Infantile Dyschezia (ကလေးငယ်များ ဝမ်းညှစ်ခြင်း)

Infantile Dyschezia (ကလေးငယ်များ ဝမ်းညှစ်ခြင်း)

ကလေးငယ်များ ဝမ်းညှစ်ခြင်း (Infantile Dyschezia) ဆိုသည်မှာ အသက် (၁) လ နှင့် (၉) လကြား ကလေးငယ်များတွင် ဖြစ်တတ်သော “အစာအိမ်နှင့် အူလမ်းကြောင်း၏ ပုံမှန်မဟုတ်သော လုပ်ဆောင်ချက် အခြေအနေများ” (Childhood Functional Gastrointestinal Disorders – FGIDs) ထဲမှ တစ်ခုဖြစ်သည်။ “Dyschezia” ဆိုသည်မှာ ကလေးငယ်တစ်ဦး ဝမ်းသွားခါနီးအချိန်တွင် သိသိသာသာ နေထိုင်ရခက်ခဲပုံပေါ်ခြင်းကို ခေါ်ဆိုသည့် ဆေးပညာအခေါ်အဝေါ် ဖြစ်သည်။ ၎င်းကို ဝမ်းချုပ်ခြင်း (Constipation) နှင့် အမြဲမှားတတ်ကြသော်လည်း Infantile Dyschezia သည် ဝမ်းချုပ်ခြင်း လုံးဝမဟုတ်ပါ။

ယခုအခါ ၎င်းကို “ဦးနှောက်နှင့် အူလမ်းကြောင်း ဆက်သွယ်မှုဆိုင်ရာ ချို့ယွင်းချက်များ” (Disorders of Gut-Brain Interaction – DGBI) ဟုလည်း ခေါ်ဆိုကြပြီး Rome Criteria (Rome IV) ၏ အမျိုးအစားခွဲခြားမှုတွင် ထည့်သွင်းသတ်မှတ်ထားသည်။ Rome Criteria ဆိုသည်မှာ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လုပ်ငန်းဆောင်တာ ချို့ယွင်းမှုများကို ကမ္ဘာတစ်ဝှမ်းရှိ ဆရာဝန်များ တညီတညွတ်တည်း ရောဂါရှာဖွေ သတ်မှတ်နိုင်ရန်အတွက် အထူးကုပညာရှင်များ စုပေါင်းရေးဆွဲထားသည့် စံနှုန်းသတ်မှတ်ချက်များဖြစ်သည်။ Rome IV Criteria ကို အသုံးပြုပြီး ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအရ Infantile Dyschezia သည် ကလေးငယ်များ၏ (၁)ရာခိုင်နှုန်း မှ (၃)ရာခိုင်နှုန်းခန့်တွင်သာ တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ကလေးငယ်များ ဝမ်းသွားခက်ခဲရသည့် အကြောင်းရင်းကို ရှင်းလင်းစွာ သိရှိနိုင်ရန်အတွက် ကလေးငယ်များ၏ ပုံမှန်ဝမ်းအခြေအနေနှင့် ပုံမှန်ဝမ်းသွားခြင်း ဖြစ်စဉ် (Normal Defecation Process) မည်သို့ လုပ်ဆောင်သည်ကို ဦးစွာ နားလည်ထားရန် လိုအပ်သည်။

ကလေးငယ်များ၏ ပုံမှန်ဝမ်းအကြောင်း

ကလေး၏ ကျန်းမာရေးအတွက် စိုးရိမ်ရသောအချက် ဟုတ်မဟုတ် သိနိုင်ရန် ပုံမှန်ဝမ်းအခြေအနေများ (Different coloured stools in infancy) ကို သိရှိထားရန် လိုအပ်သည်။ ကလေးငယ်၏ ဝမ်းအရောင်၊ အပျော့အမာနှင့် အကြိမ်အရေအတွက်တို့သည် ကလေး အသက်အရွယ်အလိုက် ပြောင်းလဲနေသည်ကို သိရှိနားလည်ထားပါက ဝမ်းချုပ်ခြင်းနှင့် ကွာခြားပုံကို ပို၍နားလည်နိုင်မည်။

  • မွေးကင်းစကလေး၏ ဝမ်း (Meconium)
    • အစိမ်းပုပ်ရောင် သို့မဟုတ် အမည်းရောင်ရှိပြီး ကတ္တရာကဲ့သို့ စေးကပ်သော ငယ်ချေး (Meconium) ကို ပထမဆုံး သွားရမည်
    • ၎င်းသည် မိခင်ဝမ်းဗိုက်အတွင်းက မျိုချခဲ့သော ရေမြွှာရည်၊ အူလမ်းကြောင်းဆဲလ်ဟောင်းများ၊ အမွှေးနုများ၊ အချွဲနှင့် သည်းခြေရည်များကို စွန့်ထုတ်ခြင်း ဖြစ်သည် (မွေးပြီး ၄၈ နာရီအတွင်း ငယ်ချေးမသွားပါက ဆရာဝန်နှင့် ပြသပါ)
  • မိခင်နို့သောက်သောကလေး
    • မုန်ညင်းရောင်အဝါ၊ အစေ့အဆန်လေးများပါကာ ပျော့ပျောင်းတတ်သည်
    • တစ်နေ့လျှင် ၃-၄ ကြိမ် သို့မဟုတ် နို့စို့တိုင်းသွားတတ်သည်၊ သို့သော်လည်း အချို့တွင် တစ်ပတ်မှ တစ်ကြိမ်သာ သွားခြင်းမျိုးလည်း ရှိနိုင်ပြီး ပုံမှန်ပင်ဖြစ်သည်
  • နို့မှုန့်သောက်သောကလေး
    • ဝမ်းပိုပျစ်ပြီး အရောင်ပိုရင့်သည်၊ အညိုနု၊ အဝါ သို့မဟုတ် အစိမ်းပုပ်ရောင် ဖြစ်နိုင်ပြီး မြေပဲထောပတ် သို့မဟုတ် ကုလားပဲအနှစ်ကဲ့သို့ ပျစ်တတ်သည်
  • အသက် ၂ – ၃ လအရွယ် အပြောင်းအလဲ
    • ဤအရွယ်တွင် ဝမ်းသွားသည့် အလေ့အထ ပြောင်းလဲတတ်သည်
    • တစ်နေ့ တစ်ကြိမ်မှ တစ်ပတ် တစ်ကြိမ်အထိ ဝမ်းသွားနိုင်ပြီး၊ ဝမ်းပျော့နေသရွေ့ စိုးရိမ်စရာမဟုတ်ပါ
ပုံမှန်ဝမ်းသွားခြင်းဖြစ်စဥ် (Defecation)

ကလေးများသည် အစဉ်ဖွံ့ဖြိုးတိုးတက်နေသူများ ဖြစ်ကြပြီး မှောက်ခြင်း၊ တွားသွားခြင်း၊ လမ်းလျှောက်ခြင်းနှင့် စကားပြောခြင်းကဲ့သို့သော စွမ်းရည်များကို သင်ယူရန် အချိန်ယူကြရသည်။ ထို့အတူ ဝမ်းသွားခြင်း ဖြစ်စဉ်သည်လည်း ကလေးငယ်များ သင်ယူရမည့် “ကျွမ်းကျင်မှုဆိုင်ရာ အလိုအလျောက်တုံ့ပြန်မှု” (Skill) တစ်ခုဖြစ်သည်။

ဝမ်းသွားခြင်းဆိုသည်မှာ အစာအိမ်နှင့် အူလမ်းကြောင်းစနစ် (Gastrointestinal)၊ အာရုံကြောစနစ် (Neurological) နှင့် ကြွက်သား၊ အရိုးအဆစ်စနစ် (Musculoskeletal) တို့အကြား အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ရသော ရှုပ်ထွေးနက်နဲသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ဝမ်းသွားခြင်းဖြစ်စဉ် အောင်မြင်ရန်အတွက် အောက်ပါလုပ်ဆောင်ချက် နှစ်ချက်ကို ဟန်ချက်ညီညီ ပေါင်းစပ်လုပ်ဆောင်နိုင်ရန် လိုအပ်သည်။

  • ဝမ်းဗိုက်အတွင်း ဖိအားမြှင့်တင်ခြင်း – ဝမ်းဗိုက်ခြားကြွက်သား (Diaphragm) နှင့် ဝမ်းဗိုက်နံရံကြွက်သားများ (Abdominal Wall) မှ တစ်ပြိုင်နက်တည်း ညှစ်ထုတ်ပေးရခြင်း
  • စအိုဝကို ဖြေလျှော့ပေးခြင်း – တင်ပါးဆုံကြွက်သားများ (Pelvic floor muscles) နှင့် စအိုဝကြွက်သား (Anal sphincter) တို့မှ တစ်ပြိုင်တည်း ဖြေလျော့ပေးရခြင်း

အဆိုပါ လုပ်ဆောင်ချက်နှစ်ရပ်လုံးကို တစ်ပြိုင်နက်တည်း ဟန်ချက်ညီညီ လုပ်ဆောင်နိုင်မှသာ လွယ်ကူချောမွေ့စွာ ဝမ်းသွားနိုင်မည်ဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

Infantile Dyschezia ဖြစ်ရခြင်းမှာ ကလေးငယ်၏ ခန္ဓာကိုယ်၌ ရောဂါတစ်ခုခု ရှိနေခြင်းကြောင့် မဟုတ်ဘဲ အစာအိမ်အူလမ်းကြောင်း၊ အာရုံကြောနှင့် ကြွက်သားစနစ်များ ဖွံ့ဖြိုးဆဲကာလ ဖြစ်နေသောကြောင့် ဖြစ်သည်။ ကလေးငယ်သည် ဝမ်းသွားရန် လိုအပ်သော တုံ့ပြန်မှုများကို ဟန်ချက်ညီအောင် မပေါင်းစပ်နိုင်သေးခြင်းမှာ အဓိကအကြောင်းရင်းဖြစ်သည်။

  • ညှစ်ခြင်းနှင့် ဖြေလျှော့ခြင်း မညီညွတ်မှု – ကလေးငယ်သည် ဝမ်းဗိုက်အတွင်း ဖိအားမြှင့်တင်ရန် ညှစ်ထုတ်ခြင်း (Pushing) နှင့် တင်ပါးဆုံကြွက်သားများ ဖြေလျှော့ပေးခြင်း (Relaxing) တို့ကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရန် မတတ်မြောက်သေးပေ
  • စအိုဝကို ပိတ်ထားမိခြင်း – ဝမ်းဗိုက်ကို အားစိုက်၍ ညှစ်နေသော်လည်း စအိုကြွက်သားကို မဖြေလျှော့တတ်ဘဲ ပြန်လည်ပိတ်ထားမိသောကြောင့် ဝမ်းထွက်ရန် ခက်ခဲနေခြင်းဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် ၎င်းသည် ကလေးငယ်၏ ခန္ဓာကိုယ်က ဝမ်းကို မည်သို့အောင်မြင်စွာ စွန့်ထုတ်ရမည်နည်းဟူသော “ကျွမ်းကျင်မှု” (Skill) ကို သင်ယူနေရသည့် အဆင့်တစ်ခုသာဖြစ်သည်။

တွေ့ရှိနိုင်သည့်လက္ခဏာများ

ကလေးငယ်များတွင် ဝမ်းမသွားမီ (၁၀)မိနစ် မှ မိနစ်(၂၀)ခန့်အထိ (သို့မဟုတ် ထို့ထက်ပို၍) အောက်ပါလက္ခဏာများကို တွေ့ရတတ်သည်။

  • အားစိုက်ညှစ်ခြင်းနှင့် ညည်းတွားခြင်း
    • ဝမ်းသွားရန် အားထုတ်သည့် အကြိမ်တိုင်းတွင် တအင်းအင်းနှင့် အားစိုက်ညှစ်နေခြင်း၊ ငိုညည်းခြင်း သို့မဟုတ် အော်ဟစ်ခြင်းများ ရှိတတ်သည်
    • ဝမ်းထွက်ရန် အားစိုက်ရုန်းကန်ရသည့်အခါ အသံနှင့်အတူ ညည်းညူခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ဤအခြေအနေကို “Grunting Baby Syndrome” ဟုလည်း ခေါ်ဝေါ်သည်
  • ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု
    • အားစိုက်ရလွန်းသဖြင့် မျက်နှာ နီရဲလာခြင်း (တစ်ခါတစ်ရံ ခရမ်းရောင်သန်းလာခြင်း) နှင့် ခြေထောက်များ ယက်ကန်ယက်ကန် လုပ်ခြင်းတို့ကို တွေ့ရတတ်သည်
  • ဝမ်းအခြေအနေ
    • (၁၀) မိနစ်ခန့် အားစိုက်ညှစ်ပြီး ငိုယိုပြီးနောက်တွင် ဝမ်းပျော့ပျော့ ထွက်လာခြင်း သို့မဟုတ် ဝမ်းမထွက်ဘဲ ပြီးသွားခြင်းမျိုး ရှိနိုင်သည်၊ အရေးကြီးဆုံးအချက်မှာ ဝမ်းသွားသည့်အခါ ထွက်လာသောဝမ်းသည် ပုံမှန်အတိုင်း ပျော့ပျောင်းနေခြင်းဖြစ်သည်
  • အကြိမ်ရေ
    • ထိုသို့ဝမ်းသွားနိုင်ရန် တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ အားထုတ်နေသည်ကို တွေ့ရနိုင်သည်

မိဘများသတိပြုရန်
ကလေးငယ်များသည် စအိုဝကို ပိတ်ထားမိလျက်သားနှင့် ဝမ်းသွားရန် ကြိုးစားနေသဖြင့် အခက်တွေ့ပြီး စိတ်မရှည်သောကြောင့် ငိုတတ်ခြင်းဖြစ်သည်။ အော်ဟစ်ညည်းညူနေသဖြင့် နာကျင်နေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် နာကျင်မှုကို ခံစားနေရခြင်း မဟုတ်ဘဲ ဝမ်းဗိုက်ကြွက်သားကို အားစိုက်တတ်ရန် သင်ယူနေခြင်းသာဖြစ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ဝမ်းညှစ်သည့်လက္ခဏာများသည် ပုံမှန်ဖွံ့ဖြိုးမှုအဆင့်တစ်ခု ဖြစ်သော်လည်း အောက်ပါအချက်များကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။

  • ဝမ်းပုံစံ ပြောင်းလဲလာခြင်း – ညှစ်ပြီးနောက် ထွက်လာသော ဝမ်းသည် ပျော့ပျောင်းခြင်းမရှိဘဲ မာကျောနေလျှင် သို့မဟုတ် ဝမ်းထဲတွင် သွေးပါလာလျှင်
  • ကလေး၏ ကြီးထွားမှု – ကလေးသည် ကိုယ်အလေးချိန် ပုံမှန်မတက်လျှင် သို့မဟုတ် နို့စို့၊ အစားအသောက် အလွန်အမင်း ပျက်လာလျှင်
  • အခြားလက္ခဏာများ – ဗိုက်အလွန်အမင်း ဖောင်းတင်းနေခြင်း၊ ခဏခဏ အန်ခြင်း သို့မဟုတ် ဖျားခြင်းတို့ တွဲဖက်ဖြစ်ပေါ်လာလျှင်
  • မိဘများ စိုးရိမ်စိတ်များနေလျှင် – ကလေး၏ အခြေအနေသည် ပုံမှန်ဖွံ့ဖြိုးမှု ဟုတ်မဟုတ် အတည်ပြုလိုခြင်း သို့မဟုတ် အခြားခန္ဓာကိုယ် ရောဂါတစ်ခုခုမဟုတ်ကြောင်း သေချာစေလိုလျှင် ပြသတိုင်ပင်သင့်သည်။

မိသားစုဆရာဝန်မှ လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် Infantile Dyschezia ဟုတ်မဟုတ် ခွဲခြားပေးမည်ဖြစ်သည်။ အကယ်၍ ရောဂါတစ်ခုခုကြောင့်ဟု သံသယရှိပါက ဆရာဝန်မှ သက်ဆိုင်ရာ ကလေးအထူးကုဆရာဝန်များနှင့် တိုင်ပင်ခြင်း သို့မဟုတ် လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း
အထက်တွင်ဖေါ်ပြခဲ့သော Rome IV သတ်မှတ်ချက်များအရ Infantile dyschezia ရောဂါအမည်တပ်ခြင်း

Infantile dyschezia ဟု အမည်တပ်နိုင်ရန် အောက်ပါအချက်များနှင့် ကိုက်ညီရမည်။

  1. ကလေးငယ်သည် အသက် (၀ – ၉) လအတွင်း ရှိရမည်
  2. ဝမ်းသွားရန် အားထုတ်သည့်အခါ (ဝမ်းထွက်လာသည် ဖြစ်စေ၊ မထွက်လာသည်ဖြစ်စေ) အနည်းဆုံး (၁၀) မိနစ်ခန့် ညှစ်ခြင်းနှင့် ငိုယိုခြင်းတို့ ရှိရမည်
  3. ထွက်လာ‌သော ဝမ်းသည် ပျော့ပျောင်းသော အနေအထား ရှိရမည်
  4. ကလေးငယ်တွင် အခြားသော ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ မရှိရပါ

Infantile Dyschezia ဟု ရောဂါအမည်မတပ်မီ အခြားသော ခန္ဓာကိုယ်တည်ဆောက်ပုံဆိုင်ရာ ချို့ယွင်းချက်များနှင့် အခြားရောဂါများမဟုတ်ကြောင်း အပြည့်အဝ အတည်ပြုနိုင်ရန်အတွက် ရောဂါရာဇဝင် မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အသေးစိတ်စမ်းသပ်စစ်ဆေးခြင်း၊ လိုအပ်ပါက ဓာတ်မှန်ရိုက်ခြင်းကဲ့သို့သော ရောဂါရှာဖွေ‌ရေး စစ်ဆေးမှုများ လိုအပ်နိုင်သည်။ ထိုအချက်များအားလုံးပေါ် အခြေခံ၍ ဆရာဝန်မှ infantile dyschezia ဟု ရောဂါအမည်တပ်မည်ဖြစ်သည်။

ကုသခြင်းနှင့်ကာကွယ်ခြင်း

Infantile dyschezia ဖြစ်နေသော ကလေးငယ်များအတွက် မည်သည့်ဆေးဝါးကုသမှုမျိုးမျှ မလိုအပ်ဘဲ ကလေးငယ် ကိုယ်တိုင် တတ်မြောက်မည့်အချိန်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ကလေးငယ်အများစုသည် မွေးစ ပထမလအနည်းငယ်အတွင်း ဤလက္ခဏာများကို ခံစားရလေ့ရှိပြီး (၃)ပတ် မှ (၄)ပတ်အတွင်း အလိုလို ပြန်လည်သက်သာသွားတတ်သည်။

သို့သော် မိဘများကို ထိရောက်စွာ ပညာပေးခြင်းနှင့် စိုးရိမ်စိတ် ပြေပျောက်အောင် အားပေးနှစ်သိမ့်ခြင်း (Reassurance) မှာ အလွန်အရေးကြီးသည်။ ဤအခြေအနေသည် ကလေးငယ်တစ်ဦး၏ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှု အဆင့်တစ်ခုသာဖြစ်ကြောင်းနှင့် ဝမ်းသွားခြင်းဖြစ်စဥ်ကို အချိန်တန်လျှင် သင်ယူတတ်မြောက်သွားလိမ့်မည် ဖြစ်ကြောင်း မိဘများကို အသေအချာ ရှင်းပြထားရမည်။

ထိုသို့ရုန်းကန်လှုပ်ရှားရင်း သင်ယူနေရသော ကလေးငယ်ကို အောက်ပါနည်းလမ်းများဖြင့် မြန်မြန်တတ်မြောက်အောင် ကူညီပေးနိုင်သည်။

  • နှစ်သိမ့်ပေးခြင်း
    • ကလေးငိုနေချိန်တွင် ချော့မြူခြင်း၊ သီချင်းဆိုပြခြင်း၊ ရေနွေးနွေးနှင့် ရေချိုးပေးခြင်း၊ ချီပိုးထားခြင်းများ ပြုလုပ်ပေးနိုင်သည်
  • ခြေထောက်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း
    • ကလေးကို ပက်လက်ထားပြီး ခြေထောက်လေးနှစ်ဖက်ကို စက်ဘီးစီးသကဲ့သို့ (Bicycle legs) ဗိုက်နားအထိ ဖြည်းညှင်းစွာ တွန်းတင်ပေးခြင်းဖြင့်လည်း ဝမ်းဗိုက်အတွင်း ဖိအားကို ကူညီပေးနိုင်သကဲ့သို့ စအိုကြွက်သားများ ဖြေလျှော့စေရန်လည်း ကူညီပေးနိုင်သည်
  • နှိပ်နယ်ပေးခြင်း
    • ကလေးကို နှိပ်နယ်ပေးခြင်းသည် ဦးနှောက်နှင့် ခန္ဓာကိုယ် ဟန်ချက်ညီမှုကို တိုးတက်ကောင်းမွန်စေနိုင်သည်ဟု သုတေသနအချို့တွင် ဖော်ပြထားသည်
    • ထိုသို့နှိပ်နယ်ပေးခြင်းသည် ဝမ်းသွားရ ခက်ခဲနေသော ပြဿနာကို တိုက်ရိုက်ကုသပေးခြင်းမျိုး မဟုတ်ဘဲ ဝမ်းသွားတတ်စေရန် လိုအပ်သော ဦးနှောက်နှင့် ခန္ဓာကိုယ် ဟန်ချက်ညီညီ လုပ်ဆောင်နိုင်မှုကို ပိုမိုတိုးတက်ကောင်းမွန်စေရန် ကူညီပေးခြင်းဖြစ်သည်
    • နှိပ်နယ်ပေးရမည့် နေရာနှင့် နည်းလမ်း
      • ဗိုက်ကို နှိပ်နယ်ခြင်း
        • ကလေး၏ ဝမ်းဗိုက်ကို လက်ချောင်းထိပ်လေးများဖြင့် နာရီလက်တံအတိုင်း (Clockwise) စက်ဝိုင်းပုံစံ ညင်သာစွာ ပွတ်သပ်ပေးနိုင်သည်
        • ၎င်းသည် အစာဟောင်းအိမ်အတွင်းရှိ ဝမ်းများကို စအိုဘက်သို့ ရွေ့လျားသွားစေရန် လှုံ့ဆော်ပေးသည်
      • စိုက်ထုတ်သင့်သည့် ခွန်အားပမာဏ
        • နှိပ်နယ်ရာတွင် အလွန်ညင်သာရန် လိုအပ်သည်
        • မိမိ၏လက်ချောင်းများဖြင့် ကလေး၏အရေပြားကို အနည်းငယ် ဖိသည်ဆိုရုံမျှသာ (Gentle pressure) အားစိုက်ရမည်
        • ကလေး၏ မျက်နှာအမူအရာကို ကြည့်၍ နေထိုင်ကောင်းသည့် အနေအထားမျိုးသာ ဖြစ်သင့်ပြီး၊ ကလေးနာကျင်စေမည့် အားမျိုး လုံးဝမသုံးရပါ

သတိပြုလိုက်နာသင့်သည့်အချက်များ
Infantile Dyschezia သည် ဝမ်းချုပ်ခြင်း မဟုတ်သည့်အတွက် မိဘများအနေဖြင့် ဝမ်းချုပ်သည်ဟု အထင်မှားကာ အောက်ပါတို့ကို ပြုလုပ်ခြင်းမှ လုံးဝရှောင်ကြဉ်ရမည်

  • ဆေးဝါးများ အသုံးပြုခြင်း – ဆရာဝန် ညွှန်ကြားချက်မပါဘဲ ဝမ်းပျော့ဆေး သို့မဟုတ် ဝမ်းနှုတ်ဆေးများ တိုက်ကျွေးခြင်း
  • စအိုကို လှုံ့ဆော်ခြင်း (Rectal Stimulation) – ဝမ်းချူတောင့်များ၊ ဆပ်ပြာတောင့်များ၊ ကွမ်းရိုးများ သို့မဟုတ် ဂွမ်းတံများ အသုံးပြု၍ စအိုဝကို လှုံ့ဆော်ပေးခြင်း

အထက်ပါအပြုအမူများကို ရှောင်ကြဉ်ရမည့် အကြောင်းရင်းခံများ

  1. သင်ယူမှုဖြစ်စဉ်ကို နှောင့်နှေးစေခြင်း
    ကလေးငယ်သည် မိမိ၏ ကြွက်သားများကို မည်သို့ ဖြေလျှော့ရမည်ဆိုသည်ကို ကိုယ်တိုင် သင်ယူနေခြင်းဖြစ်သည်။ အပြင်ပန်းမှ လှုံ့ဆော်ပေးလိုက်ပါက ကလေး၏ သဘာဝအတိုင်း သင်ယူမှုကို အနှောင့်အယှက် ဖြစ်စေပြီး ဝမ်းသွားတတ်ရန် အချိန်ပို၍ ကြာမြင့်သွားစေနိုင်သည်။
  2. အလေ့အကျင့်မှား ဖြစ်သွားနိုင်ခြင်း
    ထိုသို့ ခဏခဏ ပြုလုပ်ပေးပါက ကလေးသည် အပြင်ပန်း လှုံ့ဆော်မှု ရှိမှသာ ဝမ်းသွားတတ်သည့် အလေ့အကျင့်မျိုး ဖြစ်သွားနိုင်ပြီး ပုံမှန်မဟုတ်သော အာရုံခံစားမှုများကို ဖြစ်ပေါ်စေနိုင်သည်။
  3. ထိခိုက်ဒဏ်ရာရနိုင်ခြင်း
    စအိုဝအတွင်းသို့ ပစ္စည်းတစ်ခုခု ထည့်သွင်းခြင်းသည် နုနယ်လှသော စအိုဝကြွက်သားနှင့် အချွဲမြှေးလွှာများကို ထိခိုက်ဒဏ်ရာ ရစေနိုင်သည်။

အောက်ပါလက္ခဏာများ (Red flags) ရှိပါက ဆရာဝန်နှင့် ချက်ချင်းပြသရန်လိုသည်။

  • ဝမ်းမာခြင်း၊ ဝမ်းထဲတွင် သွေးပါခြင်း
  • ဗိုက်ဖောင်းပြီး တင်းနေခြင်း
  • ပမာဏများများ အန်ခြင်း သို့မဟုတ် အစိမ်းရောင်များ အန်ခြင်း
  • ရက်အနည်းငယ်အတွင်း ဝမ်းအရောင်သည် အမည်း၊ အဖြူ၊ မြေစေးရောင် ဖြစ်နေခြင်း
  • (၇) ရက်ကြာသည်အထိ ဝမ်းလုံးဝမသွားခြင်း
  • ကိုယ်အလေးချိန် ပုံမှန်တက်သင့်သလောက် မတက်ခြင်း

အချုပ်အားဖြင့်ဆိုရသော် ကလေးငယ်အများစုသည် သုံးပတ်မှ လေးပတ်အတွင်း ပုံမှန်ဝမ်းသွားရန် တတ်မြောက်သွားကြသော်လည်း အချို့ကလေးများတွင်မူ သင်ယူချိန် အနည်းငယ် ပိုကြာနိုင်သည်။ မိမိ၏ ကလေးငယ် ရုန်းကန်လှုပ်ရှားပြီး မျက်နှာတစ်ခုလုံး နီရဲသည်အထိ ညှစ်နေ၊ ညည်းညူနေရသည်ကို တွေ့မြင်ရသည်မှာ မိဘများအတွက် အလွန်စိုးရိမ်စရာကောင်းသော အခြေအနေတစ်ခုဖြစ်သည်။

သို့သော် မိဘများအနေဖြင့် ကလေးသည် ဤအပြုအမူသည် ဖျားနာနေခြင်း သို့မဟုတ် နာကျင်နေခြင်း မဟုတ်ဘဲ ဝမ်းသွားရန် အားစိုက်တတ်အောင် သင်ယူနေခြင်းသာဖြစ်ကြောင်း နားလည်ထားခြင်းဖြင့် မိမိတို့၏ စိုးရိမ်စိတ်ကို လျှော့ချနိုင်မည် ဖြစ်သည်။ ဤအခြေအနေသည် ကလေးငယ်၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တစ်ခုသာ ဖြစ်သောကြောင့် မိဘများအနေဖြင့် စိတ်ရှည်စွာဖြင့် အားပေးစောင့်ကြည့်ပေးရန်သာ လိုအပ်သည်။

References:

  1. Cleveland Clinic. (2022). Dyschezia. Retrieved February 25, 2026, from https://my.clevelandclinic.org/health/diseases/24109-dyschezia
  2. Cleveland Clinic. (n.d.). The color of baby poop and what it means. Retrieved February 25, 2026, from https://health.clevelandclinic.org/the-color-of-baby-poop-and-what-it-means-infographic
  3. Children’s Minnesota. (n.d.). Infant dyschezia. Retrieved February 25, 2026, from https://www.childrensmn.org/educationmaterials/childrensmn/article/21819/infant-dyschezia/
  4. International Foundation for Gastrointestinal Disorders (IFFGD). (n.d.). Infant dyschezia: Looking out for number two. Retrieved February 25, 2026, from https://iffgd.org/wp-content/uploads/823-Infant-Dyschezia-Looking-out-for-Number-Two-1.pdf
  5. Klarity Health. (n.d.). Infant dyschezia: Causes, diagnosis, and treatment. Retrieved February 25, 2026, from https://my.klarity.health/infant-dyschezia-causes-diagnosis-and-treatment/

Published: 26 March 2026

Share

26 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.