အမျိုးသား ရင်သားကြီးထွားခြင်း (Gynaecomastia) ဆိုသည်မှာ အမျိုးသားများတွင် ဟော်မုန်းမမျှတမှုကြောင့် ရင်သားတစ်ရှူးများ ပုံမှန်ထက်ပို၍ ကြီးထွားလာခြင်းကို ဆိုလိုသည်။ ဤအခြေအနေကို ရောဂါဟုသတ်မှတ်ခြင်းထက် လက္ခဏာတစ်ခုအဖြစ် ပို၍သတ်မှတ်ကြပြီး အသက်အရွယ်မရွေးတွင် ဖြစ်ပွါးနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အမျိုးသား ရင်သားကြီးထွားခြင်း ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို အတိအကျ ရှင်းရှင်းလင်းလင်း မသိရပါ။
အဓိကအားဖြင့် အမျိုးသားဟော်မုန်း (Testosterone) လျော့နည်းသွားခြင်း သို့မဟုတ် အမျိုးသမီးဟော်မုန်း (Estrogen) ပမာဏ များပြားလာခြင်းကြောင့်ဖြစ်သည်။ ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- သဘာဝအလျောက် ဟော်မုန်းပြောင်းလဲခြင်း – မွေးကင်းစကလေးငယ်များ၊ လူပျိုဖော်ဝင်စအရွယ်နှင့် အသက်ကြီးပိုင်း (၅၀ ကျော်) အမျိုးသားများတွင် ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တတ်သည်
- မွေးကင်းစကလေးများ – အချင်းမှတစ်ဆင့် မိခင်၏ အီစထရိုဂျင် ဟော်မုန်းများ ကူးစက်လာခြင်းကြောင့် ဖြစ်သည်
- အရွယ်ရောက်စ လူငယ်များ – ဆယ်ကျော်သက်ယောက်ျားလေး ထက်ဝက်ကျော်သည် အသက် (၁၄) နှစ်ဝန်းကျင်တွင် တက်စတိုစတီရုန်းဟော်မုန်း ထုတ်လုပ်မှု နောက်ကျခြင်းကြောင့် ခေတ္တခဏ ရင်သားကြီးထွားခြင်းကို ခံစားရလေ့ရှိသည်
- သက်ကြီးရွယ်အိုများ – အသက် (၅၀) ကျော် အမျိုးသားများတွင် အသက်ကြီးလာသည်နှင့်အမျှ တက်စတိုစတီရုန်း ပမာဏ ကျဆင်းလာသဖြင့် သဘာဝအလျောက် ရင်သားကြီးထွားခြင်း ဖြစ်ပွါးတတ်သည်
- ဆေးဝါးများ – အချို့သော ပိုးသတ်ဆေးများ၊ နှလုံးဆေးများ၊ စိတ်ကျရောဂါကုဆေးများနှင့် ကင်ဆာဆေးများ၊ ကြွက်သားကြီးထွားစေရန် စတီးရွိုက်ဆေးများ (Anabolic steroids) အလွန်အကျွံသုံးခြင်း
- မူးယစ်ဆေးနှင့်အရက် – အရက်အလွန်အကျွံသောက်ခြင်း၊ ဆေးခြောက်နှင့် စိတ်ကြွဆေးဝါးများ(Amphetamines) သုံးစွဲခြင်း
- ရောဂါအခံများ – အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ဂလင်း ပြဿနာများနှင့် အကျိတ် (Tumors) များ၊ ဝှေးစေ့ကင်ဆာ၊ ဝှေးစေ့ ထိခိုက်ဒဏ်ရာရခြင်း၊ ဝှေးစေ့ရောင်ခြင်း
ရောဂါလက္ခဏာများ
အဓိကတွေ့ရလေ့ရှိသော လက္ခဏာများမှာ_
- ရင်သားတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး ကြီးထွားနေခြင်း
- ရင်သားတစ်ရှူးများ တင်းနေခြင်း သို့မဟုတ် ထိလိုက်လျှင် နာကျင်ခြင်း
- နို့သီးခေါင်းအောက်တွင် အဖုအကျိတ်ကဲ့သို့ ခံစားရခြင်း
- နို့သီးခေါင်းမှ သွေးရည်ကြည် သို့မဟုတ် အရည်ကြည်ထွက်ခြင်း (ရှားပါးသော်လည်း ဖြစ်ပွါးပါက သတိပြုရန် လိုအပ်သည်) စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
ရုပ်ပိုင်းဆိုင်ရာအရ ကြီးမားသော နောက်ဆက်တွဲပြဿနာများနှင့် ဘေးထွက်ဆိုးကျိုး မရှိသော်လည်း အောက်ပါတို့ ဖြစ်ပွါးနိုင်သည်။
- စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု – ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် ရှက်ရွံ့ခြင်း
- ရင်သားကင်ဆာ (ဖြစ်နိုင်ခြေ နည်းပါးသည်) – အမျိုးသားများတွင် ယေဘုယျအားဖြင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ အလွန်နည်းပါးသော်လည်း သုတေသနတွေ့ရှိချက်များအရ အမျိုးသားရင်သားကြီးထွားသူများတွင် ရင်သားကင်ဆာဖြစ်နိုင်ခြေသည် သာမန်အမျိုးသားများနှင့် ယှဥ်ပါက ဆယ်ဆခန့် ပိုမိုကြောင်း တွေ့ရှိရသည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါလက္ခဏာများ ခံစားရပါက သို့မဟုတ် မိမိရင်သားတစ်ရှူးနှင့် နို့သီးခေါင်းဧရိယာတွင် ပုံမှန်မဟုတ်သော ပြောင်းလဲမှု တစ်စုံတစ်ရာ သတိပြုမိပါက အချိန်မဆိုင်းဘဲ မိသားစုဆရာဝန်နှင့် အမြန်ဆုံး ပြသစစ်ဆေးရန် အရေးကြီးသည်။
ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင်ကို ဆရာဝန်မှ အသေးစိတ်မေးမြန်းပြီး အောက်ဖော်ပြပါ စစ်ဆေးခြင်းအဆင့်များကို ပြုလုပ်မည်ဖြစ်သည်။
- ဆရာဝန်မှ ရင်သား စမ်းသပ်စစ်ဆေးခြင်း (Breast examination)
- ဟော်မုန်းပမာဏကို စစ်ဆေးရန် သွေးစစ်ခြင်း
- ရင်သားဓာတ်မှန် (Mammogram) သို့မဟုတ် ရင်သား အာထရာဆောင်းရိုက် စစ်ဆေးခြင်း (Breast imaging) (လိုအပ်ပါက CT scan/MRI ရိုက်ခြင်း)
- အသားစယူ စစ်ဆေးခြင်း (Biopsy) တို့ဖြစ်သည်။
ကုသခြင်း
အမျိုးသား ရင်သားကြီးထွားခြင်းအတွက် ကုသမှုသည် လူနာအားလုံးအတွက် တူညီမှုမရှိပါ။ အဓိကအားဖြင့် အောက်ပါအတိုင်း ခွဲခြားကုသလေ့ရှိသည်။
စောင့်ကြည့်စစ်ဆေးခြင်း (Observation)
အမျိုးသားအများစု အထူးသဖြင့် အရွယ်ရောက်စ (Puberty) ကာလတွင် ဖြစ်ပွားသော ရင်သားကြီးခြင်းသည် ကုသမှုခံယူစရာမလိုဘဲ ၆လ မှ ၂နှစ်အတွင်း အလိုအလျောက် ပြန်လည်သေးငယ်သွားလေ့ရှိသည်။ ထိုကာလအတွင်း ဆရာဝန်မှ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ပြီး ဟော်မုန်းပမာဏ ပြန်လည်မျှတလာခြင်း ရှိမရှိ စောင့်ကြည့်မည်ဖြစ်သည်။
ဖြစ်စေသောအကြောင်းရင်းကို ကုသခြင်း (Treating the Underlying Cause)
အကယ်၍ အမျိုးသား ရင်သားကြီးထွားခြင်းသည် အခြားရောဂါတစ်ခုခုကြောင့် ဖြစ်နေပါက ထိုရောဂါကို အရင်ကုသရမည်။
- ဆေးဝါးကြောင့်ဖြစ်လျှင် – ရင်သားကြီးထွားစေသော ဆေးဝါးများကို ရပ်ဆိုင်းခြင်း သို့မဟုတ် အခြားဆေးနှင့် အစားထိုးခြင်း
- ရောဂါကြောင့်ဖြစ်လျှင် – အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ သို့မဟုတ် သိုင်းရွိုက်ပြဿနာများကို ထိရောက်စွာ ကုသခြင်း
ဖြစ်စေသောအကြောင်းရင်းကို ကုသခြင်းဖြင့် ရင်သားအရွယ်အစား ပြန်လည်သေးသွားနိုင်သည်။
ဆေးဝါးဖြင့် ကုသခြင်း (Medication)
အမျိုးသား ရင်သားကြီးထွားခြင်းအတွက် ကုသရန် သီးသန့်အတည်ပြုထားသော ဆေးဝါးမရှိသော်လည်း၊ အခြားရောဂါများအတွက် သုံးသောဆေးများကို အသုံးပြုလေ့ရှိသည်။
- SERMs (Selective Estrogen Receptor Modulators) (ဥပမာ – Tamoxifen)
၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ အီစထရိုဂျင် (Estrogen) ၏ အာနိသင်ကို ဟန့်တားပေးပြီး ရင်သားနာကျင်မှုကို လျှော့ချပေးကာ တစ်ရှူးများကို သေးငယ်စေသည်။ - Aromatase Inhibitors – ခန္ဓာကိုယ်မှ အီစထရိုဂျင် ထုတ်လုပ်မှုကို လျှော့ချပေးသော ဆေးများဖြစ်သည်
ခွဲစိတ်ကုသခြင်း (Surgical Options)
ဆေးဝါးဖြင့် ကုသ၍မရသော သို့မဟုတ် ရင်သားတစ်ရှူးများ အမျှင်ဓာတ်များပြီး မာကျောသွားသော (Fibrosis) အခြေအနေတွင် ခွဲစိတ်ရန် လိုအပ်သည်။
- Liposuction (အဆီစုပ်ထုတ်ခြင်း)
ရင်သားတွင် အဆီဓာတ်များ၍ ကြီးနေခြင်းဖြစ်ပါက ရင်သားဂလင်းကို မဖယ်ရှားနိုင်သော်လည်း အပေါက်ငယ်လေးများဖောက်၍ အဆီများကို စုပ်ထုတ်နိုင်သည်။ - Mastectomy (ရင်သားဂလင်းဖယ်ထုတ်ခြင်း)
ရင်သားအတွင်းရှိ ဂလင်းတစ်ရှူး (Glandular tissue) ကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်၊ အမာရွတ်အနည်းငယ်သာ ကျန်ရှိစေမည့် Endoscopic surgery (မှန်ပြောင်းခွဲစိတ်မှု) များဖြင့်လည်း ပြုလုပ်နိုင်သည်။ - နှစ်မျိုးပေါင်း ခွဲစိတ်ခြင်း
အဆီရော၊ တစ်ရှူးပါ များနေပါက Liposuction နှင့် Mastectomy နှစ်မျိုးလုံးကို ပေါင်းစပ်၍ ရင်သားပုံစံ ပြန်လည်ပြုပြင်ပေးလေ့ရှိသည်။
ခွဲစိတ်မှုပြုလုပ်ပြီးပါက ရင်သားပုံစံကျစေရန်နှင့် ရောင်ရမ်းမှုသက်သာစေရန် Compression Vest or Chest Binder (ခွဲစိတ်ပြီးဝတ်ရသည့် ရင်သားကျပ်အင်္ကျီ) ကို အနည်းဆုံး တစ်လခန့် ဝတ်ဆင်ထားရန် လိုအပ်သည်။
ကာကွယ်ခြင်း
- ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ အဝလွန်ခြင်းကို ရှောင်ကြဉ်ခြင်း
- အရက်သောက်သုံးမှုကို လျှော့ချခြင်း သို့မဟုတ် ရှောင်ကြဉ်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း သို့မဟုတ် သောက်သုံးမှု လျှော့ချခြင်း
- တစ်ပတ်လျှင် အနည်းဆုံး ငါးရက်ခန့်၊ တစ်ရက်လျှင် မိနစ် (၃၀) ခန့် ကိုယ်လက်လှုပ်ရှားမှု ပုံမှန် ပြုလုပ်ခြင်း
- ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
သတိပြုရန်မှာ မိမိရင်သားတွင် အဖုအကျိတ်အသစ်များ သို့မဟုတ် ပုံမှန်မဟုတ်သော ပြောင်းလဲမှုတစ်ခုခုကို တွေ့ရှိပါက မိသားစုဆရာဝန်နှင့် ချက်ချင်းပြသပါ။ မိမိဘာသာ ဆေးမြီးတိုများဖြင့် မကုသမိရန် အရေးကြီးသည်။
References:
- Cleveland Clinic. (2024). Gynecomastia (enlarged male breast tissue). Retrieved March 13, 2026, from https://my.clevelandclinic.org/health/symptoms/16227-enlarged-male-breast-tissue-gynecomastia
- Mayo Clinic. (2023). Gynecomastia: Diagnosis and treatment. Retrieved March 13, 2026, from https://www.mayoclinic.org/diseases-conditions/gynecomastia/diagnosis-treatment/drc-20351799
- Mayo Clinic. (2023). Gynecomastia: Symptoms and causes. Retrieved March 13, 2026, from https://www.mayoclinic.org/diseases-conditions/gynecomastia/symptoms-causes/syc-20351793
- British Journal of General Practice. (2021). Gynecomastia. Retrieved March 13, 2026, from https://bjgp.org/content/71/705/185
Published: 26 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.