Aspergillosis ဆိုသည်မှာ အက်စပါးဂျီလက်စ် (Aspergillus) ဟုခေါ်သော မှိုပိုးကို ရှူရှိုက်မိခြင်းကြောင့် ဖြစ်ပွါးသည့် မှိုရောဂါတစ်မျိုးဖြစ်သည်။ အဆိုပါမှိုပိုးသည် အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းနှင့် အဆုတ်တွင် ရောဂါဖြစ်စေနိုင်ပြီး ကိုယ်ခံအားအခြေအနေပေါ် မူတည်၍ အခြားကိုယ်တွင်းအင်္ဂါများကိုပါ ထိခိုက်စေနိုင်သည်။ ရောဂါလက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး အလွန်ကွာခြားနိုင်ပြီး ရိုးရိုးဓာတ်မတည့်သည့် လက္ခဏာများမှ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေအထိ ပြင်းထန်နိုင်သည်ကို တွေ့ရသည်။
ပတ်ဝန်းကျင်တွင် အက်စပါးဂျီလက်စ်မှိုမျိုးစိတ် အများအပြားရှိသော်လည်း အချို့သော မျိုးစိတ်များသည်သာ လူများကို ရောဂါဖြစ်စေတတ်သည်။ လူအများစုသည် ၎င်း၏မှိုမျိုးစေ့ (Spores) များကို နေ့စဉ်လေထဲမှတစ်ဆင့် ရှူရှိုက်နေကြသော်လည်း ကျန်းမာသော ကိုယ်ခံအားစနစ်ရှိသူများတွင် ရောဂါဖြစ်ပွါးလေ့မရှိပါ။ သို့သော် နာတာရှည်အဆုတ်ရောဂါရှိသူများ၊ ပန်းနာရင်ကျပ်ရှိသူများနှင့် ကိုယ်ခံအားကျဆင်းနေသူများတွင်မူ ပြင်းထန်သော ဓာတ်မတည့်မှုများ (Allergic reactions) နှင့် နာတာရှည်အဆုတ်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်သည်။ လတ်တလော ဆေးပညာလေ့လာမှုများအရ COVID-19 ကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါ ပြင်းထန်စွာ ခံစားရသူများတွင်လည်း နောက်ဆက်တွဲအနေဖြင့် အက်စပါးဂျီလက်စ်မှိုပိုး ဝင်ရောက်နိုင်ခြေ (CAPA – COVID-19-associated pulmonary aspergillosis) ပိုမိုမြင့်မားလာကြောင်း တွေ့ရှိရသည်။
ရောဂါပြင်းထန်ပါက မှိုပိုးသည် အဆုတ်မှတစ်ဆင့် ဦးနှောက်၊ ကျောက်ကပ်နှင့် အခြားကိုယ်တွင်းအင်္ဂါများသို့ ကူးစက်ပျံ့ပွားနိုင်သဖြင့် စောစီးစွာ ရောဂါရှာဖွေရန် အရေးကြီးသည်။ ကုသမှုတွင် ရောဂါအမျိုးအစားအလိုက် စောင့်ကြည့်စစ်ဆေးခြင်း၊ မှိုပိုးသတ်ဆေးများ (Antifungals) နှင့် စတီးရွိုက်ဆေးများ အသုံးပြုခြင်း စသည်တို့ပါဝင်ပြီး၊ ရှားရှားပါးပါး ဖြစ်တတ်သော မှိုအလုံးအခဲကဲ့သို့ အဖြစ်နည်းသော အခြေအနေများတွင် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်သည်။ ရောဂါကာကွယ်ရေးအတွက် ကိုယ်ခံအားနည်းသူများအနေဖြင့် ပတ်ဝန်းကျင်ရှိ မှိုပိုးများနှင့် ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန် လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
Aspergillus မှိုပိုးသည် ပတ်ဝန်းကျင်တွင် ရှောင်လွှဲ၍မရနိုင်လောက်အောင် အနှံ့အပြား ပျံ့နှံ့နေသည်။ ပြင်ပပတ်ဝန်းကျင်ရှိ မြေဆီလွှာများ၊ ဆွေးမြည့်နေသော သစ်ရွက်များ၊ မြေဆွေးပုံများနှင့် ကောက်ပဲသီးနှံခင်းများတွင် အမြောက်အမြား တွေ့ရှိနိုင်သလို အိမ်တွင်းရှိ ကော်ဇောများ၊ လေအေးပေးစက်များ၊ စွတ်စိုသော နံရံများနှင့် ဖုန်ထူသော နေရာများတွင်လည်း ခိုအောင်းနေတတ်သည်။ ထို့ကြောင့် လူတို့သည် နေ့စဉ်နှင့်အမျှ အဆိုပါမှိုပိုး၏ မျိုးစေ့ (Spores) ပေါင်းများစွာကို ရှူရှိုက်မိနေကြခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် ကျန်းမာသော ကိုယ်ခံအားစနစ်ရှိသူများအတွက် ဤမှိုပိုးသည် ကျန်းမာရေးပြဿနာ ဖြစ်ခဲသည်။ မှိုမျိုးစေ့များကို ရှူရှိုက်မိသည့်အခါ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ရှိ ဆဲလ်များ (အထူးသဖြင့် Macrophages ဟုခေါ်သော ဆဲလ်များ) က မှိုပိုးများကို ဝိုင်းရံဖျက်ဆီးပစ်ကြသည်။ သို့သော် ကိုယ်ခံအားစနစ် အားနည်းနေသူများ သို့မဟုတ် ကိုယ်ခံအားတုံ့ပြန်မှု ပုံမှန်မဟုတ်သူများတွင်မူ ရောဂါပိုးကို တိုက်ထုတ်ပေးမည့် ဆဲလ်အရေအတွက် နည်းပါးနေသဖြင့် မှိုပိုးသည် ခန္ဓာကိုယ်အတွင်း အမြစ်တွယ်ရန် အခွင့်အရေးရရှိသွားသည်။ ၎င်းနောက် မှိုမျှင်များသည် အဆုတ်တစ်ရှူးများကို ကျူးကျော်ဝင်ရောက်ကာ အပြင်းထန်ဆုံး အခြေအနေများတွင် သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများဆီသို့ပါ ပျံ့နှံ့သွားနိုင်သည်။
အရေးကြီးသောအချက်တစ်ခုမှာ Aspergillosis ရောဂါသည် ကူးစက်ရောဂါ မဟုတ်ပါ။ ဆိုလိုသည်မှာ လူတစ်ဦးမှတစ်ဦးသို့လည်းကောင်း၊ တိရစ္ဆာန်မှ လူသို့လည်းကောင်း တိုက်ရိုက်ကူးစက်ခြင်း မရှိဘဲ ပတ်ဝန်းကျင်ရှိ မှိုပိုးများကို ရှူရှိုက်မိခြင်းကြောင့်သာ ဖြစ်ပွါးခြင်းဖြစ်သည်။ လတ်တလောတွေ့ရှိချက်များအရ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနှင့် စိုထိုင်းဆ မြင့်မားလာမှုများသည် အဆောက်အအုံများအတွင်း မှိုစွဲနှုန်းကို မြင့်တက်စေပြီး၊ ဤရောဂါဖြစ်ပွါးမှုနှုန်းကို သွယ်ဝိုက်သောနည်းဖြင့် မြင့်တက်စေနိုင်ကြောင်း တွေ့ရှိရသည်။
ရောဂါဖြစ်နိုင်ခြေများသူများ
ရောဂါဖြစ်ပွါးနိုင်ခြေသည် လူတစ်ဦးစီ၏ ယေဘုယျ ကျန်းမာရေးအခြေအနေ၊ မှိုပိုးများနှင့်ထိတွေ့မှု ကြာမြင့်ချိန်နှင့် ထိတွေ့မိသော ပမာဏ စသည့်အချက်များပေါ် မူတည်သည်။ ယေဘုယျအားဖြင့် အောက်ပါ ရောဂါအခြေအနေရှိသူများသည် ရောဂါဖြစ်နိုင်ရန် ပိုမိုလွယ်ကူသည်။
- ကိုယ်ခံအားစနစ် အားနည်းခြင်း
ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှု ခံယူပြီးနောက် ကိုယ်ခံအားစနစ်ကို နှိမ့်ချသည့် ဆေးဝါးများ သောက်သုံးနေရသူများသည် ရောဂါပြင်းထန်စွာ ဖြစ်နိုင်ခြေ အမြင့်ဆုံးဖြစ်သည်။ အထူးသဖြင့် ရိုးတွင်းခြင်ဆီ သို့မဟုတ် ပင်မဆဲလ် (Stem Cell) အစားထိုးကုသမှု ခံယူထားသူများတွင် ပို၍အန္တရာယ်ရှိသည်။ ထို့အပြင် အချို့သွေးကင်ဆာရောဂါ၊ AIDS ရောဂါ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသူများတွင်လည်း ဖြစ်ပွါးနိုင်ခြေ မြင့်မားသည်။ - သွေးဖြူဥဆဲလ် ပမာဏ နည်းပါးခြင်း
ကင်ဆာဆေးသွင်းမှု ခံယူထားသူများ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးထားသူများ သို့မဟုတ် သွေးကင်ဆာရောဂါသည်များသည် သွေးဖြူဥဆဲလ် ပမာဏ နည်းပါးတတ်သည်။ ထို့ပြင် Chronic Granulomatous Disease ဟုခေါ်သော ကိုယ်ခံအားစနစ်ဆဲလ်များကို ထိခိုက်စေသည့် မျိုးရိုးလိုက်ရောဂါ ရှိသူများတွင်လည်း ရောဂါပြင်းထန်စွာ ဖြစ်ပွါးနိုင်သည်။ - အဆုတ်အတွင်း အခေါင်းပေါက်များရှိခြင်း
အဆုတ်အတွင်း အခေါင်းပေါက်များ (Cavities) ရှိနေသူများသည် Aspergillomas ဟုခေါ်သော မှိုအလုံးအခဲများ ဖြစ်ပေါ်ရန် အခွင့်အလမ်း ပိုများသည်။ - နာတာရှည်အဆုတ်ရောဂါအခံများ ရှိခြင်း
ပန်းနာရင်ကျပ်၊ နာတာရှည်လေပြွန်ရောင်ရောဂါ၊ တီဘီရောဂါ၊ Sarcoidosis နှင့် Cystic Fibrosis ရောဂါရှိသူများသည် မှိုပိုးကြောင့် နာတာရှည်အဆုတ်ရောင် ဖြစ်နိုင်ခြေများစေသည်။ အထူးသဖြင့် ရင်ကျပ်ရောဂါနှင့် Cystic fibrosis လူနာများသည် မှိုနှင့်ဓာတ်မတည့်သည့် တုံ့ပြန်မှု ဖြစ်ပေါ်ရန် ပို၍လွယ်ကူသည်။ အထူးသဖြင့် ရောဂါကို ဆေးဝါးများဖြင့် ကောင်းစွာထိန်းချုပ်ထားခြင်း မရှိပါက ပိုမိုဆိုးရွားနိုင်သည်။ - စတီးရွိုက်ဆေးများ (Corticosteroids) ကာလရှည် သောက်သုံးခြင်း
စတီးရွိုက်ဆေးဝါးများကို ကာလရှည်ကြာ သုံးစွဲခြင်းသည် ပိုးဝင်နိုင်ခြေကို မြင့်တက်စေနိုင်သည်။ ထို့အပြင် စတီးရွိုက်ဆေးဝါးကုသမှု လိုအပ်သော မူလရောဂါနှင့် တွဲဖက်သောက်သုံးနေရသော အခြားဆေးဝါးများပေါ်တွင်လည်း မူတည်သည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် လူတစ်ဦးချင်း၏ ကိုယ်ခံအားနှင့် ကျန်းမာရေးအခြေအနေ၊ မှိုပိုးပျံ့နှံ့သော ခန္ဓာကိုယ်အစိတ်အပိုင်းပေါ် မူတည်၍ ကွဲပြားနိုင်သည်။
- ဓာတ်မတည့်တုံ့ပြန်မှုများ ဖြစ်ပေါ်ခြင်း (Allergic reaction)
ပန်းနာရင်ကျပ်ရောဂါရှိသူနှင့် အရည်ထုတ်ဂလင်းများ ပျက်စီးသည့် မျိုးရိုးလိုက်သော ရောဂါ (Cystic fibrosis) ရှိသူများတွင် ဓာတ်မတည့်ခြင်းများ ဖြစ်ပွါးနိုင်သည်။ ထိုသို့ဓာတ်မတည့်ခြင်းကို Allergic BronchoPulmonary Aspergillosis (ABPA) ဟု ခေါ်ဆိုသည်။ ရောဂါလက္ခဏာများမှာ_- ချောင်းဆိုး သလိပ်ထွက်ခြင်း သို့မဟုတ် သွေးပါခြင်း
- အသက်ရှူမဝခြင်း
- အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း (Wheezing)
- ဖျားခြင်း
- ပန်းနာရင်ကျပ်ရောဂါ ပိုဆိုးလာခြင်း
- အဆုတ်ရောဂါများ ဖြစ်စေခြင်း (Chronic pulmonary aspergillosis)
အဆုတ်တွင် မှိုပိုးကြောင့် နာတာရှည်အဆုတ်ရောင်ရောဂါ (Chronic pulmonary aspergillosis) ကို ဖြစ်စေသည်။ အဆုတ်လေအိတ်များ ပျက်စီးခြင်း (Emphysema)၊ တီဘီရောဂါ၊ ဆာကွိုက်ဒိုးဆစ်ရောဂါ (Sarcoidosis) စသည့် အဆုတ်ရောဂါရှိသူများတွင် ပိုမိုဖြစ်ပွါးသည်ကို တွေ့ရသည်။ လက္ခဏာများသည် အဆုတ်ရောဂါလက္ခဏာများအတိုင်းဖြစ်ပြီး တဖြည်းဖြည်းနှင့် နာတာရှည်ဖြစ်ပေါ်သည်ကို တွေ့ရသည်။ အချို့လူနာများတွင်မူ အဆုတ်ရောဂါအခံကြောင့် အဆုတ်တွင် လေအိတ်အခေါင်းပေါက် (Cavities) များ ဖြစ်ပေါ်သည်။ အဆိုပါ အခေါင်းပေါက်ရှိသူများသည် အက်စပါးဂျီလက်စ်မှိုပိုး ဝင်ရောက်ကူးစက်ခံရပါက မှိုပိုးများသည် ထိုအခေါင်းပေါက်ထဲတွင် မျိုးပွားပြီး မှိုအလုံးများ (Aspergilloma) ဖြစ်ပေါ်လာနိုင်သည်။ အဆုတ်တွင် အက်စပါးဂျီလက်စ် မှိုလုံးဖြစ်ခြင်းသည် အစပိုင်းတွင် ချောင်းအနည်းငယ်ဆိုးခြင်းမှလွဲ၍ များသောအားဖြင့် ရောဂါလက္ခဏာ မပြတတ်ပါ။ ရေရှည်တွင် ကုသမှုမခံယူပါက အဆုတ်ရောဂါအခံများ ပိုဆိုးခြင်းနှင့် အောက်ပါရောဂါလက္ခဏာများ ခံစားရနိုင်သည်။- ချောင်းဆိုးသွေးပါခြင်း (Haemoptysis)
- အသက်ရှူသည့်အခါ တရွှီရွှီသံကြားခြင်း (Wheeze)
- အသက်ရှူမဝခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- မောပန်းနွမ်းနယ်ခြင်း
- ကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံခြင်း (Invasive aspergillosis)
ပြင်းထန်သော အမျိုးအစားဖြစ်ပြီး မှိုပိုးများသည် အဆုတ်မှတစ်ဆင့် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် အရေပြားများသို့ ထိုးဖောက်ပျံ့နှံခြင်းဖြစ်သည်။ ကိုယ်ခံအားကျဆင်းသူများ (ကင်ဆာရောဂါ၊ HIV ရောဂါ၊ ကိုယ်တွင်းအင်္ဂါအစားထိုးထားခြင်း) တွင် ထိုသို့ကိုယ်ခန္ဓာအနှံ့ ပျံ့နှံခြင်း ဖြစ်ပေါ်နိုင်သည်။ ရောဂါလက္ခဏာများသည် ပိုးပျံ့နှံ့သည့် အစိတ်အပိုင်းနေရာပေါ် မူတည်ပြီး အချိန်မကုသပါက အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်သည်။ အဖြစ်များသည့် ရောဂါလက္ခဏာများမှာ_- ချမ်းတုန်၍ ဖျားခြင်း
- ချောင်းဆိုးသွေးပါခြင်း (Haemoptysis)
- အသက်ရှူမဝခြင်း
- ရင်ဘတ်အောင့်ခြင်း
- အဆစ်အမြစ်ကိုက်ခဲခြင်း
- ခေါင်းကိုက်ခြင်း
- မျက်လုံးနာခြင်း၊ မျက်လုံးနီရဲခြင်း
- အရေပြားပေါ်တွင် အနာများဖြစ်ပေါ်ခြင်း
- အခြားဖြစ်နိုင်သော လက္ခဏာများ
အက်စပါးဂျီလက်စ်မှိုသည် အဆုတ်အပြင် အခြားနေရာများသို့လည်း ဝင်ရောက်နိုင်သည်။ ဥပမာအားဖြင့် နှာခေါင်းဘေးရှိ လေအိတ်များ (Sinuses) တွင်း ဝင်ရောက်ပွါးများပါက နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုပြီး သွေးပါခြင်းတို့ ဖြစ်နိုင်သည့်အပြင် ဖျားခြင်း၊ မျက်နှာတစ်ဝိုက် နာကျင်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့လည်း ခံစားရနိုင်သည်။ ထိုမျှသာမက အစာအိမ်နှင့် အူလမ်းကြောင်းသို့လည်း ပျံ့နှံ့နိုင်ပြီး အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ရောဂါပြင်းထန်မှုပေါ် မူတည်၍ နောက်ဆက်တွဲပြဿနာများ ကွဲပြားနိုင်သည်။
- အဆုတ်တွင်း သွေးထွက်ခြင်း – အဆုတ်တွင်း မှိုအလုံးဖြစ်ခြင်းနှင့် တစ်ကိုယ်လုံးပျံ့နှံ့သော အမျိုးအစား (၂) မျိုးလုံးသည် အဆုတ်အတွင်း ပြင်းထန်စွာ သွေးယိုစီးမှုကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်နိုင်သည်
- ခန္ဓာကိုယ်အနှံ့ ပိုးပျံ့နှံ့ခြင်း (Systemic infection) – ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပိုးပျံ့နှံ့သွားခြင်းဖြစ်ပြီး ဦးနှောက်၊ နှလုံးနှင့် ကျောက်ကပ်များကဲ့သို့ အရေးကြီးသော ကိုယ်တွင်းအင်္ဂါများသို့ ရောက်ရှိကာ ရောဂါအခြေအနေသည် အလွန်လျင်မြန်စွာ ဆိုးရွားလာနိုင်ပြီး သေဆုံးနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသခြင်း
အဆုတ်ရောဂါအခံရှိသူများ (ဥပမာ – ပန်းနာရင်ကျပ်ရောဂါ၊ Emphysema ခေါ် အဆုတ်လေအိတ်ဖောင်းခြင်း သို့မဟုတ် Cystic fibrosis ရောဂါရှိသူများ) နှင့် ကိုယ်ခံအားစနစ် ကျဆင်းနေသူများတွင် အောက်ပါလက္ခဏာများ ခံစားရပါက နီးစပ်ရာ မိသားစုဆရာဝန် သို့မဟုတ် အထူးကုဆရာဝန်နှင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ပြသတိုင်ပင်ရန် လိုအပ်သည်။
- ဖျားခြင်းနှင့် ချမ်းတုန်ခြင်း
- အသက်ရှူရ ခက်ခဲခြင်း သို့မဟုတ် မောခြင်း
- ချောင်းဆိုးသည့်အခါ သွေးပါခြင်း
- ရင်ဘတ်အောင့်ခြင်း
မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ရောဂါကို ကနဦး ရှာဖွေဖော်ထုတ်ပေးမည်ဖြစ်သည်။ လိုအပ်ပါက အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများ (Pulmonologists) သို့မဟုတ် ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီးများ (Infectious disease specialists) ထံသို့ လွှဲပြောင်းကုသပေးမည်ဖြစ်သည်။
အထူးသဖြင့် ကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့သော အဆိပ်သင့်မှိုရောဂါ (Invasive Aspergillosis) အမျိုးအစားသည် ရောဂါအခြေအနေ အလွန်လျင်မြန်စွာ ဆိုးရွားနိုင်သောကြောင့် သံသယရှိပါက အရေးပေါ်ကုသမှု ခံယူရန် အလွန်အရေးကြီးသည်။ ယေဘုယျအားဖြင့် အဆုတ်ရောဂါအခံရှိသူများသည် မိမိတို့၏ ပုံမှန်ရောဂါလက္ခဏာများ ပြောင်းလဲလာခြင်း သို့မဟုတ် ဆေးသောက်နေသော်လည်း သက်သာမှုမရှိခြင်းတို့ ဖြစ်ပေါ်ပါက အချိန်ဆွဲခြင်းမပြုဘဲ ဆရာဝန်နှင့် ပြန်လည်ပြသသင့်သည်။
ရောဂါရှာဖွေခြင်း
လူနာ၏ ရောဂါရာဇဝင်မေးမြန်းခြင်း (အထူးသဖြင့် အဆုတ်ရောဂါအခံ ရှိမရှိ မေးမြန်းခြင်း၊ ကိုယ်ခံအား ကျဆင်းစေသည့်ရောဂါများ၊ အခြေအနေများ ရှိမရှိ မေးမြန်းခြင်း)၊ လူနာကို စမ်းသပ်ခြင်းများ ဦးစွာပြုလုပ်မည်ဖြစ်သည်။ အက်စပါးဂျီလက်စ်မှိုရောဂါကို အတည်ပြုရှာဖွေရန် ခက်ခဲနိုင်သည်။ အကြောင်းမှာ မှိုများသည် ပတ်ဝန်းကျင်တိုင်းတွင် တွေ့ရလေ့ရှိပြီး အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးပါကလည်း အခြားမှိုအမျိုးအစားများနှင့် ခွဲခြားရန် ခက်ခဲသည်။ ထို့ပြင် ရောဂါလက္ခဏာများသည် တီဘီ (Tuberculosis) ကဲ့သို့သော အခြားအဆုတ်ရောဂါများနှင့် ဆင်တူနေခြင်းကြောင့်ဖြစ်သည်။
လူနာအား မေးမြန်းစမ်းသပ်ပြီးနောက် ရောဂါကို တိကျစွာ ရှာဖွေနိုင်ရန် အောက်ပါစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
- ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging test)
ရင်ဘတ်ဓာတ်မှန် (X-ray) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းဖြင့် အဆုတ်အတွင်းရှိ မှိုအလုံး (Aspergilloma) များကို များသောအားဖြင့် တွေ့ရှိနိုင်သည်။ ထို့ပြင် တစ်ကိုယ်လုံးပျံ့နှံ့သော အမျိုးအစားနှင့် ဓာတ်မတည့်မှုကြောင့်ဖြစ်သော Allergic bronchopulmonary aspergillosis ၏ လက္ခဏာများကိုလည်း တွေ့ရှိနိုင်သည်။ - သလိပ်စစ်ဆေးခြင်းနှင့် ပိုးမွေးခြင်း (Sputum Culture)
ချောင်းဆိုးရာမှ ထွက်လာသော သလိပ်ကို နမူနာယူ၍ စစ်ဆေးခြင်းဖြစ်သည်။ သလိပ်ကို ဆိုးဆေးဖြင့် အရောင်ဆိုးပြီး၊ အက်စပါးဂျီလက်စ် မှိုမျှင်များ ရှိမရှိ အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးသည်။ ထို့နောက် ရောဂါကို ပိုမိုသေချာစေရန် ထိုနမူနာကို မှိုများပေါက်ပွားစေသည့် ဓာတ်ခွဲခန်းစနစ် (Culture) တွင် ထည့်သွင်း၍ ပိုးမွေးစစ်ဆေးသည်။ - မှိုပိုးမျက်နှာပြင်ရှိ ဓာတုပစ္စည်းများကို စစ်ဆေးခြင်း
သလိပ် သို့မဟုတ် လေပြွန်မှအရည်နမူနာများ ယူ၍ ပိုး၏ အပေါ်ခွံအလွှာမှ Polysaccharide ဓာတ်ကို Galactomannan antigen test ဖြင့် စစ်ဆေးခြင်းဖြစ်သည်။ Beta-d-glucan assay ဖြင့်လည်း စစ်ဆေးနိုင်သည်။ - Polymerase chain reaction (PCR) – မှိုပိုး၏ မျိုးဗီဇ (DNA) ကို စစ်ဆေးခြင်း
- အရေပြားစစ်ဆေးခြင်းနှင့် သွေးစစ်ခြင်း
အရေပြားတွင် မှိုပိုးကို ဓာတ်မတည့်မှု ရှိမရှိ စစ်ဆေးခြင်း (Aspergillus skin test) ပြုလုပ်နိုင်သလို သွေးတွင်း၌ မှိုပိုးဝင်ရောက်မှုကို တုံ့ပြန်တိုက်ထုတ်သော ပဋိပစ္စည်း (Antibodies) များကို စစ်ဆေးနိုင်သည်။ ဓာတ်မတည့်မှုကြောင့်ဖြစ်သော မှိုရောဂါကို အတည်ပြုရန် အထောက်အကူဖြစ်စေသည်။ အရေပြားစစ်ဆေးမှုအတွက် မှိုပိုး၏ ပဋိလှုံ့ပစ္စည်း (Antigen) အနည်းငယ်ကို လက်ဖျံအရေပြားအတွင်းသို့ ထိုးသွင်း၍ ဆေးထိုးသည့်နေရာတွင် မာကျောပြီး နီမြန်းသော အဖုကလေး ဖြစ်လာခြင်းကို စစ်ဆေးသည်။ သွေးစစ်ဆေးမှုတွင်မူ ပဋိပစ္စည်းပမာဏ မြင့်မားနေခြင်း ရှိမရှိ ကြည့်ရှုခြင်းဖြစ်ပြီး ပမာဏမြင့်မားနေပါက ၎င်းသည် ဓာတ်မတည့်မှု ဖြစ်နေကြောင်း ဖော်ပြနိုင်သည်။ - အသားစ နမူနာယူခြင်း (Biopsy)
အချို့သော အခြေအနေများတွင် အဆုတ် သို့မဟုတ် နှာခေါင်းဘေးရှိ လေအိတ်များ (Sinuses) ထံမှ တစ်ရှူးအသားစ နမူနာယူ၍ အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးရန် လိုအပ်နိုင်သည်။
ကုသခြင်း
အက်စပါးဂျီလက်စ် မှိုရောဂါကုသမှုသည် မှိုပိုးဝင်ရောက်သည့်နေရာ၊ ရောဂါအမျိုးအစားနှင့် လူနာ၏ ကိုယ်ခံအားအခြေအနေပေါ် မူတည်၍ ကွဲပြားခြားနားသည်။ ကုသနိုင်သော နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ရောဂါအခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း (Observation)
အဆုတ်တွင် မှိုအလုံးဖြစ်ခြင်း (Aspergilloma) သည် ရောဂါလက္ခဏာ မပြဘဲ တစ်လုံးတည်းသာ ဖြစ်နေပါက ယေဘုယျအားဖြင့် ချက်ချင်းကုသရန် မလိုအပ်ပါ။ ထိုသို့သော လူနာများကို ရင်ဘတ်ဓာတ်မှန်များ အချိန်ခြား၍ ရိုက်ခြင်းဖြင့် စောင့်ကြည့်လေ့ရှိသည်။ သို့သော် မှိုအလုံး ပိုမိုကြီးထွားလာခြင်း သို့မဟုတ် ချောင်းဆိုးသွေးပါခြင်းကဲ့သို့ လက္ခဏာများ ပြလာပါက ကုသမှု စတင်ရန် လိုအပ်သည်။ - စတီးရွိုက်ဆေးများဖြင့် ကုသခြင်း (Corticosteroids)
ဓာတ်မတည့်မှုကြောင့်ဖြစ်သော မှိုရောဂါ (ABPA) တွင် အဓိကပြဿနာမှာ မှိုပိုးကိုယ်တိုင်ထက် ခန္ဓာကိုယ်၏ တုံ့ပြန်မှုကြောင့် ရောင်ရမ်းခြင်းဖြစ်သည်။ ထို့ကြောင့် ပန်းနာရင်ကျပ်နှင့် Cystic fibrosis ရောဂါအခံများ ပိုမဆိုးလာစေရန် စတီးရွိုက်ဆေးများကို အဓိကထား အသုံးပြုရသည်။ မှိုပိုးသတ်ဆေးနှင့် စတီးရွိုက်ဆေးကို တွဲဖက်ပေးခြင်းဖြင့် စတီးရွိုက်ဆေး ပမာဏကို လျှော့ချနိုင်ပြီး ဘေးထွက်ဆိုးကျိုးများကို သက်သာစေနိုင်သည်။ - မှိုပိုးသတ်ဆေးများ ပေးခြင်း (Antifungal drugs)
တစ်ကိုယ်လုံးပျံ့နှံ့သော အက်စပါးဂျီလက်စ် (Invasive aspergillosis) အတွက် Voriconazole သည် အကောင်းဆုံးစံကုသမှု (Gold Standard) ဖြစ်သည်။ အခြားဆေးများအနေဖြင့် Itraconazole, Amphotericin B နှင့် နောက်ဆုံးပေါ်ဆေးသစ်များဖြစ်သော Isavuconazole သို့မဟုတ် Posaconazole တို့ကိုလည်း အသုံးပြုနိုင်သည်။ အဆိုပါဆေးများသည် အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်းနှင့် အခြားဆေးဝါးများနှင့် ဓာတ်ပြုတတ်ခြင်းတို့ကြောင့် ဆရာဝန်၏ အနီးကပ်ကြီးကြပ်မှုဖြင့်သာ သောက်သုံးရမည်။ - ခွဲစိတ်ကုသခြင်း (Surgery)
မှိုအလုံး (Aspergilloma) များသည် သွေးကြောထဲသို့ ဆေးသွင်းကုသသော်လည်း အလုံးအတွင်းပိုင်းအထိ ဆေးရောက်ရှိရန် ခက်ခဲတတ်သည်။ ထို့ကြောင့် အဆုတ်အတွင်း ပြင်းထန်စွာ သွေးယိုစိမ့်မှုဖြစ်ပါက သို့မဟုတ် မှိုအလုံးကြောင့် အခြားပြဿနာများ ဖြစ်လာပါက မှိုအလုံးရှိရာ အဆုတ်အပိုင်းအစကို ခွဲစိတ်ဖယ်ရှားခြင်း (Resection) သည် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။ - သွေးကြောပိတ်ဆို့အောင် ပြုလုပ်ခြင်း (Embolization)
အဆုတ်တွင်းရှိ မှိုအလုံးကြောင့် အသက်အန္တရာယ်ရှိလောက်အောင် သွေးအန်ခြင်း၊ သွေးထွက်ခြင်းများ ဖြစ်ပေါ်လာပါက ၎င်းသွေးထွက်နေသော သွေးကြောထဲသို့ ပြွန်ငယ် (Catheter) မှတစ်ဆင့် ဆေးသွင်း၍ သွေးကြောကို ပိတ်ဆို့ပေးသော နည်းလမ်းဖြစ်သည်။ ဤနည်းသည် သွေးထွက်ခြင်းကို ချက်ချင်းရပ်တန့်စေနိုင်သော်လည်း ယာယီကုသမှုသာ ဖြစ်တတ်ပြီး နောက်ပိုင်းတွင် သွေးပြန်ထွက်နိုင်ခြေရှိသည်။
ကာကွယ်ခြင်း
အက်စပါးဂျီလက်စ်မှိုပိုးသည် လေထုထဲတွင် အမြဲရှိနေသောကြောင့် ၎င်းနှင့် လုံးဝထိတွေ့မှုမရှိအောင် ကာကွယ်ရန် ခက်ခဲသည်။ သို့သော် ရောဂါဖြစ်နိုင်ခြေ မြင့်မားသူများ (ဥပမာ – အဆုတ်ရောဂါအခံရှိသူများ၊ ကိုယ်ခံအား အလွန်အမင်း ကျဆင်းနေသူများ သို့မဟုတ် ကိုယ်တွင်းအင်္ဂါ အစားထိုးထားသူများ) အနေဖြင့် မှိုပိုးကြောင့်ဖြစ်သော ဆိုးကျိုးများကို လျှော့ချနိုင်ရန် အောက်ပါအချက်များကို လိုက်နာသင့်သည်။
- ပတ်ဝန်းကျင်ရှိ အန္တရာယ်ရှိသော နေရာများကို ရှောင်ကြဉ်ခြင်း
ဖုန်ထူသောနေရာများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ အဆောက်အအုံဟောင်းများ၊ မြေဆွေးပုံများ၊ သီးနှံသိုလှောင်ရုံများနှင့် မြေဆီလွှာ ကိုင်တွယ်ရသော ပန်းစိုက်ခြင်းကဲ့သို့ လုပ်ငန်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမည်။ - ကာကွယ်ရေးဝတ်စုံနှင့် နှာခေါင်းစည်း အသုံးပြုခြင်း
ဖုန်ထူသောနေရာများသို့ မဖြစ်မနေ သွားရပါက သို့မဟုတ် သန့်ရှင်းရေး လုပ်ရပါက သာမန်နှာခေါင်းစည်းထက် ပိုမိုလုံခြုံသော N95 mask ကို စနစ်တကျ ဝတ်ဆင်ခြင်းဖြင့် မှိုမျိုးစေ့များ ရှူရှိုက်မိခြင်းမှ အထိရောက်ဆုံး ကာကွယ်နိုင်သည်။ ထို့အပြင် မြေဆီလွှာနှင့် သစ်ရွက်ဆွေးများကို ကိုင်တွယ်ပါက လက်အိတ်၊ ဘောင်းဘီရှည်နှင့် အင်္ကျီလက်ရှည်များ ဝတ်ဆင်ခြင်းဖြင့် အရေပြားမှတစ်ဆင့် မှိုပိုးဝင်ရောက်ခြင်းကို တားဆီးနိုင်သည်။ - နေအိမ်တွင်း သန့်ရှင်းရေးနှင့် စိုထိုင်းဆ ထိန်းညှိခြင်း
အိမ်တွင်းရှိ မှိုပိုးများ ခိုအောင်းနိုင်သော ကော်ဇောများ၊ လေအေးပေးစက်များနှင့် လေဝင်လေထွက် စနစ်များကို ပုံမှန်သန့်ရှင်းရေး လုပ်ရမည်။ အိမ်တွင်းစိုထိုင်းဆ မြင့်မားခြင်းသည် မှိုပေါက်ဖွားမှုကို အားပေးသောကြောင့် စိုထိုင်းဆကို 50% အောက်တွင် ထားရှိရန် လိုအပ်ပါက Dehumidifier (စိုထိုင်းဆလျှော့စက်) များ အသုံးပြုနိုင်သည်။ - ကြိုတင်ကာကွယ်သည့် ဆေးဝါးများ အသုံးပြုခြင်း
ကိုယ်ခံအား အလွန်အမင်း နည်းပါးနေသော လူနာများ (ဥပမာ – ရိုးတွင်းခြင်ဆီ အစားထိုးထားသူများ) အတွက် ဆရာဝန်မှ လိုအပ်သည်ဟု ယူဆပါက မှိုပိုးမဝင်အောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် မှိုပိုးသတ်ဆေး (Prophylactic antifungal medication) များကို ညွှန်ကြားပေးနိုင်သည်။ - လေစစ်စနစ်များ အသုံးပြုခြင်း
ဆေးရုံများ သို့မဟုတ် နေအိမ်များတွင် လေထုအတွင်းရှိ မှိုပိုးများကို ဖယ်ရှားပေးနိုင်သော HEPA filter ပါဝင်သည့် လေစစ်စက်များ အသုံးပြုခြင်းသည်လည်း ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်သည်။
References:
- Centers for Disease Control and Prevention. (2024). About aspergillosis. Retrieved April 24, 2026, from https://www.cdc.gov/aspergillosis/index.html
- Centers for Disease Control and Prevention. (2024). Clinical overview of aspergillosis. Retrieved April 24, 2026, from https://www.cdc.gov/aspergillosis/hcp/clinical-overview/index.html
- Cleveland Clinic. (n.d.). Aspergillosis. Retrieved April 24, 2026, from https://my.clevelandclinic.org/health/diseases/14770-aspergillosis
- Mayo Clinic. (2025). Aspergillosis: Diagnosis and treatment. Retrieved April 24, 2026, from https://www.mayoclinic.org/diseases-conditions/aspergillosis/diagnosis-treatment/drc-20369623
- Mayo Clinic. (2025). Aspergillosis: Symptoms and causes. Retrieved April 24, 2026, from https://www.mayoclinic.org/diseases-conditions/aspergillosis/symptoms-causes/syc-20369619
Published: 19 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.