Rhesus (Rh) ပရိုတင်း ဆိုသည်မှာ သွေးနီဥများ၏ မျက်နှာပြင်တွင် တွေ့ရှိရသော ပဋိလှုံ့ပစ္စည်း (Antigen) တစ်မျိုးဖြစ်သည်။ ဤ Rh ပရိုတင်းကို Rhesus မျောက်များတွင် စတင်တွေ့ရှိခဲ့ခြင်းကို အစွဲပြု၍ ရှေးယခင်က အရပ်အခေါ်အားဖြင့် “မျောက်သွေး” ဟု ခေါ်ဆိုခဲ့ကြဖူးသော်လည်း ယခုအခါတွင်မူ ဆေးပညာအရ Rh (+) အပေါင်းသွေးနှင့် Rh (-) အနှုတ်သွေးဟုသာ အဓိကသတ်မှတ်ခေါ်ဆိုကြသည်။ Rhesus (Rh) ပရိုတင်းသည် သွေးအုပ်စု သတ်မှတ်ရာတွင် အလွန်အရေးပါသည်။ လူတစ်ဦး၏ သွေးအုပ်စုကို သတ်မှတ်ရာတွင် သွေးနီဥတွင် ပါဝင်သော ပဋိလှုံ့ပစ္စည်း အေ နှင့် ဘီ (Antigens A and B) တို့အပေါ် မူတည်၍ A, B, AB နှင့် O ဟူ၍ အမျိုးအစား (၄) မျိုး ခွဲခြားနိုင်သည့်အပြင် Rh ပရိုတင်း ရှိမရှိပေါ် မူတည်၍လည်း ထပ်မံခွဲခြားသည်။
- Rh-positive (Rh အပေါင်းသွေး) – သွေးနီဥများတွင် Rh ပရိုတင်း ပါရှိသူကို ဆိုလိုသည်
- Rh-negative (Rh အနှုတ်သွေး) – သွေးနီဥများတွင် Rh ပရိုတင်း မပါရှိသူကို ဆိုလိုသည်
ဥပမာအားဖြင့် ပဋိလှုံ့ပစ္စည်း အေ (Antigen A) နှင့် Rh ပရိုတင်း နှစ်မျိုးလုံး ပါရှိသူကို သွေးအုပ်စု အေ (+) [A positive] ဟု သတ်မှတ်ပြီး၊ ပဋိလှုံ့ပစ္စည်း အေ နှင့် ဘီ တစ်ခုမျှ မရှိဘဲ Rh ပရိုတင်းလည်း မပါရှိသူကို သွေးအုပ်စု အို (-) [O negative] ဟု သတ်မှတ်ခေါ်ဆိုကြသည်။
မျိုးဗီဇဆိုင်ရာ လက်ဆင့်ကမ်းမှု
- Rh ပရိုတင်းသည် မိဘမှ သားသမီးထံသို့ မျိုးဗီဇ (Genes) များမှတစ်ဆင့် လက်ဆင့်ကမ်းလာခြင်း ဖြစ်သည်
- ကလေးသည် ဖခင် သို့မဟုတ် မိခင် သို့မဟုတ် မိဘနှစ်ဦးစလုံးထံမှ Rh ပရိုတင်းကို အမွေဆက်ခံ ရရှိနိုင်သည်
- ကမ္ဘာ့လူဦးရေ၏ (၈၅) ရာခိုင်နှုန်းခန့်မှာ Rh-positive ဖြစ်ကြပြီး၊ Rh-negative (အနှုတ်သွေး) ဦးရေမှာ (၁၅) ရာခိုင်နှုန်းခန့်သာရှိသည်
- ကလေးသည် မိခင်နှင့်ဖခင် မည်သူ့ထံကမျှ Rh ပရိုတင်းကို မရရှိပါက Rh-negative (အနှုတ်သွေး) ဖြစ်လာသည်
Rh ပရိုတင်း ရှိခြင်း သို့မဟုတ် မရှိခြင်းသည် ပုံမှန်အားဖြင့် လူတစ်ဦး၏ ကျန်းမာရေးကို ထိခိုက်မှုမရှိသော်လည်း Rh-negative (အနှုတ်သွေး) အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်ချိန်တွင် အောက်ပါအခြေအနေ ဖြစ်ပေါ်လာနိုင်ခြေ ရှိသောကြောင့် အရေးကြီးသည်။
Rh သွေးအုပ်စု မကိုက်ညီခြင်း (Rh Incompatibility)
ကိုယ်ဝန်ဆောင်မိခင်သည် Rh-negative (အနှုတ်သွေး) ဖြစ်ပြီး သန္ဓေသားသည် (ဖခင်ထံမှ အမွေဆက်ခံမှုကြောင့်) Rh-positive ဖြစ်နေပါက Rh သွေးအုပ်စု မကိုက်ညီသည့် အခြေအနေ (Rh incompatibility) ဖြစ်ပေါ်လာသည်။
သွေးအုပ်စု မကိုက်ညီခြင်း ဖြစ်နိုင်ခြေရှိသော အခြေအနေများကို အောက်ပါဇယားတွင် ကြည့်နိုင်သည်။
| မိခင်၏ Rh အုပ်စု | ဖခင်၏ Rh အုပ်စု | သန္ဓေသား၏ Rh အုပ်စု | သွေးအုပ်စု မကိုက်ညီမှု ဖြစ်နိုင်ခြေ |
|---|---|---|---|
| Rh Positive (+) | Rh Positive (+) | Rh Positive (+) | မရှိပါ |
| Rh Negative (-) | Rh Negative (-) | Rh Negative (-) | မရှိပါ |
| Rh Positive (+) | Rh Negative (-) | Rh Positive သို့မဟုတ် Negative | မရှိပါ |
| Rh Negative (-) | Rh Positive (+) | Rh Positive (+) | ဖြစ်နိုင်ခြေ ရှိသည် |
အကယ်၍ မိခင်သည် Rh-positive ဖြစ်နေပါက သန္ဓေသားမှာ မည်သည့် Rh အုပ်စုဖြစ်စေ သွေးအုပ်စု မကိုက်ညီခြင်း ဖြစ်ပေါ်လာနိုင်ခြေ မရှိပါ။
Rh disease ဖြစ်ပေါ်ရသောအကြောင်းရင်း
Rh-positive (အပေါင်းသွေး) သန္ဓေသား၏ သွေးနီဥများသည် Rh-negative (အနှုတ်သွေး) အမျိုးသမီး၏ သွေးထဲသို့ ရောက်ရှိသွားချိန်တွင် Rhesus (Rh) သွေးအုပ်စု မကိုက်ညီသည့် အခြေအနေ စတင်ဖြစ်ပေါ်လာသည်။
- ကိုယ်ခံအားစနစ် တုံ့ပြန်ပုံ
ကိုယ်ဝန်ဆောင်မိခင်၏ ခန္ဓာကိုယ်သည် ပြင်ပမှ ဝင်ရောက်လာသော Rh-positive သွေးနီဥများကို သွေးထဲ၌တွေ့ရှိပါက ၎င်းတို့ကို တိုက်ဖျက်ရန်အတွက် Rh ပရိုတင်းကို ဆန့်ကျင်သော ပဋိပစ္စည်းများ (Anti-Rh antibodies) ကို စတင်ထုတ်လုပ်သည်။ - သန္ဓေသားကို ထိခိုက်ပုံ
ထိုသို့ ထွက်ပေါ်လာသော ပဋိပစ္စည်းများသည် အချင်း (Placenta) ကို ဖြတ်ကျော်ပြီး သန္ဓေသား၏ ခန္ဓာကိုယ်သို့ ရောက်ရှိကာ သန္ဓေသား၏ သွေးနီဥများကို ဖျက်ဆီးပစ်သည်။ - နောက်ဆက်တွဲပြဿနာ
ဤသို့တိုက်ခိုက်ခံရခြင်းကြောင့် သန္ဓေသား သို့မဟုတ် မွေးလာသည့် မွေးကင်းစကလေးတွင် ပြင်းထန်သော သွေးအားနည်းရောဂါနှင့် အခြားကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေပြီး အသက်အန္တရာယ်ရှိသည်အထိ စိုးရိမ်ရနိုင်သည်။
Rh ပရိုတင်းကို ဆန့်ကျင်သော ပဋိပစ္စည်းများဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ
ကိုယ်ဝန်ဆောင်စဉ် ကာလတစ်လျှောက်တွင် မိခင်နှင့် သန္ဓေသားတို့၏ သွေးသည် ပုံမှန်အားဖြင့် ရောနှောလေ့ မရှိပါ။ သို့သော် အချို့သော အခြေအနေများတွင် သန္ဓေသားထံမှ သွေးအနည်းငယ်သည် မိခင်သွေးနှင့် ရောနှောထိတွေ့သွားခြင်း (Rh sensitization) ဖြစ်နိုင်ခြေရှိသည်။ အများအားဖြင့် ကလေးမွေးဖွားသည့်အချိန်တွင် ဖြစ်ပေါ်လေ့ရှိပြီး အောက်ပါ အခြေအနေများတွင်လည်း ဖြစ်ပွါးနိုင်သည်။
- သန္ဓေသားဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခြင်း – ရေမြွှာရည် စစ်ဆေးခြင်း (Amniocentesis) နှင့် အချင်းတစ်ရှူး စစ်ဆေးခြင်း (Chorionic Villus Sampling – CVS) တို့ ပြုလုပ်ခြင်း
- ကိုယ်ဝန်ဆောင်စဉ် ထိခိုက်မှုများ – မွေးလမ်းကြောင်းမှ သွေးဆင်းခြင်း သို့မဟုတ် ဝမ်းဗိုက်ကို ပြင်းထန်သော ဒဏ်ရာရရှိခြင်း
- သန္ဓေသား အနေအထား ပြောင်းလဲခြင်း – တင်ပါးဆုံဖြင့် ဦးတိုက်နေသော ကလေး (Breech baby) ကို မွေးဖွားရ လွယ်ကူစေရန် ဗိုက်ပြင်ပမှနေ၍ ဦးခေါင်းပိုင်းသို့ လှည့်ပေးခြင်း (External Cephalic Version – ECV) ပြုလုပ်ခြင်း
- ကိုယ်ဝန်ဆောင်မှုဆိုင်ရာ ပြဿနာများ – ကိုယ်ဝန်ပျက်ကျခြင်း (Miscarriage) နှင့် သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း (Ectopic pregnancy) တို့ ဖြစ်ခြင်း
ဖြစ်နိုင်ခြေများသူများ
အများအားဖြင့် Rh-negative (အနှုတ်သွေး) မိခင်သည် Rh-positive (အပေါင်းသွေး) သန္ဓေသားကို ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာရေး ပြဿနာများ ဖြစ်ပွါးလေ့ မရှိပါ။
- ပထမအကြိမ် ကိုယ်ဝန်ဆောင်ခြင်း
- မိခင်၏ ခန္ဓာကိုယ်အတွင်း၌ ပဋိပစ္စည်း (Antibodies) များစွာ ထုတ်လုပ်ရန် အခွင့်အရေး မရရှိသေးသဖြင့် သန္ဓေသားအတွက် အန္တရာယ် နည်းပါးသည်
- နောက်ထပ်ယူမည့် ကိုယ်ဝန်အကြိမ်များ
- ပထမအကြိမ် ကိုယ်ဝန်ဆောင်စဉ်၌ ကုသမှု စနစ်တကျ မခံယူခဲ့ပါက သို့မဟုတ် သန္ဓေသား၏သွေးနှင့် ထိတွေ့မှု များခဲ့ပါက မိခင်၏ ကိုယ်ခံအားစနစ်တွင် ပဋိပစ္စည်းများ အဆင်သင့် ရှိနေတတ်သည်
- ထို့ကြောင့် ဒုတိယအကြိမ် Rh-positive သန္ဓေသားကို ထပ်မံ ကိုယ်ဝန်ဆောင်ပါက ပို၍များပြားသော ပဋိပစ္စည်းများကို လျင်မြန်စွာ ထုတ်လုပ်လာမည်ဖြစ်သည်
- အန္တရာယ်အဆင့် (ပြင်းထန်မှု)
- မိခင်၏ သွေးထဲတွင် ပဋိပစ္စည်း ပိုမိုများပြားလေ၊ နောက်လာမည့် သန္ဓေသားအတွက် အသက်အန္တရာယ် ပိုမိုကြီးမားလေဖြစ်သည်
ရောဂါလက္ခဏာများ
Rhesus (Rh) သွေးအုပ်စု မကိုက်ညီသည့် အခြေအနေ (Rh incompatibility) ဖြစ်ပေါ်နေသော်လည်း ကိုယ်ဝန်ဆောင်မိခင်တွင် မည်သည့်ထူးခြားသော လက္ခဏာမှ ခံစားရခြင်း မရှိပါ။ မိခင်ထံမှ ထွက်ပေါ်လာသော Rh ဆန့်ကျင်သည့် ပဋိပစ္စည်း (Antibodies) များသည် သန္ဓေသားကိုသာ တိုက်ရိုက်ထိခိုက်စေခြင်းဖြစ်သည်။ ၎င်းလက္ခဏာများသည် ကိုယ်ဝန် တစ်ကြိမ်နှင့်တစ်ကြိမ်၊ ကလေး တစ်ဦးနှင့်တစ်ဦးတွင် ပြင်းထန်မှုအဆင့် မတူညီနိုင်ပါ။
အချင်းကို ဖြတ်ကျော်လာသော ပဋိပစ္စည်းများသည် သန္ဓေသား၏ သွေးနီဥများကို လျင်မြန်စွာ တိုက်ခိုက်ဖျက်ဆီးသည်။ ထိုအခါ သန္ဓေသား၏ခန္ဓာကိုယ်သည် ပျက်စီးသွားသည့် သွေးနီဥပမာဏအတိုင်း အချိန်မီအောင် ပြန်လည်မထုတ်လုပ်နိုင်တော့ဘဲ အကျိုးဆက်အနေဖြင့် ပြင်းထန်သော သွေးအားနည်းရောဂါ (Anemia) ဖြစ်ပေါ်လာသည်။ သွေးနီဥများ အလုံအလောက် မရှိပါက သန္ဓေသားသည် လုံလောက်သော အောက်ဆီဂျင်ကို မရရှိနိုင်တော့သဖြင့် ကိုယ်အင်္ဂါကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေသည်။
ကိုယ်ဝန်ဆောင်ချိန်နှင့် သန္ဓေသားတွင် တွေ့ရှိနိုင်သော လက္ခဏာများ
- ရေမြွှာရည် အဝါရောင်သန်းခြင်း
- သွေးနီဥများ ပျက်စီးသည့်အခါ ထွက်လာသည့် အသားဝါဓာတ် (Bilirubin) ကြောင့် ရေမြွှာရည်သည် သိသိသာသာ အဝါရောင် ဖြစ်နေနိုင်သည်
- ပြင်းထန်စွာ ဖောရောင်ခြင်း (Hydrops Fetalis)
- သန္ဓေသား၏ အသည်း၊ ဘေလုံးနှင့် နှလုံးအရွယ်အစားများ ကြီးလာခြင်း၊ ဝမ်းဗိုက်၊ အဆုတ်ပတ်လည်နှင့် အရေပြားအောက်တွင် အရည်များ စုပုံလာခြင်းတို့ကို တွေ့ရနိုင်သည်
- ဤအခြေအနေသည် ရုတ်တရက် ကိုယ်ဝန်ပျက်ကျခြင်းနှင့် ကလေးအသေမွေးဖွားခြင်း (Stillbirth) ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်။
မွေးကင်းစကလေးတွင် တွေ့ရှိနိုင်သော လက္ခဏာများ
Rhesus (Rh) သွေးအုပ်စု မကိုက်ညီမှုကြောင့် ဖြစ်ပွါးသော ဤအခြေအနေကို မွေးကင်းစကလေး သွေးနီဥပျက်စီးခြင်းရောဂါ (Hemolytic disease of the newborn) ဟု ခေါ်ဆိုပြီး အောက်ပါတို့ကို တွေ့ရတတ်သည်။
- ဖြူဖျော့ခြင်း (Pallor) – သွေးနီဥများ ပြိုကွဲပြီး သွေးအားနည်းခြင်းကြောင့် ကလေးသည် ဖြူဖျော့နေခြင်း
- အသားဝါခြင်း (Jaundice) – အသားဝါဓာတ် (Bilirubin) အလွန်အမင်း မြင့်တက်လာခြင်းကြောင့် အရေပြားနှင့် မျက်လုံးအတွင်းသားများ ဝါနေခြင်း
- နှလုံးနှင့် အသက်ရှူနှုန်း မမှန်ခြင်း – နှလုံးခုန်မြန်ခြင်း (Tachycardia) နှင့် အသက်ရှူမြန်ခြင်း (Tachypnea) တို့ ဖြစ်ပေါ်ခြင်း
- ဖောရောင်ခြင်း (Oedema) – အရေပြားအောက်တွင် အရည်များစုပြီး ဖောရောင်ခြင်း
- ဗိုက်ဖောင်းခြင်း – အသည်းနှင့် ဘေလုံးများ ကြီးနေခြင်းကြောင့် ဝမ်းဗိုက်ဖောင်းနေခြင်း
နောက်ဆက်တွဲပြဿနာများ
Rh သွေးအုပ်စု မကိုက်ညီခြင်းကြောင့် အောက်ပါပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- သွေးအား အလွန်နည်းခြင်းကြောင့် မွေးကင်းစကလေးတွင် နုံးချည့်ခြင်း၊ အင်အားမရှိသကဲ့သို့ ဖြစ်နေခြင်း (Lethargy) နှင့် နှလုံးလုပ်ငန်းစဉ် ပျက်စီးခြင်း (Heart failure) တို့ ဖြစ်စေနိုင်သည်
- အသားဝါဓာတ် အလွန်အမင်း မြင့်တက်ခြင်းကြောင့်
- Kernicterus (ဦးနှောက်ထိခိုက်ခြင်း) – အသားဝါဓာတ်များ ဦးနှောက်အတွင်း ရောက်ရှိစုပုံလာပြီး ဦးနှောက်ကို အဆိပ်အတောက် ဖြစ်စေသည်
- ဆိုးကျိုးများ – အဆိုပါ အခြေအနေကြောင့် တက်ခြင်း (Seizures)၊ ဦးနှောက်လုပ်ဆောင်ချက် အမြဲတမ်း ထိခိုက်ပျက်စီးခြင်း (Brain damage)၊ CP ရောဂါ၊ အကြားအာရုံ ဆုံးရှုံးခြင်း (Deafness) နှင့် အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
ကိုယ်ဝန်ဆောင်မိခင်တိုင်းသည် ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှု (Antenatal care) ကို စနစ်တကျ ခံယူသင့်သည်။ အထူးသဖြင့် Rh-negative (အနှုတ်သွေး) မိခင်လောင်းများအနေဖြင့် ဤအခြေအနေကို အထူးသတိပြု၍ သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် စောစီးစွာ ပြသတိုင်ပင်ရန် အလွန်အရေးကြီးသည်။
Rh သွေးအုပ်စု မကိုက်ညီမှုအတွက် ရှာဖွေစစ်ဆေးခြင်း
ကိုယ်ဝန်ဆောင်မိခင်သည် မိမိ၏သွေးအုပ်စုမှာ Rh-negative (အနှုတ်သွေး) ဖြစ်ကြောင်း သေချာစေရန် ပထမဆုံး ကိုယ်ဝန်စောင့်ရှောက်မှု ချိန်းဆိုချိန်တွင် သို့မဟုတ် ကိုယ်ဝန် ပထမသုံးလပတ်အတွင်း Rhesus factor သွေးစစ်ဆေးမှုကို မဖြစ်မနေ ခံယူရမည်ဖြစ်သည်။
- ကလေးဖခင်ကို သွေးအုပ်စု စစ်ဆေးခြင်း
- မိခင်သာမက ဖခင်ကိုလည်း Rh-positive သို့မဟုတ် Rh-negative ဟုတ်မဟုတ် သွေးစစ်ဆေးထားသင့်သည်
- နှစ်ဦးလုံး၏ ရလဒ်ပေါ်မူတည်၍ ကလေးတွင် ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို တွက်ချက်နိုင်သည်
- ကျန်းမာရေးရာဇဝင်
- မိခင်သည် ယခင်ကိုယ်ဝန်ဆောင်စဉ်က Rh-positive ကလေး မွေးဖွားဖူးခြင်း ရှိမရှိပေါ် မူတည်၍လည်း ဤဓာတ်မတည့်သည့်အခြေအနေ ဖြစ်လာနိုင်ခြေကို ကြိုတင်ခန့်မှန်းနိုင်သည်
မိခင်၏ ကျန်းမာရေးရာဇဝင်နှင့် ကိုယ်ခန္ဓာစစ်ဆေးမှုများအပြင် အောက်ပါရောဂါရှာဖွေရေးနည်းလမ်းများကို လိုအပ်သလို ဆက်လက်စစ်ဆေးနိုင်သည်။
- မိခင်၏ သွေးအတွင်းရှိ ပဋိပစ္စည်း (Antibodies) များကို စစ်ဆေးခြင်း
မိခင်၏သွေးထဲတွင် ကလေး၏ သွေးနီဥများကို တိုက်ခိုက်မည့် Rh ဆန့်ကျင်သော ပဋိပစ္စည်း (Anti-Rh antibodies) များ ရှိမရှိကို သွေးစစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။ ဤစစ်ဆေးမှုကို ကိုယ်ဝန် ပထမသုံးလပတ်တွင် တစ်ကြိမ်နှင့် ကိုယ်ဝန်သက် (၂၈) ပတ်ခန့်တွင် နောက်တစ်ကြိမ် ထပ်မံစစ်ဆေးလေ့ရှိသည်။ - အာထရာဆောင်း (USG) ရိုက်ခြင်း
သန္ဓေသား၏ ကိုယ်တွင်းအင်္ဂါများ (အသည်း၊ ဘေလုံး) ကြီးမားလာခြင်း သို့မဟုတ် ခန္ဓာကိုယ်အတွင်း အရည်များ စုနေခြင်း ရှိမရှိကို စစ်ဆေးနိုင်သည်။ ထို့ပြင် သန္ဓေသား၏ ဦးနှောက်သွေးကြောများအတွင်း သွေးစီးဆင်းမှုနှုန်းကို တိုင်းတာခြင်းဖြင့် သွေးအားနည်းခြင်း (Anemia) ရှိမရှိကို သိရှိနိုင်သည်။ - ရေမြွှာရည် စစ်ဆေးခြင်း (Amniocentesis)
မိခင်၏ ဝမ်းဗိုက်မှတစ်ဆင့် အပ်ဖြင့်ထိုးသွင်းကာ ရေမြွှာအိတ်ထဲမှ ရေမြွှာရည်နမူနာကို ရယူစစ်ဆေးခြင်း ဖြစ်သည်။ ၎င်းမှတစ်ဆင့် _- ရေမြွှာရည်အတွင်းရှိ အသားဝါဓာတ် (Bilirubin) ပမာဏကို စစ်ဆေးနိုင်သည်
- သန္ဓေသားတွင် မျိုးဗီဇဆိုင်ရာနှင့် မွေးရာပါချို့ယွင်းချက်များ ရှိမရှိကို စစ်ဆေးနိုင်သည်
- ချက်ကြိုးမှတစ်ဆင့် သန္ဓေသား၏ သွေးနမူနာရယူခြင်း (Fetal Blood Sampling)
ဤနည်းလမ်းသည် သန္ဓေသား၏ ချက်ကြိုးမှတစ်ဆင့် သွေးနမူနာကို တိုက်ရိုက် ရယူစစ်ဆေးခြင်းဖြစ်သည်။ ၎င်းမှတစ်ဆင့်_- သန္ဓေသားတွင် ပဋိပစ္စည်းများ ရှိမရှိ စစ်ဆေးနိုင်သည်
- အသားဝါဓာတ် (Bilirubin) ပမာဏနှင့် သွေးအားနည်းရောဂါ ရှိမရှိတို့ကို အတည်ပြုနိုင်သည်
- လိုအပ်ပါက ချက်ကြိုးမှတစ်ဆင့် သန္ဓေသားကို သွေးသွင်းကုသမှု (Intrauterine blood transfusion) တိုက်ရိုက်ပြုလုပ်နိုင်သည်
ကုသခြင်း
Rhesus (Rh) သွေးအုပ်စု မကိုက်ညီသည့်အခြေအနေသည် မွေးကင်းစကလေးတိုင်းအတွက် ပြင်းထန်မည်ဟု ယူဆ၍မရပါ။ ကလေးများ၏ ထက်ဝက်ခန့်သည် ရောဂါလက္ခဏာပြင်းထန်ခြင်းမရှိဘဲ မည်သည့်ကုသမှုမှ ပေးရန်မလိုဘဲ ပြန်လည်သက်သာသွားနိုင်ခြေရှိသည်။ ကုသမှုအတွက် အဓိကအချက်မှာ ကလေးတွင် Rhesus ပရိုတင်း ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော ပြောင်းလဲမှုများကို အနီးကပ်စောင့်ကြည့်ရန်ဖြစ်သည်။
သန္ဓေသားကို ကုသခြင်း
- အာထရာဆောင်းနှင့် အခြားစစ်ဆေးမှုများအရ သန္ဓေသားတွင် ပြင်းထန်သော သွေးအားနည်းရောဂါ ရှိနေကြောင်း ပြသပါက၊ သက်ဆိုင်ရာအထူးကုဆရာဝန်မှ ကိုယ်ဝန်သက် (၃၇) ပတ်မတိုင်မီ စောစီးစွာ မွေးဖွားခြင်းအတွက် အကြံပြုနိုင်သည်
- ထို့ပြင် နောက်ထပ်နည်းလမ်းတစ်ခုအနေဖြင့် မိခင်၏ သားအိမ်အတွင်း၌ ရှိနေသော သန္ဓေသားထံသို့ ချက်ကြိုးမှတစ်ဆင့် သွေးသွင်းခြင်း (Intrauterine blood transfusion) ကို ပြုလုပ်ပေးနိုင်သည်
- အကယ်၍ သွေးအားနည်းရောဂါသည် အပျော့စား ဖြစ်ပါက၊ ပုံမှန်ကိုယ်ဝန်ပတ် ပြည့်သည့်အချိန်တွင်မှ မွေးဖွားနိုင်သည်
- မွေးဖွားပြီးနောက်တွင် သွေးအားနည်းသည့် ပမာဏပေါ်မူတည်၍ မွေးကင်းစကလေးအတွက် သွေးသွင်းကုသမှု လိုအပ်လာနိုင်သည်
မွေးကင်းစကလေးကို ကုသခြင်း
- Rhesus (Rh) သွေးအုပ်စု မကိုက်ညီသည့် အခြေအနေ ရှိလာနိုင်ခြေရှိသော မွေးကင်းစကလေးတိုင်းကို အနီးကပ်စစ်ဆေးစောင့်ကြည့်ရမည်ဖြစ်သည်
- အသားဝါဓာတ်အလွန်များလာပါက သို့မဟုတ် အသားဝါခြင်း ပြင်းထန်လာပါက ကလေးအား မီးချောင်းပြကုထုံး (Phototherapy) နှင့် ကုသခြင်း၊ လိုအပ်ပါက မွေးကင်းစကလေး သွေးလဲကုသခြင်း (Neonatal exchange transfusion) ကိုပါ ပြုလုပ်ရန် လိုအပ်သည်
- သွေးလဲကုသရာတွင် ကလေး၏ Rh-positive (အပေါင်းသွေး) သွေးနီဥများကို Rh-negative (အနှုတ်သွေး) သွေးနီဥများ ပါရှိသည့် သွေးဖြင့် အစားထိုးလဲလှယ်ခြင်းဖြစ်သည်
- ထိုသို့သွေးလဲလှယ်ခြင်းဖြင့် ကလေး၏ သွေးနီဥပမာဏကို တည်ငြိမ်စေသည့်အပြင် ကလေး၏ သွေးကြောထဲ၌ ရှိနှင့်ပြီးသော ပဋိပစ္စည်းများကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများကိုလည်း လျော့နည်းစေသည်
- ယခုအခါတွင် ဤအခြေအနေကို ဆေးဝါးများ အသုံးပြုကုသမှု ပို၍များပြား အောင်မြင်လာသဖြင့် သွေးလဲလှယ်ကုသခြင်း လုပ်ဆောင်ရမှု လျော့နည်းလာသည်
ကိုယ်ဝန်ဆောင်မိခင်ကို ကုသခြင်း
- ကိုယ်ဝန်ဆောင်မိခင်၏ ခန္ဓာကိုယ်အတွင်း Rh ပရိုတင်းကို ဆန့်ကျင်သော ပဋိပစ္စည်းများ (anti-Rh antibodies) မထုတ်လုပ်နိုင်စေရန် ဆေးဝါးဖြင့် ကြိုတင်ကာကွယ်နိုင်သည်
- အင်မြူနိုဂလိုဗျူလင် (Rh immunoglobulin or Rhlg) ထိုးဆေးကို ကိုယ်ဝန်ဆောင်အစောပိုင်း သို့မဟုတ် ကိုယ်ဝန်မဆောင်မီတွင် ထိုးနှံပေးထားခြင်းဖြင့် ပဋိပစ္စည်းများ မဖြစ်ပေါ်လာစေရန် တားဆီးပေးနိုင်သည်
- Rh-negative (အနှုတ်သွေး) ကိုယ်ဝန်ဆောင်မိခင်တိုင်းကို ထိုးရန် မသင့်တော်ဘဲ သွေးစစ်ဆေးမှုတွင် ပဋိပစ္စည်းများမရှိသေးသူများတွင်သာ RhIg ဆေးကို သုံးစွဲနိုင်သည်
အင်မြူနိုဂလိုဗျူလင် (Rh immunoglobulin or Rhlg)
RhIg ထိုးဆေးကို အများအားဖြင့်
- ကိုယ်ဝန်သက် (၂၈) ပတ်တွင် တစ်ကြိမ်
- Rh-positive ကလေးကို မွေးဖွားပြီး (၇၂) နာရီအတွင်း တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ထိုးနှံနိုင်သည်။
ကိုယ်ဝန်သက် (၂၈) ပတ်တွင် RhIg ထိုးရခြင်းအကြောင်းရင်း
Rh-negative (အနှုတ်သွေး) ကိုယ်ဝန်ဆောင်မိခင် အနည်းစုသည် ကိုယ်ဝန် တတိယသုံးလပတ်အတွင်း သန္ဓေသား၏ Rh-positive သွေးနီဥများနှင့် ထိတွေ့မိနိုင်ပြီး၊ Rh ပရိုတင်း ဆန့်ကျင်သည့် ပဋိပစ္စည်းများ ထုတ်လုပ်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ဝန်သက် (၂၈) ပတ်တွင် ထိုးပေးလိုက်သော RhIg ဆေးသည် မိခင်၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသော သန္ဓေသား၏ Rh-positive သွေးနီဥများကို ဓာတ်ပြယ်စေခြင်းဖြင့် မိခင်၌ ပဋိပစ္စည်းများ ထုတ်လုပ်ခြင်းကို တားဆီးကာကွယ်ပေးသည်။
Rh-positive ကလေး မွေးဖွားပြီး (၇၂) နာရီအတွင်း RhIg ထိုးရခြင်းအကြောင်းရင်း
Rh-positive သန္ဓေသား၏သွေးသည် Rh-negative (အနှုတ်သွေး) မိခင်၏ သွေးကြောထဲသို့ ဝင်ရောက်နိုင်သည့် အခွင့်အလမ်း အများဆုံးမှာ မွေးဖွားသည့်အချိန် ဖြစ်သည်။ ထို့ကြောင့် RhIg ကို မီးဖွားပြီး (၇၂) နာရီအတွင်း ထိုးပေးခြင်းဖြင့် မွေးဖွားသည့်အချိန် ထိတွေ့မှုရှိခဲ့သည့် Rh-positive သွေးနီဥများကို ဓာတ်ပြယ်စေနိုင်ပြီး ပဋိပစ္စည်းများ ထုတ်လုပ်ခြင်းမှ ကာကွယ်ပေးသည်။ ထို RhIg ကုသမှုသည် လက်ရှိကိုယ်ဝန်အတွက်သာ အကျိုးသက်ရောက်မှု ကောင်းမွန်ပြီး Rh-positive ကလေးကို နောက်ထပ်ကိုယ်ဝန်ဆောင်ချိန်တိုင်းနှင့် မွေးဖွားပြီးတိုင်းအတွက် RhIg ဆေးကို အကြိမ်ကြိမ် ပေးရန် လိုအပ်သည်။
အကယ်၍ Rh-negative (အနှုတ်သွေး) မိခင်တွင် ပဋိပစ္စည်းများ ထုတ်လုပ်ပြီးသားဖြစ်နေပါက RhIg ကုသမှုသည် အာနိသင်ရှိမည်မဟုတ်ပါ။ ဤအခြေအနေမျိုးတွင်မူ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် သန္ဓေသား၏ ကျန်းမာရေးအခြေအနေများကို အာထရာဆောင်း စစ်ဆေးမှုများဖြင့် ပုံမှန်စောင့်ကြည့်ရမည်သာဖြစ်သည်။
ကလေးမွေးဖွားသည့်အချိန်ကာလအပြင် သန္ဓေသားထံမှ သွေးသည် စောစီးစွာ မိခင်သွေးနှင့် ရောနှောထိတွေ့သွားခြင်း (Rh sensitization) ဖြစ်နိုင်ခြေရှိသည့် အောက်ပါအခြေအနေများတွင်လည်း RhIg ဆေးကို ထိုးပေးနိုင်သည်။
- ရေမြွှာရည် စစ်ဆေးခြင်း (Amniocentesis) နှင့် အချင်းတစ်ရှူး စစ်ဆေးခြင်း (Chorionic Villus Sampling/ CVS) စသည့် သန္ဓေသားဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခြင်း
- ကိုယ်ဝန်ဆောင်စဉ် မွေးလမ်းကြောင်းမှ သွေးဆင်းခြင်း (ကိုယ်ဝန်သက် ၂၀ ပတ်နောက်ပိုင်းတွင်)
- ကိုယ်ဝန်ဆောင်စဉ် ဝမ်းဗိုက်ကို ထိခိုက်ဒဏ်ရာရခြင်း
- တင်ပါးဆုံပိုင်းဖြင့် ဦးတိုက်နေသောသန္ဓေသား (Breech baby) ကို မွေးဖွားရအဆင်ပြေစေရန်အတွက် တင်ပါးဆုံပိုင်းမှ ဦးခေါင်းပိုင်းသို့ ဦးတိုက်သည့်အနေအထားဖြစ်အောင် လှည့်ပေးခြင်း (External cephalic version-ECV) နည်းလမ်းကို ပြုလုပ်ခြင်း
- ကိုယ်ဝန်ပတ် (၁၂) ပတ်နှင့် အထက်တွင် ကိုယ်ဝန်ပျက်ကျခြင်း (Miscarriage) စသည့် အခြေအနေများတွင်လည်း Rh immunoglobulin or Rhlg ဆေးကို စောစီးစွာ ထိုးနှံသင့်သည်။
ကာကွယ်ခြင်း
Rhesus (Rh) ပရိုတင်းသည် မိဘထံမှ မျိုးဗီဇအရ အမွေဆက်ခံခြင်း ဖြစ်သောကြောင့် မိခင်နှင့် သန္ဓေသားအကြား Rh သွေးအုပ်စု မကိုက်ညီမှု ဖြစ်ပေါ်လာခြင်းကို ကြိုတင်တားဆီးရန် မဖြစ်နိုင်ပါ။ သို့ရာတွင် စနစ်တကျ ကြိုတင်ပြင်ဆင်ခြင်းဖြင့် သန္ဓေသားတွင် ဖြစ်ပေါ်လာနိုင်သော ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများကို အောက်ပါအတိုင်း ထိရောက်စွာ ကာကွယ်နိုင်သည်။
- ကြိုတင်ပြင်ဆင်ခြင်းနှင့် စစ်ဆေးခြင်း
- သွေးအုပ်စုကို သိရှိထားခြင်း
Rh-negative (အနှုတ်သွေး) ရှိသော အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိပါက မိမိနှင့် ခင်ပွန်းဖြစ်သူ၏ သွေးအုပ်စုကို ကြိုတင်စစ်ဆေးထားခြင်းဖြင့် ဖြစ်နိုင်ခြေရှိသော အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်သည်။ - စောစီးစွာ ကုသမှုခံယူခြင်း
ကိုယ်ဝန်ဆောင်ထားကြောင်း သိရှိသည်နှင့်တစ်ပြိုင်နက် သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ပြသ၍ မိခင်၏ သွေးထဲတွင် ပဋိပစ္စည်း (Antibodies) များ စတင်ထွက်ရှိနေခြင်း ရှိမရှိကို စနစ်တကျ စစ်ဆေးရမည်။
- သွေးအုပ်စုကို သိရှိထားခြင်း
- နောက်ထပ်ကိုယ်ဝန်ဆောင်ချိန်များအတွက် ကာကွယ်ခြင်း (Subsequent Pregnancies)
Rh-negative (အနှုတ်သွေး) မိခင်တစ်ဦးအတွက် ပထမကိုယ်ဝန်ထက် နောက်လာမည့် ကိုယ်ဝန်များသည် ပိုမိုအရေးကြီးသဖြင့် အောက်ပါတို့ကို အထူးဂရုပြုရမည်။- ထပ်ခါတလဲလဲ ကာကွယ်ရန် လိုအပ်ခြင်း
RhIg (Anti-D) ဆေး၏ အာနိသင်သည် လက်ရှိကိုယ်ဝန်အတွက်သာ အကျိုးသက်ရောက်မှုရှိသည်၊ ထို့ကြောင့် နောက်ထပ် Rh-positive သန္ဓေသားကို ကိုယ်ဝန်ဆောင်သည့် အကြိမ်တိုင်းတွင် RhIg ဆေးကို လမ်းညွှန်ချက်အတိုင်း အကြိမ်ကြိမ် ပြန်လည်ထိုးနှံရမည်။ - ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် သားအိမ်ပြင်ပ သန္ဓေတည်ခြင်း
ကိုယ်ဝန်သက်တမ်း မည်မျှပင်နုစေကာမူ ကိုယ်ဝန်ပျက်ကျခြင်း (Miscarriage) ဖြစ်ပါကလည်း နောက်လာမည့် ကိုယ်ဝန်များတွင် Rh disease မဖြစ်စေရန် RhIg ဆေးကို အချိန်မီ ထိုးနှံထားရမည်။ - ဆေးရာဇဝင်ကို အတိအကျပြောပြခြင်း
နောက်ထပ် ကိုယ်ဝန်ဆောင်ချိန်တွင် ယခင်ကိုယ်ဝန်ဆောင်စဉ်က RhIg ဆေး ထိုးနှံခဲ့ခြင်း ရှိမရှိ၊ ယခင်ကလေးများ၏ Rh သွေးအုပ်စု အခြေအနေနှင့် သွေးသွင်းကုသမှု ခံယူခဲ့ဖူးခြင်း ရှိမရှိတို့ကို ဆရာဝန်အား အသိပေး ပြောပြရမည်။ - အနီးကပ် စောင့်ကြည့်စစ်ဆေးခြင်း
အကယ်၍ ယခင်ကိုယ်ဝန်များတွင် Rh sensitization ဖြစ်ပေါ်ခဲ့ဖူးပါက နောက်ထပ်ကိုယ်ဝန်များတွင် သန္ဓေသား၏ ကျန်းမာရေးနှင့် သွေးအားနည်းခြင်း ရှိမရှိကို အာထရာဆောင်းဖြင့် ပိုမိုအနီးကပ် စောင့်ကြည့်စစ်ဆေးရန် လိုအပ်သည်။
- ထပ်ခါတလဲလဲ ကာကွယ်ရန် လိုအပ်ခြင်း
References:
- Cleveland Clinic. (2022). Rh factor: Incompatibility, complications & pregnancy. Retrieved February 9, 2026, from https://my.clevelandclinic.org/health/diseases/21053-rh-factor
- National Health Service. (n.d.). Rhesus disease. Retrieved February 9, 2026, from https://www.nhs.uk/conditions/rhesus-disease/diagnosis/
- Children’s Hospital of Philadelphia. (n.d.). Rh disease. Retrieved February 9, 2026, from https://www.chop.edu/conditions-diseases/rh-disease
- Nationwide Children’s Hospital. (n.d.). Rh disease. Retrieved February 9, 2026, from https://www.nationwidechildrens.org/conditions/health-library/rh-disease
- Nemours KidsHealth. (n.d.). Rhesus (Rh) incompatibility during pregnancy. Retrieved February 9, 2026, from https://kidshealth.org/en/parents/rh.html
- American College of Obstetricians and Gynecologists. (n.d.). The Rh factor: How it can affect your pregnancy. Retrieved February 9, 2026, from https://www.acog.org/womens-health/faqs/the-rh-factor-how-it-can-affect-your-pregnancy
Published: 30 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.