ပခုံးဆစ်ကို တည်ငြိမ်စေရန်နှင့် လက်မောင်းကို လှုပ်ရှားနိုင်ရန် ထောက်ပံ့ပေးသည့် ပခုံးလက်ပြင်ကြွက်သားစုတွင် ရောင်ရမ်းခြင်း၊ တစ်စိတ်တစ်ပိုင်း စုတ်ပြဲခြင်း သို့မဟုတ် တစ်ခုလုံး စုတ်ပြဲခြင်းတို့ဖြစ်ခြင်းကို ပခုံးလက်ပြင်ကြွက်သားစု ထိခိုက်ဒဏ်ရာရခြင်း (Rotator Cuff Injury) ဟုခေါ်သည်။
ပခုံးလက်ပြင်ကြွက်သားစု ထိခိုက်ဒဏ်ရာရခြင်းသည် မကြာခဏတွေ့ရပြီး အသက်ကြီးလာသည်နှင့်အမျှ ပိုမိုဖြစ်ပွါးလာတတ်သည်။ ထို့အပြင် ဦးခေါင်းအပေါ်ဘက်သို့ လက်ကို မကြာခဏမြှင့်၍ အလုပ်လုပ်ရသော အလုပ်အကိုင်များတွင်လည်း စောစီးစွာ ဖြစ်ပေါ်နိုင်သည်။
ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ပခုံးဆစ်ပတ်လည်ရှိ ကြွက်သားများကို ပိုမိုသန်မာလာစေခြင်း အရွတ်ကြောများ ပိုမိုပျော့ပြောင်းကာ လှုပ်ရှားမှု ပိုမိုကောင်းမွန်လာစေခြင်းဖြင့် ရောဂါလက္ခဏာများကို ထိန်းချုပ်ထားနိုင်သည်။ ထိခိုက်ဒဏ်ရာကြောင့် ပခုံးလက်ပြင်ကြွက်သားစု စုတ်ပြဲခြင်းဖြစ်ပါက ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။
ပခုံးလက်ပြင်ကြွက်သားစု (Rotator cuff muscle)
ပခုံးလက်ပြင်ကြွက်သားစုဆိုသည်မှာ ပခုံးအဆစ်ကို ဝန်းရံထားသော ကြွက်သား (၄) ခုနှင့် အရွတ်ကြောများ ပါဝင်သည့်အုပ်စုတစ်ခုဖြစ်သည်။ ဤကြွက်သားစုသည် ပခုံးကို ချောမွေ့စွာ လှုပ်ရှားနိုင်ရန်နှင့် တည်ငြိမ်စေရန် ကူညီပေးသည်။
ပခုံးလက်ပြင်ကြွက်သားစု၏ လုပ်ဆောင်ချက်များမှာ_
- လက်မောင်းကိုလှုပ်ရှားစေခြင်း
- ပခုံးဆစ်ကို တည်ငြိမ်စေခြင်း
- ပခုံးလှုပ်ရှားမှုကို ချောမွေ့စေခြင်းတို့ဖြစ်သည်။
ထို့ကြောင့် ပခုံးလက်ပြင်ကြွက်သားစုကို နေ့စဉ်ဘဝလှုပ်ရှားမှုများဖြစ်သည့် အဝတ်အစား ဝတ်ခြင်း၊ ပစ္စည်းများ မြှောက်ယူခြင်း၊ မော်တော်ကား မောင်းခြင်း၊ အားကစား ပြုလုပ်ခြင်း (ဘောလုံးပစ်ခြင်း၊ ရေကူးခြင်း) စသည်တို့တွင် အမြဲအသုံးပြုနေရသည်။ ပခုံးလက်ပြင်ကြွက်သားစု ထိခိုက်ပါက ဤရိုးရှင်းသော လှုပ်ရှားမှုများကိုပင် နာကျင်စေခြင်းဖြစ်စေကာ လှုပ်ရှားမှုများကို အခက်အခဲဖြစ်စေသည်။
ပခုံးလက်ပြင်ကြွက်သားစု ထိခိုက်ဒဏ်ရာရခြင်းအမျိုးအစားများ (Types of Rotator Cuff Injury)
အရွတ်ကြောထိခိုက်မှုနှင့် ပြင်းထန်မှုအပေါ်မူတည်၍ အမျိုးအစားများ ခွဲခြားနိုင်သည်။
- အရွတ်ကြောရောင်ရမ်းခြင်း (Rotator Cuff Tendinitis)
- ပခုံးလက်ပြင်ကြွက်သားစု အရွတ်ကြောများ ရောင်ရမ်းနေသော အခြေအနေဖြစ်သည်
- ပခုံးဆစ်ကို အသုံးပြုမှုများခြင်း (overuse) ကြောင့်ဖြစ်သည်
- အစောပိုင်းအဆင့်တွင် တွေ့ရလေ့ရှိသည်
- အရွတ်ကြောပျက်စီးခြင်း (Rotator Cuff Tendinosis)
- အရွတ်ကြောများကို ကာလတာရှည်အသုံးပြုမှုကြောင့် ပျက်စီးမှု (degeneration) ဖြစ်ပေါ်ခြင်းဖြစ်သည်
- အသက်အရွယ် ကြီးလာသည်နှင့် ပိုမိုတွေ့ရသည်
- အရွတ်ကြောစုတ်ပြဲခြင်း (Rotator Cuff Tear)
- အရွတ်ကြော တစ်စိတ်တစ်ပိုင်း စုတ်ပြဲခြင်း (Partial Thickness Tear)
- အရွတ်ကြောတစ်ခုလုံး စုတ်ပြဲခြင်း (Full Thickness Tear)
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပခုံးလက်ပြင်ကြွက်သားစု ထိခိုက်ဒဏ်ရာရခြင်းသည် အသက်အရွယ်ကြီးလာမှုကြောင့် ဖြစ်ပေါ်သော ပျက်စီးခြင်း (Degeneration)၊ အသုံးပြုမှုများခြင်း (Overuse) သို့မဟုတ် ရုတ်တရက် ထိခိုက်ဒဏ်ရာရခြင်း (Acute trauma) များ ပေါင်းစပ်၍ ဖြစ်ပေါ်နိုင်သည်။ အဓိကအကြောင်းရင်းများမှာ_
- အသက်အရွယ်နှင့် ဆက်နွယ်သော ပျက်စီးခြင်း (Age-related degeneration)
- အချိန်ကြာလာသည်နှင့်အမျှ အရွတ်ကြောများ သဘာဝအတိုင်း ပျက်စီးလာခြင်းဖြစ်သည်
- ပခုံးလက်ပြင်ကြွက်သားစုသို့ သွေးစီးဆင်းမှု လျော့နည်းလာခြင်းကြောင့်ဖြစ်ကာ အသက် (၄၀) နှစ်အထက် လူများတွင် ပိုမိုတွေ့ရသည်
- ထပ်တလဲလဲ လွန်ကဲစွာ အသုံးပြုမှုများခြင်း (Repetitive overuse)
- ဦးခေါင်းအပေါ်ဘက်သို့ လက်ကို မကြာခဏ မြှောက်၍အသုံးပြုခြင်းကြောင့် ပခုံးလက်ပြင်ကြွက်သားစု ထိခိုက်ဒဏ်ရာရနိုင်သည်
- အများအားဖြင့် အားကစားသမားများ (ရေကူး၊ တင်းနစ်၊ သံလုံးပစ်ကစားမှုများ) နှင့် လက်မှုလုပ်သားများ (ဆေးသုတ်လုပ်သား၊ လက်သမား) တို့တွင် တွေ့ရသည်
- ထိခိုက်ဒဏ်ရာရခြင်း (Acute injury / Trauma)
- လက်ကို ဆန့်ထားစဉ် လဲကျခြင်းနှင့် လေးလံသည့်ပစ္စည်းကို ရုတ်တရက်မြှောက်ခြင်းတို့ကြောင့် အရွတ်ကြော စုတ်ပြဲနိုင်သည်
- ပခုံးထိဆက်ကြွက်သား၊ အရွတ်ကြောများ ပွတ်တိုက်ခြင်း (Shoulder impingement)
- ပခုံးလက်ပြင်ကြွက်သားစု အရွတ်ကြောများသည် ပခုံးအရိုးပိုများအကြားတွင် ပွတ်တိုက်ခံရခြင်းကြောင့် အရွတ်ကြော ပျက်စီးလာသည်
- ကြွက်သားမညီမျှခြင်းနှင့် အားနည်းခြင်း (Muscle imbalance and weakness)
- ပခုံးနှင့်လက်ပြင် ပတ်ဝန်းကျင်ရှိ ကြွက်သားများ အားနည်းခြင်းနှင့် မညီမျှခြင်းတို့ကြောင့် အရွတ်ကြောများပေါ်တွင် ဖိအားတိုးလာကာ ထိခိုက်ဒဏ်ရာရစေသည်
- ကိုယ်ဟန်အနေအထား မမှန်ခြင်း (Poor posture)
- ပခုံးအရှေ့သို့ ကွေးနေခြင်းနှင့် ဦးခေါင်းကို ရှေ့သို့ ထားထားခြင်းကြောင့် ပခုံးလက်ပြင်ကြွက်သားစု အရွတ်ကြောများပေါ်တွင် ဖိအားတိုးလာစေသည်
- အားကစားလှုပ်ရှားမှုများတွင် နည်းစနစ်မမှန်ခြင်းကြောင့်လည်း ထိခိုက်ဒဏ်ရာ ရနိုင်သည်
ဖြစ်ပွါးနိုင်ခြေများသူများ
- အသက်ကြီးသူများ
- လက်ကို ဦးခေါင်းအပေါ်ဘက်သို့ မကြာခဏမြှောက်၍ အသုံးပြုသူများ
- ကြွက်သားအားနည်းသူများ
- ယခင်ပခုံးဒဏ်ရာရဖူးသူများ
ရောဂါလက္ခဏာများ
ရောဂါပြင်းထန်မှုအလိုက် အောက်ပါရောဂါလက္ခဏာများ ခံစားရနိုင်သည်။ ပခုံးလက်ပြင်ကြွက်သားစု ထိခိုက်ဒဏ်ရာရှိပါက ပုံမှန်အားဖြင့် ပခုံးနာခြင်း၊ လက်အားနည်းခြင်းနှင့် လှုပ်ရှားရခက်ခြင်းတို့ကို တွေ့ရတတ်သည်။
- ပခုံးနာခြင်း (Pain)
- ပခုံးတွင် ဆက်တိုက် ကိုက်ခဲနာကျင်မှု ဖြစ်တတ်သည်
- နာကျင်မှုသည် လက်မောင်းအပေါ်ပိုင်းသို့ ပျံ့နှံ့နိုင်သည်
- အထူးသဖြင့် လက်ကို ဦးခေါင်းအပေါ်သို့ မြှောက်သောအခါ၊ ပစ္စည်းများကို အပေါ်သို့ ‘မ’ သောအခါ ပို၍နာကျင်မှု ခံစားရသည်
- ညဘက်တွင် ပိုနာတတ်ပြီး ထိခိုက်ထားသောဘက်ကို ဖိအိပ်လျှင် ပိုမိုနာကျင်နိုင်သည်
- လက်အားနည်းခြင်း (Weakness)
- လက်ကို အပေါ်သို့မြှင့်ရန် ခက်ခဲလာခြင်း
- လက်ကို ဘေးဘက်သို့ မြှောက်ခြင်း သို့မဟုတ် လှည့်ခြင်းတွင် အားနည်းခြင်း
- ပြင်းထန်သောအခြေအနေတွင် လက်ကို ထိန်းမထားနိုင်ဘဲ ပြုတ်ကျသွားနိုင်သည်
- လှုပ်ရှားရခက်ခြင်း (Limited movement)
- လက်ကို ခေါင်းအပေါ်သို့ မမြှင့်နိုင်ခြင်း
- လက်ကို နောက်ဘက်သို့ မဆန့်နိုင်ခြင်း
- ပခုံးတင်းကျပ်နေသလို ခံစားရခြင်း
- လှုပ်ရှားသည့်အခါ နာကျင်ခြင်း
- လက်ကို မြှောက်ခြင်း၊ လှည့်ခြင်းတို့တွင် နာကျင်မှု ဖြစ်ပေါ်သည်
- အချို့လူနာများတွင် လှုပ်ရှားချိန်တွင် နာကျင်မှု တိုးလာသည်
- အသံကြားခြင်း သို့မဟုတ် ခံစားရခြင်း
- ပခုံးလှုပ်ရှားချိန်တွင် ပွတ်တိုက်သံကို ခံစားသိရှိနိုင်သည်
- နေ့စဉ်လုပ်ငန်းများဖြစ်သည့် အဝတ်အစား ဝတ်ခြင်း၊ ပစ္စည်းများ မြှောက်ယူခြင်း၊ မော်တော်ကား မောင်းခြင်း အခြေအနေများတွင် အခက်အခဲရှိနိုင်သည်
နောက်ဆက်တွဲပြဿနာများ
ပခုံးလက်ပြင်ကြွက်သားစု ထိခိုက်ဒဏ်ရာရခြင်းကို စနစ်တကျမကုသပါက အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- နာတာရှည် ပခုံးနာကျင်ခြင်း _ ပခုံးနာကျင်မှု ဆက်တိုက်ရှိနေကာ ညဘက်တွင် ပိုနာလာပြီး အိပ်ရေးထိခိုက်နိုင်သည်
- အရွတ်ကြောစုတ်ပြဲမှု ပိုမိုဆိုးရွားလာခြင်း _ အစပိုင်း အနည်းငယ်ပေါက်ပြဲမှုသည်
- အချိန်ကြာလာသည်နှင့် ပိုမိုကြီးမားသော ပေါက်ပြဲမှု ဖြစ်လာနိုင်သည်
- ပခုံးဆစ်ခိုင်ခြင်း (Frozen shoulder) _ လက်မောင်းရိုးနှင့် လက်ပြင်ရိုးဆုံသည့်နေရာ ပခုံးဆစ်တွင် နာကျင်ပြီး တဖြည်းဖြည်းနှင့် အဆစ်၏ လှုပ်ရှားမှုများ ပြည့်ဝအောင် မပြုလုပ်နိုင်တော့ခြင်း ဖြစ်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများ ခံစားရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ လိုအပ်ပါက အရိုးအထူးကုဆရာဝန်နှင့် လွှဲပြောင်းကုသမှု ခံယူရမည်။
အရေးပေါ် ပြသရန်
ရုတ်တရက် ပခုံးနာကျင်မှု ပြင်းထန်လာခြင်း၊ လက်ကို မမြှောက်နိုင်ခြင်း၊ လက်မောင်းအသုံးပြုနိုင်မှု အလွန်အားနည်းလာခြင်းတို့ ရှိပါက ဆေးရုံ၊ ဆေးခန်းသို့ အရေးပေါ် သွားရောက် ပြသသင့်သည်။
ရောဂါရှာဖွေခြင်း
လူနာ၏ ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ပခုံးလက်ပြင်ကြွက်သားစု ထိခိုက်ဒဏ်ရာရခြင်းအခြေအနေ၏ ပြင်းထန်မှုကို ခန့်မှန်းနိုင်သည်။ ပိုမိုတိကျစွာ သိရှိရန် အောက်ပါ ပုံရိပ်ဖော်စမ်းသပ်မှုများကို လုပ်ဆောင်နိုင်သည်။
- ပခုံးဓာတ်မှန်ရိုက်ခြင်း (Shoulder X-ray)
- ပခုံးလက်ပြင်ကြွက်သားစု အရွတ်ကြောများကို တိုက်ရိုက်မမြင်နိုင်သော်လည်း အရိုးကျိုးခြင်း (fracture)၊ အရိုးအပိုထွက်ခြင်း (bone spur)၊ အဆစ်အနေအထား မမှန်ခြင်းတို့နှင့် ခွဲခြားရန် အသုံးဝင်သည်
- အာထရာဆောင်းဖြင့် စစ်ဆေးခြင်း (USG)
- ပခုံးလက်ပြင်ကြွက်သားစု အရွတ်ကြောများ၏ စုတ်ပြဲမှု (tear)၊ ရောင်ရမ်းမှု (inflammation) ကို သိရှိနိုင်သည်
- အလွယ်တကူ လုပ်ဆောင်နိုင်ပြီး ကုန်ကျစရိတ်နည်းသော စမ်းသပ်မှုဖြစ်သည်
- သံလိုက်ဓာတ်မှန် (MRI)
- ပခုံးလက်ပြင်ကြွက်သားစု အရွတ်ကြောများ၏ ဒဏ်ရာရှာဖွေရန် အကောင်းဆုံး စမ်းသပ်မှု (gold standard) ဖြစ်သည်
- အရွတ်ကြော တည်ရှိသည့်နေရာနှင့် စုတ်ပြဲမှု အရွယ်အစား (partial / complete tear) ကိုသိရှိနိုင်သည်
- ပခုံးအတွင်း ဆေးထိုးစမ်းသပ်ခြင်း (Diagnostic injection)
- ပခုံးအဆစ်အတွင်း ထုံဆေးထိုး၍ နာကျင်မှု ဖြစ်စေသောနေရာကို ခန့်မှန်းနိုင်သည်
ကုသခြင်း
ပခုံးလက်ပြင်ကြွက်သားစု ထိခိုက်ဒဏ်ရာရခြင်းကို ဒဏ်ရာ၏ ပြင်းထန်မှု၊ စုတ်ပြဲမှုအရွယ်အစားနှင့် လူနာ၏ လှုပ်ရှားမှုလိုအပ်ချက်များအပေါ် မူတည်၍ ကုသသည်။
ကနဦး အရေးပေါ် ကုသခြင်း (Immediate care)
- ပခုံးကို အနားပေး၍ လှုပ်ရှားမှုများကို ကန့်သတ်ထားရမည်
- လိုအပ်ပါက လက်သိုင်းကြိုး (arm sling) ကို ခဏတာ အသုံးပြုနိုင်သည်
- နာကျင်မှုနှင့် ရောင်ရမ်းမှု လျော့ချရန်
- ရေခဲကပ်ခြင်း (ice pack) ကို (၁၅–၂၀) မိနစ်ခန့်ဖြင့် တစ်နေ့ (၂–၃) ကြိမ် လုပ်နိုင်သည်
- နာကျင်မှုသက်သာသော ဆေးဝါးများ (paracetamol, NSAIDs) ကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်နိုင်သည်
မခွဲစိတ်ဘဲ ကုသသည့်နည်းလမ်း
ပခုံးလက်ပြင်ကြွက်သားစု ထိခိုက်ဒဏ်ရာရခြင်းအများစုကို မခွဲစိတ်ဘဲ ကုသနိုင်သည်။
- အနားယူခြင်း
- ပခုံးနာစေသော လှုပ်ရှားမှုများ (အထူးသဖြင့် လက်ကို ဦးခေါင်းအပေါ်သို့ မြှောက်တင်ခြင်းများ) ကို လျှော့ချရမည်
- နာကျင်မှု သက်သာလာသည်နှင့် လှုပ်ရှားမှုများကို တဖြည်းဖြည်း ပြန်စတင်နိုင်သည်
- ဆေးဝါးဖြင့်ကုသခြင်း
- နာကျင်မှုသက်သာဆေးများ (NSAIDs) ပေးနိုင်သည်
- လိုအပ်ပါက အရွတ်ကြောအတွင်းသို့ စတီးရွိုက်ဆေးထိုးခြင်းဖြင့် ရောင်ရမ်းမှု လျော့ချနိုင်သည်
- ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ (Physiotherapy)
- နာကျင်မှု လျှော့ချနိုင်ရန်၊ ပခုံးလှုပ်ရှားမှု (range of motion) ပြန်လည်ကောင်းမွန်စေရန်နှင့် ပခုံးလက်ပြင်ကြွက်သားစု ကြွက်သားများ သန်မာစေရန် လေ့ကျင့်ခန်းပြုလုပ်သည်
ခွဲစိတ်ကုသသည့် နည်းလမ်း
ပခုံးလက်ပြင်ကြွက်သားစု ထိခိုက်ဒဏ်ရာရခြင်း အများစုတွင် ခွဲစိတ်ကုသမှု မလိုအပ်သော်လည်း အောက်ပါအခြေအနေများတွင် လိုအပ်နိုင်သည်။
- အရွတ်ကြောတစ်ခုလုံး စုတ်ပြဲခြင်း (full-thickness tear)
- မခွဲစိတ်ကုသသည့် နည်းလမ်းများဖြင့် (၃-၆)လ ကုသသော်လည်း မသက်သာခြင်း
- လက်လှုပ်ရှားမှု အားနည်းခြင်း ပို၍ပြင်းထန်လာခြင်း
- လူငယ်များ သို့မဟုတ် လက်ကို အသုံးပြုမှုများသော အလုပ်အကိုင်ရှိသူများ
ခွဲစိတ်ကုသသည့်နည်းလမ်းများ
- မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Arthroscopic rotator cuff repair)
- ဒဏ်ရာသေးငယ်ပြီး အနာကျက်မြန်သောကြောင့် အသုံးအများဆုံး နည်းလမ်းဖြစ်သည်
- ခွဲစိတ်ခန်းသုံးမှန်ပြောင်းဖြင့် အပေါက်ငယ်လေးများမှတစ်ဆင့် စုတ်ပြဲသွားသော အရွတ်ကြောကို ပြုပြင်ကုသခြင်းဖြစ်သည်
- သမားရိုးကျ ခွဲစိတ်မှု (Open Surgery)
- အရွတ်ကြောစုတ်ပြဲမှု အလွန်ကြီးမားသည့်အခါ သို့မဟုတ် ခက်ခဲရှုပ်ထွေးသည့်အခါတွင် အသုံးပြုရတတ်ပြီး ခွဲစိတ်သည့်ဒဏ်ရာ ပိုကြီးမားသည်
- ပျက်စီးနေသော တစ်ရှူးများကို ဖယ်ထုတ်ခြင်းနှင့် အရွတ်ကြောပေါ်တွင် ဖိမိနေသော အရိုးအတက်များကို ဖယ်ရှားပေးခြင်းဖြင့် နာကျင်မှုကို သက်သာစေသည်
- အရွတ်ကြော အစားထိုးကုသခြင်း (Tendon transfer)
- အရွတ်ကြော စုတ်ပြဲမှု ပြင်းထန်လွန်း၍ မူလနေရာတွင် ပြန်လည်ချုပ်ရန် ခက်ခဲသော (Massive tear) အခြေအနေများတွင် အခြားနေရာမှ အရွတ်ကိုယူ၍ အစားထိုးအသုံးပြုခြင်းဖြစ်သည်
- ပခုံးဆစ် အစားထိုးခြင်း (Reverse shoulder replacement)
- အသက်ကြီးသော လူနာများတွင် အရွတ်ကြော စုတ်ပြဲမှုနှင့်အတူ အဆစ်ရောင်ရမ်းခြင်းပါ တွဲဖက်ဖြစ်ပေါ်နေပါက ပခုံးဆစ်တစ်ခုလုံးကို အစားထိုးခြင်းဖြစ်သည်
ခွဲစိတ်ပြီးနောက် ပြုစုခြင်း
ခွဲစိတ်ပြီးနောက် ပခုံးကို အချိန်ကာလတစ်ခုအထိ မလှုပ်ရှားဘဲ လက်သိုင်းကြိုး (Arm sling) ဖြင့် ထိန်းထားရမည်
ထို့နောက် အဆစ်လှုပ်ရှားမှုနှင့် ကြွက်သားသန်မာမှုကို ပြန်လည်ရရှိစေရန် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို ဆက်လက်လုပ်ဆောင်ရန် အရေးကြီးသည်
ကာကွယ်ခြင်း
- ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း
- ပခုံးနှင့် ရင်ဘတ်ကြွက်သားများကို ပုံမှန်အကြောလျှော့ပေးခြင်း၊ သွေးပူလေ့ကျင့်ခန်း လုပ်ခြင်းနှင့် ကြွက်သားသန်မာရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ပခုံးဆစ်ကို ပိုမိုတည်ငြိမ်ပြီး ချောမွေ့စွာ လှုပ်ရှားနိုင်စေသည်
- စနစ်တကျ လှုပ်ရှားသွားလာခြင်း
- အလုပ်လုပ်ရာတွင်ဖြစ်စေ၊ အားကစားလုပ်ရာတွင်ဖြစ်စေ ကိုယ်ဟန်အနေအထားနှင့် နည်းစနစ်မှန်ကန်စေရန် သတိပြုပါ၊ လှုပ်ရှားမှုအသစ်များကို ချက်ချင်းအပြင်းအထန်မလုပ်ဘဲ တဖြည်းဖြည်းချင်းစီသာ တိုးမြှင့်လုပ်ဆောင်ပါ
- အလွန်အကျွံအသုံးပြုမှုကို ထိန်းချုပ်ခြင်း
- လက်ကို ဦးခေါင်းပေါ်မြှောက်၍ အလုပ်လုပ်ရပါက အနားယူချိန် စနစ်တကျ ထည့်သွင်းပါ၊ မိမိနှင့်ကိုက်ညီသော အားကစားနှင့် လုပ်ငန်းသုံးပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုပါ
- နေထိုင်မှုပုံစံနှင့် ကျန်းမာရေး ဂရုစိုက်ခြင်း
- ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်းသည် အရွတ်ကြောများဆီသို့ သွေးစီးဆင်းမှု ကောင်းမွန်စေပြီး ကျန်းမာစေသည်၊ ပခုံးတွင် ထူးခြားသော နာကျင်မှုတစ်ခုခု ခံစားရပါက မပေါ့ဆဘဲ ဆရာဝန်နှင့် အမြန်ဆုံးပြသပါ
References:
- Cleveland Clinic. (2023). Rotator cuff tear. Retrieved March 17, 2026, from https://my.clevelandclinic.org/health/diseases/8291-rotator-cuff-tear
- Mayo Clinic. (n.d.). Rotator cuff injury: Symptoms and causes. Retrieved March 17, 2026, from https://www.mayoclinic.org/diseases-conditions/rotator-cuff-injury/symptoms-causes/syc-20350225
- American Academy of Orthopaedic Surgeons. (2022). Rotator cuff tears. Retrieved March 17, 2026, from https://orthoinfo.aaos.org/en/diseases–conditions/rotator-cuff-tears/
Published: 29 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.