Patellofemoral Pain Syndrome (ဒူးဆစ်ရှေ့ပိုင်းနာကျင်ခြင်း လက္ခဏာစု)

Patellofemoral Pain Syndrome (ဒူးဆစ်ရှေ့ပိုင်းနာကျင်ခြင်း လက္ခဏာစု)

ဒူးဆစ်ရှေ့ပိုင်းနာကျင်ခြင်းလက္ခဏာစု (Patellofemoral Pain Syndrome) ဆိုသည်မှာ ဒူးဆစ်ကို ဖုံးအုပ်ထားသော ခုံညင်းရိုး (Patella /kneecap) ၏ အရှေ့ဘက် သို့မဟုတ် ပတ်ပတ်လည်တွင် နာကျင်မှု ခံစားရခြင်းကို ဆိုလိုသည်။ ၎င်းသည် ပေါင်ရိုး (Femur) နှင့် ခုံညင်းရိုးတို့ ဆုံသည့်နေရာတွင် ဖြစ်ပွါးလေ့ရှိသည်။ ဒူးဆစ်ကို အသုံးပြုမှု များသောကြောင့် ခုံညင်းရိုးအနောက်ဘက်မျက်နှာပြင်ရှိ အရိုးနုပေါ်သို့ ဖိအားသက်ရောက်ခြင်း သို့မဟုတ် ပွတ်တိုက်မှုခြင်းများ ဖြစ်ပေါ်စေကာ အဆစ်ကိုဒဏ်ဖြစ်စေခြင်းကြောင့်ဖြစ်သည်။

ဒူးဆစ်ရှေ့ပိုင်းနာကျင်ခြင်းလက္ခဏာစုသည် လူငယ်အားကစားသမားများတွင် အဖြစ်အများဆုံး ဒူးနာရခြင်း အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ အထူးသဖြင့် ပြေးခြင်း၊ ခုန်ခြင်း သို့မဟုတ် ထိုင်ထလုပ်ခြင်း စသည့်လှုပ်ရှားမှုများ ပါဝင်သော အားကစားနည်းများကို ကစားသည့် အားကစားသမားများတွင် ဤလက္ခဏာစု အဖြစ်များလေ့ရှိသောကြောင့် Runner’s Knee ဟုလည်းခေါ်သည်။ ဒူးတစ်ဖက်တည်း ဖြစ်ပွါးနိုင်သကဲ့သို့ ဒူးနှစ်ဖက်စလုံးလည်း တစ်ပြိုင်နက်တည်း ဖြစ်ပွါးနိုင်သည်။ ဤလက္ခဏာစုသည် ဒူးနာခြင်းကြောင့် ဆေးရုံ ဆေးခန်းပြရသူ စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိသည်။

ဖြစ်ပေါ်ရသည့်အကြောင်းရင်းများ

ခုံညင်းရိုးသည် ဒူးဆစ်၏အရှေ့ဘက်ရှိ အရိုးဖြစ်သည်။ ၎င်းသည် ဒူးဆစ်ကို ကာကွယ်ပေးထားပြီး ပေါင်ကြွက်သားများနှင့် အရွတ်များကို ချိတ်ဆက်စေကာ ခြေထောက်လှုပ်ရှားမှုများကို ကူညီပေးသည်။

ပုံမှန်အခြေအနေတွင် ခုံညင်းရိုးသည် ပေါင်ရိုး (Femur)၏ အရိုးချိုင့်ခွက်အတွင်း အံဝင်ခွင်ကျဖြစ်နေပြီး ဒူးကို ကွေးခြင်း သို့မဟုတ် ဆန့်တန်းခြင်း ပြုလုပ်သည့်အခါ ချောမွေ့စွာ ရွေ့လျားနေသည်။ ဒူးဆစ်ရှေ့ပိုင်းနာကျင်ခြင်း လက္ခဏာစုရောဂါတွင် ခုံညင်းရိုး ရွေ့လျားမှု ပုံမမှန်သောကြောင့် နာကျင်မှုကို ဖြစ်စေသည်။

ဒူးဆစ်ရှေ့ပိုင်းနာကျင်ခြင်း လက္ခဏာစု ဖြစ်ပေါ်ရသည့်အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း အောက်ပါအချက်များကြောင့် ဖြစ်နိုင်သည်။

  • ဒူးခေါင်းခွက် တည်ဆောက်ပုံနေရာမမှန်ခြင်း (Malalignment) _ ဒူးဆစ်ကွေးခြင်းနှင့် ဆန့်တန်းခြင်း ပြုလုပ်သည့်အချိန်များတွင် ခုံညင်းရိုးရွေ့လျားသည့်လမ်းကြောင်း ချောမွေ့မှုမရှိဘဲ နာကျင်မှု ခံစားရသည်
  • ဒူးဆစ်ပတ်လည်ရှိ ကြွက်သားများ အားနည်းခြင်း သို့မဟုတ် တင်းခြင်း _ ဒူးဆစ်ပတ်လည်ရှိ ကြွက်သားများ အားနည်းပါက ဒူးဆစ်ကို ထောက်ပံ့သင့်သလောက် မထောက်ပံ့နိုင်ပေ၊ အလားတူပင် ပေါင်ခြံကြွက်သားများနှင့် အခြားကြွက်သားများသည် လုံလောက်စွာ ပျော့ပြောင်းမှုမရှိပါက ဒူးပေါ်တွင် ဖိအားသက်ရောက်မှု များစေနိုင်သည်
  • ပေါင်နောက်ကြွက်သား (Hamstrings) သို့မဟုတ် ခြေဖနောင့်ကြော (Achilles tendons) များ တင်းကျပ်နေခြင်း
  • ပြင်းထန်စွာ လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် တူညီသော လှုပ်ရှားမှုကို မကြာခဏပြုလုပ်၍ ဒူးဆစ်များကို အလွန်အကျွံအသုံးပြုခြင်း
  • ဒူးဆစ်ထိခိုက်ဒဏ်ရာရခြင်း
  • ခြေထောက်အနေအထား မမှန်ခြင်းကြောင့် ​လမ်းလျှောက်သည့်အခါ သို့မဟုတ် ပြေးသည့်အခါ ခြေထောက်သည် အတွင်းဘက်သို့ လိပ်ဝင်သွားခြင်း
‌ရောဂါဖြစ်ပွါးနိုင်ခြေများသူများ
  • ဆယ်ကျော်သက်ကလေးများနှင့် အသက် (၂၀) မှ (၄၀) နှစ်အတွင်း လူငယ်လူရွယ်များ
  • ပြေး၊ ခုန်၊ ပစ် အားကစားသမားများ
  • ကာယလုပ်သားများ
  • အမျိုးသမီးများသည် အမျိုးသားများထက် (၂) ဆခန့် ပိုမိုဖြစ်ပွါးသည်
ရောဂါလက္ခဏာများ
  • လှုပ်ရှားသွားလာသည့်အခါ ဒူးဆစ်အရှေ့ပိုင်းတွင် နာကျင်ခြင်း
  • လှေကားအတက်အဆင်း ပြုလုပ်ချိန်တွင် ပိုမိုနာကျင်ခြင်း
  • ကြာမြင့်စွာ ​ဒူးကွေးပြီး ထိုင်ပြီးနောက် နာကျင်ခြင်း၊ ခြေထောက်မခိုင်သကဲ့သို့ ခံစားရခြင်း
  • ဒူးကို ကွေးခြင်း၊ ဆန့်ခြင်း ပြုလုပ်သည့်အခါ ဒူးခေါင်းခွက်မှ ပွတ်တိုက်သံ၊ ကြိတ်သံ သို့မဟုတ် ကလစ် (Click) ဟူသော အသံများ ကြားရခြင်း သို့မဟုတ် ခံစားရခြင်း
  • ဒူးရှေ့ပိုင်းနှင့် ​ဒူးဖုံးရိုးကို ထိလိုက်လျှင် နာကျင်ခြင်း
  • အချိန်မီ မကုသလျှင် နာကျင်မှုဝေဒနာ ပိုဆိုးလာနိုင်သည့်အပြင် ခန္ဓာကိုယ်ဟန်ချက်အနေအထား ပြောင်းလဲလာပြီး တင်ပါးဆုံ၊ ခြေမျက်စိ၊ ခြေထောက်ကြွက်သားနှင့် ခါးတို့ကို ဒဏ်ဖြစ်စေကာ ၎င်းနေရာများတွင်ပါ နာကျင်မှု ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
  • ဒူးဆစ်ရှေ့ဘက်နာကျင်မှု နာတာရှည်ဖြစ်လာပါက လမ်းလျှောက်ခြင်း၊ လှေကားတက်ဆင်းခြင်းနှင့် နေ့စဉ်လှုပ်ရှားမှုများ ခက်ခဲလာနိုင်သည်
  • ကြွက်သားအားနည်းခြင်းနှင့် လှုပ်ရှားမှုပုံစံ ပြောင်းလဲခြင်းကြောင့် အခြားအဆစ်များတွင် နာကျင်မှုများ ဖြစ်ပေါ်နိုင်သည်
  • ခုံညင်းရိုး မတည်ငြိမ်မှုနှင့် အရိုးနု ပျက်စီးမှုများ ဖြစ်လာနိုင်ပြီး နောက်ပိုင်းတွင် ဒူးဆစ်ကျီးပေါင်းတက် ရောဂါ (Osteoarthritis of Knee) ထိ ဖြစ်ပွါးနိုင်သည်
  • လှုပ်ရှားသွားလာမှု လျော့နည်းလာခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် လူမှုဘဝ အရည်အသွေးကျဆင်းမှု ဖြစ်ပေါ်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

ဒူးဆစ်အရှေ့ပိုင်းတစ်ဝိုက်နာကျင်ခြင်းမှာ ရက်သတ္တပတ် အနည်းငယ်အတွင်း မသက်သာလျှင် သို့မဟုတ် ဒူးဆစ်လှုပ်ရှားမှု ပိုမိုခက်ခဲလာလျှင် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ စမ်းသပ်စစ်ဆေးပြီး လိုအပ်ပါက အရိုးအထူးကုဆရာဝန်နှင့် လွှဲပြောင်းကုသစေမည်။

အရေးပေါ်ပြသရန်
ဒူးနှင့်ခြေထောက်တစ်ခုလုံး လှုပ်ရှားမရအောင် အလွန်အမင်းနာကျင်ခြင်း၊ ရောင်ရမ်းကိုက်ခဲခြင်း၊ ကိုယ်အပူချိန်တတ်ခြင်းတို့ဖြစ်ပါက အရေးပေါ်ပြသရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း ​

ဆရာဝန်မှ ကျန်းမာရေးရာဇဝင်နှင့် ရောဂါလက္ခဏာများ မေးမြန်းခြင်း၊ ဒူးနှင့်ခန္ဓာကိုယ် စမ်းသပ်ခြင်းနှင့် လိုအပ်ပါက ဒူးဆစ်ကို ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging) တို့ဖြင့် ရောဂါရှာဖွေနိုင်သည်။

  • ဓာတ်မှန်ရိုက်ခြင်း (X-ray)
    • ခုံညင်းရိုး၏ ပုံသဏ္ဌာန်နှင့် တည်ရှိပုံအနေအထားကို အဓိက စစ်ဆေးနိုင်သည်
    • အရိုးအဆစ် လွဲချော်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော တည်ဆောက်ပုံများကို သိရှိနိုင်သည်
  • ကွန်ပျူတာဓာတ်မှန် (CT Scan)
    • ခုံညင်းရိုး (Patella) သည် ပေါင်ရိုး၏ အရိုးချိုင့်ခွက်အတွင်း အံဝင်ခွင်ကျ ရှိမရှိကို ရိုးရိုးဓာတ်မှန်ထက် ပိုမိုတိကျစွာ သိရှိနိုင်သည်
    • အရိုးအက်ခြင်း သို့မဟုတ် အရိုးပုံသဏ္ဌာန် မမှန်ကန်ခြင်းတို့ကို စစ်ဆေးနိုင်သည်
  • သံလိုက်ဓာတ်မှန် (MRI)
    • ဒူးဆစ်ကို ထောက်ပံ့ထားသည့် အရွတ်များ (Ligaments)၊ ကြွက်သားများနှင့် အရိုးနု (Cartilage) များ၏ ထိခိုက်ပျက်စီးမှုကို ပိုမိုရှင်းလင်းစွာ သိရှိနိုင်သည်
    • အရိုးတွင်း အရည်စုခြင်း (Bone marrow edema) သိရှိနိုင်သည်
ကုသခြင်း

ဒူးဆစ်ရှေ့ပိုင်းနာကျင်ခြင်းလက္ခဏာစု ခံစားရသူ အများစုကို ခွဲစိတ်မှု မလိုအပ်ဘဲ ကုသနိုင်သည်။ ခြေထောက်ကြွက်သားများ သန်မာစေရန်၊ အဆစ်များ ပိုမိုပျော့ပြောင်းစေရန်နှင့် နာကျင်မှုသက်သာစေရန် အောက်ပါနည်းလမ်းများဖြင့် ရောဂါကို ကုသသည်။

ကနဦးအရေးပေါ်ကုသခြင်း
RICE နည်းလမ်းဖြင့် ကုသသည်

  • အနားယူခြင်း (Rest) _ နာကျင်မှုကို ဖြစ်စေသော ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို ရပ်တန့်ပါ
  • ရေခဲကပ်ခြင်း (Ice) _ ရေခဲအိတ် သို့မဟုတ် ရေအေးဆွတ်ထားသော အဝတ်ကပ်ပေးခြင်းကို တစ်ကြိမ်လျှင် ၁၅မိနစ် မှ ၂၀မိနစ်ခန့်ဖြင့် တစ်နေ့လျှင် (၃-၄) ကြိမ် ပြုလုပ်နိုင်သည်
  • ဖိအားပေးခြင်း (Compression) _ ဖိအားပေးခြင်းသည် ဒူးသို့ သွေးစီးဆင်းမှုကို လျှော့ချပေးပြီး ရောင်ရမ်းမှုကို လျော့ကျစေသည်၊ ဆွဲဆန့်နိုင်သော မျှော့ပတ်တီးဖြင့် ဒူးတစ်ဝိုက်ကို ပတ်ရသည်
  • အမြင့်တင်ထားခြင်း (Elevation) _ ခေါင်းအုံး၊ စောင် သို့မဟုတ် ကူရှင်များဖြင့် ဒူးကို မြှင့်ထားနိုင်သည်

မခွဲစိတ်ဘဲကုသသည့်နည်းလမ်း

  • လှုပ်ရှားသွားလာမှုပုံစံကို ပြုပြင်ပြောင်းလဲခြင်း (Activity Modification) _ ဒူးနာစေသော လှုပ်ရှားမှုများဖြစ်သည့် ပြေးခြင်း၊ ခုန်ခြင်း၊ ဆောင့်ကြောင့်ထိုင်ခြင်း၊ လှေကားအတက်အဆင်းများခြင်းတို့ကို လျှော့ချရမည်၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း လေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည်၊ နာကျင်မှု သက်သာလာမှသာ လှုပ်ရှားမှုများ တဖြည်းဖြည်းတိုး၍ လုပ်သွားသင့်သည်
  • ဆေးဝါးဖြင့်ကုသခြင်း _​အိုင်ဗျူပရိုဖဲင်(Ibuprofen) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ သောက်နိုင်သည်
  • ဒူးဆစ် တည်ငြိမ်စေရန် ဒူးဆစ်အထိန်း (Bracing) ဝတ်ဆင်နိုင်သည်၊ ခြေထောက်အနေအထား ပုံမှန်မဟုတ်ပါက သင့်တော်သည့် အထူးပြုလုပ်ထားသည့်ဖိနပ် ဝတ်ဆင်ရန် လိုအပ်သည်
  • ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများဖြင့် ကုသမှုပေးခြင်း (Exercise Therapy) _ အကြောအဆစ် ပြန်လည်သန်စွမ်းရေးပညာရှင်မှ ဒူးခေါင်းတစ်ဝိုက်ရှိ ကြွက်သားများ သန်မာစေသည့် လေ့ကျင့်ခန်းများနှင့် အကြောလျှော့ လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်း ပြသပေးမည်၊ ဒူးဆစ်ကြွက်သားများ၏ ခွန်အားနှင့်ပျော့ပြောင်းမှုကို မြှင့်တင်ပေးခြင်းဖြင့် ဒူးဆစ်ကို ပိုမိုကောင်းမွန်စွာ ထောက်ပံ့ပေးပြီး ခုံညင်းရိုး (patella) အား ချောမွေ့စွာ ရွေ့လျားနိုင်စေရန် ကူညီပေးသည်

ခွဲစိတ်ကုသသည့်နည်းလမ်း
ဒူးဆစ်ရှေ့ပိုင်းနာကျင်ခြင်း လက္ခဏာစုကို ခွဲစိတ်ကုသရန် လိုအပ်မှုမှာ အလွန်ရှားသည်။ ပြင်းထန်သော နာကျင်မှုကို ခံစားနေရပြီး အခြားကုသမှုများဖြင့် မသက်သာပါက အရိုးအထူးကုဆရာဝန်မှ ဒူးခွဲစိတ်မှုကို အကြံပြုနိုင်သည်။ ရောဂါဖြစ်ရသောအကြောင်းရင်းကို သိရှိနိုင်ရန် ဒူးဆစ်အတွင်းသို့ မှန်ပြောင်းဖြင့် ကြည့်ရှုကုသခြင်း (Arthroscopy) ဖြင့် ကုသနိုင်သည်။ ထို့အပြင် ခုံညင်းရိုး ရွေ့လျားမှု ချောမွေ့စေရန်နှင့် လမ်းကြောင်းမှန်စေရန် အရွတ် အတင်း၊ အလျော့ကို ချိန်ညှိခြင်း၊ အရိုးအနေအထား မှန်ကန်စေရန် ခွဲစိတ်ကုသခြင်း၊ အရိုးနုပျက်စီးမှုကို ကောင်းမွန်စေသည့် ခွဲစိတ်ကုသမှု ပြုလုပ်ခြင်းတို့ဖြင့် ကုသနိုင်သည်။

ရောဂါရလဒ် ခန့်မှန်းချက် (prognosis)

စနစ်တကျကုသမှုခံယူပါက လူနာအများစုသည် (၄)ပတ် မှ (၆) ပတ်အတွင်း သက်သာပျောက်ကင်းလေ့ရှိသည်။ နာကျင်မှုသက်သာပြီး ဒူးဆစ်ပြန်လည်သန်စွမ်း တည်ငြိမ်လာလျှင် လုပ်ဆောင်နေကျ လုပ်ငန်း‌ဆောင်တာများ၊ အားကစားလှုပ်ရှားမှုများကို ပြန်လည်ပြုလုပ်နိုင်သည်။

ကာကွယ်ခြင်း
  • အားကစား သို့မဟုတ် အခြားရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများအတွင်း သင့်တော်သော အကာအကွယ်ပစ္စည်းများ၊ ဖိနပ်များကို ဝတ်ဆင်ပါ
  • ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
  • လေ့ကျင့်ခန်း မလုပ်မီ သွေးပူလေ့ကျင့်ခန်းနှင့် အကြောလျှော့ခြင်းများ ပြုလုပ်ပါ
  • လှုပ်ရှားမှုများကို တဖြည်းဖြည်းချင်း တိုးမြှင့်လုပ်ဆောင်ပါ​
  • ပြေးသည့်အခါ ကိုယ်ကို အရှေ့သို့ အနည်းငယ်ကိုင်းပြီး ဒူးကို ကွေး၍ ပြေးပါ
  • ပြင်းထန်သော လှုပ်ရှားမှုပြီးနောက် သင့်ခန္ဓာကိုယ်ကို အနားယူရန်နှင့် ပြန်လည်ကောင်းမွန်လာစေရန် အချိန်ပေးပါ

References:

  1. Mayo Clinic. (2023). Patellofemoral pain syndrome (runner’s knee): Symptoms and causes. Retrieved March 18, 2026, from https://www.mayoclinic.org/diseases-conditions/patellofemoral-pain-syndrome/symptoms-causes/syc-20350792
  2. Cleveland Clinic. (2023). Patellofemoral pain syndrome (PFPS). Retrieved March 18, 2026, from https://my.clevelandclinic.org/health/diseases/17914-patellofemoral-pain-syndrome-pfps
  3. Johns Hopkins Medicine. (n.d.). Patellofemoral pain syndrome (runner’s knee). Retrieved March 18, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/patellofemoral-pain-syndrome-runners-knee

Published: 28 March 2026

Share

28 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.