်သွယ်၍ ကုသမှုခံယူသင့်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များတွင်
- ဖျားခြင်း
- ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
- လည်ချောင်းနာခြင်း
- ခန္ဓာကိုယ် သို့မဟုတ် ကြွက်သားများ နာကျင်ခြင်း စသည်တို့ရှိပါက ဂရုပြုသင့်သည်။
မိခင်ကိုယ်ဝန်ဆောင်ချိန်၌ အထက်ပါလက္ခဏာများ သိသာထင်ရှားစွာ မရှိခဲ့သော်လည်း မွေးဖွားလာသော မွေးကင်းစကလေး သို့မဟုတ် လသားကလေးများတွင် သံသယဖြစ်ဖွယ် လက္ခဏာများ ဖြစ်ပေါ်လာပါက မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် တိုင်ပင်ပြသသင့်သည်။ ဆရာဝန်များမှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ အသေးစိတ်စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်၍ လိုအပ်ပါက သက်ဆိုင်ရာအထူးကုများထံသို့ ဆက်လက်လွှဲပြောင်းပေးမည်ဖြစ်သည်။
ရောဂါရှာဖွေခြင်း
Toxoplasmosis ရောဂါကို ရှာဖွေအတည်ပြုရန် ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ အသေးစိတ် စမ်းသပ်စစ်ဆေးပြီး လက္ခဏာများကို ခွဲခြမ်းစိတ်ဖြာမည်ဖြစ်သည်။ လက္ခဏာများပေါ်မူတည်၍ လိုအပ်လာပါက အောက်ပါစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရန် အကြံပြုနိုင်သည်။
- သွေးစစ်ခြင်း (Blood tests)
- သွေးနမူနာကို ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် သွေးထဲ၌ တောက်ဆိုပလပ်စ်မာပိုးကို တိုက်ဖျက်နိုင်သည့် ပဋိပစ္စည်း (Antibodies) ရှိမရှိ သိရှိနိုင်သည်
- ထို့အပြင် တစ်ခါတစ်ရံ ကပ်ပါးပိုး၏ ဒီအင်န်အေ တစ်စိတ်တစ်ပိုင်းကိုလည်း ရှာဖွေနိုင်သည်
- ပဋိပစ္စည်းနှစ်မျိုးရှိပြီး ပထမတစ်မျိုး (Ig M) သည် ကပ်ပါးပိုး လတ်တလောကူးစက်ခံရပြီး ရောဂါပိုး တက်ကြွနေစဉ်အတွင်း ကိုယ်ခံအားစနစ်မှ ထွက်လာသော အမျိုးအစားဖြစ်သည်၊ အခြားပဋိပစ္စည်းတစ်မျိုး (Ig G) သည် ယခင်က တစ်ချိန်ချိန်တွင် ပိုးကူးစက်ခံခဲ့ရဖူးကြောင်း ညွှန်ပြသည့်အမျိုးအစားဖြစ်သည်
- စစ်ဆေးမှုရလဒ်များအပေါ် မူတည်၍ ဆရာဝန်သည် နှစ်ပတ်အကြာတွင် သွေးစစ်ဆေးမှုကို နောက်တစ်ကြိမ် ထပ်မံပြုလုပ်နိုင်သည်
- ဦးနှောက်အတွင်း ရောဂါပိုးဝင်သည့် လက္ခဏာများရှိနေပါက အောက်ပါတို့ကို စစ်ဆေးနိုင်သည်
- ဦးနှောက် ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging) – ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းဖြင့် တောက်ဆိုပလက်စ်မိုးဆစ်ရောဂါနှင့် ဆက်စပ်နေသော ဦးနှောက်အတွင်းရှိ ပုံမှန်မဟုတ်သော ဖွဲ့စည်းပုံများကို ရှာဖွေတွေ့ရှိနိုင်သည်
- ခါးဆစ်ရိုးကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture) – CSF အရည်နမူနာကို ယူကာ ကပ်ပါးပိုးရှိမရှိ ရှာဖွေစစ်ဆေးနိုင်သည်
- ဦးနှောက်တစ်ရှူး အသားစယူစစ်ဆေးခြင်း (Brain tissue biopsy) – အလွန်ရှားပါးသော အခြေအနေများတွင် ကပ်ပါးပိုးကို ရှာဖွေဖော်ထုတ်ရန် ဦးနှောက်မှ တစ်ရှူးစအနည်းငယ်ကို အသားစယူ၍ စစ်ဆေးရတတ်သည်။
- မျက်စိရောဂါ လက္ခဏာများ (Eye symptoms) ရှိပါက အောက်ပါတို့ကို စစ်ဆေးနိုင်သည်
မျက်စိအထူးကုဆရာဝန် (Ophthalmologist) နှင့် ပြသစစ်ဆေးရန် လိုအပ်သည်။ မျက်စိအထူးကုဆရာဝန်မှ မျက်လုံးအတွင်းပိုင်းရှိ တစ်ရှူးများကို ကြည့်ရှုနိုင်ရန် အထူးမှန်ဘီလူးများ သို့မဟုတ် ကင်မရာများကို အသုံးပြု၍ အသေးစိတ် စစ်ဆေးပေးမည်ဖြစ်သည်။ - ကိုယ်ဝန်ဆောင်ချိန်တွင် ရောဂါပိုးရှိကြောင်း သိရှိပါက အောက်ပါတို့ကို စစ်ဆေးနိုင်သည်
- ရေမြွှာရည် စစ်ဆေးခြင်း (Amniocentesis)
- ဝမ်းဗိုက်အရေပြားကို ဖြတ်၍ ကလေးရှိရာ ရေမြွှာအိတ်အတွင်းသို့ အပ်အသေးတစ်ချောင်း ထိုးသွင်းကာ ရေမြွှာရည်နမူနာကို ရယူနိုင်သည်
- ထို့နောက် နမူနာအား ဓာတ်ခွဲခန်းသို့ပို့၍ ကပ်ပါးပိုး ရှိမရှိ စစ်ဆေးနိုင်သည်
- အာထရာဆောင်းရိုက်ခြင်း (USG) – အာထရာဆောင်း (Ultrasound) ပုံရိပ်များတွင် တောက်ဆိုပလက်စ်မိုးဆစ်ရောဂါနှင့် ဆက်စပ်နေသော ပုံမှန်မဟုတ်သည့် လက္ခဏာများ (ဥပမာ – ဦးနှောက်တွင် ပြောင်းလဲမှုများ) ကို တွေ့ရှိနိုင်သည်။
- ရေမြွှာရည် စစ်ဆေးခြင်း (Amniocentesis)
- မွေးကင်းစကလေးငယ်များတွင် ရောဂါပိုးရှိကြောင်း သံသယရှိပါက အောက်ပါတို့ကို စစ်ဆေးနိုင်သည်
မွေးကင်းစကလေးငယ်တွင် ပိုးကူးစက်ခံရသည်ဟု သံသယရှိပါက ပဋိပစ္စည်းရှာဖွေရန် သွေးစစ်ဆေးမှုများကို ဦးစွာပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ပိုးကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရသည့် ကလေးတွင် ရောဂါလက္ခဏာများ ရှာဖွေရန်နှင့် စောင့်ကြည့်ရန်အတွက် အောက်ပါစစ်ဆေးမှုများစွာကို လိုအပ်သလို ဆက်လက်ပြုလုပ်ရနိုင်သည်။- ဦးနှောက် အာထရာဆောင်း (Ultrasound) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
- ခါးဆစ်ရိုးကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture)
- မျက်စိနှင့် အမြင်အာရုံ စစ်ဆေးခြင်း
- အကြားအာရုံ စစ်ဆေးခြင်း
- ဦးနှောက်လှိုင်းလှုပ်ရှားမှုကို စစ်ဆေးခြင်း (Electroencephalogram – EEG) စသည်တို့ဖြစ်သည်။
ကုသခြင်း
တောက်ဆိုပလပ်စ်မိုးစစ်ရောဂါဖြစ်သော လူနာတွင် ကိုယ်ခံအားကျဆင်းသည့်ရောဂါ မရှိဘဲ မည်သည့်ရောဂါ လက္ခဏာမျှလည်း မပြပါက ကုသမှုခံယူရန် မလိုအပ်ပါ။
တောက်ဆိုပလပ်စ်မိုးစစ်ရောဂါ ကုသမှုအတွက် သန်ချဆေးကဲ့သို့ ကပ်ပါးပိုးသတ်ဆေး (antiparasitic medicines) နှင့် ပဋိဇီဝပိုးသတ်ဆေး (antibiotics) များကို တွဲဖက်၍ ကုသပေးနိုင်သည်။ ဤဆေးဝါးများသည် ကပ်ပါးပိုးများ ခန္ဓာကိုယ်အတွင်း ဆက်လက်ကြီးထွားခြင်းနှင့် မျိုးပွားခြင်းတို့ကို တားဆီးပေးသည်။ ထို့အပြင် ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန်အတွက် ဖိုလင်းနစ် အက်ဆစ် (folinic acid) ကိုလည်း တွဲဖက်၍ပေးနိုင်သည်။
ကုသမှုများသည် ကပ်ပါးပိုးများ လတ်တလောဝင်ရောက်ထားပြီး လှုပ်ရှားတက်ကြွနေသည့် အချိန် (Active infection) တွင်သာ ထိရောက်မှုရှိသည်။ ခန္ဓာကိုယ်အတွင်း ကျန်ရှိခဲ့သည့် ကပ်ပါးပိုး အရည်အိတ်ပုံစံများ (cysts) ကိုမူ မဖျက်ဆီးနိုင်ပါ။ ဆေးသောက်ရမည့် ပမာဏနှင့် ကြာချိန်မှာ ရောဂါပြင်းထန်မှု၊ လူနာ၏ ကိုယ်ခံအားစနစ် ကျန်းမာရေးအခြေအနေနှင့် ပိုးကူးစက်မှု ဖြစ်ပွားသည့်နေရာ စသည်တို့အပေါ် မူတည်သည်။ အကယ်၍ ကိုယ်ဝန်ဆောင်မိခင်ဖြစ်ပါက ကူးစက်ခံရသည့် ကိုယ်ဝန်ပတ်ကာလသည်လည်း ထည့်သွင်းစဉ်းစားရမည့် အရေးကြီးအချက်တစ်ခုဖြစ်သည်။
ဆေးဝါးများ
- Pyrimethamine
- ဤဆေးသည် အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော သေးငယ်သည့် သက်ရှိများကြောင့်ဖြစ်သည့် ကူးစက်ရောဂါများကို တိုက်ဖျက်ပေးသည်
- ၎င်းသည် ခန္ဓာကိုယ်၏ ဖောလစ်အက်ဆစ် (Folic acid) အသုံးပြုမှုကို ပိတ်ဆို့နိုင်သည်
- ရေရှည်အသုံးပြုပါက ဖြစ်လာနိုင်ခြေရှိသော အခြားဘေးထွက်ဆိုးကျိုးများအနေဖြင့် ရိုးတွင်းခြင်ဆီ လုပ်ဆောင်ချက် ကျဆင်းခြင်း (Bone marrow suppression) နှင့် အသည်းအဆိပ်သင့်ခြင်း (Liver toxicity) တို့ ဖြစ်နိုင်သည်
- Leucovorin calcium
- ဤဆေးသည် ဖောလစ်အက်ဆစ် လုပ်ဆောင်ချက်အပေါ် ဖြစ်ပေါ်စေသည့် Pyrimethamine ဆေး၏ သက်ရောက်မှုများကို ပြန်လည်ပြုပြင်ရန် ကူညီပေးသည်
- Sulfadiazine
- ဤဆေးသည် Pyrimethamine ဆေးနှင့်အတူ တွဲဖက်၍ မကြာခဏ ညွှန်ကြားလေ့ရှိသော ပဋိဇီဝပိုးသတ်ဆေးတစ်မျိုးဖြစ်သည်
- အခြားဆေးဝါးများတွင် Clindamycin၊ Azithromycin နှင့် Trimethoprim-sulfamethoxazole ကဲ့သို့ ဆေးများလည်း ပါဝင်သည်
ကိုယ်ဝန်ဆောင်များအတွက် ကုသမှု
ကိုယ်ဝန်ဆောင်ကာလတစ်ခုလုံး ပြီးဆုံးသည်အထိ ဆေးသောက်ရနိုင်ခြေရှိသည်။
မွေးကင်းစနှင့် ကလေးငယ်များအတွက် ကုသမှု
မွေးရာပါ တောက်ဆိုပလက်စ်မိုးဆစ်ရောဂါ (congenital toxoplasmosis) ရှိသော ကလေးငယ်များအတွက် ဆေးဝါးဖြင့် ကုသမှုသည် ၁နှစ် မှ ၂နှစ်အထိ ကြာမြင့်နိုင်သည်။ ဘေးထွက်ဆိုးကျိုးများ၊ အမြင်အာရုံပြဿနာများ၊ ခန္ဓာကိုယ်ပိုင်း၊ ဉာဏ်ရည်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများကို စောင့်ကြည့်စစ်ဆေးရန်အတွက် ဆရာဝန်နှင့် ရက်ချိန်းပြသမှုများ ပုံမှန်နှင့် မကြာခဏ လိုအပ်သည်။
မျက်စိရောဂါအတွက် ထပ်ဆောင်းကုသမှု
ပုံမှန်ဆေးဝါးကုသမှုအပြင် မျက်စိရောဂါကို Glucocorticosteroids ဟုခေါ်သော စတီးရွိုက်ဆေးဝါးများဖြင့်လည်း ကုသနိုင်သည်။
ပြန်လည်သက်သာရန် ကြာမြင့်ချိန်
ကုသမှုသည် ရက်သတ္တပတ် နှစ်ပတ် မှ ခြောက်ပတ်အထိ ကြာမြင့်နိုင်သော်လည်း ရက်ပိုင်းအတွင်း၌ပင် လက္ခဏာများ စတင်သက်သာလာသည်ဟု ခံစားရနိုင်သည်။ ဦးနှောက်ထိခိုက်ဒဏ်ရာရသည့် လက္ခဏာများ လုံးဝပျောက်ကင်းသွားရန်အတွက် သုံးပတ် မှ ခြောက်လအထိ ကြာမြင့်နိုင်ပြီး၊ အချို့သော လက္ခဏာများသည် အမြဲတမ်း ကျန်ရှိနေနိုင်သည်။
ကာကွယ်ခြင်း
တောက်ဆိုပလပ်စ်မာ ကပ်ပါးပိုး ကူးစက်မှုမှ ကြိုတင်ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင်သည်။
- အစားအသောက်ကိုင်တွယ်စားသောက်ခြင်းဆိုင်ရာ လိုက်နာရန် (Food Precautions)
- အသားများကို သေချာကျက်အောင် ချက်ပြုတ်စားပါ
အသားစိမ်းများ သို့မဟုတ် မကျက်တကျက် အသားများကို မစားပါနှင့်။ အသားကို လုံလောက်စွာ ကျက်အောင်ချက်ထားကြောင်း သေချာစေရန် အသားတွင်းအပူချိန်တိုင်း ကိရိယာ (Meat thermometer) ကို အသုံးပြုပါ။ အသား၏ အရောင်ကို ကြည့်ရုံဖြင့် ဘေးကင်းအောင် ကျက်မကျက် မသိနိုင်ပါ။ မကျက်သေးဘဲ အသားကို မြည်းစမ်းခြင်း မပြုပါနှင့်။- အသားတုံးများနှင့် ငါးများကို အနည်းဆုံး ၁၄၅°F (၆၃°C) ရှိသော အပူချိန်အထိ ချက်ပြုတ်ပြီး၊ အပူရှိန်မှ ဖယ်ရှားပြီးနောက် မလှီးဖြတ်မီ သို့မဟုတ် မစားသောက်မီ အနည်းဆုံး သုံးမိနစ်ခန့် အနားပေး၍ စောင့်ပေးပါ (resting time)
- နုတ်နုတ်ဆင်းထားသော အသား၊ ကြိတ်ထားသောအသားများကို အနည်းဆုံး ၁၆၀°F (၇၁°C) အထိ ချက်ပြုတ်ပါ
- ကြက်၊ ဘဲ၊ ငှက်သား တစ်ကောင်လုံး သို့မဟုတ် ၎င်းတို့၏ နုတ်နုတ်ဆင်းထားသော အသား၊ ကြိတ်ထားသောအသားများကို အနည်းဆုံး ၁၆၅°F (၇၄°C) အထိ ချက်ပြုတ်ပါ၊ ပေါင်အတွင်းပိုင်း၊ အတောင်ပံအတွင်းပိုင်းနှင့် ရင်ပုံသား အထူဆုံးနေရာများကို ကျက်မကျက် ပြန်လည် စစ်ဆေးပါ
- အသားများကို မချက်ပြုတ်မီ ၀°F နှင့် အနှုတ်အပူချိန်များတွင် ရက်အနည်းငယ်ကြာ ခဲထားခြင်းဖြင့် ကူးစက်နိုင်ခြေကို လျှော့ချနိုင်သည်
(အထက်ပါ အပူချိန်များသည် အမေရိကန်စိုက်ပျိုးရေးဌာန (US Department of Agriculture) မှ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လမ်းညွှန်သတ်မှတ်ထားသော အပူချိန်များဖြစ်သည်)
- အခွံမာ ရေထွက်သတ္တဝါများကို အစိမ်းမစားပါနှင့်
အခွံမာရေသတ္တဝါများ (ဥပမာ – ကမာ၊ ယောက်သွား၊ ဂုံးစသည်တို့) ကို အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း အစိမ်းစားခြင်းမှ ရှောင်ကြဉ်ပါ။ - မီးဖိုချောင်သုံး ပစ္စည်းများကို စင်ကြယ်စွာ ဆေးကြောပါ
- အသားစိမ်း သို့မဟုတ် မဆေးရသေးသော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များနှင့် ထိတွေ့ပြီးနောက် စဉ်းတီတုံး၊ ဓားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ဆပ်ပြာရေဖြင့် ဆေးကြောပါ
- အစားအစာများ မပြင်ဆင်မီနှင့် ပြင်ဆင်ပြီးနောက် သင်၏လက်များကို စင်ကြယ်စွာ ဆေးကြောပါ
- သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက် အားလုံးကို ဆေးကြောပါ
- လတ်ဆတ်သော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို မစားမီ၊ အခွံမခွာမီ သို့မဟုတ် မချက်ပြုတ်မီ စင်ကြယ်စွာ ဆေးကြောပါ
- ပိုးသတ်မထားသော ဆိတ်နို့ကို မသောက်ပါနှင့်
- ပိုးသတ်မထားသော (Unpasteurized) ဆိတ်နို့ သို့မဟုတ် ထိုနို့ဖြင့် ပြုလုပ်ထားသော ထုတ်ကုန်များကို ရှောင်ကြဉ်ပါ
- မသန့်စင်ထားသော ရေကို မသောက်ပါနှင့်
- သန့်စင်မထားသော (Untreated) ရေကို မသောက်ပါနှင့်
- အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း ရှောင်ကြဥ်သင့်သည်
- အသားများကို သေချာကျက်အောင် ချက်ပြုတ်စားပါ
- တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အလေ့အကျင့်များ (Cleanliness Practices)
- မိမိကိုယ်တိုင် ဆပ်ပြာနှင့် ရေကို အသုံးပြု၍ စနစ်တကျ လက်ဆေးခြင်းကို အမြဲလုပ်ဆောင်ပါ၊ ကလေးငယ်များကို လက်ဆေးခြင်း၏ အရေးကြီးပုံကို သင်ကြားပေးပါ
- ပန်းခြံစိုက်ပျိုးစဉ် သို့မဟုတ် ကြောင်မစင်ပါနိုင်သော မြေကြီးနှင့် သဲများကို ကိုင်တွယ်စဉ် လက်အိတ်စွပ်ပါ
- မြေကြီး သို့မဟုတ် သဲများကို ကိုင်တွယ်မိပါက လက်ကို ဆပ်ပြာနှင့် ရေဖြင့် စင်ကြယ်အောင် အမြဲဆေးပါ
- ပတ်ဝန်းကျင်ဆိုင်ရာ အလေ့အကျင့်များ (Environmental Practices)
- အပြင်ဘက်ရှိ ကလေးကစားသော သဲအိမ်၊ သဲကွက်လပ်များကို ကြောင်များ အညစ်အကြေးမစွန့်နိုင်စေရန် အမြဲဖုံးအုပ်ထားပါ
- အိမ်မွေးကြောင်များကို အသင့်စား အစာစိုနှင့် အစာခြောက်များ သို့မဟုတ် ကောင်းစွာကျက်အောင် ချက်ပြုတ်ထားသော အစားအစာများကိုသာ ကျွေးပါ၊ အသားစိမ်းများ မကျွေးပါနှင့်
- ဖြစ်နိုင်လျှင် ကြောင်များကို အိမ်ထဲ၌သာ မွေးမြူပါ
- ကြောင်အညစ်အကြေးပုံးကို နေ့စဥ် ပုံမှန်လဲပေးပါ၊ တောက်ဆိုပလပ်စ်မာ ကပ်ပါးပိုးသည် ကြောင်မစင်စွန့်ပြီး ၁ရက် မှ ၅ရက်ကြာမှသာ အခြားသူကို ကူးစက်နိုင်စွမ်းရှိလာသည်၊ ထို့ကြောင့် နေ့စဉ်သန့်ရှင်းရေးလုပ်ခြင်းဖြင့် ပိုးမပြန့်ပွားမီ ဖယ်ရှားနိုင်မည်ဖြစ်သည်။
- ကြောင်အညစ်အကြေးပုံးကို ကိုင်တွယ် လဲလှယ်သည့်အခါ လက်အိတ်ဝတ်ဆင်ပါ၊ ကိုင်တွယ်ပြီးသည့်အခါတိုင်း လက်ကို ဆပ်ပြာနှင့်ရေဖြင့် သေချာဆေးကြောပါ
- ကိုယ်ဝန်ဆောင်များနှင့် ကိုယ်ခံအားစနစ် အားနည်းသူများအနေဖြင့် လမ်းဘေးကြောင်များကို ကိုင်တွယ်ခြင်း၊ အစာကျွေးခြင်း သို့မဟုတ် ကြောင်အသစ် (အထူးသဖြင့် ကြောင်ပေါက်လေးများ) ကို အိမ်၌ခေါ်ယူမွေးခြင်းမျိုး မလုပ်ပါနှင့်
References:
- Centers for Disease Control and Prevention. (n.d.). About toxoplasmosis. Retrieved June 13, 2026, from https://www.cdc.gov/toxoplasmosis/about/index.html
- Mayo Clinic. (n.d.). Toxoplasmosis: Symptoms and causes. Retrieved June 13, 2026, from https://www.mayoclinic.org/diseases-conditions/toxoplasmosis/symptoms-causes/syc-20356249
- Cleveland Clinic. (n.d.). Toxoplasmosis. Retrieved June 13, 2026, from https://my.clevelandclinic.org/health/diseases/toxoplasmosis
- NHS. (n.d.). Toxoplasmosis. Retrieved June 13, 2026, from https://www.nhs.uk/conditions/toxoplasmosis/
- Mayo Clinic. (n.d.). Toxoplasmosis: Diagnosis and treatment. Retrieved June 13, 2026, from https://www.mayoclinic.org/diseases-conditions/toxoplasmosis/diagnosis-treatment/drc-20356255
- Maldonado, Y. A., & Read, J. S. (n.d.). Toxoplasmosis. Medscape. Retrieved June 13, 2026, from https://emedicine.medscape.com/article/229969-overview
- Montoya, J. G., & Liesenfeld, O. (2023). Toxoplasmosis. In StatPearls. Retrieved June 13, 2026, from https://www.ncbi.nlm.nih.gov/books/NBK563286/
Published: 24 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.