အဆုတ်သွေးတိုးခြင်း (Pulmonary Hypertension) ဆိုသည်မှာ အဆုတ်အတွင်းရှိ သွေးလွှတ်ကြောများ ကျဉ်းမြောင်းလာခြင်း၊ သွေးကြောနံရံများ မာတောင့်လာခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းတို့ကြောင့် သွေးစီးဆင်းမှုတွင် ဖိအားမြင့်တက်လာခြင်းကို ဆိုလိုသည်။ အဆုတ်သွေးလွှတ်ကြောသည် နှလုံးညာဘက်ခန်းမှ အောက်ဆီဂျင်နည်းသော သွေးများကို အောက်ဆီဂျင် ပြန်လည်ဖြည့်တင်းရန် အဆုတ်သို့ သယ်ဆောင်ပေးရသည့် အဓိကလမ်းကြောင်းဖြစ်သည်။ ထိုသွေးကြောများတွင် ဖိအားတက်လာသည့်အခါ နှလုံးသည် သွေးများကို အဆုတ်သို့ရောက်အောင် ပုံမှန်ထက် ပိုမိုအားစိုက်၍ ညှစ်ထုတ်ရသည်။
ဤကဲ့သို့ အဆုတ်သွေးဖိအား တဖြည်းဖြည်း မြင့်တက်လာခြင်းကြောင့် နှလုံးညာဘက်ခန်းသည် ဝန်ပိလာပြီး ကြွက်သားများ ထူလာတတ်သည်။ ရေရှည်တွင် နှလုံးညာဘက်ခန်းအားနည်းလာကာ နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart Failure) အထိ ဖြစ်ပွါးနိုင်သည်။ ၎င်းအပြင် အဆုတ်အတွင်း သွေးလှည့်ပတ်မှု မကောင်းသောကြောင့် သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျဆင်းကာ အသက်ရှူမဝခြင်းနှင့် မောပန်းခြင်းကဲ့သို့သော လက္ခဏာများကို ခံစားရစေသည်။
အဆုတ်သွေးတိုးခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာ ရှိသည်။ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အသည်းရောဂါနှင့် သွေးခဲပိတ်ခြင်းတို့ကြောင့် ဖြစ်နိုင်သကဲ့သို့ အချို့တွင် မည်သည့်အကြောင်းရင်းမျှ ရှာမရဘဲ ဖြစ်ပွါးတတ်သည်။ အသက် ၆၅ နှစ်အထက် လူကြီးများတွင် အဖြစ်များသော်လည်း မွေးကင်းစကလေးငယ်များမှသည် လူငယ်များအထိ အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ ယခုအခါတွင် ရောဂါရှာဖွေသည့် နည်းပညာများ တိုးတက်လာသဖြင့် ရောဂါကို စောစီးစွာ သိရှိလာနိုင်သော်လည်း ဤရောဂါသည် လုံးဝပျောက်ကင်းအောင် ကုသနိုင်သည့် အဆင့်သို့ မရောက်ရှိသေးပါ။ လက်ရှိကုသမှုများသည် ရောဂါလက္ခဏာများ သက်သာစေရန်၊ လူနာ၏ နေ့စဥ် သွားလာလှုပ်ရှားမှု အဆင်ပြေစေရန်နှင့် သက်တမ်းရှည်ရှည် နေထိုင်နိုင်စေရန်သာ ရည်ရွယ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အဆုတ်သွေးကြောများ ကျဥ်းမြောင်းခြင်း၊ နံရံများထူလာခြင်း၊ နံရံများ မာတောင့်လာခြင်း၊ ရောင်ရမ်း၍ ဖောင်းလာခြင်းစသည်တို့ကို ဖြစ်စေသော အကြောင်းရင်းများစွာရှိပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ အကြောင်းရင်းများပေါ် မူတည်၍ အဓိကအမျိုးအစား (၅) မျိုး ခွဲခြားသတ်မှတ်ထားသည်။ အမျိုးအစားပေါ် မူတည်၍ ကုသမှုနည်းလမ်းများ ကွာခြားသည်။
- အမျိုးအစား (၁) – အဆုတ်သွေးလွှတ်ကြော သွေးတိုးခြင်း
အဆုတ်သွေးလွှတ်ကြောတစ်ရှူးများ အဓိကထိခိုက်သော အမျိုးအစားဖြစ်ပြီး Pulmonary arterial hypertension (PAH) ဟုလည်း ခေါ်သည်။ ဖြစ်စေသော အကြောင်းရင်းများတွင်- မျိုးရိုးလိုက်သော မျိုးဗီဇပြောင်းလဲမှုများကြောင့် ဖြစ်ခြင်း (Heritable pulmonary arterial hypertension)
- အကြောင်းရင်းရှာမရဘဲဖြစ်ခြင်း (Idiopathic pulmonary arterial hypertension)
- မွေးရာပါနှလုံးရောဂါများ (Eisenmenger syndrome)
- အချို့ဆေးဝါးများနှင့် မူးယစ်ဆေးဝါးများ (Methamphetamine, Cocaine)
- အသည်းခြောက်၍ အသည်းသွေးကြော သွေးတိုးခြင်း
- HIV ရောဂါပိုးရှိခြင်း
- အက်စ်အယ်လ်အီးရောဂါနှင့် အရေပြားထူလေးဘက်နာရောဂါများရှိခြင်း
- Schistosomiasis ကပ်ပါးပိုးရှိခြင်း တို့ပါဝင်သည်။
- အမျိုးအစား (၂) – နှလုံးရောဂါများကြောင့်ဖြစ်သော အဆုတ်သွေးတိုးခြင်း
ဖြစ်ပွါးမှုအများဆုံး အမျိုးအစားဖြစ်သည်။ နှလုံးရောဂါများကြောင့် နောက်ဆက်တွဲအနေဖြင့် အဆုတ်သွေးပြန်ကြော (pulmonary veins) နှင့် သွေးလွှတ်ကြော (pulmonary arteries) များတွင် သွေးဖိအားတက်ခြင်းကို ဖြစ်စေသည်။ ဖြစ်စေသော အကြောင်းရင်းများမှာ_- နှလုံးဘယ်ဘက်ခြမ်း သွေးညှစ်အားကျခြင်း
- နှလုံးဘယ်ဘက်ခြမ်း အဆို့ရှင်ရောဂါများ (Aortic valve disease, Mitral valve disease) တို့ဖြစ်သည်။
- အမျိုးအစား (၃) – အဆုတ်ရောဂါများ သို့မဟုတ် အောက်ဆီဂျင်ကျစေသော အခြေအနေများကြောင့် ဖြစ်သော အဆုတ်သွေးတိုးခြင်း
- နာတာရှည်လေပြွန်ကျဥ်း အဆုတ်ပွရောဂါ
- အဆုတ်အမာရွတ်ဖြစ်ခြင်း
- ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်သော အရပ်ဒေသတွင် ရေရှည်နေထိုင်ခြင်း
- အသက်ရှူအား လျော့နည်းခြင်း
- အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့၍ အသက်ရှူခေတ္တရပ်ခြင်းတို့ကြောင့် ဖြစ်ပွါးနိုင်သည်။
- နာတာရှည်လေပြွန်ကျဥ်း အဆုတ်ပွရောဂါ
- အမျိုးအစား (၄) – အဆုတ်သွေးကြော သွေးခဲပိတ်ခြင်းကြောင့်ဖြစ်သော အဆုတ်သွေးတိုးခြင်း
- အဆုတ်သွေးကြောများတွင် သွေးခဲပိတ်ဆို့ခြင်း (Pulmonary embolism)
- အဆုတ်သွေးကြောများကို ပိတ်ဆို့ဖိထားသော အကျိတ်များ (Tumors)
- ရှားပါးသော မွေးရာပါ အဆုတ်သွေးကြောကျဥ်းနေခြင်း (Pulmonary artery stenosis) တို့ကြောင့် ဖြစ်နိုင်သည်။
- အမျိုးအစား (၅) – အခြားရောဂါများနှင့် ဆက်စပ်သော အဆုတ်သွေးတိုးခြင်း
- သွေးရောဂါများ (Polycythemia vera, Essential thrombocythemia, Sickle cell disease)
- ခန္ဓာကိုယ်အနှံ့ရောင်ရမ်းသော Sarcoidosis
- ခန္ဓာကိုယ်တွင် သကြားဓာတ်များကို ဖြိုခွဲဖျက်စီးသည့် အင်ဇိုင်းများချို့တဲ့သည့် Glycogen storage disease ရောဂါများ
- Gaucher disease
- Pulmonary Langerhans cell histiocytosis
- အာရုံကြောအကျိတ်ငယ်များ ထွက်သောရောဂါ (Neurofibromatosis)
- နာတာရှည် ကျောက်ကပ်ရောဂါတို့နှင့် ဆက်စပ်၍ ဖြစ်ပွါးတတ်သည်။
ထိုအမျိုးအစားတွင် အထက်ဖော်ပြပါရောဂါများနှင့် ဆက်စပ်မှုရှိသည်ကို တွေ့ရသော်လည်း အဆုတ်သွေးတိုးခြင်းကို ဖြစ်စေသော ဖြစ်စဥ်အတိအကျကိုမူ မသိရှိရသေးပါ။
အမျိုးအစားများအနက် နှလုံးရောဂါ၊ အဆုတ်ရောဂါများကြောင့်ဖြစ်သော အမျိုးအစား (၂) နှင့် (၃) သည် အတွေ့ရအများဆုံးဖြစ်ပြီး အမျိုးအစား (၁) သည် ဖြစ်ပွါးမှုရှားပါးသော အမျိုးအစားဖြစ်သည်။
ဖြစ်နိုင်ခြေများသော အချက်များ
အဆုတ်သွေးတိုးခြင်းသည် များသောအားဖြင့် အသက် ၃၀ မှ ၆၀ ကြား လူများတွင် တွေ့ရလေ့ရှိသည်။ အသက်အရွယ်ကြီးလာခြင်းသည် အဆုတ်သွေးကြောများကို မာကြောကျဥ်းမြောင်းစေသဖြင့် အုပ်စု (၁) အဆုတ်သွေးလွှတ်ကြောသွေးတိုးခြင်း (Pulmonary Arterial Hypertension – PAH) ဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေသည်။ လူငယ်ပိုင်းများတွင် ဖြစ်ပွါးမှု ရှားပါးပြီး၊ အကယ်၍ ဖြစ်ပွါးပါက အကြောင်းရင်း အတိအကျမသိရသော Idiopathic PAH ပိုမိုဖြစ်ပွါးသည်ကို တွေ့ရသည်။
ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသော အခြားအချက်များမှာ_
- မိသားစုမျိုးရိုးရှိခြင်း – မိသားစုဝင်ထဲတွင် အဆိုပါရောဂါဖြစ်ဖူးသူရှိခြင်း
- ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း
- ဆေးလိပ်သောက်ခြင်း
- သွေးခဲစနစ်ဆိုင်ရာရောဂါများ – သွေးခဲလွယ်သောရောဂါရှိခြင်း သို့မဟုတ် အဆုတ်အတွင်း သွေးခဲပိတ်ခြင်းဆိုင်ရာရောဂါများ မိသားစုတွင် ဖြစ်ဖူးခြင်း
- အဆိပ်အတောက်များနှင့် ထိတွေ့မှု – ကျောက်ဂွမ်း (Asbestos) နှင့် ထိတွေ့ဖူးသော ရာဇဝင်ရှိခြင်း
- မွေးရာပါ နှလုံးရောဂါ – မွေးစကတည်းမှ နှလုံးချို့ယွင်းချက်ပါလာခြင်း
- နေထိုင်ရာဒေသ – ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈,၀၀၀ (၂,၄၃၈ မီတာ) နှင့်အထက် မြင့်သော ဒေသများတွင် နေထိုင်ခြင်း
- ဆေးဝါးများ သုံးစွဲခြင်း – ကိုယ်အလေးချိန်ချရန် သောက်သော ပိန်ဆေးများအပါအဝင် အချို့ဆေးဝါးများ
- တရားမဝင် မူးယစ်ဆေးဝါးများ – ကိုကင်း (Cocaine) သို့မဟုတ် စိတ်ကြွဆေး (Methamphetamine) ကဲ့သို့ မူးယစ်ဆေးဝါးများ အသုံးပြုခြင်း စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
အဆုတ်သွေးတိုးခြင်း၏ လက္ခဏာများသည် အစောပိုင်းတွင် မသိသာဘဲ တဖြည်းဖြည်းချင်းစီသာ ပေါ်ပေါက်လာတတ်သည်။ ထို့ကြောင့် ရောဂါရှိနေမှန်းကို လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ကြာသည်အထိ သတိမထားမိဘဲ ရှိနေတတ်သည်။ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသည်နှင့်အမျှ လက္ခဏာများသည် ပို၍သိသာထင်ရှားလာသည်။ အတွေ့ရများသော လက္ခဏာများမှာ_
- အသက်ရှူမဝခြင်း (Dyspnea) – အစပိုင်းတွင် လှုပ်ရှားသွားလာချိန် သို့မဟုတ် လေ့ကျင့်ခန်းလုပ်ချိန်၌သာ ဖြစ်တတ်သော်လည်း နောက်ပိုင်းတွင် နားနေစဉ်အချိန်၌ပင် အသက်ရှူရခက်ခဲလာသည်
- အသားအရေ ပြာနှမ်းခြင်း (Cyanosis) – သွေးတွင်းအောက်ဆီဂျင် နည်းပါးမှုကြောင့် နှုတ်ခမ်း၊ လက်သည်း သို့မဟုတ် အသားအရေများ ပြာနှမ်းခြင်း သို့မဟုတ် မွဲခြောက်ခြင်းများ ဖြစ်ပေါ်နိုင်သည်
- မောပန်းနွမ်းနယ်ခြင်း – ပုံမှန်လုပ်ဆောင်နေကျ အလုပ်များကိုပင် မလုပ်နိုင်လောက်အောင် အားအင်ကုန်ခမ်းခြင်းကို ခံစားရသည်
- ရင်ဘတ်အောင့်ခြင်း – ရင်ဘတ်အတွင်း ဖိသိပ်ထားသကဲ့သို့ ခံစားရခြင်း သို့မဟုတ် အသက်ရှူသည့်အခါ နာကျင်ခြင်းများ ဖြစ်တတ်သည်
- မူးဝေခြင်းနှင့် သတိလစ်ခြင်း (Syncope) – ဦးနှောက်သို့ သွေးနှင့် အောက်ဆီဂျင် ရောက်ရှိမှု နည်းပါးခြင်းကြောင့် မကြာခဏ ခေါင်းမူးခြင်း သို့မဟုတ် ရုတ်တရက် သတိလစ်မူးလဲခြင်းများ ဖြစ်နိုင်သည်
- နှလုံးခုန်နှုန်း မမှန်ခြင်း – နှလုံးခုန်မြန်ခြင်း သို့မဟုတ် ရင်တုန်ခြင်းများကို ခံစားရသည်
- ဖောရောင်ခြင်း (Edema) – နှလုံးညာဘက်ခြမ်း အားနည်းလာမှုကြောင့် ခြေချင်းဝတ်များ၊ ခြေထောက်များနှင့် ဝမ်းဗိုက်တွင် အရည်များစုလာပြီး ဖောရောင်လာသည်
အထက်ပါလက္ခဏာများသည် အခြားသော အဆုတ်နှင့် နှလုံးရောဂါများကြောင့်လည်း ဖြစ်ပွါးနိုင်သဖြင့် တိကျသော ရောဂါရှာဖွေမှု ပြုလုပ်နိုင်ရန် ဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်ရန် လိုအပ်သည်။
နောက်ဆက်တွဲပြဿနာများ
အဆုတ်သွေးတိုးခြင်းကို စနစ်တကျ ကုသမှုမခံယူပါက အောက်ပါ ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများကို ဖြစ်စေနိုင်သည်။
- နှလုံးညာဘက်ခြမ်း လုပ်ငန်းပျက်စီးခြင်း
ကျဉ်းမြောင်းနေသော အဆုတ်သွေးကြောများအတွင်းသို့ သွေးများရောက်ရှိရန် နှလုံးညာဘက်ခန်းသည် ပုံမှန်ထက် ပို၍အားစိုက်ညှစ်ထုတ်ရသည်။ ဤသို့ အဆက်မပြတ် ဝန်ပိခြင်းကြောင့် နှလုံးနံရံများ ထူလာပြီး နှလုံးခန်းကြီးလာကာ နောက်ဆုံးတွင် နှလုံးသွေးညှစ်ခြင်း လုပ်ငန်းပျက်စီးခြင်း (Heart failure) အဆင့်သို့ ရောက်ရှိသွားသည်။ - သွေးခဲပိတ်ခြင်း
အဆုတ်သွေးတိုးခြင်းသည် အဆုတ်အတွင်းရှိ သွေးကြောငယ်များထဲတွင် သွေးခဲပိတ်နိုင်ခြေ (Thrombosis) ကို ပိုမိုမြင့်တက်စေပြီး ရောဂါကို ပိုမိုဆိုးရွားစေသည်။ - နှလုံးခုန်စည်းချက် မမှန်ခြင်း (Arrhythmia)
နှလုံးအခန်းများ ကြီးလာခြင်းကြောင့် နှလုံး၏ လျှပ်စစ်စီးဆင်းမှုစနစ်ကို ထိခိုက်ကာ နှလုံးခုန်စည်းချက်များ ပြောင်းလဲသွားပြီး အသက်အန္တရာယ် ရှိနိုင်သည်အထိ ပြင်းထန်နိုင်သည်။ - အဆုတ်အတွင်း သွေးထွက်ခြင်း
အဆုတ်သွေးကြောများ ပေါက်ထွက်ခြင်းကြောင့် ပြင်းထန်စွာ သွေးအန်ခြင်း သို့မဟုတ် ချောင်းဆိုးသွေးပါခြင်း (Hemoptysis) တို့ ဖြစ်ပွါးနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သည်။ - ကိုယ်ဝန်ဆောင်စဉ် နောက်ဆက်တွဲပြဿနာများ
ဤရောဂါရှိသော အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်ခြင်းသည် မိခင်နှင့် သန္ဓေသား နှစ်ဦးစလုံးအတွက် အလွန်အန္တရာယ်များပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်သောကြောင့် အထူးဂရုစိုက်ရန် လိုအပ်သည်။ - နှလုံးအမြှေးပါးအတွင်း အရည်စုခြင်း (Pericardial effusion)
နှလုံးကို ဝန်းရံထားသည့် အမြှေးပါးအိတ်အတွင်း အရည်များ စုလာတတ်ပြီး ၎င်းသည် နှလုံး၏ အလုပ်လုပ်နိုင်စွမ်းကို ပိုမိုကျဆင်းစေသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အောက်ပါလက္ခဏာများရှိပါက နှလုံးရောဂါ၊ အဆုတ်ရောဂါများဖြစ်နိုင်သကဲ့သို့ အဆုတ်သွေးတိုးခြင်းလည်း ဖြစ်နိုင်သောကြောင့် မိသားစုဆရာဝန်နှင့် တိုင်ပင်သင့်သည်။
- နှလုံးခုန်မြန်ခြင်း – တစ်မိနစ်လျှင် အကြိမ်ရေ ၁၂၀ နှင့်အထက် ခုန်ခြင်း
- အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း သို့မဟုတ် ချောင်းဆိုးခြင်း ရက်ကြာပြီး ပိုပြင်းထန်လာခြင်း
- မကြာခဏ မူးဝေနေခြင်း သို့မဟုတ် သတိလစ်မူးလဲခြင်း
- ရင်ဘတ်အောင့်ခြင်း – လှုပ်လှုပ်ရှားရှားလုပ်သည့်အခါ ရင်ဘတ်အောင်ခြင်း သို့မဟုတ် အသက်ရှူရ မသက်မသာ ဖြစ်ခြင်း
- လွန်စွာမောပန်းခြင်း – ပုံမှန်လုပ်ဆောင်နေကျ အလုပ်များကိုပင် မလုပ်နိုင်လောက်အောင် အားအင်ကုန်ခမ်းခြင်း
- ပျို့အန်ခြင်း သို့မဟုတ် အစားအသောက်ပျက်ခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်း
- အသက်ရှူမဝခြင်း၊ ပိုဆိုးလာခြင်း – အထူးသဖြင့် အိပ်ရာနိုးချိန်တွင် အသက်ရှူရခက်ခဲခြင်း
- ဖောရောင်ခြင်း – ခြေချင်းဝတ်၊ ခြေထောက် သို့မဟုတ် ဝမ်းဗိုက်တစ်ဝိုက် ဖောရောင်မှု ပိုဆိုးလာခြင်း
- ကိုယ်အလေးချိန် သိသိသာသာတက်လာခြင်း – တစ်ရက်အတွင်း ၂ ပေါင် သို့မဟုတ် တစ်ပတ်အတွင်း ၅ ပေါင်ခန့် တက်လာခြင်း
အရေးပေါ်ပြသရန်
အောက်ပါအခြေအနေများရှိပါက အရေးပေါ်လူနာတင်ယာဉ် သို့မဟုတ် အနီးဆုံးဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်းဆက်သွယ်ခြင်း၊ သွားရောက်ခြင်း ပြုလုပ်သင့်သည်။
- နှလုံးခုန်အလွန်မြန်ခြင်း လုံးဝပြန်မသက်သာခြင်း
- သတိလစ်ခြင်း သို့မဟုတ် မူးလဲခြင်း
- ဆေးသွင်းပိုက် (Catheter) ပြဿနာများ – ရောဂါရှိသူများတွင် ဆေးသွင်းပိုက် နေရာလွဲသွားခြင်း၊ ဆေးရည်များ ယိုစိမ့်ခြင်း သို့မဟုတ် ဆေးသွင်းစက် (Pump) ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း
- ပြင်းထန်စွာ အသက်ရှူမဝခြင်း – နားနေသော်လည်း အသက်ရှူရခက်ခဲမှု မသက်သာခြင်း
- ရုတ်တရက် ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
- ရုတ်တရက် အားအင်ကုန်ခမ်းခြင်း – လက်မောင်း သို့မဟုတ် ခြေထောက်များ ရုတ်တရက် မလှုပ်ရှားနိုင်တော့ခြင်း သို့မဟုတ် လေဖြတ်သကဲ့သို့ဖြစ်ခြင်း
ရောဂါရှာဖွေခြင်း
အဆုတ်သွေးတိုးခြင်းကို အတည်ပြုရန်အတွက် ရောဂါလက္ခဏာများနှင့် ဆေးဝါးရာဇဝင်ကို အသေးစိတ် မေးမြန်းခြင်း၊ ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးခြင်းတို့ကို ဦးစွာပြုလုပ်မည်ဖြစ်သည်။ စမ်းသပ်စစ်ဆေးရာတွင် နှလုံးနှင့် အဆုတ်၏ လုပ်ငန်းဆောင်တာများအတွက် အောက်ပါအချက်များကို အဓိကစစ်ဆေးမည်ဖြစ်သည်။
- သွေးပေါင်ချိန်၊ သွေးခုန်နှုန်းနှင့် သွေးထဲရှိ အောက်ဆီဂျင်ပမာဏ (Oxygen Saturation) ကို တိုင်းတာခြင်း
- နှလုံးနှင့် အဆုတ်၏ အသံများကို နားကြပ်ဖြင့် နားထောင်ကာ ပုံမှန်မဟုတ်သော အသံများ ရှိမရှိ စစ်ဆေးခြင်း
- နှလုံးညာဘက်ခြမ်း အားနည်းခြင်း၏ လက္ခဏာများဖြစ်သော လည်ပင်းသွေးပြန်ကြောများ ဖောင်းကြွနေခြင်း၊ အသဲကြီးခြင်း၊ ဗိုက်၊ ခြေထောက်နှင့် ခြေကျင်းဝတ်များတွင် ဖောရောင်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း
အဆုတ်သွေးတိုးခြင်းရောဂါသည် အခြားသော နှလုံးနှင့် အဆုတ်ရောဂါများစွာနှင့် လက္ခဏာချင်း ဆင်တူသောကြောင့် ရောဂါကို တိကျစွာ ရှာဖွေနိုင်ရန် အောက်ပါစစ်ဆေးမှုများကို ထပ်မံပြုလုပ်ရမည်ဖြစ်သည်။
ရောဂါရှာဖွေရန် စစ်ဆေးမှုများ
အဆုတ်သွေးတိုးခြင်းနှင့် ၎င်းကို ဖြစ်စေသော အကြောင်းရင်းခံများကို ရှာဖွေရန် အောက်ပါနည်းလမ်းများကို အသုံးပြုသည်။
- သွေးစစ်ခြင်း (Blood tests) – သွေးရောဂါများ၊ ရောဂါပိုးဝင်ခြင်း၊ ဟော်မုန်းပမာဏနှင့် ကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်ချက်ကို သိရှိရန်ဖြစ်ပြီး နှလုံးဝန်ပိမှု ရှိမရှိ သိနိုင်သော NT-proBNP သွေးစစ်ချက်ကိုလည်း ပြုလုပ်နိုင်သည်
- အီးစီဂျီ စစ်ဆေးခြင်း (ECG) – နှလုံး၏ လျှပ်စစ်စီးဆင်းမှု၊ နှလုံးခုန်နှုန်းနှင့် နှလုံးညာဘက်ခန်း ကြီးခြင်း ရှိမရှိ စစ်ဆေးရန်ဖြစ်သည်
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest X-ray) – နှလုံးနှင့် အဆုတ်သွေးလွှတ်ကြောများ ကြီးနေခြင်း သို့မဟုတ် အခြားသော အဆုတ်ရောဂါအခံများ ရှိမရှိ ကြည့်ရှုရန်ဖြစ်သည်
- နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram) – နှလုံး၏ ဖွဲ့စည်းပုံ၊ သွေးညှစ်ထုတ်မှုနှင့် အဆို့ရှင်များ၏ အခြေအနေကို စစ်ဆေးရန်ဖြစ်သည်၊ ဤစစ်ဆေးမှုမှတစ်ဆင့် အဆုတ်သွေးဖိအားကို ခန့်မှန်းတွက်ချက်နိုင်သည်
- နှလုံးညာဘက်ခန်းများသို့ ပိုက်ထည့်၍ စစ်ဆေးခြင်း (Right Heart Catheterization)
ဤသည်မှာ အဆုတ်သွေးဖိအားကို အတည်ပြုရန် အတိကျဆုံးသော စံစစ်ဆေးမှု (Gold Standard) ဖြစ်သည်။ ပေါင် သို့မဟုတ် လည်ပင်းရှိ သွေးပြန်ကြောမှတစ်ဆင့် ပိုက်ပျော့ငယ်ကို နှလုံးအထိ ထည့်သွင်းကာ အဆုတ်သွေးလွှတ်ကြောအတွင်းရှိ ဖိအားကို တိုက်ရိုက်တိုင်းတာခြင်းဖြစ်သည်။ - ရင်ဘတ် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (Chest CT scan) – အဆုတ်အတွင်း သွေးခဲပိတ်ခြင်းနှင့် အခြားသော အဆုတ်တစ်ရှူးရောဂါများကို အသေးစိတ် ကြည့်ရှုရန်ဖြစ်သည်
- ၆ မိနစ် လမ်းလျှောက်ခြင်း စမ်းသပ်မှု (Six-minute walk test) – လူနာ၏ လှုပ်ရှားနိုင်စွမ်းနှင့် လှုပ်ရှားစဉ်အတွင်း အောက်ဆီဂျင် ကျဆင်းမှု ရှိမရှိ တိုင်းတာရန်ဖြစ်သည်
- အဆုတ်လုပ်ငန်း စစ်ဆေးခြင်း (Lung Function Test) – အသက်ရှူလမ်းကြောင်း ကျဉ်းခြင်း သို့မဟုတ် အဆုတ်ပွခြင်းကဲ့သို့သော ရောဂါအခံများကို ခွဲခြားရန်ဖြစ်သည်
- အိပ်စက်မှုစစ်ဆေးခြင်း (Sleep study) – အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ အသက်ရှူရပ်ခြင်း (Obstructive Sleep Apnoea) ရှိမရှိ စစ်ဆေးရန်ဖြစ်သည်
- အဆုတ်အတွင်း သွေးစီးဆင်းမှုစစ်ဆေးခြင်း (V/Q scan) – အဆုတ်သွေးခဲပိတ်ခြင်း စစ်ဆေးရာတွင် ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ရန် မသင့်တော်သူများတွင် ထိုစစ်ဆေးမှုကို ပြုလုပ်နိုင်သည်
- မျိုးဗီဇစစ်ဆေးခြင်း (Genetic testing) – မိသားစုမျိုးရိုးကြောင့် ဖြစ်ပွါးသည့် အဆုတ်သွေးတိုးခြင်း (Heritable PAH) ကို ရှာဖွေရန် လိုအပ်ပါက ပြုလုပ်နိုင်သည်
ရောဂါပြင်းထန်မှုအဆင့် သတ်မှတ်ခြင်း
အဆုတ်သွေးတိုးခြင်း ရောဂါရှိကြောင်း အတည်ပြုပြီးပါက လူနာ၏ ရောဂါလက္ခဏာများသည် နေ့စဉ်လူနေမှုဘဝနှင့် လုပ်ငန်းဆောင်တာများအပေါ် မည်မျှသက်ရောက်မှုရှိသည်ကို မူတည်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အောက်ပါအတိုင်း အဆင့် (၄) ဆင့် ခွဲခြားသတ်မှတ်သည်။
- အဆင့် (၁) – အဆုတ်သွေးတိုးခြင်း ရောဂါရှိနေသော်လည်း အနားယူနေချိန်တွင်ဖြစ်စေ၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ချိန်တွင်ဖြစ်စေ မည်သည့်ရောဂါလက္ခဏာမျှ မပြတတ်ပါ၊ နေ့စဉ်လုပ်ငန်းဆောင်တာများကို ကန့်သတ်ချက်မရှိဘဲ လုပ်ဆောင်နိုင်သည်
- အဆင့် (၂) – အနားယူနေချိန်တွင် လက္ခဏာမရှိပါ၊ သို့သော် အလုပ်သွားလာခြင်း သို့မဟုတ် ဈေးဝယ်ထွက်ခြင်းကဲ့သို့သော နေ့စဉ်ပုံမှန် လုပ်ငန်းဆောင်တာများ လုပ်ဆောင်သည့်အခါ အနည်းငယ်မောခြင်း သို့မဟုတ် ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်တတ်သည်၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရာတွင် အနည်းငယ် ကန့်သတ်ချက် ရှိလာသည်
- အဆင့် (၃) – အနားယူနေချိန်တွင် သက်သောင့်သက်သာရှိသော်လည်း ရေချိုးခြင်း၊ အဝတ်အစားလဲခြင်း သို့မဟုတ် ဟင်းချက်ခြင်းကဲ့သို့သော ရိုးရှင်းသည့်အလုပ်များကို လုပ်ဆောင်ရာ၌ပင် အလွန်အမင်း ပင်ပန်းခြင်း၊ အသက်ရှူမဝခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်တတ်သည်၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်စွမ်း အလွန်အမင်း နည်းပါးသွားသည်
- အဆင့် (၄) – အနားယူနေချိန်၌ပင် ရောဂါလက္ခဏာများ ခံစားရနိုင်ပြီး မည်သည့် ကိုယ်လက်လှုပ်ရှားမှုကို မဆို ပြုလုပ်ပါက လက္ခဏာများ ပိုမိုဆိုးရွားသွားစေသည်၊ နှလုံးညာဘက်ခြမ်း အားနည်းခြင်း၏ လက္ခဏာများပါ ပေါ်ပေါက်လာနိုင်သည်
ကုသခြင်း
အဆုတ်သွေးတိုးခြင်း (Pulmonary Hypertension) ကို လုံးဝပျောက်ကင်းအောင် ကုသ၍ မရနိုင်သော်လည်း ကုသမှုများသည် ရောဂါလက္ခဏာများကို သက်သာစေရန်၊ ရောဂါဆိုးလာမှုကို နှေးကွေးစေရန်နှင့် လူနာ၏ လူနေမှုဘဝအရည်အသွေး တိုးတက်စေရန် ရည်ရွယ်သည်။ ကုသမှုနည်းလမ်း ရွေးချယ်ရာတွင် ရောဂါအမျိုးအစားပေါ် မူတည်၍ ကွဲပြားသည်။
- အမျိုးအစား (၁) – အဆုတ်သွေးလွှတ်ကြောများ ကျယ်စေရန် သွေးကြောကျယ်ဆေး (Vasodilators) များ ပေးလေ့ရှိသည်၊ လိုအပ်ပါက အောက်ဆီဂျင်ကုထုံးကိုလည်း အသုံးပြုသည်
- အမျိုးအစား (၂) နှင့် (၃) – အဓိကအကြောင်းရင်းဖြစ်သည့် နှလုံးနှင့်အဆုတ်ရောဂါများကို ရှေးဦးစွာ အရင်ကုသရန် လိုအပ်သည်၊ ကုသမှုတွင် ဆေးဝါးများအပြင် အောက်ဆီဂျင်ပေးခြင်းနှင့် ခွဲစိတ်မှုများ ပါဝင်နိုင်သည်
- အမျိုးအစား (၄) – သွေးခဲပိတ်ဆို့မှုများကို ဖယ်ရှားရန် အလွန်အရေးကြီးသည်၊ သွေးကြောချဲ့ခြင်း (Balloon Pulmonary Angioplasty) သို့မဟုတ် သွေးခဲနှင့် အမာရွတ်များကို ဖယ်ရှားခြင်း (Pulmonary Endarterectomy) စသည့် ခွဲစိတ်မှုများကို ပြုလုပ်နိုင်သည်
- အမျိုးအစား (၅) – အကြောင်းရင်းခံရောဂါပေါ် မူတည်၍ ဆရာဝန်များက အသင့်တော်ဆုံး ကုသမှုအစီအစဉ်ကို ချမှတ်ပေးမည်ဖြစ်သည်။
သွေးကြောကျယ်စေသော ဆေးများ (Pulmonary vasodilators)
အဆုတ်သွေးကြောနံရံ ကြွက်သားများကို ပြေလျော့စေခြင်း၊ သွေးကြောနံရံကျယ်စေသော ဓာတုပစ္စည်းများ ပိုမိုထုတ်လုပ်စေခြင်း၊ သွေးကြောကျဥ်းစေသော ဓာတုပစ္စည်းများကို တားဆီးခြင်း စသည့်နည်းလမ်းတို့ဖြင့် သွေးကြောကိုကျယ်စေသော ဆေးဝါးများဖြစ်သည်။ ဆေးများကို သောက်ဆေးများ၊ သွေးကြောထဲသို့ သွင်းရသော ဆေးရည်ပုံစံ သို့မဟုတ် ရှူဆေးပုံစံများဖြင့် ရရှိနိုင်သည်။ အောက်ပါဆေးဝါးများ ပါဝင်သည်။
- သွေးကြောကျယ်စေသော Prostacyclin ကို များစေသောဆေးများ – e.g., Epoprostenol, Treprostinil, Iloprost, Selexipag
- သွေးကြောနံရံကြွက်သားများကို ပြေလျော့စေသော Endothelin receptor antagonists ဆေးများ – e.g., Bosentan, Macitentan, Ambrisentan
- သွေးကြောနံရံကြွက်သားများကို ပြေလျော့စေသည့် cyclic GMP များစေသောဆေးများ – e.g., Phosphodiesterase 5 inhibitors (Sildenafil, Tadalafil, Vardenafil, Avanafil)
- သွေးကြောကျယ်စေသော nitric oxide ကို များစေသည့်ဆေးများ – e.g., Riociguat, Vericiguat
- သွေးကြောကျယ်စေသည့် Calcium channel blockers – e.g., Amlodipine, Diltiazem, Nifedipine
အထက်ပါဆေးများသည် အမျိုးအစား (၁) နှင့် (၄) ရောဂါများအတွက် ကုသမှုတွင် အဓိကဆေးများအနေဖြင့် အသုံးပြုသည်။ အခြားအမျိုးအစားများအတွက် အသုံးပြုရန် လမ်းညွှန်ထားခြင်းမရှိပါ။
သွေးမခဲဆေးများ (Blood thinners)
အဆုတ်သွေးကြောသွေးခဲပိတ်ခြင်းကြောင့် ဖြစ်ပေါ်သော အမျိုးအစား (၄) ကို ကုသရန်အတွက် အသုံးပြုနိုင်သလို သွေးခဲများ ဖြစ်ပေါ်ခြင်းကို ကာကွယ်ရန်လည်း အသုံးပြုသည်။
အခြားဆေးဝါးများ
- Digoxin
- နှလုံးညှစ်အားကျဆင်းသော လူနာများတွင် နှလုံးညှစ်အား ပြန်လည်တိုးတက်လာစေရန် ပေးနိုင်သည်
- ဆီးဆေးများ (Diuretics)
- ခန္ဓာကိုယ်တွင် ပိုလျှံသော အရည်များကို ကျောက်ကပ်မှ စွန့်ထုတ်နိုင်အောင် ကူညီပေးသည်
- နှလုံးအတွက်လည်း ဝန်ပိုလျှော့ချပေးနိုင်သကဲ့သို့ အဆုတ်တွင် အရည်စုခြင်း၊ ခြေထောက်ဖောခြင်းနှင့် ဝမ်းဗိုက်ဖောရောင်ခြင်းတို့ကို သက်သာစေနိုင်သည်
အောက်ဆီဂျင်ကုထုံး (Oxygen therapy)
အောက်ဆီဂျင်နည်းသော လူနာများ၊ လှုပ်ရှားမှုပြုလုပ်ချိန် အောက်ဆီဂျင်ကျသော လူနာများ၊ အဆုတ်ရောဂါအခံရှိသော လူနာများနှင့် အိပ်ပျော်စဥ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သော OSA လူနာများတွင် အောက်ဆီဂျင်ပေးထားရန် လိုအပ်နိုင်သည်။
ခွဲစိတ်မှုနည်းလမ်းများ
ဆေးဝါးများဖြင့် ကုသသော်လည်း ရောဂါလက္ခဏာ မသက်သာသော လူနာများအတွက် ခွဲစိတ်မှုများ ပြုလုပ်ပေးနိုင်သည်။ အဆုတ်သွေးကြောဖိအားကို သက်သာစေရန် ပြုလုပ်ပေးနိုင်သော ခွဲစိတ်မှုများမှာ_
- သွေးဝင်ခန်းကို အပေါက်ဖောက်ခွဲစိတ်ခြင်း (Atrial septostomy)
- ဘယ်ဘက်နှင့် ညာဘက်သွေးဝင်ခန်း (၂) ခုကို အပေါက်ငယ်တစ်ခုဖောက်ပေးသော ခွဲစိတ်မှုဖြစ်သည်၊ ညာဘက်နှလုံးဖိအားကို ကျစေသည်
- နောက်ဆက်တွဲအနေဖြင့် နှလုံးခုန်စည်းချက်မမှန်ခြင်း ဖြစ်နိုင်သည်
- အဆုတ်အစားထိုးခြင်း သို့မဟုတ် နှလုံးနှင့်အဆုတ်ကို အစားထိုးခြင်း
- အကြောင်းရင်း ရှာမရသော အမျိုးအစားဖြစ်ပွါးသည့် အသက်ငယ်ပိုင်းလူနာများအတွက် အဆုတ် သို့မဟုတ် နှလုံးနှင့်အဆုတ် အစားထိုးခြင်းကို ပြုလုပ်နိုင်သည်
- အစားထိုးပြီးနောက် ကိုယ်ခန္ဓာမှ ပြန်လည် တိုက်ထုတ်မှုကို ကာကွယ်ရန် ဆေးဝါးများ ရာသက်ပန်သောက်သုံးရန် လိုအပ်သည်
နေထိုင်မှုပုံစံ ပြောင်းလဲခြင်း
အဆုတ်သွေးတိုးခြင်း ခံစားနေရသူများအနေဖြင့် ဆေးဝါးကုသမှုအပြင် နေ့စဉ်နေထိုင်မှုပုံစံကို ပြုပြင်ပြောင်းလဲခြင်းဖြင့် ရောဂါလက္ခဏာများကို သက်သာစေနိုင်ပြီး နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်သည်။
- အာဟာရပြည့်ဝအောင် စားသုံးပါ
- ကျန်းမာရေးနှင့် ညီညွတ်သော ဂျုံကြမ်း၊ လတ်ဆတ်သော အသီးအရွက်များနှင့် အသီးအနှံများ၊ အဆီနည်းသော အသား၊ ငါး၊ နို့နှင့် နို့ထွက်ပစ္စည်းများကို ရွေးချယ်စားသုံးပါ
- ပြည့်ဝဆီများသော အစားအစာများကို ရှောင်ကြဉ်ပြီး အထူးသဖြင့် ဆားစားသုံးမှုကို အတတ်နိုင်ဆုံး လျှော့ချရမည်
- ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်း
- လက္ခဏာပြင်းထန်မှုအလိုက် သင့်တော်သော လေ့ကျင့်ခန်း (ဥပမာ – လမ်းလျှောက်ခြင်း) ကို တတ်ကျွမ်းသူများနှင့် တိုင်ပင်၍ ပုံမှန်လုပ်ဆောင်ပါ
- ကိုယ်အလေးချိန် ထိန်းသိမ်းပါ
- ကိုယ်အလေးချိန် လွန်ကဲခြင်းသည် နှလုံးကို ပိုမိုအလုပ်လုပ်စေရသောကြောင့် ကျန်းမာသော ကိုယ်အလေးချိန်ရှိနေစေရန် ဂရုစိုက်ပါ
- ဆေးလိပ်ကို လုံးဝရှောင်ကြဉ်ပါ
- ဆေးလိပ်သောက်ခြင်းနှင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့များသည် အဆုတ်သွေးကြောများကို ပိုမိုပျက်စီးစေပြီး ရောဂါကို ဆိုးရွားစေသည်
- လုံလောက်စွာ အနားယူပါ
- ခန္ဓာကိုယ် အားအင်ပြန်လည်ပြည့်ဝစေရန် လုံလောက်သော အိပ်စက်ခြင်းနှင့် အနားယူခြင်းသည် အလွန်အရေးကြီးသည်
- မြင့်မားသော ဒေသများသို့ သွားလာခြင်းကို ရှောင်ပါ
- ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၈,၀၀၀ ကျော် မြင့်သောဒေသများတွင် အောက်ဆီဂျင် နည်းပါးသောကြောင့် ရောဂါလက္ခဏာများကို ရုတ်တရက် ဆိုးရွားစေနိုင်သည်
- လေယာဉ်စီးရန် လိုအပ်ပါက ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ပြီး လိုအပ်ပါက အောက်ဆီဂျင်ဘူး ပြင်ဆင်ထားရမည်
- သွေးပေါင်ချိန်နှင့် ဖိအားကို ထိန်းညှိပါ
- သွေးပေါင်ချိန် ရုတ်တရက် ကျဆင်းစေနိုင်သော ရေနွေးစိမ်ခြင်း၊ ကြာမြင့်စွာ ရေပူဖြင့် ချိုးခြင်းတို့ကို ရှောင်ကြဉ်ပါ
- ကိုယ်ခန္ဓာကို အလွန်အမင်း ညှစ်၍ အားစိုက်ရသော လှုပ်ရှားမှုများ (ဥပမာ – အလေးအပင်မခြင်း၊ ဝမ်းညှစ်ခြင်း သို့မဟုတ် ဆီးကို အားစိုက်၍ ပေါက်ခြင်း) ကို သတိထားပါ
- ဆေးဝါးနှင့် ရက်ချိန်း
- ဆရာဝန် ညွှန်ကြားထားသော ဆေးဝါးများကို တိကျစွာ ပုံမှန်သောက်သုံးပြီး ရက်ချိန်းများအတိုင်း ပုံမှန်ပြသစစ်ဆေးပါ
- ကာကွယ်ဆေး ထိုးနှံပါ
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ မဝင်စေရန် ရာသီတုပ်ကွေး ကာကွယ်ဆေးနှင့် အဆုတ်ရောင် (Pneumonia) ကာကွယ်ဆေးများကို ထိုးနှံထားသင့်သည်
- သားဆက်ခြားခြင်း
- အဆုတ်သွေးတိုးခြင်း ရှိသော အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်ခြင်းသည် အသက်အန္တရာယ် အလွန်များသောကြောင့် သင့်တော်သော သားဆက်ခြားနည်းလမ်းများကို ဆရာဝန်နှင့် တိုင်ပင်၍ အသုံးပြုရမည်
ကာကွယ်ခြင်း
အဆုတ်သွေးတိုးခြင်းသည် များသောအားဖြင့် အခြားရောဂါအခံများကြောင့် ဖြစ်ပွါးတတ်သဖြင့် ၎င်းကို ကာကွယ်ရန်မှာ အဆိုပါ အကြောင်းရင်းခံများကို ကြိုတင်ထိန်းချုပ်ရန် အလွန်အရေးကြီးသည်။
- ရောဂါအခံများကို စနစ်တကျ ကုသပါ
အဆုတ်သွေးတိုးခြင်းကို ဖြစ်စေနိုင်သော အဆုတ်ရောဂါများ၊ နှလုံးရောဂါများနှင့် အိပ်စက်စဉ် အသက်ရှူရပ်သောရောဂါ (Sleep Apnea) ရှိပါက ထိရောက်စွာ ကုသမှု ခံယူခြင်းဖြင့် နောက်ဆက်တွဲ အဆုတ်သွေးတိုးခြင်းကို ကာကွယ်နိုင်သည်။ - ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါများကို ထိန်းချုပ်ပါ
ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် ပုံမှန်မဟုတ်ဘဲ ပြန်လည်တိုက်ခိုက်သော ရောဂါများ (ဥပမာ – အရေပြားလေးဘက်နာ သို့မဟုတ် Lupus) ရှိပါက ဆရာဝန်နှင့် ပြသ၍ စနစ်တကျ ထိန်းသိမ်းရမည်။ - မျိုးဗီဇ စစ်ဆေးမှု ခံယူပါ
မိသားစုရာဇဝင်တွင် အဆုတ်သွေးတိုးခြင်း ဖြစ်ဖူးသူရှိပါက မိမိတွင်လည်း ရောဂါဖြစ်နိုင်ခြေ ရှိမရှိ သိရှိနိုင်ရန် မျိုးဗီဇစစ်ဆေးခြင်း (Genetic Testing) နှင့် ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်းများကို ပြုလုပ်သင့်သည် - အန္တရာယ်ရှိသော ဆေးဝါးများကို ရှောင်ကြဉ်ပါ
ဆရာဝန် ညွှန်ကြားချက်မပါသော ပိန်ဆေးများ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ ကိုကင်း (Cocaine) နှင့် စိတ်ကြွဆေး (Methamphetamine) ကဲ့သို့သော မူးယစ်ဆေးဝါးများသည် အဆုတ်သွေးကြောများကို တိုက်ရိုက်ပျက်စီးစေနိုင်သဖြင့် လုံးဝရှောင်ကြဉ်ရန် လိုအပ်သည်။ - ကူးစက်ရောဂါများမှ ကာကွယ်ပါ
HIV ပိုး ကူးစက်ခံရခြင်းသည် အဆုတ်သွေးတိုးခြင်း ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သောကြောင့် ဘေးကင်းသော နေထိုင်မှုပုံစံဖြင့် ကာကွယ်ရမည်။ - ကျန်းမာသော နေထိုင်မှုပုံစံကို ထိန်းသိမ်းပါ
ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းနှင့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့သည် သွေးကြောများ ကျန်းမာစေရန် အထောက်အကူပြုသည်။
References:
- Cleveland Clinic. (n.d.). Pulmonary arterial hypertension. Retrieved April 23, 2026, from https://my.clevelandclinic.org/health/diseases/23913-pulmonary-arterial-hypertension
- Cleveland Clinic. (n.d.). Pulmonary hypertension (PH). Retrieved April 23, 2026, from https://my.clevelandclinic.org/health/diseases/6530-pulmonary-hypertension-ph
- Mayo Clinic. (2025). Pulmonary hypertension: Diagnosis and treatment. Retrieved April 23, 2026, from https://www.mayoclinic.org/diseases-conditions/pulmonary-hypertension/diagnosis-treatment/drc-20350702
- Mayo Clinic. (2025). Pulmonary hypertension: Symptoms and causes. Retrieved April 23, 2026, from https://www.mayoclinic.org/diseases-conditions/pulmonary-hypertension/symptoms-causes/syc-20350697
- National Center for Biotechnology Information. (2024). Pulmonary hypertension. In StatPearls. Retrieved April 23, 2026, from https://www.ncbi.nlm.nih.gov/books/NBK482463/
- National Health Service. (n.d.). Pulmonary hypertension. Retrieved April 23, 2026, from https://www.nhs.uk/conditions/pulmonary-hypertension/
Published: 19 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.